Violence, Non-Violence and Terrorism – ခင်မမမျိုး

kaiJuly 2, 20114min1478

တခါတုန်းက မိုးကုတ်က သူငယ်ချင်းဆီ အလည်သွားဖြစ်ခဲ့ပါတယ်။ သူငယ်ချင်းတို့ ရပ်ကွက်မှာက လီဆူး လူမျိုးတွေ အများအပြား နေထိုင်ပါတယ်။ ဒါနဲ့ သူငယ်ချင်းက သူ့သူငယ်ချင်းတွေနဲ့ ထပ်မိတ်ဆက်ပေးရင်း အိမ်တအိမ်က ကျွန်မကို ထမင်းစားဖိတ်ပါတယ်။ ထမင်းဝိုင်းမှာ ပျော်ပျော်ပါးပါး စားသောက်ကြရင်း ပြန်ခါနီးတော့ အိမ်ရှင်ကောင်မလေးက ကျွန်မသူငယ်ချင်းကို လှမ်းမေးပါတယ်။ နက်ဖြန် ထာပွဲသွားမလား ဆိုပြီးတော့ပါ။ အဲဒီအချိန်မှာ ကျွန်မက ထာပွဲဆိုတာကို ပွဲတော်တခုခုလို့ ထင်သွားပါတယ်။ ဒါနဲ့ ပွဲရှိတာလား။ ကျွန်မလဲ လိုက်ချင်တယ်လို့ မနေနိုင်၊ မထိုင်နိုင် ဝင်ပြောမိပါတယ်။ အဲဒီကောင်မလေးက ပြုံးစိစိ ဖြစ်သွားပြီး၊ သူငယ်ချင်းကို လှမ်းကြည့်ပါတယ်။ နောက်မှ သိရတာက ထာပွဲဆိုတာ မိုးကုတ်မှာ ရှေးတုန်းက ကျောက်တွေပြရင် ထာလို့ ခေါ်တဲ့ ကြေးလင်ဗန်းကြီးတွေနဲ့ ထည့်ပြလေ့ရှိတာကြောင့် ကျောက်မျက်ရတနာတွေ အရောင်းအဝယ် လုပ်ကြတဲ့ နေရာကို ထာပွဲလို့ ခေါ်ကြတာပါတဲ့။ ဒီတုန်းက တွေးလိုက်မိပါတယ်။ မြန်မာစကားကို မြန်မာလို ပြောပေမယ့်လဲ ဒေသအခေါ်အဝေါ်၊ အခြေခံသဘောတရားတွေပေါ်မှာ မူတည်ပြီး ပြောသူနဲ့ နားလည်သူတွေအကြားမှာ နားလည်မှုလွဲတာတွေ ရှိနိုင်တယ် ဆိုတာကိုပါပဲ။

ခုလဲ မြန်မာလို ရေးမယ့် ဆောင်းပါးမှာ ကိုးလို့ကန့်လန့်နဲ့ အင်္ဂလိပ်လို ခေါင်းစဉ် တပ်ထားရပါတယ်။ အကြောင်းရင်းကတော့ ဒီခေါင်းစဉ်ကို မြန်မာလို ဘာသာပြန်လိုက်တာနဲ့ ဝေါဟာရ နောက်ကွယ်က အခြေခံသဘောတရားတွေနဲ့ ကွဲလွဲတဲ့ အဓိပ္ပာယ်ကောက်ယူမှုတွေ ဖြစ်လာနိုင်စေလို့ပဲ ဖြစ်ပါတယ်။ ကျွန်မတို့ မြန်မာစကားမှာ အင်္ဂလိပ်ဘာသာကနေ ဘာသာပြန်ယူထားတဲ့ စကားတွေ ရှိပါတယ်။ တချို့စကားလုံးတွေကျတော့လဲ တိုက်ရိုက်ပြန်ဆိုထားကြပါတယ်။ ဥပမာ- မော်တော်ကား (Motorcar)၊ ကွန်ပျူတာ (Computer)၊ ဒီမိုကရေစီ (Democracy) စတဲ့ စကားလုံးတွေပါ။ တချို့စကားလုံးတွေကျတော့လဲ ဆီလျော်အောင် ဘာသာပြန်လိုက်ကြပါတယ်။ ဒါပေမယ့် တခါတလေမှာ ဆီလျော်အောင် ဘာသာပြန်လိုက်ရင် ဘာကြီးမှန်း မသိတာတွေလဲ ထွက်လာတတ်ပါသေးတယ်။ ဥပမာ- ကွန်ပျူတာ ဘာသာရပ်မှာ Hardware ကို အမာထည်၊ Software ကို အပျော့ထည်လို့ ဘာသာပြန်ထားတာတွေ ဖြစ်ပါတယ်။ ကျွန်မ ရှစ်တန်းလောက်မှာ ကွန်ပျူတာဆိုတာကြီးကို စသင်ရတော့ အဲဒီအမာထည်၊ အပျော့ထည် ဆိုတာကြီးကို စကြားရတဲ့အခါ ကျွန်မနားထဲမှာ ဘယ်လို ဖြစ်မှန်းကို မသိဘူး။ အပျော့ထည်ဆိုတော့ ပျော့စိစိကြီး ဖြစ်လို့နေမှာ၊ ဘာကြီးလဲပေါ့။

အခုလဲ ဆီလျော်အောင် ဘာသာပြန်ထားကြရင်း ရှုပ်ထွေးနေတဲ့ ဝေါဟာရတွေ ရှိနေပါတယ်။ Violence ဆိုတာကို အကြမ်းဖက်မှု၊ Non-Violence ဆိုတာကို အကြမ်းမဖက်မှု၊ Terrorism ဆိုတာကိုလဲ အကြမ်းဖက်မှု ဆိုပြီး ဘာသာပြန်လေ့ရှိကြပါတယ်။ ဒီတော့ အကြမ်းဖက်မှုလို့ ဆိုလိုက်တာနဲ့ ဆိုလိုတာက Violence ကို ဆိုလိုချင်တာ ဖြစ်ပေမယ့် လူအများက Terrorism လို့ မြင်သွားတာလဲ ရှိပါတယ်။ Political Violence အမျိုးအစားတမျိုးဖြစ်တဲ့ လက်နက်ကိုင်တော်လှန်ရေး (Armed Struggle) ကို ရည်ညွှန်းပြီး၊ လုပ်ဆောင်နေသူများကို အကြမ်းဖက်တယ်လို့ ဆိုလိုက်ရင်လဲ ဒါက Terrorist လို့ ပြောလိုက်သလို ဖြစ်သွားပြန်ပါတယ်။ ဒီအခြေအနေတွေကို State Terrorism ကျူးလွန်နေတဲ့ အာဏာပိုင်အဖွဲ့အစည်းတွေက အခွင့်ကောင်းယူပြီး၊ လက်နက်ကိုင်တာနဲ့တင် Terrorist ဖြစ်အောင် မလိမ့်တပတ် တံဆိပ်ကပ်မှုတွေ လုပ်လာပါတော့တယ်။

ဒီပြဿနာတွေဟာ နိုင်ငံရေးအဖွဲ့အစည်းတွေကြားထဲမှာ၊ လူ့အဖွဲ့အစည်းအတွင်းမှာ တိုးတိုးကြိတ်ကြိတ် ငြင်းခုန်မှုတွေ၊ အမြင်ကွဲလွဲမှုတွေ ဖြစ်တတ်တဲ့ ပြဿနာ တရပ်ဖြစ်ပါတယ်။ များသောအားဖြင့် လူအများက အကြမ်းမဖက်ဘူးဆိုတာကို Non-Violence, အကြမ်းဖက်မှုဆိုတာကို Terrorism လို့ပဲ တွဲပြီး မှတ်ယူသွားတတ်ကြပါတယ်။ ဒီတော့ Non-Violence မဟုတ်ရင်ပဲ Terrorism လို့ ကောက်ချက်ချနေသူတွေလဲ ရှိလာပြန်ပါတယ်။ ကြာရင် ဒီပြဿနာဟာ အကျယ်၊ အကျယ်ဖြစ်လာပြီး မလိုလားအပ်တဲ့ အပြန်အလှန် ငြင်းခုန်မှုတွေ၊ နိုင်ငံရေး သွေးကွဲမှုတွေဆီကို ဦးတည်သွားနိုင်ပါတယ်။ ဒါတွေ မြစ်ဖျားခံလာတဲ့ Violence, Non-Violence နဲ့ Terrorism တို့ရဲ့ အခြေခံ သဘောတရားတွေကတော့ ဒီလို ရှုပ်ထွေးမှုတွေ မရှိပါ။ သဘောတရားအချင်းချင်း အငြင်းပွားမှုတွေ ရှိပေမယ့် Violence နဲ့ Terrorism အကြားမှာတော့ ထင်သာ မြင်သာတဲ့ ကွဲလွဲမှုတွေ ရှိပါတယ်။

