လူနဲ့မူ Principles matter most

principle


တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ဖို့ လူနဲ့မူ ဘယ်သူ ဦးဆောင်သင့်သလဲဆိုတာ မကြာခဏ ငြင်းခုံ ဆွေးနွေးလေ့ရှိတဲ့ ခေါင်းစဉ်တခုပါ။ ရွာသားတချို့ရဲ့ ထင်မြင်ယူဆချက်များကိုလည်း တွေ့ဖူးတယ်။ လေ့လာမိသလောက် လူသမားများသည် ရှေးရိုးအစဉ်အလာ တန်ဖိုးထားလိုသူ ကွန်ဆားဗေးတစ်များ ဖြစ်ပြီး၊ မူသမားတွေကတော့ အပြောင်းအလဲလိုလားသူ ပရောဂရက်စစ်များ၊ လွတ်လပ်ပွင့်လင်းလွန်းသူ လစ်ဘရယ်များပါ။ လောကကြီးက ဆန်းပြားတယ်။ ပုံမှန်ဆိုရင် ကွန်ဆားဗေးတစ်များက စည်းကမ်း ထုံးစံ ယဉ်ပါးသူများဖြစ်လို့ မူကို လူထက် ဦးစားပေးရမယ်၊ လစ်ဘရယ်များကတော့ လွတ်လပ်စွာ နေသူများဖြစ်လို့ လူကိုမူထက် နှစ်သက်သင့်တယ်။ သို့ပေမယ့် နိုင်ငံရေးအမြင်မှာတော့ ပြောင်းပြန်ဖြစ် သွားပါတယ်။ တိရစာ္ဆန်တွေတောင် ရေမြေတောတောင် ဥတုလိုက်လို့ အရောင်ပြောင်းတတ်ရင် ကိုယ့် အကျိုး တခုထဲကို ကြည့်တတ်တဲ့ လူတွေပိုဆိုးတာ မဆန်းပါဘူး။
ကျနော်က တော်လှန်တဲ့အမြင်ရှိတဲ့ ပရောဂရက်စစ် တဦးပါ။ မြန်မာအတိုင်းအတာနဲ့ပေါ့လေ။ သဂျီးလို ပြည်ပအားကိုးပုဆိန်ရိုး ရုပ်မြင်ဝါဒီငရဲပြည် လစ်ဘရယ်အစွန်းတော့ မရောက်ဘူး။ ရှေးရိုးစွဲ
ကွန်ဆာဗေးတစ်များနဲ့ ခဏခဏစကားများရင် လူနဲ့မူ ဘယ်သင်းက ဦးဆောင်သင့်လည်း ပြောမိရင်ပါ။ သူတို့က စနစ်ထက်လူအရေးကြီးတယ်။ လူကောင်းရင် ဘယ်ပုံစံသွားသွားရတယ်။ လူပဓာနဆိုသူများ ရွာထဲမှာလည်း ရှိပါတယ်။ မူကောင်းပေမဲ့ လူမကောင်းရင် အလကား၊ စနစ်ဆိုတိုင်းသာ ဟုတ်ရရင် ဒီမိုကရေစီနိုင်ငံတွေအားလုံး ချမ်းသာနေမှာပေါ့လို့ စောဒကတက်တယ်။ စံပြုပြောတတ်တာ တပါတီ စနစ်ကျင့်သုံးပြီး အောင်မြင်နေတဲ့ တရုတ်၊ စင်္ကာပူနိုင်ငံတို့ပါ။ နိုင်ငံရေးအရ လွတ်လပ်မှု မရှိပေမဲ့ ခေါင်းဆောင်ကောင်းတော့ တိုးတက် တည်ငြိမ်တယ်။ မြန်မာပြည်လည်း လူကောင်းတွေများလာရင် လက်ရှိပုံစံနဲ့ပဲသွား အောင်မြင်နိုင်တယ် ယူဆကြတယ်။
