သင်္ကြန်အကြတ်နေ့က ဖြစ်ပွါးခဲ့သည့်ပေါက်ကွဲမှုမှာ လက်ပစ်ဗုံးဖောက်ကွဲမှုဖြစ်ဟု အာဏာပိုင်များအတည်ပြု

BayoteMay 4, 20101min902

သင်္ကြန်အကြတ်နေ့ ဧပြီ ၁၅-ရက်နေ့က ရန်ကုန်မြို့၊ ကန်တော်ကြီးကန်ပတ်လမ်းရှိ X2O မဏ္ဍပ်ရှေ့တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် ဗုံးသုံးလုံးမှာ လက်ပစ်ဗုံးများဖြစ်ပြီး မပေါက်ကွဲဘဲကျန်ရှိသည့်ဗုံးမှာ ချိန်ကိုက်ဗုံးဖြစ်ကြောင်း စစ်အာဏာပိုင်များက အတည်ပြုထားသည်ဟု တနင်္လာနေ့ထုတ် Weekly Eleven ဂျာနယ်တွင်ဖော်ပြထားသည်။ အဆိုပါနေ့က ဗုံးပေါက်ကွဲခဲ့သည့်နေရာတွင် မပေါက်ကွဲသေးဘဲ ကျန်ရှိသည့် နောက်ဗုံးတစ်လုံးကိုလည်း ထပ်မံတွေ့ရှိခဲ့ကြောင်း အဆိုပါ ဗုံးမှာ ဗုံးသုံးလုံး ပေါက်ကွဲခဲ့သည့်နေရာအနီးရှိ မြန်မာဘီယာသံဘူးခွံထဲမှ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပြီး ယင်းဗုံးမှာ ချိန်ကိုက်ဗုံးဖြစ်ကြောင်းကိုလည်း ဖော်ပြထားသည်။ ဗုံးသုံးလုံး ဆက်တိုက်ပေါက် ကွဲပြီးချိန်၌ ယင်းချိန်ကိုက်ဗုံးကို ဟန်းဖုန်းနှင့်ထပ်မံခွဲရန် ပြင်ဆင်နေစဉ် လုံခြုံရေးကားများ ဖြတ်သန်းသွားလာသဖြင့် တယ်လီဖုန်းဆက်သွယ်မှုများ ပြတ်တောက်ကာ ဗုံးခွဲသည့်ခလုတ်နှိပ်မရဘဲ ဗုံးမပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု သက်ဆိုင်ရာ အာဏာပိုင်များက ယူဆကြောင်း ကို်လည်း အဆိုပါ ဂျာနယ်က ရေးသားဖော်ပြထားသည်။

အဆိုပါဂျာနယ်မှ ဆက်လက်ဖော်ပြရာတွင် ဗုံးသုံးလုံး ဆက်တိုက်ပေါက်ကွဲမှုဖြစ်ပွားအပြီး ဒဏ်ရာရရှိသူများကို လာရောက်ကယ်ဆယ်ရေးလုပ်သည့် ကယ်ဆယ်ရေးနှင့် လုံခြုံရေးအဖွဲ့များကို ပစ်မှတ်ထားဖောက်ခွဲရန် စီစဉ်ခဲ့ခြင်းဖြစ်သည်ဟု ယူဆလျက်ရှိကြောင်းကိုလည်း ဖော်ပြထားသည်။
ယခုအချိန်တွင် ဗုံးဖောက်ခွဲသူလက်သည်တရားခံကို မြန်မာအာဏာပိုင်များက တိတိကျကျ မဖော်ထုတ်သေးသော်လည်း ထုံးစံအတိုင်း ပြည်တွင်း ပြည်ပရှိ အတိုက်အခံ အဖွဲ့အစည်းများကို စွပ်စွဲထားသည်။ အဆိုပါ ဗုံးပေါက်ကွဲမှုဖြစ်ရပ်ကြောင့် လူ ၁ဝ ဦးသေဆုံးခဲ့ပြီး လူ ၁၇ဝ ဒဏ်ရာရရှိခဲ့ကြောင်း စစ်အစိုးရ တရားဝင်ထုတ်ပြန်ချက်များအရ သိရှိရသည်။

Ref: Wanna23.com

2 comments

  • laypyay

    May 4, 2010 at 9:00 am

    ပြောတဲ့သူက လည်း ပြောချင်ရာကိုပြောနေကြတယ် .. သိတဲ့ သူကလည်း အမှန်ကို ဖုံးပြီး အမှားတွေ ချပြကြတယ်.. နောက်ဆုံးတော့ ပြည့်သူပဲ ကျီးလန့်စာ စားနေရတာပဲ ဘာထူးလဲ ..။

  • susunosuki

    May 4, 2010 at 11:56 am

    ပြည်သူကြားထဲမှာ ဖောက်ခွဲတာကြောင့်ရော
    မြန်မာပြည်သူတွေရဲ့ အလေးအမြတ်ပွဲတော်ကို ညစ်နွမ်းစေတာကြောင့်ရော
    အားလုံးက ခွင့်မလွှတ်နိုင် ကြဘူး

Leave a Reply