ကျန်းမာရေး အလှူဒါနတစ်ခု

weiweiJune 30, 20111min20217

ကျွန်မအနေနဲ့ မြန်မာနိုင်တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ မသိပေမယ့် လက်လှမ်းမှီသလောက် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ နာရေးကူညီမှုအသင်းများမှ ဦးစီးပြီး အခမဲ့ဆေးခန်းတွေ ဖွင့်လှစ်ပြီး ကျန်းမာရေးအလှူပြုလုပ်နေတာကို ကြားသိနေရပါတယ်။

ပြီးခဲ့တဲ့လက ကျွန်မအမေရဲ့ မွေးနေ့အထိမ်းအမှတ်နဲ့ သန်လျင်နာရေးကူညီမှုအသင်းက ကြီးမှူးဖွင့်လှစ်ခဲ့တဲ့ မေတ္တာရိပ် အခမဲ့ဆေးပေးခန်းကို ရောက်ရှိပြီး တစ်ရက်တာ ဆေးဖိုးလှူဒါန်းခဲ့ပါတယ်။ ကြုံတုန်း စပ်စုခဲ့ရသလောက် ဆေးခန်းမှာ ဆရာဝန် ၁၅ ဦးရှိပါတယ်။ အထွေထွေရောဂါကု ဆရာဝန် ရ ဦးက တစ်ရက်ကို တစ်ဦးနဲ့ ရ ရက်လုံး ဆေးခန်းထိုင်ပေးပါတယ်။ သွားနဲ့ခံတွင်းဆေးခန်းလဲရှိပြီး သွားဆရာဝန် ၂ ဦးက အလှည့်နဲ့ ထိုင်ကြပါတယ်။ OG အထူးကုဆရာဝန်၊ အရိုးအထူးကုဆရာဝန်နဲ့ တခြားအထူးကုဆရာဝန်တွေလဲ အလှည့်နဲ့ ဆေးခန်းထိုင်ပေးကြပါတယ်။

ဆေးခန်းအတွက် သီးသန့်အဆောက်အဦးတစ်ခုဖြင့် သပ်သပ်ရပ်ရပ်ဆောက်လုပ်ထားပါတယ်။ ဆေးဖိုး တစ်နေ့တာအတွက် ၃ သောင်းသတ်မှတ်ထားလို့ ကျွန်မအမေက တစ်ရက်တာ ဆေးဖိုး သုံးသောင်းနဲ့ လူနာလာပြသူနဲ့ လူနာရှင်များကို အာဟာရဒါန နွားနို့၊ ကွေကာဥနှင့် ပေါင်မုန့်အတွက် ကုန်ကငွေ သုံးသောင်း လှူဒါန်းဖြစ်ခဲ့ပါတယ်။ အလှူရှင်တွေ နေ့စဉ်နီးပါးရှိနေတယ်လို့ သိရပါတယ်။ ဆရာဝန်ကြီးတွေကလဲ အခမဲ့လာထိုင်ပေးတာဖြစ်ပါတယ်။ ဆေးရုံတစ်ရုံမှာရှိသင့်တဲ့ ပစ္စည်းကိရိယာများကိုလည်း အလှူရှင်များမှ လှူဒါန်းထားကြပါတယ်။

အခုခေတ်မှာ ပရဟိတအလုပ်တွေကို အားကြိုးမာန်တက်ဦးဆောင်လုပ်ပေးကြတဲ့သူတွေ များပြားလာပါတယ်။ ချမ်းသာတဲ့သူတွေကလဲ အလှူဒါနကို ရက်ရက်ရောရောပေးလှူကြပါတယ်။ ကျွန်မတို့လို သာမန်လူတန်းစားတွေကလဲ လူမှုရေးအလှူတွေမှာ တစ်တပ်တစ်အား ပါဝင်ကုသိုလ်ယူကြတာကို တွေ့ရတာ ဝမ်းသာကြည်နူးစရာပါ။

ရွာထဲကသူတွေလဲ တခြားမြို့ရွာတွေမှာရှိတဲ့ လူမှုရေးအလှူဒါနအကြောင်း သိသလောက်ဝင်ဆွေးနွေးပေးရင်း မရှိသေးတဲ့ဒေသတွေမှာလဲ အားကျပြီး လုပ်ဆောင်ကြခြင်းဖြင့် ကျန်းမာရေးဒုက္ခအပေါင်းက ကင်းဝေးနိုင်ကြပါစေလို့ ဆန္ဒပြုရင်း ဒီပို့စ်ကို ရေးတင်လိုက်ရခြင်းဖြစ်ပါတယ်။

(ကင်မရာမယူသွားခဲ့လို့ ဓါတ်ပုံမပြနိုင်ခဲ့ဘူး .. နောက်တစ်ခေါက်သွားဖြစ်ရင် ဓါတ်ပုံရိုက်ခဲ့ပါအုန်းမယ်)

