မုန့်ဟင်းခါးတောချက် Easy cook

weiweiJune 24, 20112min42136

မုန့်ဟင်းခါးကို ကျွန်မတို့ မြန်မာလူမျိုးတွေ နှစ်သက်စွာစားသုံးကြပါတယ်။ တစ်နိုင်ငံလုံးနေ့စဉ်စားသုံးနေကျ အစားအစာတစ်ခုဖြစ်ပါတယ်။ နေရာဒေသအလိုက် ချက်ပြုတ်ပုံချင်း မတူကြပေမယ့် နှစ်သက်စွာစားသုံးတာကတော့ အတူတူပါပဲ။ မြစ်ဝကျွန်းပေါ်ဒေသတွေမှာ ငါးပေါလို့ မုန့်ဟင်းခါးကို ငါးများများနဲ့ချက်ကြပါတယ်။ အညာဘက်မှာတော့ ပဲတွေ မြေပဲတွေကို များများထည့်ပြီး အစိမ့်အရသာပိုထွက်အောင်ချက်ကြပါတယ်။ နေပြည်တော်ဘက်မှာ မုန့်ဟင်းခါးထဲ ကြက်သားကိုတောင် ထည့်ချက်ကြတယ်။ ရန်ကုန်မှာကတော့ နံမည်စုံနဲ့ လက်ရာစုံ ချက်ရောင်းကြပါတယ်။ ရန်ကုန်မှာ အချိန်မရွေးဝယ်စားလို့ရလို့ သိပ်မသာပေမယ့် နိုင်ငံခြားမှာ ကြာကြာနေလိုက်ရင်တော့ မုန့်ဟင်းခါးကို သတိရတောင့်တကြတယ်။ ရယ်ဒီမိတ်တွေကို ချက်စားကြပေမယ့် လတ်ဆတ်တဲ့မုန့်ဟင်းခါးလောက်တော့ စားလို့မကောင်းပါဘူး။

ကျွန်မကတော့ အစားအစာကို ကိုယ်တိုင်ပဲ ရိုးရိုးရှင်းရှင်းချက်ရတာကို ဝါသနာပါတယ်။ ရှုပ်ရှုပ်ယှက်ယှက် အရသာတွေ အနံ့တွေစုံနေအောင်ထည့်ချက်တာကို မကြိုက်တာနဲ့ စားချင်စိတ်ပေါက်လာရင် ကိုယ့်ဟာကိုယ်ပဲ ချက်စားလေ့ရှိပါတယ်။ ကျွန်မချက်လေ့ရှိတဲ့ အလွယ်နည်းလမ်းကတော့ မုန့်ဟင်းခါးတစ်ပိသာအတွက် ….

ပါဝင်သောပစ္စည်းများ
ငါးခူ ………. ၂၅ ကျပ်သား
ဆန်မှုန့်အကျက်မှုန့် ….. ရ ကျပ်ခွဲသား
ဂျင်း၊ စပါးလင်၊ ကြက်သွန်ဖြူ …. ပုံတွင်ပြထားသည့်ပမာဏခန့်
ကြက်သွန်နီ၊ ကြက်ဥ ….. ပုံတွင်ပြထားသည့်အတိုင်း
ဗမာငံပြာရည် ….. ၅ ကျပ်သားခန့်
ငရုတ်ကောင်းမှုန့် …. လိုအပ်သလောက်

