မိုးစက် မိုးပေါက် ကလေးများ မှ သည်…….

၁၉-ဇွန်လ-၂၀၁၁ (တနင်္ဂနွေနေ့)

ဒီကနေ့ ရန်ကုန် သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဖွင့်ပွဲ နဲ့ အလှူ ရေစက်ချ အခန်းအနားကို ရောက်ပါတယ်..။

နှစ်ထောင် အဖွဲ့ အနေ နဲ့ပါ…။

ကျမ တို့ ၂၀၀၀ အဖွဲ့ ရဲ့ လစဉ် ပုံမှန် လှူနေကျ အလှူ တွေ ထဲမှာ .. သီတဂူ အလှူတော် က နံပါတ် (၁) ထိပ်ဆုံးကပေါ့..။ ၂၀၀၆ အောက်တိုဘာလ က စပြီး လစဉ် လှူခဲ့တာ အခုဆိုရင် ၅၇ ကြိမ် မြောက်ခဲ့ပါပြီ..။ သီတဂူ လုပ်ငန်းကြီး (၃) ရပ် ဖြစ်တဲ့ သီတဂူ ရေအလှူတော်၊ သီတဂူဆေးရုံ နဲ့ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွေ အတွက် လစဉ် တစ်လှည့်စီ လှူခဲ့ တာပါ..။

အဲဒီ သီတဂူ အလှူတော်.. စပြီး လှူ ဖြစ်ခဲ့ တာကတော့ .. အဓိက အကြောင်းရင်းခံ က ကျမရဲ့ သားကြီး လင်းထက်ဦး (ခ) စာကလေး ကြောင့်ပါ..။ (ဆရာတော် ဦးဆေကိန္ဒ က သူ့ကို စာကလေး… လို့ ခေါ်တာမို့ Nick name ဖြစ်သော်လည်း.. အဲဒီ စာကလေး ဆိုတဲ့ နာမည် ကို သူ အလွန် မြတ်နိုးပါတယ်..)

ကျမ သားကြီး လင်းထက်ဦး က ဓမ္မဒူတ ဆရာတော် ဦးဆေကိန္ဒ ဆီမှာ လူငယ်ယဉ်ကျေးလိမ္မာ သင်တန်း (မှော်ဘီ) တက်ပြီး.. ၂၀၀၅ ခုနှစ် ၀ါခေါင်လ မှာ ဆရာတော်နဲ့ အတူ စစ်ကိုင်း သောတာပန် ဆီအလှူ ကို လိုက်သွားပါတယ်..။ အဲဒီက ပြန်လာ တော့ သားကြီးက

“မေမေရေ.. သားတို့ စစ်ကိုင်းက သီတဂူ ဆရာတော်ကြီး ရဲ့ ကျောင်းမှာ တစ်ည တည်းကြတယ်..။ ဆရာတော်ကြီးဆီက သြ၀ါဒ ခံ ကြပြီး ဆရာတော်ကြီး က စာအုပ် တစ်အုပ်စီ ပေးလိုက်တယ်.. မေမေ..”

ကျမကြည့်လိုက်တော့ အဲဒါ သီတဂူ လုပ်ငန်းကြီး သုံးရပ်ဖြစ်တဲ့ သီတဂူ ရေအလှူ စီမံကိန်း၊ သီတဂူဆေးရုံ နဲ့ သီတဂူ ကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ် တွေ တည်ဆောက်ခဲ့ပုံ၊ ကုန်ကျစရိတ် နဲ့ လစဉ် ကုန်ကျငွေ တွေ ကို ရှင်းပြထားတာပါ..။ ကျမလေ.. အဲဒီ စာအုပ် ကို ဖတ်ပြီးတော့ .. တစ်ကယ်ကိုဘဲ.. လစဉ်.. သိန်းဂဏန်း.. လှူနိုင်ချင်တဲ့ စိတ်တွေ.. တဖွားဖွား ဖြစ်ပေါ်လာ ပါ တယ်..။ ဒါပေမဲ့ .. ခါချဉ်ကောင် မာန်ကြီးပါသော်လည်း… ခါးက မသန် သမို့ .. စာအုပ်ကလေး တစ်ကိုင်ကိုင် နဲ့ “မေမေလှူချင်လိုက်တာ.. သားရယ်.”. လို့ တဖွဖွ ပြောရင်း … တစ်နှစ် ကူးသွားပါတယ်..။