17 comments

  • eros

    June 30, 2011 at 5:46 am

    သာဓု သာဓု သာဓု

  • nozomi

    June 30, 2011 at 6:02 am

    မဝေကြီး သာဓု ၃ ခါ ခေါ်ပါတယ်နော် အဲဒီဆေးခန်းက ဘယ်မှာရှိလဲ တတ်နိုင်သလောက်လှူလို့ရတာပေါ့ နောက် ရန်ကုန်မှာ လူမှုရေး၊ကျန်းမာရေး၊ပညာရေးတို့အတွက်လှူလို့ရတဲ့နေရာလေးတွေ (တကယ်လုပ်ပြီး တကယ်လိုတဲ့နေရာ)စာရင်းလေး တွေတင်ပေးရင်ကောင်းမယ် ကိုယ်တိုင်လှူနိုင်သလို သူများကိုလည်း ညွှန်းလို့ရတာပေါ့

    • weiwei

      June 30, 2011 at 6:06 am

      သန်လျင်က နာရီစင်မှတ်တိုင်နားမှာ ပန်းခြံတစ်ခုရှိတယ် … အဲဒီဘေးနားမှာ မေတ္တာရိပ်အခမဲ့ဆေးခန်းသို့ လို့ရေးထားတဲ့ ဆိုင်းဘုတ်တစ်ခုရှိပါတယ် …. လမ်းမပေါ်ကနေ မြင်နေရပါတယ် …

  • ဆူး

    June 30, 2011 at 6:32 am

    သွားလေ့လာပြီး လှူနိုင်ဖို့ ကြိုးစား ပါအုန်းမည်။

  • နွယ်ပင်

    June 30, 2011 at 6:39 am

    အရမ်းကောင်းတဲ့ အလှူတစ်ခုပါပဲ မဝေရေ .. သာဓုပါနော် ……….

  • weRone

    June 30, 2011 at 6:59 am

    သာဓု သာဓု သာဓု ပါ။

  • etone

    June 30, 2011 at 8:25 am

    မလိုအပ်တဲ့နေရာမှာ ထင်ပေါ်ချင်လို့ လှူတာထက် ၊ လိုအပ်တဲ့နေရာမှာ လှူပေးတာ ပိုကောင်းပါတယ်… သာဓုပါ သာဓု သာဓုမဝေရေ … ။

  • pan pan

    June 30, 2011 at 8:47 am

    အာရောဂျံ ပရမံလာဘံ ဆိုတော့ လာဘ်ကြီးတစ်ပါးကို လှူတာပေ့ါ
    အရမ်းကောင်းပါတယ်ရှင်……

  • စုံ စုံ

    June 30, 2011 at 9:30 am

    တကယ်လိုအပ်နေတဲ့နေရာကိုလှုလိုက်တာ
    တကယ်ကိုမွန်မြတ်ပါတယ်အမဝေရေ
    နောင်လဲဒီ့ထက်ပိုပြီးလှုနိုင်ပါစေနော်

  • fatty

    June 30, 2011 at 9:37 am

    အင်း … လှုတာကနောက်မှ လောလောဆယ်တော့ သာဓုသာဓု ဆိုပြီး ပွိုင့်တွေယူသွားကြတာမနဲဘူး။

  • padonmar

    June 30, 2011 at 12:43 pm

    သာဓုခေါ်လို့ရတဲ့ ၁ဝ တွေစုပြီး လှူရင် ကျေရောပေါ့နော်။ 😀

  • nature

    June 30, 2011 at 5:39 pm

    ကောင်းမှုကုသိုလ်ဆိုတာဖြူစင်ပြီး ကောင်ကျိုးကို ဧကန်ပေးပါလိမ့်မယ်။

  • ဆူး

    July 1, 2011 at 4:14 pm

    နက်ဖန် သွားမယ်။ သွားမယ် အဟေ့… အလှူ သွားလုပ်မယ်.. ဟဲဟဲ.. ဘာမှ ဟုတ်ဘူး ပိုက်ဆံလေး ၅မူး ၁မတ် ဘယ်မှာ သုံး ရမှန်း မသိလို့ လှူ မဲ့ဟာဝင် ကြွားတာ..

  • khinmintatthu

    July 1, 2011 at 5:46 pm

    သာဓုဗျာ…သာဓု…သာဓု….

  • zaw min

    July 1, 2011 at 6:08 pm

    ကောင်းမူတစ်ခု ယခုပြု၊ကောင်းကျိုးချမ်သာ အဖြာဖြာ….လောလောဆယ်တော့ ၁ဝ ယူသွားပါတယ်ခင်ဗျာ၊

  • ဆူး

    July 2, 2011 at 12:16 pm

    ယနေ့ သန်လျင် ကို ရောက်တော့ တနေ့စာ (၃၀.၇.၂၀၁၁) ဆေးဒါန လှူခဲ့ပါတယ်။ ရွာသားများ နဲ့ နတ်လူ သာဓု ခေါ်စေသောဝ်။

  • weiwei

    July 2, 2011 at 2:21 pm

    ပို့စ်တင်လိုက်တဲ့အကျိုးက လက်ငင်းအကျိုးပေးတယ်နော် …
    သာဓု သာဓု သာဓု …

Leave a Reply