အသားစားတာ အန္တရာယ်ကင်းလား အသီးအရွက်စားတာ အန္တရာယ်ကင်းလား။

erosJune 22, 20111min45817

လောကတွင် သက်သက်လွတ်စားသူများကလည်း အကြောင်းအမျိုးမျိုးပြ ကာ သက်သက်လွတ် အသီးအရွက်စားချင်းသည် ကောင်းမွန်ကြောင်း၊ ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်မှု အရမည်သို့မည်ပုံ ဖြစ်ကြောင်း၊ လေ့လာတွေ့ရှိချက်အရ အသီးအရွက်စားသူများမှာ အသက်ရှည်ကြောင်း စသည်ဖြင့်ပြောကြလေသည်။
အသားစားသူများဘက်မှလည်း လူဆိုသည်မှာ အသားစားသော အစုံစားသတ္တဝါဖြစ်ကြောင်း ပြောပါသည်။ သွားများ၏ တည်ဆောက်ပုံကမည်သို့ အသားမှ ရသော ပရိုတင်းသည်သာ အကောင်းဆုံး၊ အသားစားသဖြင့် ပိုပြီး သန်မာထွားကြိုင်းနိုင်ကြောင်းပြောလေသည်။
ယေဘုံယျအားဖြင့် မည်သူမဆို အသီးအရွက်များများစားသဖြင့် အသက်ပိုရှည်နိုင်ကြောင်း လက်ခံလေ့ရှိကြသည်။ ယခုပိုစ့်တွင် eros ဘာသာရေးမဖက်ပဲ ရိုးရိုးလေး တွေးကြည့်ချင်ပါသည်။ ကွန်မန့်ပေးသူများလည်း ဘာသာရေးမဖက်ပဲ တွေးပေးစေလိုပါသည်။
ယခုခေတ်အခါတွင် စားစရာများတွင် ဘေးဖြစ်စရာ ပိုလာသည် eros ထင်မိသည်။ ကြက်ငှက်တုတ်ကွေးဖြစ်လိုက်၊ ဝက်နားရွက်ပြာဖြစ်လိုက်၊ နွားရူးရောဂါဖြစ်လိုက် စုံနေပါသည်။ ထို့အတွက်ကြောင့် အသီးအရွက်စားလျှင် ဘေးကင်းပါပြီလား။ ကြည့်ကြပါစို့ရယ်။ ယခင်သီရိမင်္ဂလာဈေးဟောင်းသို့ ခဏခဏရောက်ဖူးပါသည်။ သင်္ဘောသီး သရက်သီးများကို ဆိုးဆေးအရည်တွေ နှင့် အရောင်လှအောင် မှည့်အောင်လုပ်လေသည်။ နာနတ်သီးကို အရောင်လှအောင် ဆေးရည်စိမ်သည်။ ဈေးသည်တယောက်ပြောသည့် စကားအရ နာနတ်သီးအား အရောင်လှစေရန် ဒံပေါက်ဆေးရည်စိမ်ပါသည်တဲ့။ ဒံပေါက်ဆေးရည်သည် မီးအပူနှင့်မထိတွေ့ပါက ဘေးဖြစ်စေသည်။ ဟုတ်မဟုတ် အသာထားပြီး ထိုဆေးရည်ကို အဝတ်ဆိုးဆေး ဆေးရည်သုံးလိုက်ပါက….. ။ အမှန်တကယ်လည်း အဝတ်ဆိုးဆေးများသုံးနေလေ့ရှိသည်။ ငှက်ပျောသီးသည်လည်း ထိုနည်းလည်းကောင်း၊ မျှစ်သည်လည်း ထိုအတိုင်းပင်ဖြစ်သည်။ မုန်လာဥများသေးသေးကွေးကွေးများကို ဓာတ်မြေဩဇာရည်စိမ်ထားသော အဝတ်ဖြင့် တညအုပ်လိုက်ပါက နောက်နေ့မနက်တွင် အံ့ဖွယ်အသီးအကြီးကြီးများဖြစ်လာလေသည်။ စိုက်ခင်းထဲတွင် မြေဩဇာ၊ပိုးသတ်ဆေး အမျိုးမျိုးသုံးသည်။ ပိုကျွေးလျှင် ပိုထွားမည်ဆိုပြီး များများစားစား သတ်မှတ်ထားသည်ထက်ပိုပြီးကျွေးသည်။ ဆေးဓာတ်မပျယ်ခင်တွင် ဈေးသို့သွားရောင်းသည်။ ဒီကြားထဲ ဆိုင်က မုန်လာဥဖော်မြူလာ သုံးသောအခါ…..။
အသားစားခြင်းထက် အသီးအရွက်များများစားသဖြင့် အသက်ပိုရှည်နိုင်ကြောင်း ပြောသော်လည်း အသားများကား မလတ်လျှင်မဝယ်ရုံ။ ကြက်ငှက်တုတ်ကွေးဖြစ်လျှင် ကြက်သားမစားရုံ။ ဝက်နားရွက်ပြာဖြစ် ဝက်သား မစားရုံ။ နွားရူးရောဂါဖြစ် အမဲသား မစားရုံ။ သေသေချာချာ ရေစင်စင်ဆေး။ ကျက်အောင်ချက်စားလျှင် အိုကေပြီ။ အသားဈေးနှင့် အသီးအရွက်ဈေးက သိပ်မကွာပေ။ ထို့ကြောင့် အသားစားတာ အန္တရာယ်ကင်းလား အသီးအရွက်စားတာ အန္တရာယ်ကင်းလား။ အသားစားရင် ကောင်းမလား အသီးအရွက်စားရင် ကောင်းမလား။