Violence ဆိုရာဝယ်

Violence ဆိုတာ ထိခိုက်မှုတစုံတရာကို ဖြစ်ပွားစေတဲ့ အင်အားအသုံးပြုမှု ဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးကတော့ Violence ဆိုတာ မိမိကိုယ်တိုင်ဖြစ်စေ၊ အခြားသူတယောက်ကိုဖြစ်စေ၊ အခြားလူအုပ်စု (သို့မဟုတ်) လူ့အဖွဲ့အစည်းကို ဖြစ်စေ ထိခိုက်ဒဏ်ရာရစေမှု၊ သေဆုံးစေမှု၊ စိတ်ဒဏ်ရာရစေမှု၊ ဖွံ့ဖြိုးတိုးတက်ရေး နှောင့်နှေးစေမှုတို့ကို ဖြစ်ပွားစေသည့် အင်အားအသုံးပြုမှုလို့ အဓိပ္ပာယ်ဖွင့်ဆိုခဲ့ပါတယ်။ Violence သဏ္ဍာန်တွေမှာ လူတဦးနဲ့တဦး လက်သီးနဲ့ထိုးကြိတ်တာ၊ တုတ်နဲ့ ရိုက်နှက်တာတွေကနေ သေစေနိုင်တဲ့ လက်နက်ခဲယမ်းတွေကို အသုံးပြုပြီး တိုက်ခိုက်တာတွေအထိ ပါဝင်ပါတယ်။

လူအများက Violence လို့ ဆိုလိုက်ရင် ဗုံးခွဲတာတွေ၊ လေယာဉ်ပြန်ပေးဆွဲတာတွေကိုပဲ ဆက်စပ်တွေးမိသွား တတ်ကြပါတယ်။ ဒါတွေက Violence အမျိုးအစားတမျိုးဖြစ်တဲ့ terrorism နဲ့ သဘောတရား ရောထွေးနေလို့ ဖြစ်ပါတယ်။ (terrorism က Violence ရဲ့ အမျိုးအစား တမျိုးသာ ဖြစ်ပါတယ်။ Violence မှာ မတရားဖိနှိပ်ခံရမှုကို လက်နက်ကိုင်ပြီး ခုခံတော်လှန်ရတဲ့ တော်လှန်စစ်လို လိုအပ်ချက်အရ ပေါ်ထွက်လာတဲ့ necessary forms of violence ဆိုတာမျိုးတွေ ရှိသလို၊ အပြစ်မဲ့ ပြည်သူတွေကို စာနာထောက်ထားခြင်းကင်းစွာနဲ့ မလိုအပ်ပဲ တိုက်ခိုက်မှုတွေဖြစ်တဲ့ terrorism လို unnecessary forms of violence တွေလဲ ရှိပါတယ်)

ငြိမ်းချမ်းရေးသိပ္ပံပညာရပ်မှာ violence ဆိုတာကို Direct Violence၊ Structural Violence နဲ့ Cultural Violence ဆိုပြီး သုံးမျိုးခွဲခြားထားပါတယ်။ Direct Violence က ထိုးကြိတ်ရိုက်နှက်မှုတွေ၊ လူသတ်မှုတွေ၊ မုဒိန်းကျင့်မှုတွေ၊ သေနတ်တွေ၊ ဗုံးတွေ၊ စစ်ပွဲတွေနဲ့ သက်ဆိုင်ပါတယ်။ Direct Violence မှာ လူသားတွေရဲ့ အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ ရပ်တည်မှု၊ ကိုယ်စိတ်နှစ်ပါး ကျန်းမာမှု၊ လွတ်လပ်မှု စတာတွေကို ထိခိုက်စေနိုင်တဲ့ ကြိုတင်ရည်ရွယ်ထားသော အင်အားအသုံးပြုမှု ပါဝင်ပါတယ်။ Direct Violence ကြောင့် နှစ်စဉ်လူသား (၁.၆) သန်းခန့် သေဆုံးတယ်လို့ သုတေသနပညာရှင်တွေက စစ်တမ်း ကောက်ယူဖော်ပြထားခဲ့ကြပါတယ်။ Direct Violence ဟာ ကျူးလွန်သူတွေ၊ သားကောင်တွေ၊ မိသားစုဝင်ကို သာမက လူ့အဖွဲ့အစည်း၊ စီးပွားရေးအခြေအနေနဲ့ သဘာဝပတ်ဝန်းကျင်ကိုပါ ထိခိုက်စေပါတယ်။

ထိုးကြိတ်ရိုက်နှက်မှုတွေ၊ လက်နက်ပစ္စည်းတွေ အသုံးပြုတဲ့ Direct Violence ကသာ လူသားတွေရဲ့ အခြေခံ လိုအပ်ချက်တွေကို ထိခိုက်စေနိုင်တာ မဟုတ်ပါဘူး။ နိုင်ငံတနိုင်ငံမှာ ရှိနေတဲ့ လူမှုစီးပွား နဲ့ နိုင်ငံရေး သဏ္ဍာန် (socio-economic and political structures) တွေကလဲ လူသားတွေရဲ့ ရှင်သန်ရပ်တည်မှုကို ထိခိုက်စေနိုင်ပါတယ်။ Structural violence တွေဟာ လူ့အဖွဲ့အစည်းရဲ့ အဆင့်တိုင်းမှာ ရှိပြီး၊ လူမှုစီးပွား အခွင့်အရေးတွေ ချိုးဖောက်ခံရခြင်းနဲ့ သက်ဆိုင်ပါတယ်။ လုံခြုံစိတ်ချရမှုကင်းမဲ့ပြီး ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ လုပ်ငန်းခွင်တွေမှာ အလုပ်လုပ်ရခြင်းဟာလဲ Violence လုပ်ခံရခြင်းပဲ ဖြစ်ပါတယ်။

လူမှုစီးပွားနဲ့ နိုင်ငံရေးသဏ္ဍာန်တွေမှာ မြှုပ်နှံထားတဲ့ structural violence တွေကို hidden repression အနေနဲ့ သတ်မှတ်ခေါ်ဝေါ်ကြပါတယ်။ လူမှုရေး တန်းတူညီမျှခြင်း မရှိမှု၊ လူတန်းစားအလွှာ ကွာဟချက်ကြီးမှု၊ ကျားမခွဲခြား သတ်မှတ်မှု၊ အတင်းအကြပ်စစ်မှုထမ်းဥပဒေများ ပြဌာန်းမှု၊ ပညာရေး-ကျန်းမာရေး ဝန်ဆောင်မှုအားနည်းမှု၊ အလုပ်အကိုင်ရရှိရေး၊ ရာထူးတိုးမြှင့်ရေးစတာတွေမှာ တူညီသောအခွင့်အလမ်း မရှိမှု စတာတွေဟာ သက်ဆိုင်ရာ တိုင်းပြည်မှာ structural violence ရှိနေတဲ့ သွင်ပြင်လက္ခဏာတွေပဲ ဖြစ်ပါတယ်။ Structural violence ရှိနေတဲ့ တိုင်းပြည်မှာ ဆင်းရဲနွမ်းပါးမှုနဲ့ လူအများဘဝအနာဂတ် ပျောက်ဆုံးမှုတွေ ကြုံတွေ့လာရတတ်ပါတယ်။ အသက်ရှင် ရပ်တည်နေရပေမယ့် ကိုယ်စိတ်နှစ်ပါး ကျန်းမာမှု မရှိပဲ၊ လွတ်လပ်မှုတွေ ပျောက်ဆုံးနေတာဟာ exploitative or repressive structures တွေရဲ့ ဖိနှိပ်မှုတွေကို ခံစားရလို့ဖြစ်ပါတယ်။