ပရောရက်စစ်၊ လစ်ဘရယ်သမားများကတော့ လူတိုင်းအနည်းအများ အတူတူပဲ။ ပဲ့ထိန်းစနစ်၊ မူဝါဒအပေါ် မူတည်ပြီး လူကွဲပြားတယ်။ အချင်းချင်း အပြန်အလှန် အကျိုးပြုရင်း ကောင်းမွန်တဲ့ ရလဒ် ထွက်လာတယ်။ စနစ်မှန်တိုင်း မအောင်မြင်ပေမယ့် အောင်မြင်ဖို့ စနစ်မှန်ရမယ်။ တရုတ်၊ စင်္ကာပူ လို လူအပေါ် အခြေခံတဲ့ အာဏာရှင်စနစ်နဲ့ ကြီးပွားနေတဲ့နိုင်ငံ လက်ချိုးရေလို့ရတယ်။။ ဖြစ်တန်စွမ်းခြင်း ယှဉ်ရင် ဒီမိုကရေစီစနစ် ကျင့်သုံးလို့ တိုးတက်နိုင်ငံတွေ ပိုများတာ ငြင်းမရဘူး။ လူတိုင်း အတ္တရှိပြီး ရုပ် ဝတ္တုတိုးတက်တဲ့ အနောက်နိုင်ငံတွေမှာ ပိုဆိုးသင့်တယ်။ ဒါပေမယ့် စနစ်ဆိုတာနဲ့ ထိန်းထားတယ်။ မဟုတ်တာ လုပ်ချင်ပေမယ့် ရှက်တတ်ကြောက်တတ်အောင် လွတ်လပ်ပွင့်လင်းတဲ့ စနစ်မူဝါဒဆိုတာနဲ့ ဇက်ကြိုးခွံ့ပေးထားတယ်။ မူမမှန်ရင် လူကောင်းပေမယ့် တချိန်ကြ ပျက်တာပဲ။ သံကိုသံဂျီးဖျက်တာ၊ လူကိုလူကပဲ ဖျက်တယ်။
နောက်တခါ သူတို့က တိုင်းပြည်အနေအထားအလိုက် စနစ်ဆိုတာ ရှိရတယ်။ မြန်မာပြည်လို တိုင်းရင်းသားမျိုးနွယ်စု အများအပြားရှိတဲ့ တိုင်းပြည်မှာ ဗဟိုချုပ်ကိုင်မှု အားကောင်းရမယ်။ နို့မို့ရင် ၁၉၉ဝပြည့်လွန်နှစ်တွေက ယူဂိုစလားဗီးယားလို အစိတ်စိတ်အမွှာမွှာ ကွဲသွားမယ်။ ကျနော်ကလည်း ယူဂိုစလားဗီးယား၊ ဆိုဗီယက်နိုင်ငံ ပြိုကွဲတာ မူဝါဒအမှား၊ တချိန်မှာ ဗဟိုချုပ်ကိုင်မှု အားနည်းတဲ့အခါ တော်လှန်ပုန်ကန်မှုတွေ ဖြစ်သင့်တာထက် ပိုဆိုးကုန်ပြီး ပြိုကွဲပျက်စီးရတယ်။ ဗလအားကိုး လူမိုက်ကို နိုင်တဲ့အခါ အပြတ်ရှင်းတာ ဖြစ်ရိုးဖြစ်စဉ်ပဲ။ ဘယ်အရာမှ ထာဝရ မတည်မြဲဆိုတာ၊ ကိုယ်အသာရတုန်း ကြိုက်ဈေးနဲ့ ဖြတ်ဝယ်ရကောင်းမှန်း မသိတဲ့ လူမိုက်ကိုသာ အပြစ်တင်ရမယ်။