17 comments

  • eros

    June 22, 2011 at 12:53 pm

    ဘယ်နေရာမှာ edit လုပ်ရမယ်ဆိုတာ မသိတာနဲ့ နောက် အသစ်တခု တင်လိုက်ရပါတယ် သူကြီးရေ။ အောက်က ပိုစ့်ကို ဖျက်ပြီး ပိုင့်ကို လျှော့ပေးပါဦး။

  • အသီးအရွက်ချည်းစားလဲမကောင်း။
    အသားချည်းစားလဲမကောင်း။
    ဒီတော့ ဟိုနည်းနည်းဒီနည်းနည်းတွယ်ပေတော့
    နတ်ဘုရားရေ………………………….

  • ဆူး

    June 22, 2011 at 2:17 pm

    အသီးအရွက်စားတာ အသက်ရှည်တယ်။
    ကိုယ်တိုင် ခြံဝယ်စိုက်ပြီး ခူးစားပေါ့ လတ်လတ်ဆတ်ဆတ်လေး လည်း စားရပေါ့ကွယ်။
    ပိုးသတ်ဆေး နိုင်နိုင် မဖြန်းနိုင်ခဲ့သော်.. ပိုးပေါက်နဲ့ လုံးဝ စားရမည် မဟုတ်ပါကြောင်း
    ဘယ်လိုပဲ ကြည့်ကြည့် ဘာမှ မစားပဲ မနေနိုင်တော့ တခုခုတော့ စားရမှာပေါ့။
    အသီးအရွက်လည်း မကောင်းတဲ့ အချက်တွေ ရှိသလို အသားလည်း မကောင်းတဲ့ အချက်တွေ ရှိပါတယ်။
    နောက်တခါမှ ထပ်မန်းလိုက်မယ်။

  • windtalker

    June 22, 2011 at 3:39 pm

    အန်တီဆူး အနေ နဲ ့အခုလို အရွယ်တင် နုပျို သက်ရှည် ကျန်းမာနေတာ က တော့ အစိမ်းရောင်ရှိတဲ့ အရွက် ( ကန်စွန်း ၊ ကိုက်လန် အစရှိသဖြင့် ) တွေ စားသုံးခဲ့လို ့နေမှာပေါ့နော် ။ ဟီဟိ

  • antimoe

    June 22, 2011 at 3:40 pm

    အစိမ်းစားတဲ့၊ မကျက်တကျက်စားတဲ့သူတွေ…
    အခုတော့ …ကြာကြာပြုတ်တွေ…ဖြစ်ကုန်ပြီ။

    အစိမ်းတို့နေတဲ့ တို့မြန်မာတွေလည်း..အခုတော့….ပြုတ်တို့နေရပြီ။
    အခုနေ..မြို့နေလူတန်းစားများအတွက်
    ဝရံတာစိုက်ခင်းလေးဆိုပြီး စာအုပ်ထုတ်ရင်..တော်တော်ပွမယ်။
    အိမ်နောက်ဖေးမှာ…ဈေးဆိုင်တည်ကြပါ။
    တို့တော့ ကန်ဇွန်းရွက်၊ ပင်စိမ်း၊ ကိုယ့်ဖာသာကိုယ်..စိုက်စားတယ်။ (ခေါင်ပေါ်တက်ပြီးတော့လေ။)
    ဘာစိုက်စိုက်ဖြစ်တဲ့တိုင်းပြည်…စိုက်စရာ..ကိုယ်ပိုင်မြေ..မဝယ်နိုင်တာဆိုးတယ်။