နောက်ထပ် Violence တခုကတော့ cultural violence ဖြစ်ပါတယ်။ cultural violence ဆိုတာ ယဉ်ကျေးမှု မတူညီသော အုပ်စုတွေ အချင်းချင်း တိုက်ခိုက်နေတာကို ဆိုလိုတာ မဟုတ်ပါဘူး။ ဒီလိုတိုက်ခိုက်နေရင်တော့ ဒါက Direct Violence ခေါင်းစီးအောက် ရောက်သွားမှာပါ။ Cultural Violence ဆိုတာက direct violence နဲ့ structural violence နှစ်မျိုးကို အားပေးထောက်ခံခြင်း (သို့မဟုတ်) လက်ခံစေခြင်းရှိတဲ့ ဘာသာရေးယုံကြည်ချက်၊ နိုင်ငံရေးအတွေးအခေါ်၊ အနုပညာ၊ သိပ္ပံပညာနဲ့ ဘာသာစကားတွေ ရှိနေခြင်းကို ဆိုလိုတာ ဖြစ်ပါတယ်။ ဥပမာ- ရန်သူကို တိရစာ္ဆန်တွေ၊ ရောဂါဘယဆိုးတွေနဲ့ နှိုင်းယှဉ်တတ်မှု၊ ပဋိပက္ခတွေ ဖြစ်ပွားချိန်မှာ ငါနဲ့မတူ ငါ့ရန်သူလို သဘောထားတတ်မှု၊ သူတပါးကို ခွဲခြားဆက်ဆံတတ်မှု၊ အာဏာအလွဲ သုံးစားပြုတတ်မှု၊ မတရားဖိနှိပ်ခံရခြင်းကို မိမိတို့ အားနည်းချက်ဟု ယူဆပြီး လက်ခံမှု စတာတွေ ဖြစ်ပါတယ်။

structural violence ကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေဟာ လက်နက်ကိုင်တော်လှန်ရေးကို ဦးတည်သွားစေတဲ့ အခြေခံအကြောင်းတရားတွေ ဖြစ်လာတတ်ပါတယ်။ Direct Violence ဟာ ပြုမူဆောင်ရွက်ပုံ (Behaviour) တွေကို သက်ရောက်စေနိုင်ပြီး၊ Cultural Violence က အမြင်သဘောထား (attitudes) တွေကို သက်ရောက်စေတတ်ပါတယ်။ ဒါကြောင့် ပဋိပက္ခတွေကို ဖြေရှင်းတဲ့အခါ၊ ပြုမူဆောင်ရွက်မှုတွေကို ပြောင်းလဲပြီး Direct Violence ကို အဆုံးသတ်ခြင်း၊ structure ဆိုင်ရာ ဖိနှိပ်ချုပ်ခြယ်မှု၊ မတရားမှုတွေကို ဖယ်ရှားပြီး structural violence ကို အဆုံးသတ်ခြင်းနဲ့ အမြင်သဘောထားတွေကို ပြောင်းလဲပြီး cultural violence ကို အဆုံးသတ်ခြင်းတွေကို ဘက်စုံထောင့်စုံ ပြုလုပ်ဖို့ လိုပါတယ်။

Non-Violence ဆိုရာဝယ်

Non-Violence ဆိုတဲ့ သဘောတရားဟာ ကမ္ဘာပေါ်မှာ ရှေးနှစ်ပေါင်းများစွာ ကတည်းက ပေါ်ပေါက်နေတဲ့ သဘောတရားတရပ် ဖြစ်ပါတယ်။ ကိုးကွယ်ယုံကြည်မှုဆိုင်ရာ ဘာသာတရား အများစုမှာ Non-Violence သဘောတရားတွေ ပါဝင်နေပါတယ်။ Non-Violence နဲ့ ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ အများအပြား ရှိပါတယ်။ အယူအဆတွေ၊ ရှုမြင်သုံးသပ်မှုတွေ အများအပြားရှိပါတယ်။ ငြိမ်းချမ်းရေး သဘောတရား ဖြစ်ထွန်းမှုပေါ်မှာ မူတည်ပြီး Non-Violence ကို အနက်အဓိပ္ပာယ်ဖွင့်ဆိုကြရာမှာ ပညာရှင်တွေက ခြောက်မျိုးခွဲခြားထားကြပါတယ်။

ပထမတမျိုးကတော့ Non-Violence ဆိုတာ စစ်မဖြစ်ရန် ကာကွယ်ခြင်း ဖြစ်ပါတယ်။ စစ်ဆိုတာက Violence ဖြစ်စေတဲ့အတွက် စစ်မဖြစ်ရန် ကာကွယ်တဲ့ ဘယ်လိုလုပ်ငန်းဆောင်တာမဆို Non-Violence action ပဲ ဖြစ်တယ်လို့ ဆိုကြပါတယ်။။ နယူးကလီးယား deterrence strategy ဟာလဲ Non-Violence လုပ်ငန်းဆောင်တာဖြစ်တယ်လို့ သတ်မှတ်ကြပါတယ်။ စစ်အေးတိုက်ပွဲကာလမှာ နယူးကလီးယား လက်နက်တွေသာ မရှိခဲ့ရင် ကမ္ဘာစစ်နောက်တကြိမ် ထပ်ဖြစ်သွားနိုင်တာကြောင့် nuclear deterrence strategy ဟာ စစ်ပွဲကို ကာကွယ်ပေးခဲ့တယ်လို့ စစ်ဘက်ခေါင်းဆောင်များနဲ့ စစ်အေးတိုက်ပွဲကာလ ပညာရှင်အချို့က သုံးသပ်ကြတာ ဖြစ်ပါတယ်။

Non-Violence ဆိုတာကို International System ချိန်ခွင်လျှာ ညီလာအောင် ထိန်းကျောင်းပေးတဲ့ အနေနဲ့ အဓိပ္ပာယ်ဖွင့်ဆို သတ်မှတ်ကြပါတယ်။ non-violence သဘောတရားကို အခြေခံပြီး စစ်ဖြစ်လာရင်တောင် ဒီစစ်ဟာ war without weapons ဖြစ်တဲ့အတွက် နိုင်ငံတကာရေးရာမှာ ပါဝါချိန်ခွင်လျှာ ညီမျှလာအောင် လုပ်ဆောင်ပေးနိုင်တယ်လို့ ယူဆ သတ်မှတ်ကြပါတယ်။ အချို့သော နိုင်ငံရေး၊ စီးပွားရေး စနစ်တွေမှာ Violence က ဒွန်တွဲ ပါနေတာဖြစ်တဲ့အတွက် ဒီစနစ်တွေကို ပြုပြင်ပြောင်းလဲနိုင်ရေးဟာ ငြိမ်းချမ်းရေး သုတေသန နယ်ပယ်အတွက် အခြေခံအကျဆုံး လုပ်ငန်းဆောင်တာ ဖြစ်ပါတယ်။ ဒီလို Structural Violence မရှိအောင် ပြုလုပ်ခြင်းကို Structural Non-violence အဖြစ် အဓိပ္ပာယ် ဖွင့်ဆိုကြပါတယ်။

