ဒုဋ္ဌဂါမဏိမင်း၏ သာသနာကြည်ညိုပုံ…

lu ta loneMay 4, 20101min1253

စစ်ရှူံးစဉ်လည်း ဒါနကို မမေ့ မဟာဝင်၌ တွေ့ရသော သီဟိုဠ်မဟာရာဇာတို့တွင် ဒုဋ္ဌဂါမဏိမဟာရာဇာ၏ သာသနာ ကြည်ညိုပုံသည် ဗုဒ္ဓဘာသာဝင်တို့၏ စိတ်ကို အားအရစေဆုံး အနှစ်သက်စေဆုံး ဖြစ်၏။ ထိုမဟာရာဇာသည် ညီတော် တိဿနှင့် စစ်ဖြစ်၍ စစ်ရှူံးခိုက် မြင်းတစ်စီး၊ အမတ်တစ်ယောက်မျှဖြင့် တိမ်းရှောင်နေရာ တောထဲမှာပင် လွန်စွာ ဆာလောင်နေစဉ် အမတ်၏ တစ်ယောက်စာပွဲတော်ကို (မြင်း၊ အမတ်၊ မိမိတို့အပြင် လှူဖို့ပါ) ၄ စု ခွဲ၍ အလှူခံပုဂ္ဂိုလ်ကို ကြွေးကြော် ပင့်ယူလေသည်။ အလှူခံပုဂ္ဂိုလ်သည် ဒိဗ္ဗသောတအဘိညာဉ်ဖြင့် ကြား၍ ကြွရောက်လာသဖြင့် မိမိတို့ဖို့ မှန်းထားသော အဖို့အစုကိုပါ အားလုံး လှူလိုက်ကြလေသည်။ နတ်ရွာစံခါနီး၌ကား မိမိ၏ အလှူတော်စာရင်းကို ဖတ်စေရာဝယ် အခြားသော စေတီတော်ကြီး၊ ကျောင်းတော်ကြီးများ အလှူထက် ဤအလှူကို သာ၍ နှစ်သက်လေ၏။ (အချို့ ဒါနရှင်များသည် မိမိပြုပြီးသော ကောင်းမှုများကို ပုရပိုက် စာအုပ်များ၌ ရေးမှတ်၍ ထားပြီးလျှင် ထိုကောင်းမှုစာရင်းများကို မကြာ မကြာ ကြည့်ရှုကာ နောက်ထပ် ကုသိုလ်စေတနာ တိုးပွားစေကြ၏။) စစ်တိုက်ရာ၌ ရဟန်းများကို ပင့်သွားပုံ ညီတော်ကို တစ်ဖန် ပြန်၍ စစ်အောင်မြင်သောအခါ စစ်ဗိုလ်ကြီး(သူရဲကောင်း) တစ်ကျိပ်ကို အမှူးထား၍ များစွာသော စစ်တပ်ဖြင့် ဂင်္ဂါမြစ်တစ်ဖက်သို့ ကူးပြီးလျှင် ကျေးမင်းများကို နှိမ်နင်းလိုသောကြောင့် သံဃာများထံ လျှောက်သည်မှာ “ဒကာတော်သည် သာသနာတော်ကို ပြုစုခြင်းငှာ ဂင်္ဂါမြစ်တစ်ဖက်သို့ သွားရဦးမည်။ ရဟန်းတော်များကို ဖူးမြင်နေရခြင်းသည် ဒကာတော်အတွက် မြတ်သော မင်္ဂလာဖြစ်ပါသည်။ ထို့ကြောင့် ရဟန်းတော်များကိုလည်း မပြတ် ဖူးရ၊ ဒါနကိုလည်း ပြုရအောင် (ရဟန်းတော်များအား ပင့်ဆောင်သွားလိုပါသည်)”ဟု လျှောက်၍ ပျိုမျစ်သော ရဟန်းတော်ငါးရာကို စစ်မြေပြင်သို့ ပင့်သွားလေသည်။ မှတ်ချက်။ ။ မဟာရာဇာ၏ အလိုအားဖြင့် “ဖူးမြင်ဖို့ရန်နှင့် ဒါနပြုဖို့ရန် ပင့်သွားသည်”ဟု ဆိုရသော်လည်း ထိုရဟန်းတော်များအတွက် ဝိနည်းတော်နှင့် သင့်လျော်မည့် နေရာဝယ် “စစ်သားတို့ စည်းကမ်း သေဝပ်အောင် သိမ်းပိုက်မိထားသော နယ်သူနယ်သားများကို သနား ညှာတာ၍ နှိပ်စက်မှု၊ မိန်းမများကို စော်ကားမှု မပြုရအောင်” စသည်ဖြင့် ဩဝါဒပေးနိုင်သော အကျိုးများလည်း ရနိုင်ပေသေးသည်။ နတ်ရွာစံခါနီး အဘယထေရ်ကို သတိရ စစ်ကိစ္စ ပြီးဆုံးသောအခါ၌ သူရဲကောင်း စစ်ဗိုလ်ကြီးတို့တွင် ‘အဘယ’ဗိုလ်မှူးသည် ချီးမြှောက်တော်မူသော စည်းစိမ်ကို မယူဘဲ “ကိလေသာရန်ကို နှိမ်နင်းဖို့ ကျန်ပါသေးသည်”ဟု သံတော်ဦးတင်ကာ ရဟန်းပြုပြီးနောက် ရဟန္တာဖြစ်လေသည်။ မဟာရာဇာကြီး မမာမကျန်းရှိသောအခါ ရဟန်းတော်များစွာ လာ၍ တရားတော်ကို