ချက်ပြုတ်ပုံအဆင့်ဆင့်
ငါးခူကို ဆား ဆနွင်းနယ်ပြီးနောက် စပါးလင် အကြမ်း၊ ဂျင်း၊ ဗမာငံပြာရည်တို့ဖြင့် ၁၅ မိနစ်ခန့် ပြုတ်ပါတယ်။
ငါးပြုတ်နေစဉ်အတွင်း တခြားအိုးတစ်လုံးဖြင့် ရေပွက်ပွက်ဆူအောင်တည်ထားပါတယ်။
ကြက်သွန်ဖြူ၊ ဂျင်း၊ စပါးလင်ကို ထောင်းထားလိုက်ပါတယ်။
ငါးပြုတ်ကျက်တာနဲ့ ငါးအသားနွှင်ပြီးနောက် ဆီသတ်ပါတယ်။ ဆီသတ်သည့်အခါ ဆီလိုသလောက်ထည့်ပြီး ဆီပူတဲ့အခါ ထောင်းထားတဲ့ ဂျင်း၊ စပါးလင်နဲ့ ကြက်သွန်ဖြူကို ထည့်ပြီး စိတ်ရှည်ရှည်နဲ့ ဆီသတ်ပါတယ်။ ဆနွင်းမှုန့်အနဲငယ်ထည့်ပါသေးတယ်။ အဲဒီနောက် ငါးအသားနွှင်ထားတာထည့်ပြီး ငံပြာရည်အနဲငယ်ထပ်ထည့်ပြီး မီးအေးအေးနဲ့ ခပ်ခြောက်ခြောက်ဖြစ်လာသည်အထိ စိတ်ရှည်ရှည်ဆီသတ်လိုက်ပါတယ်။
တစ်ချိန်ထဲမှာပဲ ဆူနေတဲ့ရေနွေးအိုးထဲကို ဆန်မှုန့်အကျက်မှုန့်ထည့်ပြီး ပွက်ပွက်ဆူနေအောင် တည်ထားပါတယ်။ ဆီသတ်ပြီးတဲ့နောက် ဆန်မှုန့်တည်ထားတဲ့အိုးထဲကိုထည့်လိုက်ပါတယ်။ ငါးပြုတ်ထားတဲ့အရည်ကျန်နေတာတွေကိုလဲ လောင်းထည့်လိုက်တယ်။ ခဏကြာတော့ ကြက်သွန်နီနဲ့ ကြက်ဥပြုတ်လှီးထားတာတွေကို ထည့်တယ်။ ငရုတ်ကောင်းမှုန့်ထည့်ပါတယ်။ အပေါ့အငံအတွက် မြည်းပြီးရင် စားလို့ရပါပြီ။

ငှက်ပျောအူ အဆင်ပြေရင် ထည့်လို့ရပါတယ် … ကျွန်မက အလွယ်ပဲချက်စားတာဆိုတော့ စားလို့ဖြစ်ရုံပဲလုပ်လေ့ရှိပါတယ် … ငရုတ်သီးမကြိုက်လို့ ငရုတ်ကောင်းသုံးချက်တဲ့ ကျွန်မချက်တဲ့နည်းလမ်းမျိုးကို ရန်ကုန်မှာတော့ တောချက်မုန့်ဟင်းခါးလို့ ခေါ်ကြပါတယ်။ စုစုပေါင်း အချိန် တစ်နာရီလောက်ကုန်ပြီး မိသားစု ၅ ယောက်စာအတွက် မိုးအေးအေးမှာ စားမြိန်ဖွယ်ရာ ညနေစာလေးတစ်ခု ဖြစ်သွားပါတော့တယ် …

မုန့်ဟင်းခါး
ငါးပြုတ်ထားပုံ
ဆီသတ်ရန် ဂျင်း၊စပါးလင်၊ကြက်သွန်ဖြူ
ငါးဆီသတ်ပြီးပုံ
ကြက်ဥနီ၊ ကြက်ဥ(ိသို့)ဘဲဥ
စားလို့ရပါပြီ

36 comments

  • နွယ်ပင်

    June 24, 2011 at 5:49 am

    နွယ်ပင်က မုန့်ဟင်းခါးဆိုးအရမ်းကြိုက်ပဲ ကိုယ့်ဘာသာကိုယ်တော့ တစ်ခါမှ မချက်စားဖြစ်ဘူး အလုပ်ရှုပ်လို့လေ မဝေချက်ပြတဲ့ နည်းကတော့ မဆိုးဘူး လိုက်ချင်စားကြည့်ဥိးမှ ….