ဒီမိုကရေစီကို စာလုံးပေါင်းပြလိုက်ရင် ပြီးတယ်။ တရုတ်၊ ကျူးဘား၊ မြောက်ကိုရီးယား စတဲ့ နိုင်ငံတွေမှာလည်း ပြည်သူ့ဒီမိုကရေစီဆိုတဲ့ အသုံးအနှုန်းနဲ့ ပါတီတွင်းအောက်ခြေ ရွေးကောက်ပွဲတွေ ရှိတတ်လို့ အတူတူပဲ ထင်မှတ်တယ်။ တဦးတယောက်ကနေ တချက်လွှတ်အမိန့်နဲ့ အုပ်ချုပ်မှုကို အစု အဖွဲ့နဲ့ အုပ်ချုပ်တာပါလို့ ဗျောင်ငြင်းတယ်။ နဝတတက်ခါစ သတင်းစာအသုံးအနှုန်းမှာ နိုင်ငံတော် အကြီးအကဲများဆိုတာ သတိထားမိရင် တွေ့နိုင်ပါတယ်။ ပြောချင်တာ အဖွဲ့အစည်းနဲ့ ဆုံးဖြတ်ချက်ချ လုပ်ပါတယ်ပေါ့။ နောက်ပိုင်း ဦးသန်းရွှေခိုင်းတာလုပ်ရမှန်း ဗြောင်ထင်ရှားလာတဲ့အခါ မသိချင်ယောင် ဆောင်တယ်၊ တချို့ကလည်း ချဲ့ကားပြောတာပါ လုပ်သေးတယ်။ ကျနော့်ကတော့ သူတို့မှ တိကျတဲ့ မူဝါဒ မရှိဘူး၊ ကြုံသလို လုပ်တယ်၊ ရှက်ရ ကြောက်ရ နာရကောင်းမှန်း မသိဘူး။ အာဏာသိမ်းခါစမှာ စစ်ဗိုလ်တိုင်းပြောတာ လာဘ်ပေးလာဘ်ယူကင်းဖို့၊ နောက်တော့ လေသံပြောင်းပြီး အလုပ်ကြိုးစားဖို့၊ တိုင်းပြည်ချစ်ဖို့ ဖြစ်သွားပါတယ်။
သတိပြုမိတဲ့ လူအဓိကသမားများတွေရဲ့ ဘုံတူညီချက်အချို့….
၁ – အစဉ်အလာစောင့်ထိန်းမှု တန်ဖိုးထားတဲ့ ကွန်ဆာဗေးတစ်များ ဖြစ်တတ်တယ်။ ဥပမာ – မိသားစု တန်ဖိုး၊ ကျင့်ဝတ်သိက္ခာ၊ စည်းကမ်းတိကျမှု။ (အပေါ်ယံကြော ပိုမိုပြင်းထန်တာကို ပြောပါတယ်)။
၂ – အထက်အောက် အုပ်ချုပ်ပုံစနစ်ကို လက်ခံနာယူဖို့ ဝန်မလေးဘူး (သို့မဟုတ်) ကြိတ်သဘော ကျတယ်။ စစ်တပ် တသွေးတသံတမိန့်ကို အရပ်ဖက်မှာ ကျင့်သုံးတာကို အားပေးတယ်။ မဆလခေတ် အလွန် စစ်တပ်အာဏာသိမ်းတဲ့အခါ ဗိုလ်ခင်ညွှန့်တို့ ပြောတာကို ယုံသူများ ဆန္ဒပြခဲ့သူတွေထဲမှာ တပုံကြီး။ ဗိုလ်ခင်ညွှန့်ကိုဖြုတ်ပြီး ဗိုလ်ရွှေမန်းက ဥပဒေအထက် မည်သူမှမရှိရဆိုတာပြောတော့လည်း ယုံကြသေးသဗျ။ ၂၀၁၁ ရွေးဂေါက်ပွဲအပြီး ဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်တော့မယ်ဆိုတဲ့ မိန့်ခွန်းကို မျှော်နေသူတွေလည်း ရှိတုန်းပဲ။
