ဇရာဝင်သော်

အဖွားအိုသည်  အိမ်တွင်းတစ်နေရာဆီသို့ ဦးတည်နေသည်။  အသက်က ၇ဝ ကျော် ၈ဝ ခန့် သူမကို ကြည့်ရသည် မှာ စက္ကူအရုပ်လေးတစ်ရုပ်လိုပင်။ လေတိုက်လျှင် လွင့်ပါသွားမလားထင်ရသည်။ သူမ၏လှုပ်ရှားမှုတွေက အင်မတန်မှ  ဖြည်းညှင်းညင်သာ၏။ ခြေတစ်လှမ်းကိုသတိဖြင့် ကြွလှမ်းပြီး ပြန်ချ၊ နောက်တစ်လှမ်း လှမ်းဖို့  ကျန်ခြေတစ်ဖက်ကို အားယူကာမတင်၊  လဲသွားမှာစိုးသဖြင့် နံရံကိုကိုင်ထားသောလက်ကလေးက  အရေပြားဖုံး ထားသည့် အရိုးသွယ်သွယ်ကလေးမျှသာ။   အလင်းရောင်ကောင်းစွာမရသည့် အခန်းလေးသည် ညဖက်လျှောက်ရသည့် ခရီးလမ်းတစ်ခုလိုပင်။ မျက်လုံးတွေမှုန်နေသဖြင့်  တစ်ခါတစ်ခါနံရံကိုသွားပြီး မျက်နှာမူမိ သည်။  သူမသွားချင်သည်မှာ ရေအိမ်ရှိရာသို့ဖြစ်သည်။ ကျွန်တော့်မှာ သူမကိုကြည့်ပြီး ဒီနေ့အဖို့ လိုရာ ကိုမှ ရောက်နိုင်ပါဦးမလားဟု ပင့်သက်မောရင်း မိမိထိုင်နေသည့် ဧည့်ခန်းအတွင်း တီဗွီ ရှေ့မှာ ဂိမ်းထိုင်ကစားနေသည့်  သူမ၏မြေးကလေးထံ အကြည့်ရောက်နေသည်။  အဖွားအိုက သူသွားချင်သည့်နေရာ ကို  အကူအညီမတောင်းဘဲ သွားချင်သည်။ တောင်းလျှင်လည်း  တီဗွီဂိမ်းထဲမှာ အာရုံဝင်စားနေသည့် သူ့မြေးက ကြားချင်မှကြားမည်။ ကြားလျှင်လည်း “ဟာ ဘွားဘွားကြီးက အလုပ်ရှုပ်လိုက်တာ´´ ဟု ပြန်ပြော ကောင်းပြောမည်။   မိမိကိုယ်သာ   အားကိုးရာအကောင်းဆုံး ဟု လောကဓံကိုနောကျေနေသူပီပီ မှတ်ယူထားသည်ထင့်။  ဧည့်သည်ဖြစ်သည့် ကျွန်တော့်မှာ  ထိုင်နေရကောင်းနိုးနိုး၊ အဖွားအားတွဲခေါ်၍လိုရာလိုက်ပို့ရကောင်းနိုးနိုး ဖြင့် ချီတုံချတုံဖြစ်နေစဉ်
“အမေရယ် အိမ်သာသွားချင်ရင် သမီးကိုလှမ်းခေါ်လိုက်ပါလား။ မတော်တဆ လဲကျသွားရင် ဘယ်လိုလုပ်မလဲ။ ကဲ လာ လာ´´ ဟု ထမင်းချက်နေသည့် သူမ၏သမီးအကြီးမကတွဲခေါ်မှပဲ ကျွန်တော့်မှာ စိတ်သက်သာရာ ရတော့သည်။

