မိမိကိုယ်ကိုရူးကြောင်းကြံစည်ခြင်း

သူရႆဝါMay 4, 20103min682

အခန်းကတစ်ယောက်တည်းနဲ့

ငါက အကျယ်ကြီး . . . .

အခန်းထောင့်တိုင်းမှာ သူလိုငါလို

အရိပ်တွေရှိတယ်

ကြောက်   လိုက်   တာ

“မနက်ဖြန်” အကြောင်းကိုလည်း

ဘုရားသခင်ကသိပြီးသား

အနာဂတ်မဟုတ်ဘူး

ကြိုတင်ကြံစည်ထားတဲ့ ဘုရားသခင်ပိုင်အတိတ်ဖြစ်တယ်

ငါ . . . . ရည်ရွယ်ချက်ရှိရှိလုပ်ကြံခံနေရတယ်

ငါ . . . . ရည်ရွယ်ချက်ရှိရှိ

လုပ်ကြံခံနေရတယ်

မမေးနဲ့ . . . . မမေးနဲ့

အိပ်ဆေးပုလင်းကဘာလုပ်ဖို့လဲမမေးနဲ့

အသွားနှစ်ဖက်နဲ့ဓါးက ဘာလုပ်ဖို့လဲမမေးနဲ့

ခပ်ပျင်းပျင်းရှိရင် ဆော့ကစားဖို့

“အသက်ဇီဝ” ကို ကိုယ်ဖျောက်သလို

ခဏဖျောက်ကြည့်လို့ရမလား စမ်းသပ်ချင်လို့ . . . .

“ရှင်သန်ခြင်း” နဲ့ ဆန့်ကျင်ဘက်မဟုတ်ဘူး

“သေဆုံးခြင်း” ဆိုတာ ရှင်သန်မှုက ရှေ့တစ်လှမ်းတိုးလိုက်တာပဲဖြစ်တယ်

သိထားဖို့က . . . ငါဟာ

ဘာအတွက်မှ ဝန်မလေးတတ်ခဲ့ဖူးဘူး

“သေသာသေလိုက်ချင်တော့တယ်”

“ရူးသွားမယ်ဆိုရင်လည်းအကောင်းသား”

မလွယ်ဘူးနော် . . .  ထင်သလောက်မလွယ်ဘူး

သေဖို့ ရူးဖို့ဆိုတာ

ပထဝီ တေဇော အာဘော ဝါယော

ဓါတ်ကြီးလေးပါးကို အချိုးကျစပ်တတ်မှ

ကိုယ်နဲ့ စိတ်နဲ့ အကြောင်းတရားနဲ့

မိတ်ဖြစ်ဆွေဖြစ်တွေ့ဆုံမှ

အနားမှာ “လူ” တွေအများကြီး

ခြောက်   ခြား   လိုက်   တာ

တစ်လောကလုံးမှာ “ငါ” ဆိုတာ

ငါတစ်ယောက်တည်းပဲရှိတယ်

ဟား . . . . . . .

ရေကိုအဆိပ်ပင်တွေက ဝိုင်းလောင်းနေသလိုပဲ

ပွဲတော်ကြီးတစ်ခုလုံး

အသံတွေတဝုန်းဝုန်းနဲ့

စည်ကားသိုက်မြိုက်စွာ ရူး . . . . . . ကြ

ငါကရော ဘာထူးလို့လဲ

တစုံတယောက်က သစ္စာရှိရှိလုပ်ကြံတာကို

ခံနေရတယ်

“ရူးတယ်” ဆိုတာ

ကောင်းတာထက် နည်းနည်းလေးပဲပိုကောင်းသွားတာပါ

ငါအပါအဝင် အရူးပေါင်းမြောက်မြားစွာ

ဆိုကြပါစို့ . . . .

သောက်ရူး၊ မှောက်ရူး၊ ကျောက်ရူး၊ အရူးအမူး၊ အမူးအရူး၊

ဝမ်းတွင်းရူး၊ ဝမ်းပြင်ရူး၊ ယဉ်ယဉ်လေးရူး၊ ရိုင်းရိုင်းလေးရူး၊

စာအုပ်ရူး၊ ဥစ္စာရူး၊ အဆိုတော်ရူး၊ မင်းသားရူး၊ ငါ့သမီးရူး၊

ဘာများထူးခြားလို့လဲ . . . . ဖြစ်လာမှတော့

ရူးသမျှအကြောင်းအကောင်းချည်းပဲပေါ့

ဟုတ်ပြီ . . . . တကယ်တော့

အခန်းကလည်း တစ်ယောက်တည်း၊ ငါလည်းတစ်ယောက်တည်း

အခန်းကလည်း အကျယ်ကြီး၊ ငါကလည်း အကျယ်ကြီး

အခန်းထောင့်တိုင်းမှာလည်း သူလိုငါလိုအရူးတွေရှိတယ်

တိတ်တိတ်လေးနေပေးပါ . . . .

တော်တော်ကောင်းတဲ့အထက်ပါအရူးတွေနဲ့ ရုပ်ရှင်တစ်ကားရိုက်မလို့

တွေးရင်း တွေးရင်း ပျော်လာ

ရူးရင်း ရူးရင်းနဲ့လည်း ပျော် . . . . လာ ။                      ။

သူရဿဝါ

မေလ ၄ ရက် ၊ ၂၀၁ဝ ခုနှစ်

2 comments

  • susunosuki

    May 4, 2010 at 11:25 am

    အလုပ်တွေများလွန်းလို့ ခုလိုဖြစ်သွားတာလား
    လောကကြီးကိုစိတ်ကုန်လို့လား

  • kopauk mandalay

    May 5, 2010 at 1:33 am

    ခင်ဗျားရေးပြထားတဲ.အရူးထဲမှာကြောက်စရာအကောင်းဆုံးသော အရူးကျန်နေတယ်
    အာဏာရူးလေ

Leave a Reply