တောင်ငူမှာ ဗုံး ပေါက်လို့ ဆို .. သိရင်တင်ပေးကြပါ။

we R oneJune 30, 20111min16111

မနေ့ က ရုံးက ဘောစိ ည 10 နာရီလောက် က သူ့ အိမ်ကို ဖုန်းဆက်တယ် ။ တောင်ငူ မှာ ဗုံးပေါက် လို့တဲ့။ သူက နေပြည်တော်ကိုသွား တာ။ ဟုတ်မဟုတ် တော့ သေချာလည်း ကျွန်မ မသိပါဘူး။သိတဲ့ သူများရှိရင် ဝေငှ ပါအုံး..

တကယ်လို့ များ ကောလ ဟာလ ဖြစ်ခဲ့မယ် ဆိုရင်လည်း စိတ်မရှိကြပါနဲ. ။

 

11 comments

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 30, 2011 at 2:38 am

    သံဖြူဇရပ်နဲ့ တောင်ငူမှာ ဗုံးပေါက် – By ဦးမိုးဇော်
    အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (လပခ) အခြေစိုက်ရာ ပဲခူးတိုင်း တောင်ငူမြို့မှာ ဒီနေ့ နေ့လယ်ပိုင်းက ဗုံးတလုံး ပေါက်ကွဲခဲ့ပြီး မနေ့ည ၁၂ နာရီလောက်ကလည်း မွန်ပြည်နယ် သံဖြူဇရပ်က စုပေါင်းရုံးခေါ် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးရုံး အနီးမှာ ဗုံးတလုံး ပေါက်ကွဲခဲ့ပါတယ်။ ဒီပေါက်ကွဲမှု ၂ ခုမှာ ထိခိုက်ဒဏ်ရာ ရတယ်ဆိုတာ မသိရပါဘူး။ ဒီရက်ပိုင်းတွေအတွင်း မြန်မာပြည်အနှံ့က မြို့ကြီးတွေမှာ ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့ပြီး ပြီးခဲ့တဲ့ ၂၄ ရက်နေ့က နေပြည်တော်၊ မန္တလေးနဲ့ ပြင်ဦးလွင် ပေါက်ကွဲမှုမှာတော့ လက်သည်တရားခံ အမည်တွေကို ဒီနေ့ သတင်းစာမှာ ဖော်ပြပေမဲ့ ဖမ်းဆီးရမိတာတော့ မရှိသေးပါဘူး။ ဒီနေ့ တောင်ငူနဲ့ သံဖြူဇရပ် ဗုံးပေါက်ကွဲတဲ့ အခြေအနေကိုတော့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က စုစည်းတင်ပြထားပါတယ်။

    ပြီးခဲ့တဲ့အပတ်အတွင်းက မြစ်ကြီးနား၊ တန့်ယန်း၊ နေပြည်တော်၊ မန္တလေး၊ ပြင်ဦးလွင်မြို့တွေမှာ ဗုံးတွေ ဆက်တိုက် ပေါက်ကွဲခဲ့ရာက ဒီကနေ့ နေ့ခင်းမှာတော့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် အခြေစိုက်ရာ ပဲခူးတိုင်း တောင်ငူမြို့မှာ ဗုံးတလုံး ထပ်မံပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။

    တောင်ငူမြို့ ဗုံးပေါက်ကွဲတဲ့ အခြေအနေကိုတော့ ဒေသခံတယောက်က အခုလို ပြောပါတယ်။

    “မိုင်ဒါကွင်း အားကစားကွင်းနားလေးမှာပါ။ လမ်းဘေးနားမှာပဲ။ အသံဗုံးပါ၊ ဘာမှမဖြစ်ပါဘူး။ ၂ နာရီ ၁ဝ မိနစ်လောက်က။”

    ဒီပေါက်ကွဲမှုမှာ အထိအခိုက် အသေအပျောက် မရှိဘူးလို့ သူက ပြောပါတယ်။

    အခြားဒေသခံတွေ အပြောအရ ဗုံးပေါက်ကွဲရာ နေရာဟာ မိုင်ဒါကွင်းခေါ် မိုးလုံလေလုံ အားကစားကွင်းနဲ့ ခပေါင်းခန်းမအကြားမှာ ပေါက်ကွဲတာဖြစ်ပြီး ဒီနေ့မနက် ခပေါင်းခန်းမမှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အခမ်းအနားတခု ကျင်းပပြီးနောက် ပေါက်ကွဲတာ ဖြစ်တယ်လို့ သိရပါတယ်။