feminists တွေက မိသားစုဘဝကနေ အစပြုပြီး လူ့အဖွဲ့အစည်းအတွင်းမှာ violence အမြစ်တွယ်နေတာကို ထောက်ပြ ဝေဖန်ခဲ့ကြပြီး၊ အမျိုးသမီးတွေကို ခွဲခြားဆက်ဆံတဲ့ Patriarchy စနစ်ဟာ violence ဖြစ်တယ်လို့ ဆိုခဲ့ကြပါတယ်။ Non-Violence ပြုမူဆောင်ရွက်မှုတွေဟာ လူတဦးနဲ့ တဦးအကြားက ဆက်ဆံရေး၊ လူတဦးချင်းနဲ့ နိုင်ငံအကြားက ဆက်ဆံရေးတွေမှာပါ လိုအပ်တယ်ဆိုတာကို ထောက်ပြထားတဲ့ feminist non-violence အဓိပ္ပာယ်ဖွင့်ဆိုချက်တွေလဲ ရှိပါတယ်။ Holistic Gaia Peace ဆိုတဲ့ ရှုထောင့်ကနေ ကြည့်ရှုပြီး non-violence ဆိုတဲ့ သဘောတရားမှာ နိုင်ငံတော်ကနေ လူပုဂိ္ဂိုလ်တဦးချင်းအထိ လုပ်ဆောင်ကြတဲ့ non-violent actions တွေအားလုံးနဲ့ Non-violent political and economic structures များ ဖြစ်ပေါ်လာရေး လုပ်ဆောင်ချက်တွေ အားလုံးပါဝင်တယ်လို့ သတ်မှတ်ကြပါတယ်။ လူပုဂိ္ဂုလ်အချင်းချင်းသာမက သက်ရှိသတ္တဝါလောကနဲ့ ဆက်စပ်မှုတွေမှာပါ non-violence ဖြစ်ရမယ်လို့လဲ ရှုမြင်ကြတာကြောင့် environmentalism, vegetarianism စတဲ့ ဝါဒတွေမှာ ထပ်ပြီး ပေါ်ထွက်လာပါတယ်။

Holistic Inner and Outer Peace ဆိုတဲ့ ရှူထောင့်ကနေ ကြည့်ရှူပြီး non-violence ဆိုတဲ့ သဘောတရားကို ဘဝဒဿန အနေနဲ့ အနက်အဓိပ္ပာယ်ဖွင့်ဆိုတာလဲ ရှိပါတယ်။ လှုပ်ရှားမှုတွေမှာ ခေါင်းဆောင်တွေက ဒီရှုထောင့်အမြင်တွေကို ကိုင်စွဲပြီး nnon-violence ဟာ လှုပ်ရှားမှုရဲ့ အသက်သွေးကြော အဖြစ် ကျင့်သုံးမှုတွေလဲ ရှိပါတယ်။ ရုရှားက Izo Tolstoy၊ အမေရိကန် ပြည်ထောင်စုက Henry David Thoreau၊ အိန္ဒိယက မဟတ္တမ ဂနီ္ဒ၊ အမေရိကန်ပြည်ထောင်စုက Martin Luther Kingနဲ့ Cesar Chavez ဆိုတဲ့ နိုင်ငံရေးခေါင်းဆောင်တွေက non-violence ဆိုတဲ့ သဘောတရားကို လှုပ်ရှားမှု Tactic တခုအနေနဲ့တင် မဟုတ်ပဲ၊ အသက်သွေးကြောအနေနဲ့ ယုံကြည်သက်ဝင်ကြတာ ဖြစ်ပါတယ်။ သူတို့ရဲ့ ကိုယ်ပိုင်ဘဝမှာပါ ဘဝဒဿနအနေနဲ့ လက်ခံ ကျင့်သုံးကြတာ ဖြစ်ပါတယ်။

ဒီလို Non-Violence သဘောတရားတွေကို ရှုထောင့်အမျိုးမျိုးကနေ အနက်အဓိပ္ပာယ်ဖွင့်ဆိုကြ၊ ကိုယ်ပိုင်လက်တွေ့ဘဝက အစပြုလို့ ကမ္ဘာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအထိ နည်းမျိုးစုံနဲ့ အသုံးပြုကြရာမှာ အောင်မြင်ခဲ့တာတွေ ရှိသလို၊ မအောင်မြင်ခဲ့တာတွေ။ အားနည်းချက်ရှိခဲ့တာတွေလဲ ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လူ့အဖွဲ့အစည်းမှာ Violence အမြစ်တွယ်နေရင် ထိခိုက်နစ်နာ ဆုံးရှုံးမှုတွေ အများအပြား ဖြစ်စေတတ်တာ၊ Direct Violence ဖြစ်တဲ့ ထိုးကြိတ်ရိုက်နှက်မှုတွေ၊ လက်နက်ကိုင်ဆောင်မှုတွေကြောင့် လူတွေရဲ့ အသက်အန္တရာယ်ကို ဆုံးရှုံးစေတတ်တာ၊ ကိုယ်ခန္ဓာထိခိုက်ပျက်စီးမှုတွေ ဖြစ်စေတတ်တာ၊ Structural Violence ဖြစ်တဲ့ နိုင်ငံရေးစနစ်တွေ၊ လူမှုစီးပွားစနစ်တွေကြောင့်လဲ လူသားတွေရဲ့ လူ့ဂုဏ်သိက္ခာညှိုးနွမ်းမှုတွေ၊ ဆင်းရဲနွမ်းပါးမှုတွေ၊ စီးပွားရေး လက်ဝါးကြီး အုပ်မှုတွေ ဖြစ်လာတတ်တာ၊ Cultural Violence က Direct Violence နဲ့ Structural Violence ကို အားဖြည့်ကူညီပေးမှုတွေ ရှိတတ်တာကိုတော့ ဘယ်သူမှ မငြင်းနိုင်ကြပါဘူး။ ဒါကြောင့် Non-Violence သဘောတရားတွေ လူ့အဖွဲ့အစည်းအတွင်းမှာ ပျံ့ပွားလာခြင်း၊ Non-Violence ယဉ်ကျေးမှုတရပ် လူ့အဖွဲ့အစည်းအတွင်းမှာ ရှင်သန် ထွန်းကားခြင်း ရှိလာမှသာ ငြိမ်းချမ်းရေးတည်ဆောက်နိုင်မယ်လို့ ငြိမ်းချမ်းရေးသိပ္ပံပညာက မီးမောင်းထိုးပြ ထားပါတယ်။

Terrorism ဆိုရာဝယ်

Terrorism ဆိုတာနဲ့ ပတ်သက်ပြီး နိုင်ငံရေးလေ့လာသူတွေ၊ သတင်းနဲ့ စာနယ်ဇင်းသမားတွေ၊ အစိုးရတွေက အဓိပ္ပာယ်များစွာ ဖွင့်ဆိုခဲ့ကြပါတယ်။ Terrorism Studies ဆိုင်ရာမှာ နာမည်ကြီးပညာရှင်တယောက်ဖြစ်တဲ့ Walter Laquer က Terrorism ဆိုတာကို နိုင်ငံရေး၊ ဘာသာရေး၊ ယုံကြည်သက်ဝင်မှုဆိုင်ရာ ရည်မှန်းချက်များပြည့်မှီဖို့အတွက် တရားမဝင်လက်နက် အင်အား အသုံးပြုပြီး အပြစ်မဲ့ပြည်သူတွေကို ဦးတည်တိုက်ခိုက်မှုလို့ အနက်ဖွင့်ဆိုခဲ့တယ်။ Terrorism Studies သင်တန်းအားလုံးမှာ မရှိမဖြစ်သင်ရိုးညွှန်းတမ်းဖြစ်တဲ့ ‘Inside Terrorism’ ဆိုတဲ့ စာအုပ်ကိုရေးသားခဲ့တဲ့ Bruce Hoffman ကလဲ Terrorism ဆိုတာမှာ နိုင်ငံရေးရည်မှန်းချက်ဆိုင်ရာ လှုံ့ဆော်ချက်တွေ၊ Terrorism ရဲ့ သားကောင်တွေ (သို့) ပစ်မှတ်တွေကိုသာမပဲ အများပြည်သူကိုပါ ထိတ်လန့်စေနိုင်တဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်စေမှုတွေ၊ Violence နည်းနဲ့ ဖြေရှင်းမှုတွေ ပါဝင်ကြောင်း ရေးသားထားခဲ့ပါတယ်။

