မကောင်းတဲ့ အကြောင်းပြန်ပြောရမယ်ဆိုတော့ ကိုယ့်အကြောင်းကို ပြောရတာ အန္တာရာယ် အကင်းဆုံး ဖြစ်လိမ့်မယ်နဲ့တူရဲ့..။ ကိုယ်တွေ့ကြုံခဲ့တဲ့ အဖြစ်အပျက်တွေ စိတ်ဝင်စားအောင်ပြန်ပြောရမှာဆိုတော့ ပတ်သက်ရာ ပတ်သက်ကြောင်းလေးတွေ ပါလာခဲ့ရင်.. သူများမကောင်းကြောင်း ကိုယ်ကောင်းကြောင်း ပြောနေပြီလို့ သဘောမထားပဲ.. အရက်သမားလောက ကအဖြစ်အပျက်လေးတွေပဲလို့မှတ်ယူထားကြဖို့ ကြိုတင်ပြောပါရစေ..။ နေ၀န်းနီက အမှန်အတိုင်းပြောရရင် ဘုကန့်လန့်သမား..။ မှန်ပြီဆိုရင်နောက်ဆုတ်တတ်တာမဟုတ်ဘူး..။ ကိုယ့်မှန်တယ်ထင်လို့ကတော့ မိုးပေါ်က သကြားမင်းဆင်းပြီး မလုပ်ဖို့တားရင်တောင်မရဘူးမှတ်..။ အဲဒိတော့ နေ၀န်းနီကိုလာမေးကြည့်ပါလား?
“ အရက်ဘာလို့သောက်သလဲလို့?” မထင်ရင်မထင်သလိုပြောလိုက်မှာပဲ…. အဲဒိအချိန်တုန်းကပြောပါတယ်..။ လူကငယ်ငယ်… အသက်နှစ်ဆယ်လောက်မှာ လူကြီးတွေနဲ့တန်းတူ အလုပ်ခွင်ထဲရောက်နေပြီ..။ စိတ်ကထက်ထက်..။ မဟုတ်ရင်မခံ မမှန်တာမလုပ်..။ ဆိုတော့ လူရှိန်တယ်..။ အဲဒိလိုမေးလာတဲ့သူမှန်သမျှ တစ်မျိုးထဲပြန်ဖြေခဲ့တာ…။
“ ကြိုက်လို့သောက်တာလို့” ဒီနေရာမှာ ရပ်ချင်ရပ် မရပ်ပဲနဲ့ ကလေးတွေကို ချော့မေးသလို “ဘာလိုကြိုက်တာလဲ” တို့ ဘာတို့လာမလုပ်နဲ့…။ “ အရက်ကကောင်းလို့ကြိုက်တာပေါ့ဗျ “လို့သာ အဖြေခံရမယ်မှတ်..။ ဟုတ်တယ်..။ နေ၀န်းနီက စိတ်မရှည်တတ်ဘူး..။ လောက မှာ သူတို့ချည့်သိတယ် တတ်တယ် ထင်နေကြတာ…။ ဆရာကြီးလေသံနဲ့တော့ လာပြီး အာလူးလာမပေးနဲ့..။ ဒီလောက်ဘုဂလန့်ပြောနေတာကို တစ်ချို့က ဆက်လာသေးတယ်..။
“ လုပ်စမ်းပါဦး အရက်သောက်ရင်ဘယ်လိုကောင်းတာလဲ” တဲ့လေ…။ နေ၀န်းနီ ဆိုတဲ့အကောင်ကလည်း အဲဒိလို အကြောနဲ့ ဆက်ဆံတာကိုမကြိုက်..။ သူတို့ယူဆတဲ့ပုံက တစ်ယောက်ယောက်နဲ့ အဲဒိလိုပြောရင်း မေးရင်းနဲ့စကားမှားတာ သူတို့ နင်းပြီးပြောလို့ရမဲ့စကားမျိုး ပါလာမလားလို့ သွေးတိုးစမ်းတဲ့မေးခွန်း တွေနဲ့ ကိုယ့်အဖြေနဲ့ကိုယ် တိုင်ပတ်မိအောင်လုပ်တာ…။ ဒီလောက်တော့ နေ၀န်းနီတို့က ပျင်းတောင်ပျင်းသေးတယ်..။ အဲဒိလိုမေးခွန်းမျိုးကို နေ၀န်းနီတို့ပြန်ဖြေလိုက်တာများ ကြားလိုက်ရရင် ခေါင်းကြီးသွားမယ်..။ ဟဲဟဲ … သိချင်ရင်ပြောပြရမှာပေါ့..။ ဘယ်လိုပြောလိုက်သလဲသိလား?