  • Snowy

    June 24, 2011 at 6:37 am

    ငါးခူ ငါးကျည်း နဲ့မုန့်ဟင်းခါးအများဆုံးချက်ကြတယ် အဲဒါမဟုတ်ပဲ တစ်ခြားဘာငါးသုံးလို့ ရသေးလဲမဝေ …

    • weiwei

      June 24, 2011 at 8:03 am

      ဘာငါးနဲ့မဆို ချက်လို့ရပါတယ် … အသားများပြီး ချိုတဲ့ငါးဆိုရင်တော့ အကောင်းဆုံးပေါ့ ..
      ငါးအသားများများနဲ့ချက်ချင်ရင် ငါးကြင်းလဲကောင်းတယ် ..
      ငါးရှဉ့်နဲ့ချက်ရင် တော်တော်ချိုတယ်လို့ပြောကြတယ် …

      • Snowy

        June 24, 2011 at 8:31 am

        နောက်တစ်ပတ် အလုပ်ပိတ်ရင် စမ်းပြီးချက်စားကြည့်မယ် …
        အရင်တစ်ခေါက်က တော့ ရယ်ဒီမိတ်ကိုပဲ ဖေါက်ပြီးချက်တာ သိပ်စားမကောင်းပေမယ့် စားချင်နေတဲ့စိတ်တော့ တော်တော်ပြေသွားတယ် 🙂

  • fatty

    June 24, 2011 at 6:42 am

    ထားဝယ်ဘက်က မုန့်ဟင်းခါးစားဘူးတယ် ပဲပြုတ်လဲပါတယ် စာကလေးချီးကြော်လဲပါတယ်။
    တရွာတစ်ပုဒ်ဆန်းနော်။ မုန့်ဟင်းခါးမှာ ငှက်ပြောအူ ဘာကြောင့်ထည့်ပါသလဲ။

    • hmee

      June 24, 2011 at 7:38 am

      ဦးဖက်ရေ မုန့်ဟင်းခါးမုန့်ဖတ်က အချဉ်ဖေါက်ပြီးမှ လုပ်တာမို့ အဆင်မသင့်ရင် ဝမ်းသွားတတ်လို့ ထိန်းထားတဲ့ အနေနဲ့ အဖန်ဖြစ်တဲ့ ငှက်ပျောအူ ထည့်တာလို့ ဖတ်ဖူးပါတယ်။ ရှေးဗမာတွေက တခါတည်း အစာလည်းဆေး ဆေးလည်းအစာ ဖြစ်အောင် စီစဉ်ထားတယ် ထင်ပါတယ်။

      • weiwei

        June 24, 2011 at 8:06 am

        တရုတ်ပြည်မှာနေတုန်းကတော့ ငှက်ပျောအူ မရှိတာနဲ့ ကြာစွယ်ကို ငှက်ပျောအူအစား ထည့်ချက်တယ် …

  • kai

    June 24, 2011 at 7:13 am

    အောင်မြလေး.. သေပြီဆရာပဲ..။
    မုန့်ဟင်းခါးမစားရတာတောင် တော်တော်ကြာသွားပြီ.။ ၃ပတ်လောက်ရှိရော့မယ်..။
    လေနဲ့..စားသွားပါတယ်နော..။ ဝေမမရေ..ကျေးဇူး..။

    စကားအတင်းစပ်ပြောချင်တာက..
    မုန်ဟင်းခါးထဲထည့်တဲ့ အစာပလာတွေအကြောင်းပါ..။
    ဘယ်နယ်က ဘာတွေထည့်စားကြသလည်း သိသလောက်လေးပြောပြကြပါဦးနော…
    ကျုပ်သိတာက…။

    နံနံပင်
    ပဲသီးတောင့်ရှည်
    ကြက်သွန်မိတ်
    ဘူးသီးကြော်
    ပဲကြော်
    မန္တလေးပဲကြော်
    အီကြာကွေး
    ငါးသလောက်ဥ
    ဝက်အူချောင်း (မြင်းခြံလား..ပခုက္ကူဖက်လားမသိ)
    ငှက်ပျောအူ
    ကြက်သွန်ဥ
    ဘဲဥ၊ကြက်ဥ
    ငါးပိ( မြတ်၊ထားဝယ်ဖက်)
    ငါးပုပ်ခြောက်( မြတ်၊ထားဝယ်ဖက်)
    ပဲပြုတ် (ဆရာဖက်ပြောတာ..ဘယ်နယ်လည်းမသိ)
    စာကလေးချီးကြော် (ဆရာဖက်ပြောတာ..ဘယ်နယ်လည်းမသိ)
    ဘဲသွေး( အုန်းနို ့ခေါက်ဆွဲထဲ ထည့်တာတော့ သိတယ်.. မုန့်ဟင်းခါးထဲထည့်သလား မသေချာ)
    ခရမ်းချဉ်သီး (တောင်ငူဖက်က ထည့်တယ်ပြောသည်။ မသေချာ)
    ..
    ဆက်ဖြည့်ပေးကြပါခင်ဗျား..။