ကျမ က မေ့မေ့ပျောက်ပျောက်ဖြစ်သွားပေမဲ့ .. ဒင်းက၊ စာကလေး က (ကျမသားကြီးက) မနေပါဘူး …။ ဟော.. ၂၀၀၆ ခုနှစ် ၀ါခေါင်လ မှာ ဓမ္မဒူတ ဆရာတော် ဦးဆေကိန္ဒ နဲ့ စစ်ကိုင်း သောတာပန် ဆီအလှူ ကို လိုက်သွားပြန်ပါရော …။ ပြန်လာတော့ သီတဂူ လုပ်ငန်းကြီး သုံးရပ် စာအုပ်က ပါလာပြန်ပါရော..။ ပြီးတော့ ကျမ ကို ပေးပြန်ပါရော…ရှင်..။ ကျမကလဲ ဖတ်ပြီးတော့ တစ်ခါ လှူချင်တဲ့ စိတ်တွေ.. တဖွားဖွား ပေါ်လာ ပြန်ပါရော…။ ဒါနဲ့ အဲဒီ အချိန်မှာတော့ ကျမက လှူနိုင်မယ့် နည်းလမ်းကို စဉ်းစား တဲ့ အခါမှာ .. ကျမတစ်ယောက်ထဲတော့.. များများ လဲ မလှူနိုင်ဘူး.. ။ လစဉ်လဲ မလှူနိုင်ဘူး..။ ဒီတော့ လစဉ်လဲ လှူ နိုင်အောင်.. ၊ မပင် မပန်း လဲ လှူနိုင်အောင်လို့ .. လူအများ စုပြီး လှူကြရင်တော့ လှူနိုင်ကောင်း ရဲ့ လို့ တွေးမိပြီး .. မိတ်ဆွေ များကို စ ပြီး .. ဆွေးနွေးကြည့်တော့ မေးမိတဲ့ သူတွေ အားလုံးက လိုလိုလားလား.. လက်ခံကြတာမို့.. တစ်လ ကို တစ်ယောက် ၂၀၀၀ ကျပ် နှုံး နဲ့ လစဉ် လှူကြဖို့ အဆင်ပြေ သွားပါတယ်..။ ပထမ ဆုံး သီတဂူ ရေအလှူတော် မှာ အလှူရှင် ၃၇ ယောက် ရှိပြီး၊ ကျပ်ငွေ . . ၇၀၀၀၀ (ခုနှစ်သောင်း) လှူနိုင်ခဲ့ပါတယ်..။ သီတဂူ ရေအလှူတော် တရားပွဲ မှာ သွားလှူတော့.

“အလှူရှင် နာမည် ပြောပါ….”

လို့ မေးလိုက်တဲ့ အချိန်မှာ .. ကျမ ရုတ်တရက် ဘာဖြေရမှန်း မသိ ဖြစ်သွားပါတယ်..။ ဘာဖြစ်လို့ လဲ ဆိုတော့ .. ဒီအလှူငွေ တွေက တစ်ဦးတစ်ယောက် ထဲက လှူထားတာမှ မဟုတ်တာလေ၊ ဘယ်သူ့ နာမည်ကို ပြောရမှာ လဲ..။ ကျမ လဲ ၂၀၀၀ ကျပ် စီ စုလှူတာပါ.. လို့ ပြောချင်တာ.. ။ ဒါပေမဲ့ ကျမ နောက်မှာ လဲ.. အလှူရှင် တွေက ရှိသေးတာမို့ ကျမကြောင့် ကြာသွားမှလဲ.. စိုးတာမို့ .. ရုတ်တရက် ..

“နှစ်ထောင် အဖွဲ့ … ကပါ.. ဘုရား …” လို့ ဖြေလိုက်မိပါတယ်..။

အဲဒီ အရင် က ကျမတို့ တစ်ချို့ အလှူတွေ၊ စုပြီးလုပ်နေကြပေမဲ့ အဖွဲ့ အမည် ရယ် လို့ အတည်တကျ ပေးမထားခဲ့ပါဘူး..။

အလှူဖြတ်ပိုင်းကို scan ဖတ်ပြီး email နဲ့ ပို့ပေးတော့ .. အလှူရှင် တွေက ..

“အမယ်.. နှစ်ထောင် အဖွဲ့.. ဆိုပါလား.. အမ .. ဒီနာမည် ကောင်းတယ်.. ကျနော်တို့ နဲ့ ကွက်တိဘဲ .. ” ဆိုတာ က တစ်ကြောင်း၊ ကျမတို့ကလဲ .. ၂၀၀၀ စီ စုလှူကြတာမို့ ကိုက်ညီတာကြောင့် တစ်ကြောင်း၊ ရွှေတိဂုံ ဘုရားက ၂ပြား တန်ဆောင်း ကို အားကျ တာကြောင့် တစ်ကြောင်း .. နောက်ပိုင်းမှာ အလှူ ကိစ္စ နဲ့ ပရဟိတ အလုပ်တွေမှာ.. ဒီ နာမည် ကိုဘဲ.. သုံးဖြစ်သွားတာပါ..။

ဒါကြောင့် သီတဂူ အလှူသည်.. ကျမတို့ ၂၀၀၀ အဖွဲ့ ရဲ့ အမည်တွင်ရာ.. ပဓါန အလှူဖြစ်ပါတယ်..။

ဒီကနေ့ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဖွင့်ပွဲ နဲ့ အလှူ ရေစက်ချ အခန်းအနား မှာ ရန်ကုန် သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ၃ ထပ် ကျောင်းဆောင် အလှူရှင်တွေသာ မကဘဲ..၊ သီတဂူ လုပ်ငန်းတွေမှာ အလှူထည့်ဝင်ကြတဲ့ အလှူရှင်တွေ၊ အဖွဲ့အစည်း တွေ အားလုံး.. ကို ဆရာတော်ကြီးက ဂုဏ်ပြုလွှာ တွေ ပေးတာပါ..။

ဒီ ရန်ကုန် သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ၃ ထပ်ကျောင်းဆောင် မှာ ကျမတို့ ၂၀၀၀ အဖွဲ့ရဲ့ အလှူ ကျပ် သိန်း ၄၀ ပါ ပါတယ်..။ ကျမတို့ ၂၀၀၀ အဖွဲ့ က လစဉ် သီတဂူ လုပ်ငန်းတွေ မှာ လှူခဲ့ တာဟာ..