၃ – ရေရှည်ထက် ရေတိုဖြေရှင်းမှုကို အသားပေးတယ်။ ဥပမာ – ဂျပန်ခေတ်မှာ သူခိုးကို ခြေလက်ဖြတ် ခေါင်းဖြတ် အပြစ်ပေးတာကို ထောက်ခံတယ်။ ပြစ်မှုနဲ့အပြစ်ဒဏ် လိုက်မလိုက်ဆိုတာထက် လက်ငင်း အကျိုးရလဒ်ကောင်းဖို့ ရည်သန်တယ်။ ရှုပ်ထွေးတဲ့ ဥပဒေစည်းမျဉ်းတွေအစား အုပ်ချုပ်မှုအမိန့်၊ စည်းကမ်းတွေပဲ အားသန်တယ်။ ဥပဒေ ရပိုင်ခွင့်၊ စောဒကတက်ခွင့် လုပ်ထုံးလုပ်နည်း အဆင့်ဆင့်ကို နားလည်ဖို့ မကြိုးစားဘူး၊ မလိုအပ်ဘူးထင်တယ်။ ဥပမာ – အလွယ် မင်္သကာရင် ဖမ်းရိုက်စစ်တာမျိုး။
၄ – တခုနဲ့တခု စပ်ဆက်နေခြင်း သဘောကို မျက်ကွယ်ပြုဖို့ ကြိုးစားတယ်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ချိတ်ဆက်မှု၊ အထူးသဖြင့် နိုင်ငံရေးသည် အရာရာရဲ့ အထက်မှာရှိခြင်း၊ အသက်သွေးကြော ဖြစ်တာမမြင်တတ်ဘူး။
၅ – အလျှော့အတင်း စေ့စပ်ညှိနှိုင်းခြင်း နိုင်ငံရေးအမြင်မရှိဘူး (သို့မဟုတ်) လုပ်ရမှာကြောက်တယ်။ စစ်ပုံစံ ပစ်အားများများပေး၊ ကျားတက်ထိုး၊ စခန်းသိမ်းဆိုတဲ့ တဖက်သက် အမြင်နဲ့ပဲလုပ်တတ်တယ်။ ကိုယ်လိုပဲ သူလည်းရသွားမှာ ကြောက်တယ်။ တနည်းပြောရင် မိမိကိုယ်မိမိ ယုံကြည်မှု မရှိဘူး။
၆ – အနည်းစုသည် အများအတွက် စတေးသင့်တယ်။ လူအများသည်လည်း နိုင်ငံအတွက် အနစ်နာခံ ခံရတာ သင့်တော်တယ်ထင်တယ်။ (သူတို့ကိုယ်ကျိုးစီးပွား မထိသ၍ပါ)။
ရ – အဓိပ္ပါယ်ဖွင့်ဆိုချက် တိတိကျကျမရှိပဲ နိုင်ငံတော်၊ အမျိုးသားရေး၊ တည်ငြိမ်အေးချမ်းရေး စာလုံး တွေကို ရေလဲသုံးတယ်။ တဦးချင်း၊ လူနည်းစု အခွင့်အရေးကြတော့ ငါတို့နဲ့ပဲ ဆိုင်တယ်ထင်ပြီး ကျန် လူအများကိုတော့ ညဏ်မမှီ၊ မထိုက်တန်သေးမှတ်တယ်။
၈ – နိုင်ငံတကာမှာ ဖြစ်ပေါ်တိုးတက်နေမှုတွေထက် ကိုယ့်အရေးကိစ္စပဲ အာရုံစိုက်တယ်။ သင်ခန်းစာ ယူရကောင်းမှန်း မသိဘူး။ ဥပမာ – နိုင်ငံတကာစံနှုန်း၊ ခေတ်ပြောင်းလဲမှုရေစီးကြောင်း။ နိုင်ငံရေးလို မြင့်မြင့်မားမား မဆိုထားနဲ့ အလုပ်ရှင် အလုပ်သမား ဆက်ဆံရေးမှာတောင် ၂ဝရာစု အတွေးအခေါ်ပဲ ရှိတယ်။ အလုပ်သမား အခွင့်အရေး ရပိုင်ခွင့် လာမပြောနဲ့၊ မင်းမလုပ်ရင် သူများလုပ်မယ်ဆိုတာမျိုး။