    • Snowy

      June 24, 2011 at 7:19 am

      ပဲသီးတောင့်ရှည် ကြက်သွန်ဥ နဲ့ ဇီရာ က မော်လမြိုင်ဖက်က ရေစိမ်မုန့်တီမှာ ထည့်စားပါတယ် (ဘဲဥ၊ကြက်ဥ တော့ထည့်မချက်ဘူး) 🙂

      • pan pan

        June 24, 2011 at 8:09 am

        ဇီယာဆိုတာ ပူစီနံကိုပြောတာမလား။
        မော်လမြိုင်မှာ အဲလိုခေါ်တာလို့ကြားတယ်။

        • Snowy

          June 24, 2011 at 8:24 am

          ဟုတ်တယ် …. ပူစီနံ ကို မော်လမြိုင်ဖက် ကဇီယာ လို့ခေါ်တာ
          ရန်ကုန်မှာတော့တော်တော်များများဇီယာ ဆိုမသိကြဘူး…
          ရေစိမ်မုန့်တီ ကငါးများများ စပါးလင် / ဂျင်းများများနဲ့ ပဲ ချက်တယ် ဆန်မှုန့်တို့ မြေပဲတို့ မပါဘူး အရည်ကျဲပေါ့

      • pan pan

        June 24, 2011 at 8:16 am

        ဇီရာဆိုတာ ပူစီနံကိုပြောတာမလား။
        မော်လမြိုင်ဖက်က အဲလိုခေါ်တယ်ကြားဖူးလို့။

    • weiwei

      June 24, 2011 at 7:56 am

      ရန်ကုန်မှာတော့ ..
      ရွှေကြည်မှုန့်ကို ပွအောင်ဆိုပြီးထည့်ကြတယ် …
      ထန်းလျက်ခဲကို ချိုအောင် ထည့်သေးတယ် ..
      ဘီစကွတ်မုန့်ကို ထောင်းပြီး မွှေးအောင်ထည့်တဲ့သူကလဲ ရှိသေးတယ် …
      သီဟိုစေ့ကိုထောင်းပြီးထည့်ရင် စိမ့်တယ်ဆိုပြီးလဲ ထည့်ကြသေးတယ် …

    • antimoe

      June 24, 2011 at 10:53 am

      အင်းလေးမုန့်တီမှာ
      ခရမ်းချဉ်သီးထည့်ပါတယ်။
      မုန့်တီဖတ်ခြောက်ကြော် နဲ့ ပဲတောင့်ရှည်နုတ်နုတ်လှီးထည့်ပြီး
      စားလေ့ရှိပါတယ်။
      မြောင်းမြဒေါ်ချို မုန့်ဟင်းခါးအစိုထုတ်ဆိုတာ
      တော်တော်ကောင်းပါတယ်။
      ဆိုင်လက်ရာအတိုင်းပဲ။
      ငါးကအစိုဆိုတော့ ကြာကြာထားချင်ရင် ခဲထားမှ။
      လိုရင်မှာပါ။EMSနဲ့ပို့ပေးပါ့မယ်။ ပြန်ရောင်းလိုတဲ့သူတွေကော….။
      (ပွဲစားပဲ..လုပ်တော့မလို့…။)

      • usnczn

        June 25, 2011 at 8:38 am

        EMS နဲ့ ပို့ပေးလဲ ချက်စားဘို့ အခွင့်အရေးမရှိ..ချက်ကြွေးမဲ့သူလဲမရှိပါခင်ဗျား
        စားချင်တာက တပိုင်းသေနေပြီ…