Terrorism ဆိုတာထဲမှာ လက်နက်အင်အားသုံးဖြေရှင်းတဲ့ အခြေခံသဘောတရားပါဝင်တာကြောင့် Terrorists များ ကိုင်စွဲတဲ့ လက်နက်တွေဟာလဲ အမျိုးမျိုး ကွဲပြားခြားနားပါတယ်။ ခေတ်သစ် Terrorismကို လေ့လာတဲ့ လက်နက်ကျွမ်းကျင် ပညာရှင်များကတော့ ဒါတွေကို စစ်သုံးလက်နက်အမျိုးအစားတွေ၊ ပေါက်ကွဲစေနိုင်တဲ့ ဗုံးတွေ၊ အများအပြား သေကျေပျက်စီးစေတဲ့ လက်နက်တွေနဲ့ အသေခံဗုံးဖောက်ခွဲသူတွေဆိုပြီး ခွဲခြားဖော်ပြခဲ့ကြပါတယ်။ စစ်သုံးလက်နက်တေ ွဖြစ်တဲ့ ပစ္စတိုတွေ၊ အေကေ- ၄၇၊ အမ်- ၁၆ တို့လို ချေမှုန်းရေးရိုင်ဖယ်သေနတ်တွေ၊ အစ္စရေးလုပ်အူဇီ၊ အမေရိကန်လုပ် Ingramလို စက်သေနတ်တွေ၊ အာရ်ပီဂျီလို့ အတိုကောက်ခေါ်ကြတဲ့ Rocket-propelled Grenades တွေ၊ အမေရိကန်လုပ် Stingerနဲ့ ဆိုဗီယက်လုပ် Grail တို့လို Precision Guided Munitions လက်နက်မျိုးစုံက်ု Terrorist attacks တွေမှာ အသုံးပြုကြပါတယ်။ ပေါက်ကွဲစေတတ်တဲ့ ဗုံးတွေမှာလဲ စီဇက်က တီထွင်ခဲ့တဲ့ Semtex, အမေရိကန်က တီထွင်ခဲ့တဲ့ Composite-4 (C-4) တို့လို ပလပ်စတစ်ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေ၊ ချိန်ကိုက်ဗုံး၊ ဆွဲမိုင်းစတဲ့ triggers တွေ၊ မိုလိုတော့ဗ်လို့အများက ခေါ်တတ်ကြတဲ့ ဓာတ်ဆီဗုံးတွေ၊ ပိုက်ဗုံးတွေ၊ ကားဗုံးတွေ၊ လေထုဖိအားသုံးပြီး ပေါက်ကွဲစေတတ်တဲ့ ဘာရိုမက်ထရစ်ဗုံးတွေ စသည်ဖြင့် ပါဝင်ပါတယ်။

နောက်တမျိုးကတော့ WMD လို့အတိုကောက်ခေါ်ကြတဲ့ Weapons of Mass Destruction ပါ။ ဒီအထဲမှာ ဓာတုဆိုင်ရာ အေးဂျင့်တွေ၊ ဇီဝဆိုင်ရာအေးဂျင့်တွေ၊ ဓာတ်ရောင်ခြည်ဆိုင်ရာ အေးဂျင့်တွေကနေ နယူးကလီးယား လက်နက်တွေအထိ ပါဝင်ပါတယ်။ 9/11 ဖြစ်ရပ်ပြီးကတည်းက ဖွံ့ဖြိုးပြီးနိုင်ငံတော်တော်များများမှာ ဒီလက်နက်တွေနဲ့ တိုက်ခိုက်မှာကို စိုးရိမ်ကြောင့်ကြမှုတွေ အများအပြား ဖြစ်လာခဲ့ပြီး၊ CBRNE လို့ အတိုကောက်ခေါ်ကြတဲ့ chemical, biological, radiological, nuclear explosives တွေနဲ့ တိုက်ခိုက်မှုတွေဖြစ်လာခဲ့ရင် ပြုလုပ်ရမယ့် စီမံချက်တွေကို ရေးဆွဲလာကြရပါတယ်။

ဒီလို နိုင်ငံတော်လုံခြုံရေးစီမံချက်တွေ ရေးဆွဲနေကြစဉ်မှာပဲ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ နိုင်ငံတော်အကြီးအကဲတွေ၊ ပေါ်လစီရေးဆွဲနေသူတွေအတွက် အချက်ကြီးတချက်ကို ထည့်သွင်းစဉ်းစား လာကြရပြန်ပါတယ်။ ဘာလဲဆိုတော့ အကြမ်းဖက်မှုကို ကျူးလွန်သူတွေထဲမှာ non-state actors တွေ ပါဝင်သလို state actors တွေလဲ ပါဝင်နေတဲ့ အချက်ပါ။ လူအများ သေကြေပျက်စီးနိုင်တဲ့ လက်နက်ပစ္စည်းတွေဟာ အပြစ်မဲ့ပြည်သူတွေကို တိုက်ခိုက်တတ်တဲ့ လူတစုလက်ထဲကို ရောက်သွားတာနဲ့တောင် မလိုလားအပ်တဲ့ ဆိုးကျိုးတွေ ဖြစ်နိုင်စေတယ်ဆိုရင် State Terrorism ကျူးလွန်နေတဲ့ အာဏာရှင်အစိုးရတွေလက်ထဲ ဒီလက်နက်ပစ္စည်းတွေ ရောက်သွားတဲ့အခါ ဒေသဆိုင်ရာလုံခြုံရေး၊ အပြည်ပြည်ဆိုင်ရာ လုံခြုံရေး အပေါ်မှာ ဘယ်လောက်ထိခိုက်စေမလဲ ဆိုတာက အရေးကြီးတဲ့ အချက်တချက်ဖြစ်လာပါတော့တယ်။

တကယ်တော့ နိုင်ငံတော်အစိုးရဆိုတာ ပြည်သူတွေအပေါ် ကျရောက်လာမယ့် အန္တရာယ်တွေကို ကာကွယ်ပေးဖို့၊ ပြည်သူတွေရဲ့ စားဝတ်နေရေး ပြည့်စုံဖူလုံစေဖို့၊ ပညာရေးတိုးတက်မြင့်မားစေဖို့၊ ကျန်းမာရေးတိုးတက်ကောင်းမွန်စေဖို့ လူထုက ရွေးချယ်တာဝန်ပေး၊ အာဏာအပ်နှင်းခံထားရတဲ့ အဖွဲ့အစည်းတရပ်ပါ။ ဒါပေမယ့် တချို့သော နိုင်ငံတွေမှာ အာဏာဟာ လူထုက မသက်ဆင်းပဲ လူထုကို ခြိမ်းချောက်သတ်ဖြတ်ပြီး၊ မတရားအာဏာယူထားတဲ့ အစိုးရတွေ အုပ်ချုပ်နေကြပါတယ်။ ဒီလိုအစိုးရတွေဟာ အကြောက်တရားနဲ့အုပ်ချုပ်ဖို့အတွက် ပြည်သူလူထုကို အန္တရာယ် ပြုတတ်ကြပါတယ်။ လူထုရဲ့ ပညာရည်အဆင့်အတန်းတွေ တိုးတက်မြင့်မားလာရင် တွေးခေါ်မှုအဆင့်အတန်းတွေ တိုးမြင့်လာပြီး နိုင်ငံရဲ့ ပကတိအမှန်တရားကို သိမြင်လာတာနဲ့အမျှ တော်လှန်ပုန်ကန်မှုတွေ ပေါ်ပေါက်လာတတ်တာ ဓမ္မတာမို့ ဒီလို အစိုးရတွေဟာ ပညာရည်အဆင့်အတန်း မြင့်မားမှုမရှိအောင် ပညာရေးကို စနစ်တကျ ဖျက်ဆီးထားတတ်ကြပါတယ်။

