အေသင်သို့ လည်လည်သွားခြင်း (၂)

herostarMay 4, 20105min1728

ကမာ္ဘပေါ်မှာ အရင်တုန်းက ယောက်ျားတွေပဲ ရှိတာတဲ့လေ။ ပရပ်မီးသယပ်စ်ကို မကျေနပ်တာနဲ့ ဇုနတ်ဘုရားကြီးက လူသားတွေကို လက်စားချေဖို့ အမျိုးသမီးတစ်ဦးကို စတင်ဖန်ဆင်း ခဲ့တယ်တဲ့။ သူမဟာ ပန်ဒိုရာပေါ့။ ရှည်လျားသော ဆံပင်၊ တင့်တယ်သော ကိုယ်နေဟန်နဲ့ ချစ်ခင်စွဲမက်ဖွယ်ကောင်းတဲ့ ပန်ဒိုရာကို ဖန်ဆင်းပြီးတဲ့နောက်မှာတော့ လှပတဲ့ သေတ္တာလေးနဲ့ အတူ ကမာ္ဘမြေပေါ်ကို ပထမဆုံးအမျိုးသမီးလေး ခြေချခဲ့တယ်ဆိုပဲ။ ဇုနတ်ဘုရားကြီးက ပေးလိုက်တဲ့ သေတ္တာလေးကို တစ်သက်လုံး ဖွင့်မကြည့်ဖို့လည်း မှာလိုက်သေးတယ်တဲ့။ ယောက်ျားတွေချည်းပဲ ရှိတဲ့ ကမာ္ဘလောကကို စတင်ရောက်ရှိလာတဲ့ ပန်ဒိုရာကို ချစ်ခင်စွဲလန်းသွားသူကတော့ ပရပ်မီးသယပ်စ် ရဲ့ ညီတော် Epimetheus အပီမီးသယပ်စ်ပဲပေါ့။ အချစ်ဆိုတာ ဆန်းတော့ အဆန်းသားနော်။ သူတို့ လက်ထပ်လိုက်ကြပြီး နောက်မှာတော့ ပန်ဒိုရာက လှပတဲ့ သေတ္တာလေးကို မဖွင့်ဘဲ မနေနိုင်တော့ဘူးဆိုပဲ။

သေတ္တာကလေးကို ဖွင့်လိုက်တဲ့အခါ လှပတဲ့စီခြယ်မှုများတွေရဲ့ နောက်ကွယ်က ဇုနတ်မင်းရဲ့ လက်စားချေမှုကို ပန်ဒိုရာ သဘောပေါက်သွားတော့တယ်။ သေတ္တာအတွင်းမှာ နတ်ဘုရားတို့သိရှိ သမျှ မကောင်းဆိုးဝါး စိတ်ဓါတ်များကို ထည့်သွင်းထားတယ်လေ။ သေတ္တာဖုံးကိုဖွင့်လိုက်တာနဲ့ ဝမ်းနည်းခြင်း၊ ဆာလောင်မွတ်သိပ်ခြင်း၊ ဒေါသထွက်ခြင်း၊ ရောဂါစွဲကပ်ခြင်း၊ ရူးသွပ်ခြင်းနှင့် အခြားရာပေါင်းများစွာသော မကောင်းတဲ့ စိတ်ဓာတ်တွ ထွက်ကျကုန်ပြီး အဲ့ဒီကတည်းက လူသားမျိုးနွယ်တစ်ခုလုံးကို ထာဝရနှိပ်စက်ဒုက္ခပေး နေတော့တာ ဒီနေ့ထိ ဆိုပါတော့။ သေတ္ထာတွင်းမှ အဲ့ဒီမကောင်းတဲ့ စိတ်ဓါတ်တွေ ထွက်ကုန်လို့ ပန်ဒိုရာကြောက်လန့်သွားခြဲ့ပီး သေတ္တာဖုံးကို အမြန်ဆုံးပြန်ပိတ်လိုက်ပေမဲ့ နောက်ကျသွားခဲ့တယ်လေ။