ရွတ်ဆိုကြလေသည်။ ထိုသံဃာ့ပရိတ်သတ်ဝယ် အဘယထေရ်ကို မမြင်သောကြောင့် “အဘယသူရဲကောင်းကြီးသည် ကျေးမင်းတို့နှင့် ၂-ကြိမ်တိုင်တိုင် စစ်ထိုးရာ၌ ငါမရှူံးမည်ကို မြင်၍ ငါ့အထံမှာ ရဲဘော်လုပ်လာခဲ့သည်။ ယခု သေမင်းနှင့် စစ်ထိုးရာ၌ကား ငါရှူံးမည်ကို မြင်သောကြောင့် ငါ့အနားသို့ မလာတော့ပြီ”ဟု အဘယထေရ်ကို သတိရလေသည်။ ထိုအကြံကို အဘယထေရ် သိတော်မူ၍ ရဟန္တာငါးရာနှင့်အတူ ကြွလာတော်မူလေသော် လွန်စွာ အားရတော်မူသဖြင့် အနီးသို့ ပင့်ဆောင်စေပြီးကာ “ရှေးအခါက သူရဲကောင်းတစ်ကျိပ်ဖြစ်သော အရှင်မြတ်တ်ို့နှင့်အတူ စစ်တိုက်၍ ဒကာတော့်ဘက်က စစ်အောင်နိုင်ခဲ့ပေပြီ။ ယခုသော် ဒကာတော်တစ်ယောက်တည်း သေမင်းနှင့် စစ်တိုက်ရသောကြောင့် သေမင်းကို ရှူံးစေခြင်းငှာ မတတ်နိုင်တော့ပါ”ဟု လျှောက်ရှာလေသည်။ အဘယထေရ် စစ်ကူတော်မူပုံ မဟာရာဇာ၏ စကားကို အဘယထေရ်က ပြန်၍ မိန့်တော်မူသည်မှာ “အလုံးစုံသော ရုပ်နာမ် ခန္ဓာတို့သည် မမြဲနိုင်ကြပေ။ ဗုဒ္ဓရှင်တော်မြတ်၏ ကိုယ်ခန္ဓာသော်မှ မြဲခိုင်ခြင်းသဘော မရှိ၍ ပျက်စီးခဲ့ရပေသည်။ ရုပ်နာမ် ခန္ဓာ ဟူသမျှ၏ မမြဲခြင်းသဘော အနိစ္စ၊ ဆင်းရဲခြင်းသဘော ဒုက္ခ၊ အနှစ်သာရမရှိခြင်းသဘော အနတ္တချည်း ဖြစ်ကြောင်းကို နှလုံးသွင်းပါလော့။ ဒကာတော်မင်းမြတ်သည် လွန်ခဲ့သော ဘဝက နတ်ပြည်ရောက်ကြောင်း ကောင်းမှုရှိသော သာမဏေဖြစ်ပါသော်လည်း နတ်စည်းစိမ်ကို မတောင့်တဘဲ သာသနာပြုမင်းဧကရာဇ် ဖြစ်လာရပေသည်။ အသင်မင်းမြတ်၏ ယနေ့တိုင်အောင် ပြုခဲ့သမျှ ကုသိုလ်တို့ကို အမှတ်ရနေပါလော့”ဟု မိန့်တော်မူလေသည်။ ထိုစကားကို ကြားရသော ဒုဋ္ဌဂါမဏိမင်းကြီးသည် ဝမ်းမြောက်တော်မူလှသဖြင့် “အရှင်မြတ်သည် အကျွန်ုပ်၏ သေမင်းနှင့် စစ်တိုက်ရာ၌လည်း အဖော်သဟဲ ဖြစ်ပါပေသည်”ဟု လျှောက်ထား၍ ပြုခဲ့ဖူးသော ကောင်းမှုစာရင်းကို ဖတ်စေသည်။ ထိုကောင်းမှုစာရင်း ဖတ်သောအခါလည်း မဟာရာဇာစိတ်၌ သာ၍ ထင်လာအောင် ရှေးကောင်းမှုအကြောင်းကို အကျယ်ပြောပြတော်မူ၏။ ဤသို့ ကောင်းမှုစာရင်းကို ကြားနာပြီးလျှင် ကောင်းမှုဆိုင်ရာ မှာဖွယ်တို့ကို မှာထားပြီးမှ စုတိစိတ် ကျ၍ တုသိတာနတ်ပြည်၌ ဖြစ်လေသည်။

မှတ်ချက်။ ။ ဤဒုဋ္ဌဂါမဏိမဟာရာဇာသည် တိုင်းရေးပြည်ရေး သာသနာရေး၌သာ ရာဇဝင်ပြောင်ရုံမက သေရမည့်အရေး၌ပင် ရာဇဝင်ပြောင်ရကား အတုယူဖွယ် ကောင်းလှပေသည်။

From: လောကချမ်းသာ

3 comments

  • susunosuki

    May 4, 2010 at 11:52 am

    သာသနာတော်ကိုထောက်ပံတဲ့မင်းထဲမှာ
    အာသောကမင်းလဲနာမည်ကြီးပဲ

  • laypyay

    May 6, 2010 at 3:32 pm

    စတုတ္ထ သင်္ဂါယနာ အကြောင်းလေးပါ ထည့်ပေးရင်ကောင်းမယ်အကိုရ ..။

  • banban

    May 12, 2010 at 8:40 am

    သာသနာတော်အတွက် မင်းကောင်းမင်းမြတ်တစ်ယောက်ပါပဲ..

Leave a Reply