ကျန်းမာရေး၊ စားဝတ်နေရေး ပြည့်စုံဖူလုံရေးကိုလည်း စေတနာမှန်နဲ့ ဖြည့်ဆည်းဆောင်ရွက်ပေးမှု မရှိကြတော့ပါဘူး။ အာဏာတည်မြဲရေးအတွက် အာဏာရဲ့ ဒေါက်တိုင်အဖွဲ့အစည်းတွေ အများအပြား ပေါ်ပေါက်လာဖို့အရေးနဲ့ အင်အားကြီးမားလာဖို့အရေးကိုသာ ရှေးရှုလုပ်ဆောင်တတ်ကြပါတယ်။ ဒီလိုလုပ်ဆောင်ရင်း လူထုကို ခြိမ်းချောက် အကြမ်းဖက်မှုတွေကလဲ တစတစ တိုးမြင့်လာပါတယ်။ ဒီလိုအခြေအနေမျိုးကို (state terrorism) အမျိုးအစားတွေထဲက state terrorism as domestic policy အဖြစ် ပညာရှင်များက ခေါ်ဆိုသတ်မှတ်လာကြပါတယ်။

Violence နှင့် Terrorism သဘောတရားတို့၏ ကွဲပြားမှုများ

Violence နဲ့ Terrorism ကို မြန်မာလိုဘာသာပြန်ကြရမှာ အကြမ်းဖက်မှု၊ အကြမ်းဖက် တိုက်ခိုက်မှုတွေအနေနဲ့ ဆင်တူယိုးမှားတွေ ဘာသာပြန်ကြပေမယ့် အခြေခံသဘောတရားတွေမှာတော့ ကွဲပြားမှုတွေ အများအပြား ရှိပါတယ်။ နိုင်ငံရေးနဲ့ ပတ်သက်ပြီး Political Violence တွေ ဖြစ်ပွားလာတဲ့အခါ ဖြစ်ပွားတဲ့ သဏ္ဍာန် အမျိုးမျိုး ရှိပါတယ်။ အဓိကရုဏ်း (Riots)၊ နိုင်ငံရေးအရ လုပ်ကြံသတ်ဖြတ်ခြင်း (Political Assassinations)၊ သူပုန်ထမှု (Insurgency)၊ Terrorism ဆိုပြီး သဏ္ဍာန်အမျိုးမျိုး ရှိပါတယ်။ Terrorism ဆိုတာ အစွန်းရောက်ဝါဒ (extremism) ပေါ်မှာ အခြေတည်ပြီး ပေါ်ထွက်လာတဲ့ Political Violence အမျိုးအစားတခုဖြစ်ပါတယ်။ ဒါကြောင့် Violence နဲ့ Terrorism ကို အတူတူပဲ လို့ သတ်မှတ်လို့ မရနိုင်ပါဘူး။

လက်နက်ကိုင်တော်လှန်ရေး (A/S)၊ တော်လှန်ရေးစစ်ပွဲ Guerrillas Warfare (GW)၊ သူပုန်ထမှု Insurgency၊ တော်လှန်ရေး (Revolution) အမျိုးသားလွတ်မြောက်ရေး (National Liberation) စတာတွေအားလုံးဟာ Political Violence အမျိုးအစားတွေပဲ ဖြစ်ပါတယ်။ Political Violence ဆိုတာက လူသားသမိုင်းနဲ့ အတူမွေးဖွားလာခဲ့တာဖြစ်ပါတယ်။ မတရားမှုတွေက ဥပဒေဖြစ်လာတဲ့အခါ တော်လှန်ပုန်ကန်မှုဆိုတာ လူ့တာဝန်တရပ် ဖြစ်လာပါတယ်။ ဒီတာဝန်ကို ကမာ္ဘတဝှမ်းလုံးက ပြည်သူ လူထုကြီးက အသက်နဲ့ရင်းပြီး ထမ်းဆောင်ခဲ့ကြပါတယ်။ မတရားတဲ့ အာဏာရှင် အစိုးရများစွာဟာ လူထုကြီးရဲ့ Political Violence တွေကြောင့် အာဏာကို စွန့်လွှတ်ခဲ့ကြရပါတယ်။ Political Violence တွေကြောင့် အမေရိကန်တော်လှန်ရေးကြီး ဖြစ်ပွားလာခဲ့ပါတယ်။ Thomas Jefferson က တော်လှန်ပုန်ကန်မှုဆိုတာ အစိုးရတရပ်ရဲ့ ကျန်းမာရေးတိုးတက်ကောင်းမွန်မှုအတွက် လိုအပ်တဲ့ ဆေးဝါး ဖြစ်တယ်လို့ ဆိုထားခဲ့ဖူးပါတယ်။

utilitarianism နဲ့ ပတ်သက်ရင် ဆရာတဆူဖြစ်တဲ့ John Stuart Mill ကလဲ political violence ဆိုတာကို ဖြစ်ပေါ်လာတဲ့ အခြေအနေတရပ်မှာ ကျင့်ဝတ်အားဖြင့် ဘယ်လောက်မှန်ကန်တယ်ဆိုတဲ့ balance of reason ပေါ်မှာ မူတည်ပြီး justify လုပ်နိုင်ကြောင်း ဆိုခဲ့ပါတယ်။ တကယ်လို့ အစိုးရတရပ်ဟာ ပြည်သူလူထုရဲ့ လွတ်လပ်စွာ ရေးသားထုတ်ဝေခွင်နဲ့ လွတ်လပ်စွာ ပြောဆိုခွင့်တွေကို ပိတ်ပင်နေပြီဆိုရင်၊ လူထုရဲ့ အမြင်နဲ့ သဘောထားတွေကို လျစ်လျူပြုနေပြီဆိုရင် ဒီလို အခြေအနေမျိုးမှာ လူထုအနေနဲ့ political violence ကို အသုံးပြုပြီး တော်လှန်ရမှာဖြစ်တယ်ဆိုတဲ့ သဘောတရားကို ပေါ်လွင်အောင် ရေးသားထားခဲ့ပါတယ်။ Political Violence ကို အသုံးပြုရာမှာ တရားမျှတမှုရှိမရှိ ဆိုတဲ့ အချက်နဲ့ အောင်ပွဲအတွက် ဖြစ်နိုင်ချေရှိမှု နှစ်ခုကို ကြည့်ပြီး justify လုပ်ဖို့ ဆိုထားခဲ့ပါတယ်။

Robert Audi ကတော့ တခြားငြိမ်းချမ်းရေးနည်းလမ်းများကို ဘယ်လိုမှ အသုံးပြုလို့ မရနိုင်တော့တဲ့အဆုံးမှာ Political Violence ကို နောက်ဆုံးနည်းလမ်းအနေနဲ့ အသုံးပြုဖို့ လိုအပ်တယ်လို့ ဆိုထားခဲ့ပါတယ်။ သူက နိုင်ငံရေးအဖွဲ့အစည်းတခုဟာ တောင်းဆိုမှု၊ အသနားခံမှုတွေ ဘာမှကို ထပ်လုပ်လို့ မရနိုင်တော့တဲ့ အခြေအနေ၊ တောင်းဆိုချက်မှန်သမျှကို လျစ်လျူရှုခံနေရတဲ့ အခြေအနေ၊ ငြိမ်းချမ်းစွာ ဆန္ဒပြမှုတွေကို အကြမ်းဖက်နှိမ်နင်းခံလိုက်ရတဲ့ အခြေအနေတွေမှာ လက်နက်ကိုင်တော်လှန်ရေးတွေ၊ ပုန်ကန်တော်လှန်မှုတွေ ပြုလုပ်တဲ့ တော်လှန်ရေး လမ်းကြောင်းတခုပေါ်ကို တက်ရောက်မှသာ အောင်ပွဲခံနိုင်မယ်လို့ ဆိုထားခဲ့ပါတယ်။ အာဏာရှင် အစိုးရတွေကို သံတမန်နည်းလမ်း၊ သာမန် တောင်းဆိုချက် နိုင်ငံရေးနည်းလမ်းတွေနဲ့တော့ အောင်မြင်အောင် ဆန့်ကျင်နိုင်မှာ မဟုတ်ကြောင်း ရေးသားဖော်ပြခဲ့ပါတယ်။