    မနေ့ည သန်းခေါင်အချိန်လောက်ကလည်း မွန်ပြည်နယ် သံဖြူဇရပ်မှာ အလားတူ ဗုံးတလုံး ပေါက်ကွဲခဲ့ပြီး ထိခိုက်ဒဏ်ရာ ရတာတော့ မရှိဘူးလို့ သံဖြူဇရပ် မြို့ခံတယောက်က ပြောပါတယ်။

    “ညသန်းခေါင်လောက်မှာ စုပေါင်းရုံးမှာ ဖြစ်တယ်လို့ ပြောတာပဲ။ ဒါပေမဲ့ ရုံးထဲမှာ မဟုတ်ဘူးတဲ့၊ ခြံစည်းရိုးမှာတဲ့။ ညသန်းခေါင် လူတိတ်တဲ့ အချိန်ကျတော့ အသံနည်းနည်း ကျယ်တယ်ပေါ့။ လူ ဘာမှမဖြစ်ဘူး၊ ခြံစည်းရိုးမှာ။”

    သံဖြူဇရပ် ဗုံးပေါက်ကွဲမှုဟာ မွန်ပြည်နယ်က အပစ်ရပ် လက်နက်ကိုင် တပ်ဖွဲ့တွေကို ဒီလ ၃ဝ ရက်နေ့ နောက်ဆုံးထားပြီး လက်နက်အပ်ဖို့ အာဏာပိုင်တွေက ကြေညာပြီး ရက်ပိုင်းအတွင်း ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။

    လောလောဆယ်မှာတော့ တောင်ငူနဲ့ သံဖြူဇရပ်က ဗုံးပေါက်ကွဲမှုတွေရဲ့ တရားခံကို ဖမ်းဆီးရမိတယ်ဆိုတာ မကြားသိရသေးဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။

    ဒီလ ၂၄ ရက်နေ့ကလည်း အစိုးရ ရုံးစိုက်ရာ နေပြည်တော် သပြေကုန်းဈေး၊ မန္တလေး ဈေးချိုနဲ့ ပြင်ဦးလွင်မြို့ ထောက်ပို့ပန်းခြံ အနီးက နေအိမ်တွေမှာ မိနစ်ပိုင်းခြားပြီး ဗုံး ၃လုံး ဆက်တိုက် ပေါက်ကွဲခဲ့ပါတယ်။ ဒီပေါက်ကွဲမှုတွေနဲ့ ပတ်သက်ပြီး ရှမ်းအမျိုးသား ၃ ယောက်က ပူးပေါင်းကြံစည်ခဲ့တာ ဖြစ်တယ်လို့ ဒီနေ့ထုတ် အစိုးရပိုင် သတင်းစာတွေမှာ ဖော်ပြပါတယ်။ ဒီ ဖောက်ခွဲသူ ၃ ယောက်ရဲ့ ဓာတ်ပုံတွေကို အာဏာပိုင်တွေက ရရှိထားတယ်လို့ ဖော်ပြပေမဲ့ သတင်းစာမှာတော့ ဓာတ်ပုံတွေကို ဖော်ပြထားတာ မတွေ့ရပါဘူး။ ဓာတ်ပုံအစား ဒီလူ ၃ ယောက်ရဲ့ ပုံပန်းသဏ္ဌာန်တွေကိုသာ ဖော်ပြပြီး သူတို့ကိုတွေ့ရင် သက်ဆိုင်ရာကို သတင်းပေးဖို့လည်း တိုက်တွန်းထားပါတယ်။

    ဒီလ ၁ဝ ရက်နေ့ကလည်း နေပြည်တော် မြို့မဈေးက သန့်စင်ခန်းအတွင်းမှာ ဗုံးတလုံး ပေါက်ကွဲခဲ့ပြီး လူ ၃ ယောက် ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။ မေလ ၁၈ ရက်နေ့ကတော့ နေပြည်တော် ဘူတာအလွန် ရန်ကုန်၊ မန္တလေး မီးရထားပေါ်မှာ ဗုံးတလုံး ပေါက်ကွဲခဲ့တာကြောင့် ခရီးသည် ၂ ယောက် သေဆုံးပြီး ၉ ယောက် ဒဏ်ရာရခဲ့ပါတယ်။