“ သိချင်ရင်သောက်ကြည့်လို့…။ နိမ္ဗာန်ဆိုတာက မရောက်ဖူးပဲ ဘယ်လိုကောင်းတယ်ဆိုတာမသိနိုင်သလို အရက်ဆိုတာလည်း မသောက်ဖူးဘဲ ဘယ်လိုကောင်းတယ်ဆိုတာကို ပါးစပ်က ပြောပြလို့မရဘူးလို့”
မှတ်ပြီလား..။ ဘုရားယောင်ယောင် တရားယောင်ယောင်နဲ့ သူတစ်ကာလိုက်ဆုံးမနေတတ်တဲ့သူတွေ..။ ဘာတတ်နိုင်သေးလဲ နေ၀န်းနီနဲ့တွေ့တော့ ..။ သူတို့ကိုယ်သူတို့ ဟုတ်လှပြီဆိုပြီးလက်မထောင်နေကြတာ..။ နေ၀န်းနီ ပြောလိုက်တဲ့စကားပြောနည်းက ကောက်ပင်ရိတ်လှီး စကားပြောနည်းတဲ့ သေချာလေ့ကျင့်ထားတာ…။ သူတို့နဲ့ တန်းတူလောက်သိလို့ သူတို့နဲ့ရင်ဘောင်တန်းပြီး အလုပ်ခွင်ထဲရောက်နေပြီ..။ ဆရာလာမလုပ်နဲ့တော့…။ဟော………ပြောရင်းနဲ့စကားကပြတ်သွားပြန်ပြီ..။
ပြောနေတာကအရက်အကြောင်းးး….။ အရက်ဆိုတာပူတယ်လို့သာပြောနေတာပါ..။ တိုင်းရင်းဆေး အလိုအရကတော့ အအေးစာထဲမှာထည့်ထားပါတယ်။ ဟုတ်မှာပါ..။ ဒါကြောင့် အအေးဖွဲ့ပြီး ဆောင်းတွင်းမှာလေဖြတ်တတ်တာ..။ အရက်က သောက်တုန်းခဏမှာ. သွေးလည်ပတ်မှုကိုမြန်စေပါတယ်..။ အဲဒိတော့ဦဏှောက်က ပိုပြီးအလုပ်လုပ်ရတာပေါ့..။ ပြီးတော့ အယ်လ်ကိုဟော… အငွေ့ကလည်း ဦးဏှောက်ဆီကိုရောက်သွားတဲ့အခါမှာ ဦးဏှောက်က ထိန်းချုပ်မှု ဟေဟ စနစ်ပြုတ်သွားပါတော့တယ်..။ နှစ်ခွက်သုံးခွက်သောက်ပြီးသွားရင် တစ်ခုခုကို တယောက်ယောက်ကို ပြောမယ်လို့တွေးလိုက် ပြောပြီးသွားပြီ..။ စိတ်ထဲမှာမကျေနပ်ထားတာလေးတွေ တွေးကြည့်..။ အရင်က လူကြားသူကြားထဲမှာ မလုပ်သင့်ဘူး မပြောသင့်ဘူးဆိုပြီး ထိန်းချုပ်ထားတာမှန်သ၍ လုပ်ပြီးပြောပြီးသားဖြစ်သွားတတ်တယ်..။ ဘာတဲ့ ထန်းရည်မူးတော့ ကျွဲခိုးတာပေါ်…. အရက်သမားညာခိုင်းလို့မရဘူး ဆိုတာလေ… မညာတတ်တာမဟုတ်ပါဘူး..။ အရက်မူးပြီး ထိန်းချုပ်မှု ဂေဟစနစ်မရှိတော့လို့ အပေါ်ယံ ဟန်ဆောင်မျက်နှာဖုံး ကွာကျသွားတာပါ…။ လူအထင်ကြီးမှာ အထင်သေးမှာ ကို မကြောက်တော့ဘူး..။ ဂရုကိုမစိုက်တော့တာ..။ စိတ်ထဲရှိရာပြောမယ်ဆိုမယ် လုပ်မယ် ကိုင်မယ်ဆိုတော့ လူတွေက ဘာပြောတယ်မှတ်လဲ “ အရက်မူးနေတဲ့သူတွေဟာ အရူးတွေလိုပဲ” တဲ့လေ….။