ပန်ဒိုရာ နောင်တရမိပေမဲ့ နတ်ဘုရားတွေရဲ့ လက်စားချေမှု အောင်မြင်သွားခဲ့တာပေါ့လေ။ ဒါပေမဲ့ သေတ္တာထဲမှာ စိတ်ဓါတ်တစ်ခု ကျန်ရှိနေ သေးကြောင်း ပန်ဒိုရာသိရှိခဲ့တယ်။ အဲ့ဒီ စိတ်ဓါတ်ကတော့ “မျှော်လင့်ခြင်း” (hope) ပဲ ဖြစ်ပါတော့တယ်။ ဒါ့ကြောင့် လူသားတွေဟာ ဒီနေ့ထိ မျှော်လင့်ချက် ကိုယ်စီနဲ့ အသက်ရှင်နေ ကြတယ်တဲ့လေ။ ဒါ့ကြောင့် ဒီကျောင်းဆောင်လေးမှာ အမျိုးသမီးပုံလေးကို တိုင်လုံးအဖြစ်ထုပြီး ဒီနေ့ထိတိုင် တွေ့မြင်နေရခြင်း ဖြစ်တယ်တဲ့။

ဒီနေရာတဝိုက်မှာကတော့ နတ်ဖုရားတွေတွက် ဆောက်လုပ်ထားတဲ့ ကျောင်းဆောင်တွေကို နေရာတော်တော်များများမှာ တွေ့မြင်ခဲ့ရပါတယ်။ ဒီကိုရောက်တော့ ကိုယ့်ဆီက မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်တို့ စုဝေးရာ ပုဂံဒေသကို သွားလည်ချင်စိတ်များ တဖွားဖွား ပေါ်ပေါက်လာမိပါတော့တယ်။

ဇုနတ်ဘုရားကျောင်း

ဒီနောက်မှာတော့ မိုးကောင်းကင်ကို အစိုးရတဲ့ Zeus ဇုနတ်ဘုရားကြီးရဲ့ ကျောင်းဆောင်ကို ရောက်ရှိခဲ့ပါတယ်။ နတ်ဘုရားတို့ရဲ့ ဘုရင်ဖြစ်တဲ့ ဇုနတ်မင်းကြီးရဲ့ ကျောင်းဆောင်ကြီးကတော့ ဂရိနတ်အားလုံး လာရောက်ပူဇော်နိုင်အောင် ဆောက်လုပ်ထားတာဖြစ်ပါတယ်။ ဇုနတ်မင်းကြီးကတော့ ဂရိမှာ အမြင့်ဆုံးတောင် ဖြစ်တဲ့ အိုလံပီယာတောင်ကုန်းကို အစိုးရတဲ့သူတဲ့လေ။ အဲ့ဒီတောင်ကုန်းကြီးရဲ့ နာမည်ကို အစွဲပြုပြီး ကမာ္ဘမှာ အိုလံပစ်အားကစားပြိုင်ပွဲတွေကို ဒီနေရာလေးမှာ စတင်လာခဲ့ခြင်းလည်း ဖြစ်ပါတယ်။ လေးနှစ်တစ်ကြိမ် ကျင်းပနေကျဖြစ်တဲ့ ကမာ္ဘ့အိုလံပစ်အားကစားပွဲတွေကို ၂၀၀၄ မှာ အေသင်၊ ၂၀၀၈ မှာ ဘီဂျင်း နဲ့ လာမဲ့ ၂၀၁၂ မှာတော့ လန်ဒန်မှာ ကျင်းပမှာ ဖြစ်ပါတယ်။

ဒုတိယနေ့

ဒီနေ့မှာတော့ အိုလံပစ်အားကစားကွင်းကြီးဆီကို ရောက်ခဲ့ပါတယ်။ ကမာ္ဘ့ဖလားပွဲတွေ ကန်သွားခဲ့တဲ့ ကွင်းထဲမှာ အမှတ်တရ ဓာတ်ပုံတွေ ရိုက်ဖြစ်ခဲ့ပါတယ်။ ဘီစီ ၇၇၆ ကနေ အေဒီ ၃၉၃ ထိ အေသင်မှာပဲ ပထမဆုံးကမာ္ဘ့အိုလံပစ်ပြိုင်ပွဲတွေကို ကျင်းပခဲ့တာဖြစ်ပါတယ်။ ၁၈၉၆ မှာတော့ ပထမဆုံးခေတ်ပေါ် အိုလံပစ်အားကစား ကျင်းပခဲ့ပါတယ်။