    ဒီလ ၂၁ ရက်နေ့ညက ကချင်ပြည်နယ် မြစ်ကြီးနားမြို့က အမှတ် ၁ ရဲစခန်းနဲ့ ပြည်နယ် လူဝင်မှု ကြီးကြပ်ရေးရုံးမှာ ဗုံး ၂ လုံး ဆက်တိုက် ပေါက်ကွဲခဲ့သလို ဒီလ ၂၂ ရက်နဲ့ ၂၃ ရက်နေ့တွေမှာတော့ ရှမ်းပြည်နယ် တန့်ယန်းမြို့မှာလည်း ဗုံး ရ လုံး ပေါက်ကွဲခဲ့ပါတယ်။

    မြန်မာနိုင်ငံ မြို့ကြီးတွေမှာ အရင်ကလည်း ဒီလို ဗုံးပေါက်ကွဲတာတွေ မကြာခဏဆိုသလို ဖြစ်ခဲ့ဖူးပေမဲ့ ဒီလအတွင်းမှာတော့ အစိုးရတပ်တွေက ကချင်၊ ကရင်၊ ရှမ်း စတဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တဲ့နောက်မှာ ဗုံးပေါက်ကွဲမှုတွေဟာ ပိုများလာတာလည်း ဖြစ်ပါတယ်။

    ဒီလို ဗုံးတွေ ဆက်တိုက် ပေါက်ကွဲနေချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က လာမယ့် လဆန်းပိုင်းမှာ ရန်ကုန်ပြင်ပကို စည်းရုံးရေး ခရီးစဉ် စတင်မယ်လို့ ကြေညာခဲ့တဲ့အတွက် သူ့ကို ထောက်ခံသူတွေက ခရီးစဉ် လုံခြုံရေးအတွက် စိုးရိမ်မကင်း ဖြစ်နေကြပါတယ်။
    http://www.voanews.com/burmese/news/myanmar-bomb-blast-124717399.html

    • weRone

      June 30, 2011 at 3:22 am

      ကျေးဇူးတင်ပါတယ်။

  • photwenty

    June 30, 2011 at 3:28 am

    ထူးဆန်းတယ်ဗျ
    တောင်ငူမှာပေါက်ရင် ဒီနေရာပဲ
    ဘယ်တော.ပေါက်ပေါက်ဒီနေရာပဲဗျ

  • etone

    June 30, 2011 at 4:54 am

    တောင်ငူတွင် အင်အားပြင်း ဗုံးပေါက်ကွဲ
    ကျော်ခ | ဗုဒ္ဓဟူးနေ့၊ ဇွန်လ ၂၉ ရက် ၂၀၁၁ ခုနှစ် ၁ရ နာရီ ၁၈ မိနစ်

    ချင်းမိုင် (မဇ္ဈိမ) ။ ။ ပဲခူးတိုင်း တောင်ငူမြို့၌ အင်အားပြင်းထန်သည့် ဗုံးတလုံး ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်းတွင်
    ပေါက်ကွဲခဲ့သော်လည်း တဦးတယောက်မျှ ထိခိုက်ဒဏ်ရာရမှု မရှိဟု မြို့နယ်အာဏာပိုင်များက ပြောဆိုသည်။

    ပဲခူးတိုင်းအရှေ့ပိုင်း တောင်ငူမြို့ ၂ဝ ရပ်ကွက် မိတ္တဗလလမ်းနှင့် မင်းကြီးညိုလမ်းဒေါင့်ရှိ မြက်ခင်းပြင်ပေါ်တွင် မွန်းလွဲ ၁ နာရီခန့်၌ ပေါက်ကွဲခြင်းဖြစ်ကြောင်း ခရိုင်ရဲတပ်ဖွဲ့၊ အမှတ် ၁ ရဲစခန်းနှင့် မြို့နယ်စည်ပင်က ဆိုသည်။

    “ဗုံးကတော့ ချိန်ကိုက်ဗုံးလို့ ယူဆရပါတယ်။ ပြင်းအားကတော့ တော့်တော့ကို ပြင်းပုံရတယ်။ ‘ဗုန်း’ ဆို တမြို့လုံးကို ဟီးသွားတာပဲ။ သတင်းရပြီးသွားကြည့်တော့ မြက်ခင်းပဲ စုတ်ပြတ်သွားတာ အဲဒီနားမှာ အဆောက်အအုံကလည်း ကပ်လျက်မရှိဘူးလေ” ဟု ဗုံးကွဲသည့် နေရာသို့ ကြည့်ရှုခဲ့သည့် မြို့နယ် စည်ပင်သာယာဌာနမှ အရာရှိတဦးက မဇ္ဈိမကို ပြောသည်။