၉ – အပြင်ကလူတွေနဲ့ ကိုယ့်ကို နှိုင်းယှဉ်အကဲဖြတ်ခြင်းကို လက်မခံ၊ ပိတ်ပင်ထားတယ်။ တလောက အင်တာနက်စာတပုဒ်မှာ စစ်တပ်လိုလားသူက အစိုးရတော်ကြောင်းကောင်းကြောင်းကို မြန်မာပြည်မှာ လမ်းတံတားဆည်မြောင်းတွေ အများကြီးရှိနေပြီနဲ့ပြောတယ်။ ဝေဖန်သူက အာဆီယံအဖွဲ့မှာ အရင်က မြန်မာပြည် ဘယ်အဆင့်လောက်ရှိခဲ့သလဲ မေးတော့ နံပတ် ၆၊ ရ လောက်ပေါ့တဲ့၊ အခုကြတော့လို့ မေးတော့ ၁ဝတဲ့။ အဲသည်လို မြင်သွားမှာစိုးတယ်။
၁ဝ – တပည့်မွေး၊ဆရာမွေး ဂိုဏ်းဂဏ အစွဲသန်တယ်။ လူတော်ထက် လူကောင်းကို အလေးပေးတယ်။ မဆလဥက္ကဌ ဦးနေဝင်းကို လုပ်ကြံဖို့ကြိုးစားလို့ ကြိုးပေးအသတ်ခံလိုက်ရတဲ့ ဗိုလ်ကြီးအုန်းကျော်မြင့် (မဆလ ဗိုလ်ချုပ်သူရကျော်ထင်ရဲ့ ကိုယ်ရေးအရာရှိထင်တယ်) အကြောင်းပြောကြတဲ့အခါ သူတို့ရဲ့ ထင်မြင်ချက်က သိပ်အတ္တကြီးလို့ဖြစ်တာ၊ နောက်ပိုင်း ဗိုလ်လောင်းရွေးရင် သိပ်ဖြစ်ချင်လွန်းသူကို မရွေးတော့ဘူး ဆိုတယ်။ ကျနော်က မဆလခေတ် အကောင်ကြီးတဦးရဲ့ ကိုယ်ရေးအရာရှိဖြစ်လျက်နဲ့ အသက်စွန့် လုပ်ကြံဖို့ကြိုးစားတာ ကိုယ်ကျိုးလို့ ဘာကြောင့်ခေါ်သလဲ ပြန်မေးခွန်းထုတ်ပါတယ်။
အထက်ပါ အချက်တွေထဲမှာ အပိုအလို၊ သဘောတူ၊ ကန့်ကွက်စရာ အမျိုးမျိုးအဖုံဖုံ ရှိပါမယ်။ လူ၊နဲ့မူ တခုခုရွေးပါဆိုရင် ဘယ်ဟာကိုမိတ်ဆွေ ရွေးမလဲ။ ပြိုင်တူသွားမယ်တော့ မပြောနဲ့နော်။ ပြုပြင် ပြောင်းလဲရေး အော်နေပေမဲ့ အတွေးအခေါ်တွေက ဆန့်ကျင်ဖက်ဖြစ်နေရင် အထောက်အကူ မပြုဘဲ အနှောက်အယှက် ဖြစ်သွားတတ်လို့ မိမိကိုယ်မိမိ မကွယ်မဝှက် လေ့လာဆန်းစစ်ကြရင်ဖြင့် နှစ်ဦးနှစ်ဖက် အကျိုးများဖို့ရာဖြစ်ကြောင်း တွေးမိတာလေးကို ချရေးလိုက်ပါသည်။