နေ၀န်းနီ အမြင်ပြောရရင်တော့ လူတွေအားလုံးပေါ့..။ သူတို့စိတ်ထဲမှာ တွေးနေတဲ့ အတိုင်းသာ မလိမ်မညာစတမ်း လိုက်လုပ်ကြည့်စမ်းပါ..။ သူတို့လည်း မူးမနေပေမဲ့ အရက်သမားတွေလိုပဲ ရှိမှာပါ..။ အရက်သမားဟာ..။ သူ့ခံနိုင်ရည် limit မရောက်ခင်အထိ သိနေတာပဲ..။ မီးကို ပူမယ်မှန်းသိတယ်..။ ကားတိုက်ရင်သေမယ်ဆိုတာသိနေတယ်။ ခါးကအ၀တ်မြဲနေတယ်..။ limit လူတစ်ယောက်ရဲ့ အရက်သောက်နိုင်အား အရက်ဒဏ် ခံနိုင်ရည်အားကိုပြောတာပါ..။ ဒါကတော့ တစ်ယောက်နဲ့တစ်ယောက်မတူဘူး..။ တစ်ယောက်ထဲမှာတောင် တစ်ရက်နဲ့ တစ်ရက် မတူနိုင်ဘူး..။ ဒီတော့ လူတစ်ယောက် ဘယ်လောက်သောက်နိုင်တယ်ဆိုတာ ဘယ်သူမှအမှန်မပြောနိုင်ဘူး..။
လူတစ်ယောက် အရက်တစ်ပိုင်းသောက်ရင်မူးတယ်ဆိုပါစို့..။ အာမလေးဘူး ..။ လျှာမလေးသေးဘူး..။ အဲဒိထက်ပိုပြီးသောက်မယ်ဆိုရင်တော့ ခြေလှမ်းတွေ ယိုင်သွားမယ်..။ အာတွေလေးလာမယ်..။ စကားတစ်ခွန်းထပ်ကာတစ်လဲလဲ ပြောလာမယ်..။ နေ၀န်းနီတို့ကတော့ တစ်လုံးလောက်ကုန်တာကိုး ဘာမှမဖြစ်ဘူး..။ ဟိုတုန်းကပြောပါတယ်..။
ပြီးတော့ တစ်ယောက်ထဲမှာတောင် တစ်ရက်နဲ့တစ်ရက်က ခံနိုင်ရည်အားမတူပါဘူး…။ အရက်သောက်ကာစမှာ တစ်ရက်ထက်တစ်ရက် ပိုသောက်သွားလို့ ရပါတယ်..။ ဒါပေမဲ့ လပိုင်းလောက်ကြာရင် တော့ သောက်နိုင်တဲ့ limit က တန့်သွားတတ်ပါတယ်..။ ပြီးတော့ ဝမ်းထဲမှာ အစာရှိနေတဲ့အချိန်မှာ မမူးလွယ်ပါဘူး..။ အစာလုံးဝမရှိပဲသောက်ရင် မူးလွယ်ပါတယ်..။ ပြီးတော့ သူရဲ့ ကျန်းမာရေးနဲ့ စိတ်ဓါတ်အပေါ်မှာလည်း မူတည်နေပါတယ်..။ ရောဂါတစ်ခုခု ဖြစ်နေသူ ဒါမှမဟုတ် ရောဂါဖြစ်ထားပြီး အရှင်းမပျောက်သေးသူ စိတ်ဓါတ်ကျနေသူ စိတ်ဖိစီးမှု များသူတွေဟာ..သာမာန်ကျန်းမာနေသူ စိတ်ပျော်ရွှင်နေသူတွေလောက် အရက်မသောက်နိုင်ပါဘူး..။ စိတ်ညစ်လို့ အရက်သောက်ရင် ပိုမူးလွယ်တယ်..။ ခံနိုင်ရည်ထက်ပိုပြီး limit ကျော်အောင်သောက်ရင် မူးနေတုန်းဘာလုပ်ခဲ့မှန်း မမှတ်မိပဲ ဖြစ်သွားမယ်..။ အရက်မူးတိုင်းမမေ့ပါဘူး..။ limit ကျော်အောင်သောက်လို့ အမူးလွန်ပြီး ဘာဖြစ်ခဲ့မှန်း ဘာတွေပြောခဲ့မှန်း မမှတ်မိတာပါ..။ တစ်ချို့က မူးလို့ မမှတ်မိတာလို့ပဲထင်ကြတယ်..