    တောင်ငူခရိုင် ရဲမှူးအပါအဝင် အမှတ် ၁ ရဲစခန်း တာဝန်ကျရဲများက ဗုံးပေါက်ကွဲခဲ့သည့်နေရာသို့ သွားရောက်ကာ လမ်းများ ပိတ်ထားလိုက်ပြီး ဗုံးထပ်မံရှိမရှိ စစ်ဆေးနေပြီး မြို့အဝင်အထွက်လမ်းများ၌ ဆိုင်ကယ်နှင့် ကားများကို စစ်ဆေးနေသည်။

    လွန်ခဲ့သည့် တပတ်ခန့်ကပင် တောင်ငူမြို့ပေါ်၌ ဧည့်စာရင်း စစ်ဆေးခြင်း အပါအဝင် လမ်းမကြီးများပေါ် ဖြတ်သန်း သွားလာနေသည့် ယာဉ်များကို ရှောင်တခင် စစ်ဆေးခဲ့ကြောင်း မြို့ခံတဦးက ပြောသည်။

    တောင်ငူမြို့နယ်ရှိ သောက်ရေခပ်ချောင်း လျှပ်စစ်ဓာတ်အားပေး စက်ရုံ ၂ အား တနင်္ဂနွေ ည ၈ နာရီမှ နောက်မနက် ၅ နာရီကျော်အထိ အမည်မသိ လက်နက်ကိုင် တပ်ဖွဲ့များက လောင်ချာများဖြင့် ပစ်ခတ်ခဲ့သေးသည်။

    ည ၈ နာရီကျော်မှ မနက် ၅ နာရီကျော်ထိ တောင်ငူမြို့ အရှေ့ဘက် ၁၄ မိုင်ခန့်အကွာ သောက်ရေခပ်ချောင်းပေါ်၌ တည်ရှိသော ဆောက်လက်စ လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းကို လောင်ချာများဖြင့် ပစ်ခတ်ခဲ့သေးသည်။

    သောက်ရေခပ် စက်ရုံ၌ အလုပ်လုပ်နေသော တရုတ်နိုင်ငံသားများနှင့် စီမံကိန်းရှိ မြန်မာ ၁ဝဝဝ ကျော်လည်း ၁၉ ရက်နေ့တွင် တောင်ငူမြို့ထဲသို့ ပြောင်းရွှေ့ခဲ့ကြသည်။

    ယင်းပစ်ခတ်မှုကို မည်သည့် လက်နက်ကိုင် အဖွဲ့ကမှ ၎င်းတို့ လုပ်ရပ်အဖြစ် ထုတ်မပြောသော်လည်း တောင်ငူမြို့ပေါ် အမှတ် ၁ ရဲစခန်း တာဝန်ကျ ရဲအရာရှိတဦးကမူ ကရင်အမျိုးသားအစည်းအရုံး KNU ၏ လက်ချက်ဟု ယူဆကြောင်း မဇ္ဈိမကို ပြောသည်။

    ဇွန် ၂၄ ရက်တွင် နေပြည်တော်၊ မန္တလေးနှင့် ပြင်ဦးလွင်မြို့များ၌ ဗုံးများ ဆက်တိုက်ပေါက်ခဲ့ရာ လူ ၃ ဦး ဒဏ်ရာရခဲ့သည်။ ယင်းပေါက်ကွဲမှုကို လုပ်ဆောင်သည်ဆိုကာ ရဲက လူ ၃ ဦးကို ရှာဖွေနေသည်။