    • weiwei

      June 23, 2011 at 3:44 am

      အန်တီမိုး စာအုပ်ထုတ်ရင် အားပေးချင်တယ် … ကျွန်မမှာ အသုံးမပြုဘဲပစ်ထားတဲ့ ဝရန်တာတစ်ခုရှိတယ် …

  • naywoonni

    June 22, 2011 at 3:50 pm

    အသားစားတာလည်းမကောင်းပါဘူး … အသီးအရွက်ကျတော့လည်း ပိုးသတ်ဆေးကြောက်ရပါတယ်..။ ဟိုဆေးဒီဆေးတွေဖျန်းလို့ စိုက်ကြရောင်းကြတဲ့… အဲဒိတော့ ဘာမှမစားပဲနေလို့ရမဲ့ အဟာရ သိဒ္ဓိပြည့်နေတာပဲ ကောင်းမယ်နဲ့တူရဲ့…။ ကျွန်တော်တို့ဆီကမြေက ပျက်နေပြီ…။ မြေဩဇာမထည့်ရင် ပိုးသတ်ဆေးမဖျန်းရင်ဘာမှစိုက်မရတော့ဘူး..။ အဲဒါ ဈေးကောင်းရတယ်ဆိုပြီး ဖရဲ သီးလို အသီးအနှံတွေစိုက်ကြလို့ဖြစ်မယ် ထင်တာပဲ…. ။သူတို့က အပင်စပျိုးကတည်းက ပိုးသတ်ဆေး ပါရတယ်..။ ပိုးလည်းသိပ်ကြိုက်တယ်..။ ပိုးကျလွယ်တယ်..။

  • Yan Shin

    June 22, 2011 at 3:52 pm

    အရွက်စားသတ္တဝါ
    အသားစားသတ္တဝါ
    အစုံစားသတ္တဝါ သုံးမျိုးရှိသည့်အနက်
    လူဆိုသော သတ္တဝါသည် (ဝက် ကဲ့သို့) အစုံစားသတ္တဝါ ဖြစ်သတည်း
    သို့ ဟူမူသောကြောင့်………………..

  • မင်းပြည့်ရှိန်

    June 22, 2011 at 4:12 pm

    အသားကလည်း… ပိုးတွေနဲ့..
    အသီးအရွက်ကလည်း.. ပိုးသတ်ဆေးတွေနဲ့… ဆိုတော့ကာ..
    လောလောဆယ်တော့.. ဘာစားစား အန္တရာယ် သိပ်မကင်းလှဘူးထင်ပါတယ်..
    သို့ပါသော်ငြား မစားမဖြစ်..စားရတာဆိုတော့ကာ…

    အန္တရာယ် ကင်းချင်သပါ့ဆိုလျှင်ဖြင့်…
    လယ်ထဲသွား… ပိုးသတ်ဆေး မပါဘဲ စိုက်ခိုင်း…
    အဲဒီ စပါးတွေ ကို စပါးကျီနဲ့ လှောင်ထား… အဲဒါကိုပဲစား..
    လယ်ထဲသွား… ပိုးသတ်ဆေး မပါဘဲ.. မြေပဲတွေ စိုက်ခိုင်း..
    အဲဒီ မြေပဲတွေကို ဆီကြိတ်ပြီး… ရာဝင်အိုးများနဲ့ လှောင်ကာထား..
    စော..စောက ဆန်လေးကိုချက်…. ဆီလေးကိုဆမ်း…

    ကျွန်တော်သိသလောက်တော့… ကျွန်တော်တို့ဆီမှာ..
    အချို့သော စိုက်ပျိုးရေးသမားတွေ ကြိုးစား စိုက်နေကြပါတယ်..
    မအောင်မြင်ကြသေးပါဘူး…
    အဲဒီလို ခြံ တစ်ခု စိုက်ဖို့အတွက်… သူတို့ အတော်လေး ကြိုးစားရပါတယ်.
    အကုန်အကျလည်း များလှပါတယ်..
    တစ်ကယ်လို့များ…သီးနှံထွက်လာခဲ့ရင်တော့…
    အရမ်းဈေးပိုနေပါလိမ့်မယ်…
    စားသုံးသူတွေ များလာရင်တော့ အဲဒီလို ခြံလေးတွေ ပေါများလာမှာပါ..
    အဲဒီ အချိန်ကြမှပဲ.. ဓာတ်မြေဩဇာ… ဓါတုပိုးသတ်ဆေး သုံးစွဲထားခြင်း မရှိသော
    သန့်ရှင်းလတ်ဆတ်တဲ့.. သီးနှံများကို ဝယ်ယူအားပေးကြပါ…..

