ရုတ်တရက် ကြည့်လိုက်ရင် ခြေကျိုးလို့ တောင်ဝှေးထောက်ပြီး တစ်ပေါင်ကျိုး လျှောက်လာနေတယ်လို့ ထင်ရတယ် .. သူ့ အသက်က ဘာရှိသေးလို့တုန်း .. အလွန်ဆုံး ၄၅ ပေါ့ ..

“ဆရာမရေ .. ကျွန်တော် လမ်းကောင်းကောင်းလျှောက်လို့ မရတော့ဘူး .. လေးငါးဆယ်လှမ်းပဲ လှမ်းရသေးတယ် .. ခြေသလုံးထဲက ထိုးကိုက်တက်လာတာ .. တခါတည်း ထိုင်သွားတာပဲ .. ဆရာမဆီကို အခု လာတာတောင် လမ်းမှာ လေးငါးခါ နားခဲ့ရတယ် .. ကယ်ပါဦး ဆရာမရယ် ..”

“ဒီလိုဖြစ်နေတာ ဘယ်လောက် ကြာပြီလဲ ”

“အရင်ကတော့ တော်တော်လေး ဝေးဝေးလျှောက်မှ ဖြစ်တာ .. ခဏ နားလိုက်ရင် ဒါမှမဟုတ် ဆေးပူလေး လိမ်းလိုက်ရင် သက်သာသွားလို့ ဆေးခန်းကို မလာဖြစ်ဘူး .. အခုတော့ နှစ်ပတ်လောက် ရှိပြီ ဝေးဝေး မသွားနိုင်တော့ဘူး ..”

“ကဲ ကုတင်ပေါ်တက် စမ်းကြည့်တာပေါ့ ..” သူ့ခြေထောက်မှာ သွေး အလျှောက်နည်းနေတာ တွေ့ရပါတယ်

“ရှင့်ကို အရင်ကတည်းက ပြောထားသားပဲ ဒီ အန္တရာယ်များတဲ့ ဆေးလိပ်ကို ဖြတ်ပါလို့ .. ရှင့် ယောက်ဖလဲ ဆေးလိပ်ကြောင့် နှလုံးသွေးကြောပိတ်ပြီး သေခဲ့ပြီးပြီ .. နောက်တစ်ယောက်ကလဲ အဆုတ်ကင်ဆာ ဖြစ်ပြီး သေခဲ့ပြီးပြီ .. ဒါတောင်မှ ရှင်က မီးပုံဆက်တိုးချင်တဲ့ ပိုးဖလံလိုပါပဲလား .. ကဲ .. အခု သွေးကြောတွေ ကျဉ်းလာလို့ လမ်းလျှောက်တဲ့အခါ ခြေထောက်က လိုအပ်တဲ့ သွေး မရတဲ့အတွက် နာကျင်တာပဲ .. ဆက် သောက်ရင် .. သွေးကြော ပိတ်သွားရင် ခြေထောက် ဖြတ်လိုက်ရတာအပြင် .. ပိုမရှိတော့ဘူး .. ဒီတော့ ခြေထောက်ဖြတ်မလား .. ဆေးလိပ် ဖြတ်မလား တစ်ခုခုတော့ ဖြတ်ရတော့မယ် .. ”

“ခြေထောက်တော့ မဖြတ်ပါရစေနဲ့ ဆရာမရယ် .. ဆေးလိပ်ကိုပဲ ဖြတ်ပါ့မယ် ..” တတ်သမျှ မှတ်ထားသမျှ လိုက်လံ မေးမြန်းထားသမျှနဲ့ ကုပေးလိုက်တော့ လူကောင်းနီးပါး ပြန်လျှောက်နိုင်ပြီပေါ့ .. ဒါပေမယ့် လူ့စိတ်ဆိုတာ အခက်သား ..

“ဆရာမရယ် .. ကျွန်မယောက်ျားကို ပြောပါဦး ဆေးလိပ်နံ့ ပြန်ရနေပြီ ..”

“ဟုတ်တယ် .. သူများကို ဆေးခန်းလိုက်ပို့ရင်း .. ဆေးခန်းရောက်တဲ့အခါ ဆေးလိပ်နံ့ ပြန်ရနေတယ် .. သူ့ကိုမေးတော့ မသောက်ပါဘူး လို့ ငြင်းတယ် .. ရောင်းတဲ့လူက ကျွန်မကို ပြန်ပြောပြတာပေါ့ .. သူ့ကိုယ်သူ ညာနေတာ .. ကောင်းသွားပြီလို့”

နောက် တနှစ်လောက် အကြာမှာ တော့ “ဆရာမရယ် .. ကျွန်တော် အသက်ရှူလို့ မဝဘူး .. ရင်ထဲမှာ ကျပ်ပြီး မောလာတယ်”

“ဟော ကျွန်မ ပြောခဲ့သားပဲ .. ဆေးလိပ်ရဲ့ အဆိပ် .. နှလုံးထဲ ရောက်ပြီ .. ရှင်လဲ ရှာထားဖွေထားတာ ပြည့်စုံသလောက်ရှိနေပြီ .. ရွှေ၊ ငွေ၊ မိန်းမ၊ ကလေး၊ စိတ်ပူစရာ မလိုတော့ဘူး .. ဒီတော့ ဆေးလိပ် ဆက်သောက်ပြီး အားလုံးကို နှုတ်ဆက်လို့ နောက်လူအတွက် ထားခဲ့မလား .. .. ဆေးလိပ်ဖြတ်ပြီး ရောဂါတွေ ပျောက်အောင် ဆေးဆက်ကုပြီး ဒီမိသားစုနဲ့ ဆက်နေဖို့ ကြိုးစားမလား .. ကြိုက်တာ ရွေးပေတော့”

ရွာသားတို့ဆိုရင် ဘာကို ရွေးမှာလဲ (၂၀၀၄ ခုနှစ် အောက်တိုဘာလမှာ ရေးခဲ့တယ် .. သူလဲ အခုတော့ ဆေးလိပ် ပြတ်သွားပါပြီ .. မြေး ထိန်းနေရပြီ)

About moethidasoe

moe thidasoe has written 34 post in this Website..