  • PaukPhaw

    June 30, 2011 at 5:10 am

    နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်နှင့် ပြင်ဦးလွင်မြို့နယ်တို့၌ ဇွန် ၂၄ရက် နံနက်ပိုင်းက ပေါက်ကွဲမှုများ အသီးသီးဖြစ်ပွားခဲ့ရာ နေအိမ်နှစ်လုံးနှင့် မော်တော်ယာဉ်တစ်စီးပျက်စီးခဲ့ပြီး လူသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်မှ ဗုံးဖောက်ခွဲသူ တရားခံအား ဖမ်းဆီးရမိရေးအတွက်သက်ဆိုင်ရာတာဝန်ရှိသူများက အသေးစိတ် စုံစမ်းစစ်ဆေး ဖော်ထုတ်ဆောင်ရွက်ခဲ့ရာ တာဝန်သိပြည်သူများ၏ ပူးပေါင်းကူညီမှုကြောင့် နေပြည်တော်တွင် ပေါက်ကွဲသော နေအိမ်မှာ မန္တလေးမြို့မဟာအောင်မြေမြို့နယ်နေ ဒေါ်သန်းမြင့်၏ နေအိမ်ဖြစ်ပြီး ဧပြီ ၂၄ရက်က စိုင်းဆမ်နှင့် စိုင်းအိုက်ဆိုသူတို့ကတစ်လလျှင် ငွေကျပ် ခြောက်သိန်းငါးသောင်းနှုန်းဖြင့် ခြောက်လစာပေး၍ငှားရမ်း ထားခြင်းဖြစ်ကြောင်း၊ထို့အတူ ပြင်ဦးလွင်၌ ပေါက်ကွဲမှု ဖြစ်သောအိမ်မှာ ဒေါ်စောစန္ဒာပိုင် နေအိမ်ဖြစ်ပြီး စိုင်းဆမ်နှ င့် စိုင်းအိုက်ဆိုသူတို့ကပင် မေ ၅ရက်က တစ်လလျှင် ငွေကျပ်တစ် သိန်းလေးသောင်းနှုန်းဖြင့် ခြောက်လစာပေး၍ငှားရမ်းနေခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိရသည်။

    မန္တလေးတွင် ပေါက်ကွဲခဲ့သည့် ကားနှင့်ပတ်သက်၍ စုံစမ်းဖော်ထုတ်ခဲ့ရာ ပေါက်ကွဲသည့် SURF ကားအမှတ် ၃ခ/၁၉၀၄ (လိုင်စင်မဲ့) ယာဉ်မှာ ကားပွဲစား ဟာရှင်နှင့် ကျော်ကျော်ထက်တို့ထံမှ တစ်ဆင့် ဇွန် ၂၁ရက်တွင် အမျိုးသားသုံးဦးက ငွေကျပ် သိန်းခြောက်ဆယ်ဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း၊ အမျိုးသားတစ်ဦးမှာ ငွေထုပ်ကို ကိုင်ဆောင်လာကြောင်း၊ ကားဝယ်သူများသည် ယင်းကားအမှတ် ၃ခ/၁၉၀၄ ဖြင့် မန္တလေးမြို့ ပစ္စဖိတ်ဟိုတယ်သို့ ဇွန် ၂၃ရက်က တစ်ညလာရောက် တည်းခိုသွားကြောင်း၊ ဆက်လက်စုံစမ်း ဖော်ထုတ်ချက် အရ မဟာအောင်မြေမြို့နယ် ၈၃လမ်း၊ ၃၅နှင့် ၃၆လမ်းကြားရှိ အားဝေ(ခ)စိုင်းလှအောင်၏ နင်ဂျာဆိုင်ကယ် အပိုပစ္စည်းဆိုင်တွင် လုပ်ကိုင်နေသူ မူဆယ်မြို့နယ် တိန်လုံရွာနေ စိုင်းမိုးဟိန်း ၁၉နှစ် (အဘ ဦးအိုက်စိုင်း)၏ အစ်ကို စိုင်းကျော်မြင့်ဦးမှာ ကားလာဝယ်စဉ် ငွေထုပ်ကိုင်လျက် ပါလာသူဖြစ်ကြောင်း ပေါ်ပေါက်သိရှိရပြီး စိုင်းမိုးဟိန်းထံမှ ရရှိသည့် စိုင်းကျော်မြင့်ဦး၊ စိုင်းဆမ်နှင့် စိုင်းအိုက်တို့၏ ဓာတ်ပုံများကို ပြသစုံစမ်းရာ ဟာရှင်နှင့် ကျော်ကျော်ထက်တို့က ကားလာဝယ်သူများမှာ စိုင်းကျော်မြင့်ဦး၊ စိုင်းဆမ်နှင့် စိုင်းအိုက်တို့ဖြစ်ကြောင်း အတည်ပြုထွက်ဆိုခဲ့ကြောင်း သိရသည်။