        • antimoe

          June 25, 2011 at 11:36 am

          ရေနွေးနဲ့ ရောယုံပါ။

    • parlayar46

      June 24, 2011 at 2:50 pm

      ငါးချဉ် နဲ့ ပုဇွန်ချဉ်ကို ညောင်လေးပင် / ပုဇွန်မြောင်းဘက်မှာ ထည့်စားပါတယ်။
      ပဲခူးတိုင်း အရှေ့ဘက်ခြမ်း တော်တော်များများမှာ အရင်နှစ် နှစ်ဆယ်လောက်မထိ ဆန်နှစ် လို့ခေါ်တဲ့ ဆန်ကိုလုပ်ထားတဲ့ ခပ်ပျော့ပျော့ ပူတင်းလိုဟာကို ကျယ်ကျယ်ပြန့်ပြန့်ထည့်စားတယ်။ မုန့်ဟင်းခါးဆိုင်တွေမှာ အဲဒါအမြဲလုပ်ထားရတယ်။ အလကားပေးရတာ။

      • parlayar46

        June 24, 2011 at 2:55 pm

        ခရမ်းချဉ်သီး ထည့်စားတာ မှန်ပါတယ်။ အဲဒါက နယ်အလိုက်မဟုတ်ပဲ မြေပြန့်ရောက်နေတဲ့ ရှမ်းအစု အသိုင်းအဝိုင်းတွေမှာ တော်တော်များများ တွေ့ရပါတယ်။ တောင်ငူ ၊ဖြူး၊ ကညွှတ်ကွင်း၊ ကျောက်ကြီး၊ ညောင်လေးပင် ပဲခူးအထိပါပဲ။ ယနေ့အထိပါ။

  • PinkCandy

    June 24, 2011 at 7:27 am

    စားချင်စရာကြီးပါလား
    မမဝေဝေရေ ကျေးဇူးပဲ

  • MaMa

    June 24, 2011 at 8:05 am

    မိုးတွင်းဖက် ငါးပုစွန်ပေါတဲ့အချိန် မြစ်ဝကျွန်းပေါ်မြို့တချို့မှာ ပုစွန်ပါးသားနဲ့ ငါးဥကြော်လည်း ထည့်စားကြသေးတယ်။

  • etone

    June 24, 2011 at 10:03 am

    မဝေကတော့ လုပ်ပြီ … ဗိုက်ဆာနေပြီ … မရတော့ဘူး …တကယ်ကျွေးတော့ ။ 🙂

  • forever

    June 24, 2011 at 2:07 pm

    ပုံတွေကိုကြည်.ရင်းသားရေတောင်ကျလာတယ်
    ဒါပေမယ်.ကျွန်တော်ကရွှေပေါ်ကျွန်းဆရာတော်ဆီမှာရာသက်ပန်လှူထားတော.
    သက်သတ်လွတ်နည်းလေးများရှိရင်မျှပါအုံးဝေဝေရေ

    • weiwei

      June 24, 2011 at 2:42 pm

      သတ်သတ်လွတ်ချက်ချင်ရင်တော့ ဆီသတ်တဲ့အထဲကို ငရုတ်သီးအစိမ်းမှုန့်နဲနဲထည့်ပါ … ဆန်အကျက်မှုန့်အပြင် ပဲအကျက်မှုန့်ကိုပါ ထည့်ပါ … ချိုတဲ့အရသာအတွက် ကောက်ရိုးမှိုထည့်လိုက်ပါ … အစိမ့်အရသာကြိုက်ရင်တော့ မြေပဲထောင်းထည့်ပါ … ကျန်တာတွေကတော့ ငါးနဲ့ချက်သလို အတူတူပါပဲ …

    • MaMa

      June 25, 2011 at 1:41 am

      အသား အစား ခုခေတ်မှာ အသားတု ထည့်လို့ရပေမယ့် အရင်တုန်းက ပဲပြားကို ဆားနည်းနည်းနယ် ပြီးရင် ငဖယ်လိုမျိုး ကြော်ပြီး ညှပ်ပြီး ထည့်ချက်စားကြတယ်။ ကျမကတော့ ဟင်းရည်ချက်ရင် အဲဒီလို ပဲပြားကြော်ထည့်တာကို အသားတုထက် ပိုကြိုက်တယ်။