အိုလံပစ်ရဲ့ အမှတ်တံဆိပ်ကတော့ အဖြူရောင်အောက်ခံမှာ နီ၊ပြာ၊ဝါ၊စိမ်း၊နက် အရောင် ၅ မျိုးပါတဲ့ ကွင်းကလေးတွေကို ချိတ်ဆက်ထားခြင်းဖြစ်ပါတယ်။ အဓိပ္ပါယ်ကတော့ အရောင်မတူပေမဲ့ ပေါင်းစည်းခြင်းပါ။ နိုင်ငံတိုင်းရဲ့ အလံတွေမှာ ဒီအရောင်တွေထဲက တစ်မျိုးမဟုတ် တစ်မျိုးပါဝင်နေကြပြီး အဲ့ဒီအရောင်လေးတွေ ပေါင်းစည်းနေကြသလို အားကစားစိတ်ဓာတ်နဲ့ နိုင်ငံအချင်းချင်း ပျော်ရွှင်ညီညွတ်စွာ ဆင်နွှဲခြင်းကို ဆိုလိုပါတယ်။ ၁၉၁၂ ခုနှစ်မှာ ပြင်သစ်လူမျိုး Baron Pierre က ဒီဇိုင်းရေးဆွဲခဲ့တာ ဖြစ်ပြီး မူလအတွေးကတော့ အိုလံပစ်စတင်ကျင်းပတုန်းက ပါဝင်ခဲ့တဲ့ တိုက်ကြီး ၅ တိုက်ကို အရောင် ၅ မျိုးနဲ့ ကိုယ်စားပြုဖော်ပြခဲ့တာ ဖြစ်ပါတယ်။

အေသင်မှာ လျှောက်လည်ရတာ ကျောင်းသားတွေတွက် တကယ့် အခွင့်အရေးကောင်းပါ။ ဘာဖြစ်လို့လဲဆိုတော့ သာမန်အားဖြင့် Acropolic လိုတောင်ကုန်းပေါ်ကို တက်မယ်ဆိုရင် ၁၂ ယူရိုပေးရပါတယ်။ ကျွန်တော်တို့ ကျောင်းသား ၈ ယောက်လုံးမှာ အီးယူကျောင်းသားကဒ်တွေ ပါသွားတာဆိုတော့ ဥရောပ ကျောင်းသားဆိုရင် တစ်ပြားမှ မယူပါဘူး၊ ပြတိုက်ဝင်ကြေး၊ ဘာကြေး၊ ညာကြေး ဘာမှကို ပေးစရာမလိုတဲ့ မြို့ပေါ့။ ပြီးတော့ 24 hours ticket တစ်စောင်မှ ၃ ယူရိုပဲပေးရပါတယ်။ ဒါ ဝယ်ထားလိုက်ရင် Metro ပဲ စီးစီး၊ Bus ကားပဲ စီးစီး ကြိုက်ရာစီးလို့ ရပါပြီ။ အေသင်မှာက နီ၊ ပြာ၊ စိမ်း ဆိုပြီး Metro လိုင်းက ၃ လိုင်းပဲ ရှိလေတော့ သွားရတာ လွယ်ကူပါတယ်။

ဒါ့ကြောင့် အားကစားကွင်းကအပြန် ညနေဘက်မှာတော့ ဂလိုက်ဖားရားကမ်းခြေဘက်ကို ရောက်ဖြစ်ပါတယ်။ အေသင်ကမ်းခြေမှာ လေညှင်းခံရင် ကျွန်တော့် ရောင်းရင်းတွေကတော့ ကမ်းခြေက ဆိုင်ထဲမှာ ပင်လယ်စာတွေကို အားပါးတရ စားခဲ့ကြတယ်ဆိုပဲ။ ကျွန်တော်ကတော့ ဂရိကော်ဖီလေးကို သောက်ရင်း မြေထဲပင်လယ်ရဲ့ ကမ်းခြေအလှကို တစ်နာရီနီးပါး ထိုင်ကြည့်ဖြစ်ခဲ့ပါတယ်။


ဂရိကော်ဖီ

ကမ်းခြေမှာ ရေကစားကြပြီး အဖွဲ့လိုက် ဓာတ်ပုံတွေ ရိုက်ကြပါတယ်။ အဲ့ဒီနောက်မှာတော့ Hot Dog လေးစားပြီး ဟိုတယ်ကို ပြန်ခဲ့ပါတော့တယ်။