    အထက်ပါ ပေါ်ပေါက်ချက်များအရ စိုင်းကျော်မြင့်ဦး၊ စိုင်းဆမ်နှင့် စိုင်းအိုက်တို့ သုံးဦးသည် နေပြည်တော်၊ မန္တလေးနှင့် ပြင်ဦးလွင်တို့တွင် တစ်ပြိုင်တည်း ဗုံးဖောက်ခွဲရန် ကြိုတင်ကြံစည်၍ ပြည်သူများ ထိခိုက်သေကျေစေရန်၊ ထိတ်လန့်ကြောက်ရွံ့ကြပြီး အလုပ်ပျက် အကိုင်ပျက် ဖြစ်စေရန် ရည်ရွယ်၍ ဖောက်ခွဲမည့်ကားကိုလူစည်ကားရာမန္တလေး ဈေးချိုတိုက်တန်း ရှေ့တွင်ထား၍ ဖောက်ခွဲခဲ့ခြင်းဖြစ်
    ကြောင်း တွေ့ရှိရသည်။

    ဖောက်ခွဲမှုသုံးခုကို ပူးပေါင်းကြံစည် ကျူးလွန်ခဲ့သည့် တရားခံ သုံးဦး၏ ပုံပန်းသဏ္ဌာန်မှာ စိုင်းဆမ်- အသက် ၂၅နှစ်၊ အရပ် ၅ ပေ ၅လက်မ၊ အသားဖြူ၊ ဝဲမျက်စိဘေးတွင် အမာရွတ် တစ်ခုရှိ၊ စိုင်းအိုက်- အသက် ၂၅နှစ်၊ အရပ် ၅ ပေ ၃လက်မ၊ ဆံပင်ဘိုကေ၊ အသားဖြူ၊ ပါးတွင် တင်းတိပ်များရှိ၊ စိုင်းကျော်မြင့်ဦး- အသက် ၂၅နှစ်၊ အရပ် ၅ ပေ ၄လက်မ၊ ဆံပင် ကုပ်ထောက်၊ နဖူးကျယ်၊ နှာတံပေါ်၊ အသားလတ်၊ စကားဝဲ။ အဆိုပါ တရားခံသုံးဦးအား ဖမ်းဆီးရမိရေးအတွက် တာဝန်ရှိသူများက ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ တာဝန်သိပြည်သူများအနေဖြင့် မသင်္ကာသူ တွေ့ရှိပါက အမြန်ဆက်သွယ် သတင်းပေးပို့ကြပါရန် ဇွန်လ ၂၉ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။

    Credit to မြတ်လေးငုံ

  • ဆူး

    June 30, 2011 at 7:19 am

    ဘယ်လို အတွေးနဲ့ စိတ်ကူးတွေလဲ မသိဘူး.. ပါးကိုက်လို့ နားကိုက်ချင်ရင် တခြားနည်းနဲ့ ကိုက်ပေါ့..

  • pan pan

    June 30, 2011 at 9:05 am

    ဗုံးပေါက်တော့ ကြားထဲကမဆိုင်သူတွေထိမှာ စိုးရိမ်စရာ
    အရင်ရန်ကုန်မှာ ၃နေရာဗုံးပေါက်တုန်းကဆို ထိတဲ့လူတွေ သိပ်သနားဖို့ကောင်းတာ

  • cobra

    June 30, 2011 at 9:50 am

    ပေါက်လဲပေါက်နိုင်တဲ့ဗုံးတွေပြည်သူတွေကိုမသနားကြတော့ဘူးလား….။

  • cobra

    June 30, 2011 at 10:00 am

    ပေါက်လဲပေါက်နိုင်တဲ့ဗုံးတွေ
    ပြည်သူတွေကိုမသနားကြတော့ဘူးလား….။

  • mihninlay

    June 30, 2011 at 10:24 am

    လုပ်တဲ့သူကဘယ်သူရယ်လို ့သေချာမသိပေမယ့်ဒီလိုမဆိုင်တဲ့နေရာတွေမှာလုပ်တာတော့အထိနာတာပြည်သူတွေပဲလေ….တကယ်လုပ်ချင်ရင်သူတို ့ရဲ ့အဓိကနေရာတွေမှာသွားလုပ်ပါလား…မဟုတ်လဲတခြားတိုင်းပြည်တွေလိုအသေခံပြီးဝင်လုံးဖက်ပြီးမှဖေါက်ခွဲပစ်လိုက်ပါလား…

  • nature

    June 30, 2011 at 3:23 pm

    လူတွေမသေဘူးဆိုတော်သေးတာပေါ့။ပထမအဆင့်ထိတ်လန့်ရုံ သတိပေးတာဖြစ်နိူင်တယ်။

Leave a Reply