  • ဆူး

    June 24, 2011 at 3:10 pm

    နေပြည်တော် သွားတုန်းက စားခဲ့တဲ့ မုန့်ဟင်းခါးက ကြက်သားတွေ ပါတာ တွေ့တယ်။

  • nature

    June 24, 2011 at 5:02 pm

    အကြော်နဲ့ဟင်းရေ သောက်ရတာကို သဘောကျတယ်။

  • တညင်သား

    June 24, 2011 at 6:00 pm

    မုန့်ဟင်းခါး..ကို ငါးခူ အဆင်သင့်မရှိလို့ ငါးသေတ္တာ နဲ့ ချက်တာ စားဖူးတယ် နဲနဲတော့ နံတယ်..ငါးသေတ္တာအနံ့ ၊ ကြိုက်တဲ့သူတော့ ကောင်းပါတယ်..သူများတွေတော့ ပဲသီး၊နံနံပင် စုံနေတာပဲ ထည့်စားကြတယ် ကျွန်တော်ကတော့ မကြိုက်ဘူး ဘူူးသီးကျော်နဲ့ ဘဲဥ ကိုတော့ထည့်စားတယ် ဒါတောင် အိုးဘဲဥဆိုတာရှိသေး…:)
    မအူပင်မြို့နယ် ရွာတွေဘက်မှာ မုန့်ဟင်းခါးကို လှေနဲ့ လိုက်ရောင်းတယ် ………ထူးဆန်းတယ် သူတို့က မုန့်ဖတ်ကို အချိန်နဲ့ရောင်းတာ(ဥပမာ..မုန့်ဖတ် ၅ကျပ်သားဆို ဘယ်ဈေး) အဲဒီလို ဟင်းရေကိုတော့ များများထည့်ပေးတယ်..
    အုန့်နို့ခေါက်ဆွဲ ကိုပိုကြိုက်တယ်…….:)

  • natthamee

    June 25, 2011 at 2:28 am

    ကျေးဇူးပါ မဝေရေ၊ ချက်စားကြည့်လိုက်ဦးမယ်နော် …..

  • bigcat

    June 25, 2011 at 2:39 am

    သဂျီးမုန်Uဟင်းခါးချက်ရင် ဘီယာနဲ့ချက်တယ်၊ မိုက်ကယ်ဂျော်နီအောင်ဘုကတော့ ထန်းရည်ထည့်တယ်။ တပ်မ၇ရစစ်သားကတော့ ဂျော်နီဝေါ်ကား ထည့်တယ်ဆိုလား။ သူတို့ကပ်တဲ့ မုန့်ဟင်းခါး ဆွမ်းစားပြီးရင် ခြေကျင်ခရီးကြွလာတဲ့ ကိုယ်တော်တွေကို ကားနဲ့ပြန်ပို့ပေးရတယ်။ :O:

    • kai

      June 25, 2011 at 4:46 am

      အရက်နဲ့ငါးကို ပြုတ်တာပါကွယ်..။
      သိတော်မူတဲ့အတိုင်း..ယူအက်စ်က နှုတ်ခမ်းမွေးနဲ့ကြောင်ငါး(Cat Fish)တွေက ဒိုက်စော်နံတယ်မဟုတ်လား..။
      အရက်နည်းနည်းထဲ့ ရေနဲ့ပြုတ်ရတာပေါ့..။
      အရက်ဆိုတာက.. အပူချိန် ၁၀ဝ စင်တီရောက်ရင် ခပ်ပြင်းပြင်းတွန်းထွက်အငွေ့ပြန်တယ်လေ..။
      အရက်ငွေ ့က.. တွန်းတိုက်အားပြင်းတော့.. ငါးရဲ့ညီနံ့ ့တွေဆွဲထုတ်သွားတယ်..။
      အရက်ဓါတ်(အယ်လ်ကိုဟော) အငွေ့ပြန်ရင်.. အချို(သကာ)ရည်ကျန်တယ်..။
      ဆိုတော့..ငါးက… မွေးသင်းပြီး..ချိုကျန်ခဲ့တာ…။

      ပြောရရင်.. ဂျပန်က(ဝရှောကု)အစားတွေ အကုန်လိုလို.. အရက်ထည့်ချက်ရတယ်..။
      ဆာကေး(အရက်)၊ မီရင်(သကာရည်)၊ ရှိုးယု(ပဲငံပြာရည်) က..ဂျပန်အစာတွေရဲ ့..မထည့်မဖြစ်..အတွဲပဲ..။
      သက်သတ်လွတ်ပဲစားတဲ့တိဘက်က..ဘုန်းတော်ကြီးတွေကို.. အရက်နဲ့ပေါင်းထားတဲ့.. ရွေဖရုံသီးနဲ့.. တပျစ်သီးခြောက်ပေါင်း ဆွမ်းကပ်ခဲ့ရတာ..သတိရမိသား..။အဲဒါလေးမှ ကြိုက်တယ်ဆိုလို့လေ..။