တတိယနေ့

တစ်ရက်မှာ ၁၂ ယူရိုပဲ ပေးရပေမဲ့ ဟိုတယ်က ကျွေးတဲ့ မနက်စာကတော့ တော်တော်လေးကောင်းပါတယ်။ တန်တယ်လို့ ပြောလို့ရပါတယ်။ မနက်စာစားပြီးတာနဲ့ အမျိုးသားရှေးဟောင်းယဉ်ကျေးမှုပြတိုက် (National Archeological Museum) ဖွင့်တဲ့အချိန်နဲ့က အံကျပါပဲ။ အေသင်မှာ ပြတိုက်တွေက ညနေ ၃ နာရီဆို ပိတ်တာက များပါတယ်။ နတ်ဘုရားရုပ်တွေကို ပြသထားတဲ့ ပြတိုက်ဆိုတော့ သူတို့ နတ်ဘုရားတွေရဲ့ ပုံစံအတိုင်း လိုက်တုပြီး ဓာတ်ပုံရိုက်တာတို့၊ ထိတာ ကိုင်တာတို့ဆိုရင် သူတို့ အားကြီး စိတ်ဆိုးကြပါတယ်။ ပြတိုက်ထဲက အရုပ်တွေနဲ့ ဓာတ်ပုံရိုက်တိုင်း သူတို့က သေသေချာချာ လိုက်ကြည့်နေပါတော့တယ်။


ဒါတွေကတော့ ပြတိုက်ထဲမှာ
ရိုက်ဖြစ်ခဲ့တဲ့ ပုံတွေ ဖြစ်ပါတယ်။

၂ နာရီခွဲလောက် လျှောက်ကြည့်ပြီးတဲ့နောက်မှာတော့ ပင်လယ်ကို အစိုးရတဲ့ နတ်ဖုရားကြီး ( Poseidon ) ပိုဆီဒွန်ရဲ့ ကျောင်းတော်ရှိရာကို ရောက်ခဲ့ပါတယ်။ Sounion အငူပေါ်မှာ တည်ရှိပြီး ကမာ္ဘပေါ်မှာ အသက်ရှူလို့ အကောင်းဆုံးနေရာလို့ ပြောကြတယ်လေ။ ဒီနေရာလေးကတော့ နေဝင်ချိန်ကို ကြည့်ရှုခံစား ရင်း ဘဝအမောတွေကို ပြေစေတဲ့ နေရာလို့ နာမည်ကြီးပါတယ်။

ပိုဆီဒွန် ဘုရားကျောင်းပုံ


ကျွန်တော်တို့ အဖွဲ့လည်း ဆိုနီယွန် ပင်လယ်ကွေ့က ကျွန်းဆွယ်လေးပေါ်မှာ ပင်လယ်ပြင်ကို ဖြတ်ပြီး တိုက်ခတ်လာတဲ့ လေနုအေးတွေကို အားပါးတရ ရှုသွင်းကြရင်း ညနေဆည်းဆာအလှကို ခံစားခဲ့ကြပါတယ်။ ပင်လယ်ကို ငေးရတဲ့အခါ လွတ်လပ်ခြင်း၊ ကျယ်ပြန့်ခြင်း၊ ငြိမ်းချမ်းခြင်းတို့ ရောက်ရှိလာသလို ဖြစ်မိပါတယ်။ နေဝင်ချိန်လေးမှာတော့ ၅.ရ ယူရို ပေးရတဲ့ Bus ကားကို ၂ နာရီကြာစီးပြီး အေသင်မြို့ထဲကို ပြန်လာခဲ့ကြပါတော့တယ်။ ဒါကတော့ နေဝင်ချိန် ရှုခင်းလေးပါ။


နောက်နေ့ မနက်မှာတော့ အေသင်မြို့ကနေ မနက် ၁ဝ နာရီ ၁ဝ မိနစ်လေယာဉ်နဲ့ ဂျာမနီကို ပြန်လာခဲ့ ပါတော့တယ်။ အိုင်ယာလန်မှာ မီးတောင်ပေါက်ခါနီးလို့ ပြာမှုန်တွေ ထွက်နေတာနဲ့ လေယာဉ်တွေ ပျံသန်းမှုရပ်ဆိုင်းနေချိန်၊ ဂရိမှာ စီးပွားပျက်ကပ်ဆိုက်လို့ အေသင်မှာ ဗုံးခွဲသံတွေ၊ ဆန္ဒပြတဲ့သူတွေနဲ့ ရှုပ်ရှက်ခတ်နေတယ်လို့ ပြောနေတဲ့အချိန် ကျွန်တော်တို့တွေကတော့ အေးချမ်းစွာ၊ အောင်မြင်စွာ လည်ပတ်နိုင်ခဲ့ပါတယ်။