ဒီလိုတွေးခေါ်ပညာရှင်တွေအပါအဝင် ကမာ္ဘ့ပြည်သူလူထုဟာ Political Violence အမျိုးအစားတွေဖြစ်တဲ့ လက်နက်ကိုင်တော်လှန်ရေးတွေ၊ သူပုန်ထမှုတွေ၊ အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲတွေ၊ လူထုတိုက်ပွဲတွေကို အဖိနှိပ်ခံပြည်သူတွေက ဖိနှိပ်တဲ့ အာဏာရှင်တွေကို ပုန်ကန်မှုတွေအနေနဲ့ တခဲနက် ထောက်ခံအားပေးခဲ့ကြပါတယ်။ အဖိနှိပ်ခံရတဲ့ ပြည်သူတွေဘက်က ရပ်တည်တဲ့ Non-State actors တော်လှန်ရေးအဖွဲ့အစည်းတွေကို ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကူညီပံ့ပိုးပေးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

ဒါပေမယ့်လဲ တော်လှန်ရေး အဖွဲ့အစည်း တချို့ဟာ အစွန်းရောက်အတွေးအခေါ်တွေနဲ့ မကျူးလွန်သင့်တဲ့ ရာဇဝတ်မှုတွေကို စတင် ပြုလုပ်လာကြပါတော့တယ်။ မိမိတို့ သက်ဆိုင်ရာ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို တိုက်ရိုက်ထိပါးစေတဲ့ ဗုံးဖောက်ခွဲမှုတွေ၊ ပစ်ခတ်သတ်ဖြတ်မှုတွေ၊ စစ်ပွဲမှာတောင် ရှောင်ရှားရမယ့် ပစ်မှတ်တွေဖြစ်တဲ့ ဆေးရုံ၊ ကျောင်းစတာတွေကို စီးနင်းမှုတွေ၊ အများပြည်သူ အသုံးပြုတဲ့ လေကြောင်း၊ ရေကြောင်း၊ ကုန်းကြောင်း ပို့ဆောင်ဆက်သွယ်ရေး လုပ်ငန်းတွေကို တိုက်ခိုက်မှုတွေ ဖြစ်ပွားလာပါတယ်။ ဒီလို လုပ်ဆောင်လာမှုတွေမှာ Political Frustration ကြောင့် ပေါ်ထွက်သွားတဲ့ တိုက်ခိုက်မှုတွေသာမက အဖွဲ့အစည်းရဲ့ အမည်ကို လူသိထင်ရှားဖြစ်စေလိုမှု၊ ခေါင်းဆောင်အမည် နာမည်ကျော်ကြားလိုမှုနဲ့ နိုင်ငံတကာပြည်သူတွေက သိသွားစေလိုမှု စတဲ့ ရည်ရွယ်ချက်တွေပါ ပါဝင်လာကြပါတယ်။

ဒါတွေဟာ (၁၉၇၀) နှောင်းပိုင်း ကာလတွေမှာ ကမာ္ဘနဲ့အဝှမ်းမှာ ဖြစ်ပွားခဲ့တဲ့ Terrorist attacks များစွာနဲ့အတူ လက်နက်ကိုင်တော်လှန်ရေး ရေချိန် နိမ့်တုန်မြင့်တုန် ဖြစ်ကုန်မှုတွေနဲ့ တော်လှန်ရေးလမ်းစဉ်တွေကို လူထုက အပြည့်အဝ ထောက်ခံ ပါဝင်မှု လျော့ပါးလာမှုတွေရဲ့ နိဒါန်း အစပါပဲ။ တော်လှန်ရေးနဲ့ Terrorism ကို ဝေဝေဝါးဝါး နဲ့ နားလည်မှုတွေ ရှုပ်ထွေးကုန်ကြပါတယ်။ တော်လှန်ရေးသမားတွေကို Terrorist တွေလို့ တံဆိပ်ကပ် ချေမှုန်းနိုင်ခွင့်ကို အာဏာရှင်တွေကို သွားပေးလိုက်သလို ဖြစ်ကုန်ပြီး၊ အာဏာရှင်တွေက ကျူးလွန်နေတဲ့ State Terrorism ကို ထင်သာမြင်သာ မရှိစေပဲ ရောထွေးသွားစေပါတယ်။ တခါတရံမှာ ဒီလို အခြေအနေတွေဖြစ်အောင် အာဏာရှင်တွေ ကိုယ်တိုင်က ဗုံးဖောက်ခွဲမှုတွေ လုပ်ပြီး တော်လှန်ရေးသမားတွေကို စွပ်စွဲတာတွေလဲ ဖြစ်လာပါတယ်။

လက်နက်ကိုင် တော်လှန်ရေးနဲ့ Terrorism အကြားမှာ ခြားထားတဲ့ စည်းဘောင်ဟာ အပြစ်မဲ့ ပြည်သူတွေကို သတ်ဖြတ်ခြင်း ဖြစ်ပါတယ်။ ကျေးလက်ဒေသမှာ ချီတက်လာတဲ့ စစ်ကြောင်းတခုကို မိုင်းဆွဲတိုက်ခိုက်မှု၊ မြို့ပြမှာ စစ်လက်နက်ပစ္စည်း သိုလှောင်ရုံကို ဗုံးခွဲမှု၊ ပြည်သူလူထုကို indiscriminate killings မဖြစ်စေသော မြို့ပြပြောက်ကျားတိုက်ပွဲများ ဆိုရင် ဒါဟာ လက်နက်ကိုင်တော်လှန်ရေး ဖြစ်ပါတယ်။ ဒီလိုမဟုတ်ပဲ indiscriminate killings ကျတော့ Terrorism ဖြစ်သွားပါတယ်။ စစ်ဖြစ်နေတဲ့ အခြေအနေ၊ ထိပ်တိုက်ရင်ဆိုင်နေရတဲ့ အခြေအနေ၊ အများပြည်သူအတွက် ခုခံကာကွယ်ပေးနေရတဲ့ အခြေအနေ စတာတွေပေါ်မှာလဲ မူတည်ပါသေးတယ်။

Violence နှင့် Non-Violence သဘောတရားတို့အကြားက ကွဲပြားမှုများ

ငြိမ်းချမ်းရေးဆိုတာ violence ရဲ့ ဆန့်ကျင်ဘက်ဖြစ်ပါတယ်။ ဒီသဘောတရားကို လက်ခံပြီး၊ ငြိမ်းချမ်းရေး ဆောင်ကျဉ်းဖို့ ကြိုးပမ်းသူတွေက Non-Violence အတွေးအခေါ်၊ အမြင်သဘောထားတွေ ပျံ့နှံ့လာဖို့ ကြိုးပမ်းလုပ်ဆောင်လေ့ ရှိကြပါတယ်။ Non-Violence ယဉ်ကျေးမှု ထွန်းကားလာဖို့အတွက် Non-Violence အတွေးအခေါ်တွေကို လူ့အဖွဲ့အစည်းအတွင်းမှာ ဖြန့်ဖြူးပေးပြီး လူအများရဲ့ အမြင်သဘောထား (attitudes) တွေကို ပြောင်းလဲပေးရင် Direct Violence ကို ရပ်နိုင်သွားမယ်လို့ ယူဆကြပါတယ်။ ဒီအခြေအနေအထိကို လူအများက လက်ခံပါတယ်။ ဒါပေမယ့် Structural Violence ကိုကော ဘယ်လိုရပ်ကြမလဲဆိုတာနဲ့ ပတ်သက်ပြီး ကွဲပြားတဲ့ အမြင်တွေ ပေါ်ထွက်လာပါတော့တယ်။ ငြိမ်းချမ်းရေးတက်ကြွလှုပ်ရှားသူများကတော့ Non-Violence နည်းလမ်းများနဲ့ ရပ်ဖို့ အကြံပြုချက်လေ့ရှိပါတယ်။ အကြံပြုချက်တွေရဲ့ အနှစ်သာရက ပြည့်စုံပေမယ့် လက်တွေ့မှာကျတော့ လိုက်နာဖို့ ခဲယဉ်းတယ်လို့ အချို့က ဆိုပါတယ်။