  • Snowy

    June 23, 2011 at 2:20 am

    အိမ်က အမေကတော့ ဟင်းရွက်တွေကို ဝယ်လာပြီးရင် ဆားနဲ့အရင် ဆေးပြစ်တာပဲ… ဓာတ်မြေဩဇာတွေ ပြယ်အောင်ဆိုပြီးတော့ …

  • etone

    June 23, 2011 at 3:08 am

    အခုလို မိုးရာသီမှာ ဟင်းသီးဟင်းရွက်ကတော့ သေချာမဆေးလျှင် တီကော်တို့ ၊ကျွတ်တို့ ပါ အဆစ်ပါလာနိုင်တယ်… ။ သေချာဆေးပြီး ပူပူနွေးနွေးကြော်စားလျှင် အတော်စားလို့ ကောင်းတယ်….။
    အသား၊ငါးကတော့ ကြောက်ချက်ပြီး ရေခဲသေတ္တာထဲ ထည့်ထား ၊စားခါနီးပြန်နွေးရင် အလုပ်ရှုပ်သက်သာတယ်…. ။ ဘာဖြစ်ဖြစ် နှစ်ခုစလုံး ကြုံသလို စားလိုက်တာပဲ ကောင်းတယ် ။

  • Shwe Tike Soe

    June 23, 2011 at 3:21 am

    ဘာစားစား သတိနဲ.စား
    ဘာလုပ်လုပ် သတိနဲ.လုပ်
    ဘယ်သွားသွား သတိနဲ.သွား

  • moethidasoe

    June 23, 2011 at 3:56 am

    မဇ္ဈိမ ပဋိပဋာ ဆိုတာ ရှိတယ်လေ .. ဘယ်ဟာကိုပဲ စားစား သင့်တင့်မျှတအောင် စား
    အဝအပြဲ မစားနဲ့ .. သန့်အောင် ကိုင် .. ကျက်အောင် ချက် .. ပူပူနွေးနွေးစား ..
    အသုတ်တို့ဘာတို့လို အစိမ်းစားရတဲ့ အစာဆိုရင် သန့်အောင်ထား .. ကိုင်တွယ်ဖို့ ..
    အထူးအဆန်းတွေ သိပ် မစားဖို့ .. မကျက်တကျက်တွေ မစားဖို့ .. ဒါပါပဲ ..

  • pan pan

    June 23, 2011 at 4:00 am

    အသီးအရွက်ချည်းစားနေလို့လည်း အာဟာရမလုံလောက်။
    အသားချည်းစားလို့လည်း အသက်မရှည်။
    ခုနောက်ပိုင်း အသီးအရွက်တွေကလည်း မြေဩဇာတွေနဲ့။
    အသားတွေကလည်း ရောဂါအစုံနဲ့။
    အစုံတော့စားရမှာပဲ။ အန္တရာယ်ကင်းအောင်တော့ ကိုယ့်ဟာကိုယ် ဂရုစိုက်ရမှာပဲ။

  • moethidasoe

    June 23, 2011 at 6:47 am

    အသီးအရွက်ချည်း စားနေလို့ အာဟာရ မလုံလောက်ဖူး ဆိုတာ မှားပါတယ် ..
    အသားဓါတ် ဆိုတာ ပဲက ရတယ် .. ဗီတာမင်တွေက အသီးအရွက်တွေက ရတယ် .. အချိုဓါတ် အဆီဓါတ်ကလဲ အသီးက ရပါတယ် .. သက်သတ်လွတ်သမားတွေ လဲ အသက်ရှည်ကြ ကျန်းမာကြတာပဲ မဟုတ်လား .. စားတဲ့ ပုံစံ မှန်ဖို့သာ အရေးကြီးပါတယ်

  • soelinnkyaw

    June 23, 2011 at 7:32 am

    ကိုယ့်ရဲ့ လက်ရှိကျန်းမာရေးအခြေအနေနဲ့ မကိုက်ညီတဲ့ အသားပဲစားစား..အသီးအရွက်ပဲစားစား.
    အန္တရာယ်ရှိမယ်လေ.ရုပ်ခန္တာကိုအဟာရစောင့်ပြီး..အသက်ကိုဉာဏ်စောင့်တယ်ဆိုတဲ့..ဆိုရိုးစကားရှိတော့…
    စိတ်ချမ်းချမ်းသာသာနဲ့ဆင်ခြင်ပြီးစားပေါ့…

Leave a Reply