အခုဆိုရင် ၅၇ ကြိမ် မြောက်ခဲ့ပြီး ၁၀၄၆၇၀၀၀ ကျပ် (ကျပ်သိန်းပေါင်း ၁၀၄ သိန်း) ကျော်ခဲ့ပါပြီ..။

နာဂစ် ဒုက္ခသည်များကို လှူဒါန်းခဲ့စဉ် ကလဲ ဘိုကလေးမြို့နယ်၊ ကွမ်းသီးချောင်းရွာ၊ သီတဂူ ကျောင်းက တစ်ဆင့် လှုခဲ့တာ .. (၁၇-၅-၂၀၀၈) မှာ ၂၈၃၀၀၀၀ ကျပ် (ကျပ် သိန်းပေါင်း ၂၈ သိန်း) နဲ့ ၂၀၁၀ နွေရာသီ ရေရှားပါးမှု မှာ ရေအလှူ တော် ၃၆၅၀၀၀ ကျပ် (သုံးသိန်းခြောက်သောင်း ငါးထောင်) သီတဂူ အဖွဲ့က တဆင့် လှူဒါန်း ခဲ့ပါသေးတယ်..။

ဒါကြောင့် ကျမတို့ ၂၀၀၀ အဖွဲ့ အနေ နဲ့ သီတဂူ အလှူတော် ကောင်းမှုတွေမှာ ပါဝင်ခဲ့တာ စုစုပေါင်း ၁၃၅ သိန်းကျော် ခဲ့ပါပြီ..။

အခုဆိုရင် .. သီတဂူ အလှူတော် ကို လစဉ် ၂ သိန်းခွဲ ခန့် လှူနိုင်ပြီး၊ အလှူရှင် ၁၂၀ ဦးခန့်ရှိပါတယ်..။ လစဉ် ၂၀၀၀ ကျပ် စီ ဘဲ ထည့်ရတာမို့ မပင်မပန်း လှူနိုင်ကြပါတယ်..။

မိုးစက် မိုးပေါက် ကလေးများ မှ သည်……. သမုဒ္ဒရာကြီး ပြည့်လျှံရသကဲ့သို့ ….

ကျမတို့ ရဲ့ လစဉ် ၂၀၀၀ ကျပ် အလှူ ငွေ မှ.. သိန်း ရာချီသည် အထိ လှူဒါန်းနိုင်ခဲ့ပြီး ဖြစ်ပါကြောင်း.. ၂၀၀၀ အဖွဲ့မှ သီတဂူ အလှူရှင်များကို .. သတင်းကောင်းပါး ရင်း.. မိမိတို့ရဲ့ ဒါနအစုစု ကို .. သာဓု .. သာဓု .. သာဓု .. ခေါ်ဆိုနိုင်ကြပါစေကြောင်း မျှဝေလိုက်ရပါတယ်.. ရှင်..။

၂၀၀၀ အဖွဲ့ ၀င် အလှူရှင်များ ၊ မိသားစုများ နှင့် တကွ၊ အနန္တ စကြာင်္ဝဠာ ရှိ မြင်အပ်၊ မမြင်အပ် နတ်၊ လူ၊ သတ္တ၀ါ အပေါင်းတို့ အားလုံး ကို … ထိုကုသိုလ် အစုစု တို့ အတွက်..

အမျှ.. အမျှ.. အမျှ .. ယူတော်မူကြပါကုန်တော့ ….။

သာဓု .. သာဓု .. သာဓု . . ။

ဓါတ်ပုံတွေက ဒီ Link မှာပါ..။

https://www.facebook.com/media/set/?set=a.1810788185999.2091882.1128815099

ရင်မှ မေတ္တာ များစွာဖြင့်…

မေအေးဦး

2000GROUP

2000.donation.group@gmail.com

P.S – ကျမရဲ့ notes များကို.. Share လိုပါက ခွင့်တောင်းရန် မလိုပါ.. Share နိုင်ပါသည်.. ရှင်.. ။

GIVE THE WORLD THE BEST YOU HAVE!

I LEARN TO GIVE NOT BECAUSE I HAVE MANY, BUT BECAUSE I KNOW THE FEELING OFံNOTHING.

IF I CANNOT BE A BRICK, I WISH TO BE A PIECE OF SAND TO HEAL THE WORLD.

DO A SMALL THING WITH GREAT HEART!

With Thidagu Sayadaw

သိန်း ၅၀ ပြည့် အလှူ ၁၅-၈-၀၉

padonmar

About padonmar

has written 222 post in this Website..

THAKHIN CJ #12112010 (5/2/16)