ဝါဆိုလပြည့်နေ့ နီးလာပြီဆိုတာနဲ့ ကျွန်မတို့ ဗုဒ္ဓဘာသာဝင်တွေ ၀ါဆိုသင်္ကန်းကပ်လှူကြပါတယ်။ ၀ါတွင်းကာလ ၃ လ မိုးရာသီအတွင်း ၀ါကပ်ဝါဆိုကြမည့် သံဃာတော်များအတွက် ရည်ရွယ်ကပ်လှူကြလို့ ၀ါဆိုသင်္ကန်းလို့ ခေါ်ဝေါ်ကြပါတယ်။ ထုံးစံမပျက် သင်္ကန်းဝယ်ပြီး ဘုန်းကြီးကျောင်းမှာသွားရောက်ကပ်လှူသူများ၊ ဘုန်းကြီးများ နေအိမ်သို့ပင့်ဖိတ်ပြီး ဆွမ်းကပ် သင်္ကန်းကပ် ကုသိုလ်ပြုကြသူများ၊ နီးစပ်ရာ ဘုန်းကြီးကျောင်းသို့သွားပြီး သင်္ကန်းတန်ဖိုးငွေပေးပြီး သင်္ကန်းကပ်လှူသူများ စသဖြင့် အဆင်ပြေသလို ပြုလုပ်ကြပါတယ်။

ကျွန်မလည်းပဲ အများနည်းတူ ကုသိုလ်ရအောင် သင်္ကန်းတစ်စုံဝယ်ပြီး ပရိယတ္တိစာသင်တိုက်တစ်ခုသို့ သွားရောက်လှူဒါန်းခဲ့ပါတယ်။ တကယ်တော့ သင်္ကန်းလှူတဲ့ကိစ္စမှာ လူတွေတော်တော်များများ မသိကြတဲ့ အဖြစ်အပျက်တွေ များစွာရှိနေပါသေးတယ်။ ကျွန်မတို့အိမ်ကတော့ စာသင်သားသံဃာတော်များ ဆွမ်းခံကြွတဲ့အိမ်ဖြစ်တာကတစ်ကြောင်း၊ ပရိယတ္တိစာသင်တိုက်တစ်ခုနဲ့နီးနေတာကတစ်ကြောင်း၊ ကျွန်မညီမဖွင့်ထားတဲ့ဆိုင်တစ်ခုဘေးမှာ သင်္ကန်း ပရိက္ခရာနဲ့ နိဗ္ဗာန်ကုန်ဆိုင်တစ်ခု ရှိနေတာကတစ်ကြောင်း၊ အကြောင်းကြောင်းတွေကြောင့် ကျွန်မသိသမျှ သင်္ကန်းနဲ့ပတ်သက်တဲ့ အဖြစ်အပျက်တွေကို မသိသေးတဲ့သူတွေ ဗဟုသုတရဖို့ ရေးသားချင်စိတ်ပေါက်လာပါတယ်။

လူတွေက သင်္ကန်းအကြောင်းသိပ်မသိကြပါဘူး။ ကိုယ်တိုင်လဲ ၀တ်တာမဟုတ်တော့ ဆိုင်မှာပဲ ဈေးနှုန်းမေးပြီး အဆင်ပြေသလိုဝယ်လိုက်ကြပါတယ်။ ကိုယ်တတ်နိုင်တဲ့ဈေးနှုန်းနဲ့ ၀ယ်လိုက်ကြတယ်။ ဗူးနဲ့ထည့်ထားတဲ့ တံဆပ်ကောင်းကောင်းပါတဲ့သင်္ကန်းကို ဘယ်သူမှ ဖြန့်မကြည့်ကြသလို ဖြန့်ကြည့်လည်း ၀ိနည်းနဲ့ ကိုက် မကိုက် သိနိုင်မှာမဟုတ်ပါဘူး။ အဲဒီသင်္ကန်းကို ဘုန်းကြီးကျောင်းကို သွားလှူတော့ ဘုန်းကြီးက သိတယ်။ သူတို့ဝတ်လို့ ရမရ နားလည်ကြပါတယ်။ အခုလိုဝါတွင်းမှာ သံဃာ ၅၀ လောက် ရှိတဲ့ ကျောင်းတစ်ကျောင်းမှာ သင်္ကန်းအစုံ ၁၀၀ လောက် အလှူရကြပါတယ်။ ၀ါဝင်ခါနီးမှာ ကျောင်းထိုင်ဆရာတော်မှာ သံဃာအားလုံးကို မျှဝေပေးလေ့ရှိပါတယ်။ အဲဒီမှာ ကံဆိုး ကံကောင်းပဲ။ ကံကောင်းပြီး အသားကောင်းကောင်းနဲ့ အလျှားအနံအပြည့် ၀ိနည်းနဲ့အညီချုပ်တာကို ရတဲ့ သံဃာအတွက် အဆင်ပြေပေမယ့် ဈေးသက်သာတဲ့ အသားမကောင်းတဲ့သင်္ကန်းကိုရတဲ့သံဃာအတွက် စိတ်ညစ်စရာဖြစ်ရပါတော့တယ်။ ၀တ်လို့မရတဲ့အတူတူဆိုပြီး သင်္ကန်းဆိုင်ကိုသွားရောင်းကြတယ်။ ရောင်းဈေး ၈၀၀၀ ကျပ်တန်တဲ့ သင်္ကန်းတစ်စုံကို ၄၀၀၀ ကျပ်ထက် ပိုပေးတဲ့ဆိုင် မရှိပါဘူး။ သံဃာတွေကလဲ မတတ်သာတော့ ရောင်းစားလိုက်ရပြီး သူတို့လိုအပ်တာကို ၀ယ်ကြပါတယ်။ အဲဒီသင်္ကန်းက သံသရာလည်ပါတော့တယ်။ ဆိုင်ကနေ ၀ယ်တဲ့သူကပြန်ဝယ်ပြီး ဘုန်းကြီးကျောင်းပြန်ရောက်၊ ဘုန်းကြီးကျောင်းကနေ သင်္ကန်းဆိုင်ပြန်ရောက်နဲ့ မဆုံးနိုင်တဲ့သံသရာကြားထဲမှာ သင်္ကန်းဆိုင်ကသာ အမြတ်များများထွက်သွားပါတယ်။ နောက်ဆုံးဝတ်ချင်တဲ့သံဃာလက်ထဲရောက်လို့ ဖွင့်ဝတ်လိုက်တော့မှ ဆွေးနေတာမျိုးတွေ ကြုံကြရပါတယ်။