12 comments

  • nature

    June 24, 2011 at 12:40 pm

    ကိုယ့်ကိုယ် လစ်ဘရယ်သမားလို့ ထင်တယ်။ ဒါပေမယ့် မကွယ်မဝှက် လေ့လာဆန်းစစ် ကြည့်လိုက်တဲ့ အခါကျတော့ ကွန်ဆာဗေးတစ် ဖြစ်နေတယ်။

  • Ko Ko Aung

    June 24, 2011 at 2:27 pm

    ကျွန်တော်ကတော့ ဘာသမားလို့ ကိုယ့်ကိုယ်ကို တိတိကျကျမသိဘူး။
    အသားကျပြီးသား တည်ငြိမ်ပြီးသား နိုင်ငံတွေ စံနစ်တွေဟာ သူ့အကြောင်း နဲ့ သူ့ အကျိုးနဲ့ ဖြစ်လာတာတွေ ဖြစ်နေတာတွေမို့ အခုမှ စ ရမယ့် နိုင်ငံတွေအတွက် ရာနှုံးပြည့်ကိုးကားစရာ မဟုတ်ကြပါဘူး။
    တည်ငြိမ်ရင့်ကျက်မှု့မရှိသေးတဲ့ နိုင်ငံပဲဖြစ်ဖြစ် အဖွဲ့အစည်းပဲဖြစ်ဖြစ် လူကဦးဆောင်ရင် အန္တရယ်များပြီး မူကဦးဆောင်မှသာ တစတစ တိုးတက်ရင့်ကျက်နိုင်လိမ့်မယ်လို့ ယုံကြည်တယ်။ အဲဒီယုံကြည်ချက်မှာကို ပြဿနာတခုရှိသေးတယ်။ အဲဒီမူကို ဘယ်သူ(တွေ)က ဘယ်အချိန်အတွင်း ဘယ်လောက်ပြည့်စုံအောင် လုပ်နိုင်မလဲ ဆိုတာပါပဲ။

  • weiwei

    June 24, 2011 at 2:31 pm

    လူကိုပဲ ရွေးမယ် …

  • ကျနော်ကတော့ပုံသေမထားဘူး။
    လိုအပ်တဲ့အချိန်မှာ ဘယ်ဟာက ပိုကောင်းမလဲ။
    ကောင်းတဲ့ဘက်ကို အလေးကဲပြီးဆုံးဖြတ်မယ်ဗျာ။

  • unclegyi1974

    June 24, 2011 at 3:18 pm

    မြန်မာပြည်မှာစီးပွားရေးလုပ်ငန်းကြီးတွေဆယ်စုနှစ်လောက်ပဲခံတယ်
    ပြီးရင်ကွဲတယ် မကွဲရင်ပျက်တယ်
    အနောက်တိုင်းမှာရာစုနဲ့ချီတဲ့စီးပွားရေးတွေရှိတယ်
    ဘာကွာတာလည်းအဲဒါအဖြေပဲ

  • nature

    June 24, 2011 at 4:56 pm

    လူကိုခင်တော့မူကိုပြင်မယ်။ လူကိုမုန်းတော့မူကိုသုံးမယ်။ 🙂

  • moethidasoe

    June 25, 2011 at 2:34 am

    ဦးနေဝင်းလက်ထက်မှာ လူတော် လူကောင်းကနေ လူကောင်း လူတော် ဆိုပြီး အသုံးအနှုန်း ပြောင်းခဲ့ရတာ မှတ်မိကြမှာပါ .. နိုင်ငံရေးသိပ်ပံ ဘာသာဖြေတုန်းကလဲ ဒီမေးခွန်းကို အမြဲ ထည့်မေးတယ် ..
    လူကောင်းမှ တော်အောင် ကြိုးစားပေးလို့ ရတယ် .. လူတော်က မကောင်းခဲ့ရင် တလွဲဆံပင်ကောင်းရင် လူကောင်းဖြစ်ဖို့ ခဲယဉ်းတယ် ဆိုတဲ့ အတွေးအခေါ်နဲ့ပေါ့ ..
    ဘာပဲဖြစ်ဖြစ် နောက်ဆုံးတော့ မူတွေ အတော် ကောင်းကြပါတယ် .. လုပ်ခဲ့သမျှ မူတွေ ကောင်းပါတယ် .. အရင်းရှင်လဲ အရင်းရှင်မို့လို့ .. ကွန်မြူနစ် ဆိုလဲ သူတို့ ရေးပြခဲ့တာ သိပ် ကောင်းပါတယ် .. ဈေးကွက်စီးပွားရေး လို့ ပြောရင်လဲ ဒီအတိုင်းပါပဲ .. ဘုရင်စနစ်မှာလဲ ကောင်းတာတွေ များပါတယ် .. တစ်ကယ်က အကောင်အထည်ဖော်နေတဲ့လူတွေ တစ်ချိန် ရောက်သွားတဲ့အခါ စားကွက်တွေ ကြံဖန်ကြလို့ ပျက်ကုန်ကြတာ .. မူအတိုင်းသာ သွား .. အကုန်ကောင်းကြပါတယ် ..