အမှတ်တရအဖြစ် သူငယ်ချင်းတွေပါ လည်လို့ ရအောင် မှတ်မိသမျှ တင်ပြလိုက်ရပါတယ်။ ခရီးတစ်ခု ထွက်ဖြစ်တိုင်း မိတ်ဆွေတွေကို သတိရမိနေတတ်တာ ကျွန်တော်ပေါ့ဗျာ။ ပန်ဒိုရာရဲ့ သေတ္တာလေးထဲက မျှော်လင့်ချက်ဆိုတာလေးကို လက်တွဲပြီး နေ့စဉ်ဘဝတွေမှာ ကြိုးစား ရုန်းကန်ရင်း ဘဝကို ပျော်ပျော်ကြီး နေသွားကြတာပေါ့။

P.S ဂရိနတ်ဘုရားတွေနဲ့ နတ်ဖုရားမတွေအကြောင်း ထပ်သိချင်စိတ်များ ရှိခဲ့မယ်ဆိုရင် Michelle M. Houle ရေးသားထားတာကို စာရေးဆရာ မောင်သစ်စိမ်း ဘာသာပြန်ထားတဲ့ စာအုပ်လေး ရှိပါတယ်။

ဒါလေးက မြန်မာပြန် စာအုပ်လေးပါ။ ဒီနေရာ မှာ ဒေါင်းလုပ်ရယူပါ။
ဒါလေးက မူရင်း စာအုပ်လေးပါ။ အင်္ဂလိပ်လို ဖတ်ရင် မေးခွန်းနဲ့ အဖြေတွေပါ တွေ့ရမှာပါ။ ဒီနေရာလေးမှာ ဒေါင်းလုပ်ရယူပါ။

ခင်မင်လေးစားစွာဖြင့်

herostar

8 comments

  • susunosuki

    May 4, 2010 at 10:44 am

    ကျွန်တော်လည်း အရမ်းသွားချင်တာပဲ
    ပန်ဒိုရာရှိနေရင် တစ်နေ့ရောက်မှာပါ

  • LadyGAGA

    May 4, 2010 at 6:16 pm

    ကျမကတော့ ဗီးနပ်ရဲ့အကြောင်းပိုသိချင်ပါတယ်။ ရေထဲဆင်းရင်အပျိုစင်ပြန်ဖြစ်တဲ့ နတ်ရေကန်အကြောင်းလဲပြောပြပါလား

  • သာမိညောင်

    May 4, 2010 at 6:32 pm

    နတ်ရေကန် တော့မသိဘူး ဘာဘူဆိုင်မှာ ကျောက်ချဉ်ဆိမ်ကြည့်ပါလား?
    ဒို ့များဂျီးတော်ကြီးတောင် ့ ့ ့ ့ ့ ့ ့ ့

    • bigcat

      November 25, 2010 at 10:57 am

      ခင်ဗျားမန်းတာကို အပေါင်းပေရမလား အနုတ်ပေးရမလား ဘာလုပ်ရမှန်းတောင် မသိတော့ဘူ။ သူများအတည်ပြောနေတာကို အဲဂလိုတော့ မနောက်ပါနဲ့ဗျာ။

  • kai

    November 25, 2010 at 8:41 am

    တရုတ်ပြည်အကြောင်း .. တောက်လျှောက်.. ကိုယ်တိုင်သွားလည်နေရသလိုတက်လာနေတော့ ..အရင်ပိုစ့်အဟောင်းလေးတွေသတိရလို့ ရှေ ့ပြန်တင်လိုက်တာပါ..။
    herostar ရေ.. အချိန်ရရင် ..ရေးပါဦး..။
    ကမ္ဘာ့အစောဆုံး ..လူယဉ်ကျေးမှုတွေရဲ့ ..ဒေသတွေအကြောင်းကို…။

  • MaMa

    November 25, 2010 at 10:40 am

    အေသင်သွားတောလားလေးလို နောက်ထပ်တောလားတွေ အများကြီး ဖတ်ချင်ပါသေးတယ်။

  • gwato

    November 25, 2010 at 4:14 pm

    ကို kai ရေ ကျေးဇူးပါ
    ဖတ်စရာမှတ်စရာတွေရှိရင် ဒီလိုပဲပြန်တင်ပေးပါအုံးနော်

  • cherrywine

    November 26, 2010 at 5:38 am

    ဂရိနတ်တွေကို စိတ်ဝင်စားတယ်။ဒေါင်းလုပ်ပေးတဲ့ အတွက်ကျေးဇူးပါ။

Leave a Reply