အိမ်မှာ ဆွမ်းခံကြွတဲ့ ဘုန်းကြီးတွေကိုမေးကြည့်တော့ မိုးတွင်းဆို အာရုံဆွမ်း နေ့ဆွမ်း ဆွမ်းခံထွက်ချိန်မှာ မိုးမိလေ့ရှိပါတယ်။ သင်္ကန်းကို ၃ စုံထက် ပိုထားလေ့မရှိတဲ့ ဘုန်းကြီးတွေအတွက်သင်္ကန်းအမြန်ခြောက်ဖို့ အရေးကြီးပါတယ်။ အသားပါးပါးနဲ့ အမြန်ခြောက်တဲ့သင်္ကန်းကို လိုချင်ကြပါတယ်။ ဒါပေမယ့် သိပ်ပါးလွန်းလျှင်လည်း အဆင်မပြေဖြစ်ရပြန်ပါသေးတယ်။ သိပ်ထူပြီး သိပ်ပူတဲ့သင်္ကန်းနဲ့ကျတော့ မိုးစိုလဲ မခြောက်၊ နေပူလျှင်လည်း အရမ်းအိုက်ပါတယ်။ အရပ်ရှည်တဲ့ဘုန်းကြီးတွေအတွက် အနံပြည့် ဆိုဒ်ပြည့်မှ လုံအောင်ခြုံလို့ရတာမို့ ဆိုဒ်မပြည့်တဲ့ သင်္ကန်းဖြစ်မှာကိုလဲ စိုးရိမ်ကြရပြန်ပါတယ်။
ဘုန်းကြီးကျောင်းမှာ ပိုက်ဆံသွားလှူပြီး အရှင်ဘုရားတို့ပဲ သင်္ကန်းကိုအဆင်ပြေသလို ၀ယ်လိုက်ပါဆိုရင်တော့ ဘုန်းကြီးတွေ သဘောကျကြပါတယ်။ ဒါပေမယ့် သင်္ကန်းတန်ဖိုးကို နဲနဲလေးပဲ အလှူရှင်ဆီက ကောက်ခံလိုက်ပါတယ်။ ပြီးတော့မှ စုပြီး ကောင်းတာတစ်စုံဝယ်လေ့ရှိပါတယ်။ အဲဒါကြောင့် အလှူရှင်စာရင်းမှာ သင်္ကန်းအစုံတွေ အများကြီးဖြစ်နေပေမယ့်လဲ တကယ်တမ်းပြန်ဝယ်တော့ တစ်ပါးကိုတစ်စုံတောင် အနိုင်နိုင်ဖြစ်သွားတယ်လို့လဲ နီးစပ်ရာ ဘုန်းကြီးကျောင်းကနေ ကြားသိရပါတယ်။

တချို့ ၀ိနည်းထိုရ်တဲ့ ဘုန်းကြီးတွေကတော့ ၀ိနည်းတော်နဲ့အညီချုပ်လုပ်သည့်သင်္ကန်းကိုသာ ၀တ်ကြပါတယ်။ ဓါးခွဲသင်္ကန်းလို့ခေါ်တဲ့ လယ်ကွက်တွေလို အစတွေဖြတ်ပြီးမှ ပြန်စပ်ပြီးချုပ်တဲ့ သင်္ကန်းမျိုးကို အသုံးပြုချင်ကြပါတယ်။ လူတွေအကျီအပ်သလိုမျိုး တချို့ဘုန်းကြီးတွေက ပိတ်စကို ဆေးဆိုးပြီး သင်္ကန်းချုပ်သည့်ဆိုင်မှာ အပ်ပြီးချုပ်ဝတ်သည့် ဘုန်းကြီးများကိုလဲ မြင်ဖူးပါတယ်။

ကျွန်မကတော့ ၀ါဆိုသင်္ကန်းကပ်ပြီဆိုရင် သင်္ကန်းအသားကောင်းကောင်းနဲ့ ၀ိနည်းအညီဖြစ်မဖြစ် သေချာတဲ့ ဘုန်းကြီးတွေ တကယ်ရုံမယ့်သင်္ကန်းကို ရွေးဝယ်ပြီး ကပ်လှူပါတယ်။ ဒီနေရာမှာ အလျဉ်းသင့်ကို ကြော်ငြာဝင်ရမယ်ဆိုရင်တော့ ဘုန်းကြီးတွေက ကောင်းပါတယ်လို့ အာမခံထားတဲ့ စမ်းချောင်းက ပန်ထူးသာ သင်္ကန်းတိုက်မှာ တကူးတကသွားဝယ်ပြီး လှူဖြစ်ခဲ့လေးကို အမှတ်တရနဲ့ ရွာသူရွာသားတွေကို သင်္ကန်းအကြောင်းသိသလောက်ပြောပြရင် အမျှပေးဝေလိုက်ပါတယ်။

weiwei

About weiwei

weiwei has written 367 post in this Website..

မင်္ဂလာပါ ....