  • MaMa

    June 25, 2011 at 4:15 am

    လူကို မူနဲ့ ထိန်းရတယ်။ မူကိုလည်း လူကပဲ ရေးဆွဲတယ်။ အပြန်အလှန် ထိန်းညှိကြရမယ် ထင်တယ်။

  • nozomi

    June 25, 2011 at 7:54 am

    နောက် တစ်ခါ MG တွေ့ဆုံပွဲကို မဝေအိမ်မှာလုပ် မုန့်ဟင်းခါးကျွေး အဲဒီလိုဆိုကောင်းမယ်

  • nozomi

    June 25, 2011 at 7:59 am

    အပေါ်က မန်းတာက မဝေရဲ့ မုန့်ဟင်းခါးပို့စ်မှာ မန်းတာ မှားရောက်နေလို့ပါဗျို့ ကိုကြောင်ကြီးပြန်ဖျက်ပေးပါဦးနော်

    ကျွန်တော်က ဘာကိုရွေးရမလဲဆိုတော့ အင်း “ ကြောင် ”ပါ

  • antimoe

    June 25, 2011 at 10:12 am

    တစ်နှစ်အတွင်းမှာ ဂျပန်နိုင်ငံမှာ ဝန်ကြီးချုပ်တွေ ဘယ်လောက်ပြောင်းသွားသလဲ။
    ဘယ်သူပဲတက်လာလာ ဒီမူအတိုင်းအုပ်ချုပ်လို့ရနေတယ်။
    ဒီမူကို ဘယ်သူက၊ ဘယ်လိုဆွဲထားတာလဲ။

    ဂျပန်rice cookerလိုပါပဲ။
    ထမင်းအိုးဝယ်စဉ်က ပါတဲ့..ခြင်ခွက်နဲ့..သူ့ဆန်ကိုခြင်တွယ်ပြီး
    ထမင်းအိုးထဲက…အမှတ်အသားအတိုင်း..ရေကို…အတိအကျထည့်ပြီး
    ခလုတ်နှိပ်ချက်လိုက်ရင်…မမာမပျော့ …အနေတော်..ထမင်းရတယ်။
    ဘယ်သူမှ အတွေ့အကြုံတွေ…ဘာတွေ…မလိုဘူး။
    ဒီလိုဖြစ်အောင်….ဘယ်လောက်များ..ကြိုးစား/စိစစ်ခဲ့ရသလဲ။

    တခုပဲ…
    တို့မြန်မာတွေက…မှန်းရမ်းလုပ်တာ…အကျင့်ပါနေပြီ။
    နောက်ပြီး…ပျော့တာကြိုက်လို့ရေပိုထည့်တာပါ…
    မာတာစားချင်လို့…ရေလျှော့ထည့်တာပါ…
    မသိလို့မဟုတ်ဘူး…ပေါ့ဆလို့မဟုတ်ဘူး…
    ဆိုပြီး..ဆင်ခြေပေးတတ်ကြသေးတယ်။

  • captainamerica

    June 26, 2011 at 3:48 pm

    လူနဲ.မူ မူနဲ.လူ ဒီလိုပဲအပြန်အလှန်ထိန်းကြရမှာပဲ။မူဆိုတာကတော့လူတွေကဖန်တီးလိုက်တာပါ။ဘယ်အရာမှတရား
    သေမ မှတ်ပါဝူး

Leave a Reply