။ တစ်ကယ်က limit ကျော်အောင်သောက်လို့ပါ..။ အဲဒိလိုသောက်တဲ့ရက်တွေများလာရင် အရက်မသောက်ပဲနေတဲ့ အချိန်တွေမှာတောင် သတိမေ့တတ်သွားပါတယ်..။ ကောင်းတာကတော့ စိတ်ညစ်နေတဲ့အချိန် စိတ်ဖိစီးမှု များနေတဲ့အချိန်မျိုးမှာ အရက်မသောက်ပဲနေနိုင်ရင်.. အရက်ကိုလျော့ သောက်နိုင်ရင်အကောင်းဆုံးပါပဲ..။
တစ်ယောက်ထဲမှာလည်း စိတ်ညစ်နေတဲ့ အချိန်နဲ့ စိတ်ပျော်နေတဲ့ အချိန် ဘယ်အချိန်အရက်သောက်ရတာ ကောင်းလဲဆိုရင် ပျော်နေတဲ့ အချိန်ပိုကောင်းတာပေါ့..။ စာကားပြောရတာလည်းကောင်းတာပေါ့.။
ဘာလို့ နေ့တိုင်းသောက်ဖြစ်တယ်ဆိုတာကတော့ ခင်ဗျားတို့ ကျွန်တော်တို့ နေ့တိုင်း အင်တာနက်ဆိုင်ကို ရောက်သလိုလို့ ပြောရမှာပဲ..။ များသောအားဖြင့်တော့ အပေါင်းအသင်းကြောင့်လို့ လွဲချကြတာများတယ်..။ ဟုတ်သင့် သလောက်လည်း ဟုတ်နေတာပဲ..။ လူငယ်ဘာဝ စိတ်ညစ်စရာကြုံလာရင် အပေါင်းအသင်းတွေက ပျော်စေပါးစေ အရက်တိုက်လွတ်လိုက်ကြတယ်..။ တစ်ချို့ကြတော့လည်း အရက်သောက်ရင်ဘယ်လိုနေမလဲ အပျော်သဘော စမ်းသောက်ကြည့်ကြရင်းနဲ့ ………။ သင်္ကြန်လို ကထိန်လို ရက်ရှည် ပျော်ပွဲ ရွှင်ပွဲရက်တွေမှာ လွတ်လွတ်လပ်လပ် ပျော်ချင်လို့ သောက်လိုက်ကြတယ်..။ မူးရင်ပိုပြီးပျော်ရမယ်ထင်လို့လေ..။ အတိုင်းအဆမရှိ limit လွန်အောင်သောက်ကြပြီး အပျော်လွန်ကြရင်းနဲ့ ပြဿနာတက်တဲ့သူတွေလည်းတက်ပေါ့..။ တစ်ခါမှ မသောက်ဖူးတဲ့သူဆိုရင်.. မနက်ပြန်နိုးရင် အရက်နာတွေကျကြ..။ အမူးပြေအောင် ဆိုပြီး မနက်တစ်ခွက်ထပ်သောက် ညနေရောက်တော့ သောက်ဖို့ အပေါင်းအသင်းကရောက်လာ ဒါနဲ့ သံသရာလည်သွားတာမျိုး..။ ကောင်းတဲ့ အကျင်းလား မကောင်းတဲ့စရိုက်ဆိုး လားတော့မသိဘူး ။ အရက်မသောက်တတ်သေးတဲ့ အူအရိုင်းတိုရင် အရက်တိုက်မဲ့သူက မရှားဘူး ..။ သောက်တတ်သွားပြီ အရက်စွဲသွားပြီဆိုရင်တော့ တိုက်မဲ့သူမရှိတော့ဘူး ။ ကပ်သောက်မဲ့သူတွေပဲ ရှိတော့တယ်..။

About naywoon ni

naywoon ni has written 439 post in this Website..

နေ၀န်းတော့ နေ၀န်းပဲ..။ ဒါပေမဲ့ ရဲရဲနီနေတဲ့ အရှေ့ဘက်မိုးကုပ်စက်ဝိုင်းကထွက်ပေါ်လာကာစ နေ၀န်းနီ........... CJ # 7272010