ထိုအိမ်မှအပြန် ကျွန်တော့်ခေါင်းထဲ တွေးစရာတွေ  သယ်ဆောင်လာခဲ့သည်။   လူဆိုသည်မှာ မွေးကတည်းက အိုရမည်၊ နာရမည်၊ သေရမည်ကို လူတိုင်းသိပါသည်။   အိုပြီဆိုသည်နှင့် တပြိုင်တည်း နာခြင်းသည်လည်းတွဲ၍ပါလာမည်။ စိတ်သွားတိုင်းကိုယ် မပါနိုင်။ သားတွေမြေးတွေအတွက်၊ လူ့အသိုင်းဝိုင်းအတွက် လူပိုတစ်ယောက်ပမာ မိမိရဲ့နောက်ဆုံး အချိန်တွေကိုဖြုန်းတီးရပေတော့မည်။ တရားဘာဝနာအားထုတ်ဖို့ဆိုတာကလည်း  သတိနိုးကြားသည့် အရွယ် မဟုတ်တော့။  သမာဓိတည်ဆောက်ဖို့မလွယ်ကူတော့။  ဟိုမေ့ သည်မေ့နှင့် မိမိစိတ်သည် ပစ္စုပ္ပန်လား၊   အတိတ်မှာလားဆိုသည်ကို  ကောင်းကောင်းခွဲခြားနိုင်သည်မဟုတ်တော့။  ဒါကြောင့်လည်း အနောက်နိုင်ငံများတွင် ဒီလိုအရွယ်တွေမှာ vegetables (အသက်ရှင်နေသော်လည်းမလှုပ်ရှားနိုင်တော့သူ) ဟု ဝမ်းနည်းခံစားတတ်ကြသည်။   ဟင်းရွက်ကစွန်းတွေဟုရည်ညွှန်းကြသည်ထင့်။   သည်အရွယ်မှာ အအိပ်အနေကလည်း နည်းလာပြီ။ လုပ်စရာအလုပ်လဲ သိပ်များများစားစားမရှိတော့  တစ်နေ့တာအတွက် သူတို့မှာ အချိန်တွေ ကြာလွန်းလှမည်ထင်သည်။ သည်အချိန်တွေမှာ သူတို့ ဘာတွေများ စဉ်းစားနေမလဲ။  အတိတ်ငယ်ဘဝအချိန်တွေကို ပြန်သတိရနေမလား။  လက်ရှိဖြစ်နေတဲ့ဘဝကို ဝမ်းနည်းအားငယ်နေမလား။  ဖြစ်ဖြစ်သမျှကို တရားသဘောအတိုင်းပဲ မှတ်ယူနေမလား။ ကြင်နာတတ်သည့် နွေးထွေးသည့် မိသားစု အသိုင်းအဝန်းတွင်တော့ သိပ်ပြီး အခက်အခဲရှိမည်မထင်။ ဒါပေမယ့်လည်း အခုခေတ်တွင် လူကိုင်းကိုယ်စီ အလုပ်သွားကြရ၊ ကိုယ်စီ စိတ်ဖိစီးမှုတွေနှင့် ဆိုတော့ သူတို့လည်း ဂရုတစိုက်  သိပ်လုပ်ပေးနိုင်ကြသည်မဟုတ်ချေ။  အိမ်စောင့်သာသာဘဝနှင့် အိမ်မှာကျန်ခဲ့သည့် ကလေးတွေနှင့်သာ အဖော်ပြုရတတ်သည်။