      သုရာမေရယ မဇ္ဇပ္ပမာဒဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။..
      အိမ်အပြန်..သူတို့ဖာသူတို့..ပြန်သွားတာပဲ..။ 🙂
      ====
      ဒီနေ့.. မုန့်ဟင်းခါးအကြောင်း စကားစပ်မိတာ… မြစ်ဝကျွန်းပေါ်..တချို ့နယ်တွေ..မုန်ဟင်းခါးထဲ..ကောက်ညင်းပေါင်: ထည့်တယ်တခုတိုးပါတယ်..။

  • nozomi

    June 25, 2011 at 8:01 am

    နောက် တစ်ခါ MG တွေ့ဆုံပွဲကို မဝေအိမ်မှာလုပ် မုန့်ဟင်းခါးကျွေး အဲဒီလိုဆိုကောင်းမယ်

  • zaw min

    June 25, 2011 at 8:12 am

    ရခိုင်မှာတော့ သူတို့မုန့်ဟင်းခါးမှာ ဝက်သားထည့်ချက်ပါတယ်တဲ့။ကွက်ခိုင်ဘက်က ပုတ်သင်ညှိကိုမီးဖုတ် အရည်ခွံဆုတ်ပြီး ထည့်ချက်ပါတယ်တဲ့။ဗာမာလိုဆိုရင်တော့ ငါးဘတ်၊ငါးရွှေတို့ ထည့်ချက်ရင်လည်းရပါတယ်၊အသားများပြီးပိုချိုတာပေါ့။သထုံမှာတော့ ပဲသီးစီမ်း၊ကြက်သွန်နီ၊ပူစီနံ တွေထည့်စားကြပါတယ်။

  • usnczn

    June 25, 2011 at 8:35 am

    တကယ်စားရရင်ကောင်းမယ်။ ဘယ်နား ရှာစားရမလဲကွယ်တု့ိ……း( း(
    အဟင့် ရွှတ် ရွှတ် ..ရှာစားမရတဲ့သူ သွားရည်ယိုအောင် လုပ်ကြတယ်..
    သူကြီးလဲပါတယ်..ငတ်ပါတယ်ဆိုမှ ..သူတို့က မုန့်ဟင်းခါးတဲ့ …
    အောင်မလေး ကောင်းကြသေးရဲ့လားးး….(ငိုခြင်းချ.)…
    ပြန်ချင်ပြီဗျို့ …အဲဒါ မဝေရဲ့ မုန်ဟင်းခါးကြောင့်…….

  • ငါးသလောက်နဲ့ချက်တဲ့မုန့်ဟင်းခါးစားဘူးတယ်။
    သွားစမ်း ဘားလမ်း စားစမ်း မေမုန့်ဟင်းငါးလို့ကြော်ငြာပြီးရောင်းခဲ့ဘူးတဲ့ ဆရာသော်တာဆွေကတော့
    မုန့်ဟင်းငါးဟင်းရည်ကို ပေါင်မုန့်တို့စားဆိုပြီးရောင်းခဲ့တာ လူကြိုက်အတော်များခဲ့တယ်လို့
    သူရေးတဲ့စာတပုဒ်မှာ ဖတ်ဘူးပါတယ်။
    ပဲရာဇာ(ခ)ပဲနီလေးနဲ့ချက်တဲ့မုန့်ဟင်းခါးကလဲ ပျစ်ပျစ်မွှေးမွှေးလေးနဲ့ ကောင်းမှကောင်းပါဘဲ။

  • metallic

    July 8, 2012 at 12:09 am

    မန်းဒလေး ဆေးရုံကြီးနားက လမ်းဘေးဆိုင်တဆိုင်မှာတော့ တညင်းသီးပြုတ်ထည့်ပေးတာတွေ့ဘူး၏

Leave a Reply