ကျွန်တော်တို့ငယ်ငယ်တုန်းကလည်းဒီလိုပင်။  အဘိုးအဘွားများကို အလေးအနက်မထားတတ်ခဲ့။ စကားခပ်များများ၊ ပစိပစပ်နိုင်တတ်သည့် နားညီးစရာလူကြီးများဟုသဘောထားခဲ့သည်ပဲ။ ဒါပေမယ့် အချိန်တွေက တရွေ့ရွေ့ကုန်လွန်ခဲ့။ ကိုယ်တိုင် လူလတ်ပိုင်းရောက်၍ ဇရာက ခန္ဓာကို လှမ်းသတိပေးလာတော့သည်။ ငယ်စဉ်က နာရီဝက် တစ်နာရီခန့် အသော့ပြေးနိုင်ခဲ့သည်ကို  အခု ၁၅မိနစ်ပင် မနည်း လေ့ကျင့်နေရပြီ။  ကိုယ်တိုင်လည်း သားသမီးရပြီဖြစ်၍ ငါ့မြေးတွေ တစ်နေ့မှာ ငါ့ကို ဒီလိုပဲ သဘောထားဦးမလားဟု တွေးမိသည်။ ကိုယ့်အလှည့်ရောက်မှ ကိုယ်ချင်းစာတတ်သည့် လူ့သဘာဝအတိုင်း ငါဘာတွေပြင်ဆင်ထားဖို့လိုမည်လဲဟု သုံးသပ်မိသည်။ အိုမင်းမစွမ်းနိုင်ချိန်တွင်တော့ ရုပ်ပိုင်းဆိုင်ရာကော  စိတ်ပိုင်းဆိုင်ရာပါ ဒီသားမြေးမြစ်တွေကိုပဲ မှီခိုရမည်လား။ သူတို့တွေစိတ်ထဲ လူပိုတစ်ယောက်တော့ မဖြစ်ချင်သည်မှာအမှန်ပင်။  မိသားစုသိုက်သိုက်ဝန်းဝန်းနေတတ်သည့် လူကြီးမိဘကို လေးစား တတ်သေးသည့် ဗုဒ္ဓဘာသာ မြန်မာနိုင်ငံမှာ လူဖြစ်ရသည့်  ဒီတစ်ချက်ကိုတော့ ကျေနပ်မိတာအမှန်ပင်။  အင်း  အိုမင်းပြီး မစွမ်းတော့သည် အချိန်တစ်နေ့တော့ ရောက်ဦးမည်။  ရောက်ချင်မှလည်းရောက်ပေမည်။ ဒီကြားထဲ အရွယ်လတ်ပိုင်းဘဝ မှာ ဖြတ်ကနဲလဲ ပျောက်ကွယ်သွားနိုင်သည်။
သို့သော် . . . အို. . . လာ . . .ခဲ့. . .ရင်. . . . တော့ . . .

ဒီအတွေးဝင်မိတော့မှ အရွယ်ကြီးရင့်သူ အဖိုးအို၊ အဖွားအိုတွေကို ပို၍ ဂရုဏာသက်လာခဲ့တော့သည်။

နည်ရဲဇော်
(26-6-2011)

6 comments

  • pan pan

    June 24, 2011 at 4:23 am

    “ဇရာ” သီချင်းထဲကလိုပေ့ါ။
    ဇရာဖိစီး…ခရီးမတွင်သောဘဝမှာ….ကျန်သေးသမျှ..အားဆောင်ကြည့်ရှာ….

  • windtalker

    June 24, 2011 at 6:32 am

    ငါသည် မုချ အိုရမည် ။ ငါသည် မုချ နာရမည် ။ ငါသည် မုချ သေရမည် ။

  • PinkCandy

    June 24, 2011 at 10:32 am

    အသေမဦးခင် ဉာဏ်ဦးမှ တော်တော့မည်။

  • ဆူး

    June 24, 2011 at 3:08 pm

    အသက်ကြီးတဲ့ လူတွေ တကယ် သနားဖို့ကောင်းတယ်။
    အလုပ်လည်း မရှိတော့ ကလေးတွေ မြေးတွေ လိုက်အော် နေကြတယ်။ ဒီလိုနဲ့ ကလေးတွေက အမြင်တွေ ကတ်ပြီး ဘာမှ မလုပ်ပေးချင်ကြတော့ဘူး။
    မိဘတွေက ရိုသေပြီး လုပ်ပေးမှ ကလေးတွေကလည်း လုပ်ပေးရကောင်းမှန်း သိကြမှာ။

  • nature

    June 24, 2011 at 3:16 pm

    ယခုပင်လျှင် မအိုခင်ကကြိုတင်ကောင်းမှု ကြိုးစားပြုလော့။ ယခုပင်လျှင် မနာခင်က ကြိုတင် ကောင်းမှု ကြိုးစားပြုလော့။ ယခုပင်လျှင် မနာခင်က ကြိုတင်ကောင်းမှု ကြိုးစား ပြုလော့။

Leave a Reply