နိုင်ငံတနိုင်ငံက aggression ဖြစ်လာပြီး၊ အခြားနိုင်ငံတွေကို ကျူးကျော်တိုက်ခိုက်လာတဲ့အခါ ကျူးကျော်ခံရတဲ့ နိုင်ငံတွေက ပြန်ပြီး မတွန်းလှန်ရတော့ဘူးလား။ ဒီလို မတွန်းလှန်ရဘူးဆိုရင် ဒီနိုင်ငံရဲ့ ကျူးကျော်တိုက်ခိုက်မှုကို ရပ်ဆိုင်းသွားအောင် တခြားဘာနည်းလမ်းနဲ့ လုပ်ပေးနိုင်မလဲ။ ဒီလိုလုပ်ပေးဖို့ ဘယ်အဖွဲ့အစည်းက တာဝန်ယူမလဲ။ နိုင်ငံတနိုင်ငံမှာ စစ်တပ်ဆိုတာ ထားရှိဖို့ လိုအပ်သလား ဆိုတာတွေက မေးစရာ ဖြစ်လာပါတော့တယ်။ သေချာရေရာတဲ့ အဖြေက လက်ရှိအချိန်ထိ မပေါ်ပေါက်သေးပဲ ဖြစ်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ ကမ္ဘာ့ငြိမ်းချမ်းရေးကို ဆောင်ကျဉ်းပေးရမယ့် ကမ္ဘာ့ကုလသမဂ္ဂ ကိုယ်တိုင်က peace operations တွေမှာ လက်နက်ကိုင်တပ်သားတွေကို မလွဲမရှောင်သာ အသုံးပြုမှု ရှိနေရပြန်ပါတယ်။

(၁၉၆၀) အလွန် ကမ္ဘာ့နိုင်ငံရေးလောကမှာ Arms Control, Disarmament စတဲ့ ဝေါဟာရတွေ အလွန်ခေတ်စားခဲ့ပါတယ်။ လူအများကို သေကြေစေနိုင်တဲ့ လက်နက်တွေကို ထိန်းချုပ်ဖို့၊ လက်နက်များကို abolition လုပ်ဖို့ စတာတွေနဲ့ ပတ်သက်ပါတယ်။ ကမ္ဘာပေါ်က စစ်ပွဲတွေမှာ လူအများသေကြေပျက်စီးတာဟာ စစ်လက်နက် ပစ္စည်းတွေကြောင့် ဖြစ်တယ်။ ဒါကြောင့် စစ်လက်နက်ပစ္စည်းများကို ဖျက်သိမ်းလိုက်ခြင်းဟာ high road to peace လို့ ယူဆသူများလဲ ရှိပါတယ်။ ဒါပေမယ့် လက်နက်များကို abolition လုပ်ဖို့ဆိုတာကိုတော့ ငြိမ်းချမ်းရေးရှေ့ဆောင် ဒီမိုကရေစီ နိုင်ငံကြီးတွေကိုယ်တိုင်က လက်မခံနိုင်ကြပါဘူး။ လက်နက်များထုတ်လုပ်မှုကို လျှော့ချဖို့၊ အပြန်အလှန် arms race မဖြစ်အောင် ထိန်းချုပ်မှု ဆိုရာတွေမှာတောင် အခက်အခဲတွေ၊ အယူအဆ ကွဲလွဲမှုတွေက အများအပြား ရှိနေဆဲပါပဲ။ (၁၉၉၀) အလွန်ကာလတွေမှာ Chemical Weapons Convention, Comprehensive Test Ban Treaty စတဲ့ တိုးတက်မှုတွေ ရှိလာပေမယ့် နိုင်ငံတကာ စာချုပ်တွေ၊ ဘဘောတူညီချက်တွေမှာ မပါဝင်လာသေးတဲ့ နိုင်ငံတွေကလဲ အများအပြား။ Structural Violence ကို Non-Violence နဲ့ပဲ ဖြေရှင်းလို့ ရမယ်ဆိုတဲ့ အတွေးအခေါ်၊ ယဉ်ကျေးမှုက ကမ္ဘာ့နိုင်ငံတွေရဲ့ နိုင်ငံတော်လုံခြုံရေးအတွေးအခေါ်၊ ကာကွယ်ရေး အတွေးအခေါ်တွေမှာ ကျယ်ကျယ်ပြန့်ပြန့် မထွန်းကားသေးပါဘူး။ ငြိမ်းချမ်းရေးတက်ကြွလှုပ်ရှားသူတွေနဲ့ နိုင်ငံရေးရာ တာဝန်ရှိသူတွေအကြားမှာ အမြင်ကွဲလွဲမှုတွေ ဖြစ်နေကြပါတယ်။

မှုခင်းရေးရာမှာလဲ Culture of Non-Violence ပေါ်မှာ မူတည်ပြီး အမြင်ကွဲလွဲမှုတွေ ရှိလာကြပါတယ်။ ယူကေနိုင်ငံက ရဲတပ်ဖွဲ့ဝင်တွေအများစုဟာ သေနတ်ကိုင်ဆောင်ခွင့် မရှိပါဘူး။ လက်နက်ပါဝင်ပတ်သက်နေတဲ့ မှုခင်းတွေကို ကိုယ်တွယ်ဖို့ tactical Firearms Unit ဆိုတာသီးခြားရှိပါတယ်။။ ဒါက ဘာကို ပြလဲဆိုရင် မှုခင်းထိန်းချုပ်ရေးမှာ အတတ်နိုင်ဆုံး Culture of Non-violence ကို အားပေးထားပြီး၊ မလွှဲသာမရှောင်သာမှသာ Violence ကို အသုံးပြုတယ်ဆိုတာပါပဲ။ ဒီလို အခြေအနေမှာတောင် Violence နဲ့ ပတ်သက်ပြီး အမြင်ကွဲလွဲမှုတွေက ထပ်ဖြစ်ပါသေးတယ်။ firearms officer အနေနဲ့ လက်နက်ကိုင်ထားတဲ့ ပြစ်မှုကျူးလွန်တယ်လို့ သံသယဖြစ်သူ (suspect) ကို ရင်ဆိုင်တဲ့အခါမှာ stun gun ကို အသုံးပြုခွင့်ရှိပါတယ်။ Stun gun ဆိုတာက ပစ္စတိုနဲ့ သဏ္ဍာန်တူပြီး၊ 50000 volt အားရှိတဲ့အတွက် လူတယောက်ကို ထိမိတဲ့အခါ ခေတ္တ disable ဖြစ်သွားစေပါတယ်။ ဒီအချိန်မှာ လက်နက်သိမ်းတာ၊ ဖမ်းဆီးတာတွေ လုပ်လို့ရပါတယ်။ မှုခင်းအချို့မှာ သေနတ်ကိုင်ထားသူတွေ သေနတ်နဲ့ မပစ်ခတ်ချိန်မှာ stun gun နဲ့ အချိန်မီ ကာကွယ်လိုက်နိုင်တာတွေ ရှိခဲ့ပါတယ်။

ဒါနဲ့ ပတ်သက်ပြီး အချို့သော ဝေဖန်မှုတွေ ပေါ်ထွက်လာပါတယ်။ ကနေဒါနဲ့ အမေရိကားမှာ stun gun ကြောင့် လူ (၇၄) ဦးသေဆုံးခဲ့ဖူးတယ်ဆိုတဲ့ အချက်ကြောင့်ပါ။ stun gun ဟာလဲ Violence ဖြစ်တာကြောင့် ရဲအဖွဲ့အနေနဲ့ မကိုင်တွယ်သင့်ဘူး၊ suspect အတွက် အန္တရာယ်ရှိနိုင်တယ်လို့ ဆိုကြပါတယ်။ ဒီလိုဆိုရင် လူ ရှစ်ယောက်လောက်ကို သတ်ဖြတ်ပြီး၊ ထွက်ပြေးနေရာကနေ ထိပ်တိုက်ရင်ဆိုင်ထားမှုမှာလဲ ဘယ်လိုမှ mediation လုပ်လို့ မရတော့ပဲ အချိန်မရွေး လူတယောက်ကို ပစ်သတ်တော့မယ့် suspect ရဲ့ လက်ထဲက သေနတ်ကျည်ဆံ မထွက်လာအောင် ဘယ်လို non-violence နည်းလမ်းကို သုံးပြီး ကာကွယ်နိုင်မှာလဲလို့ ပြန်ပြီး ငြင်းဆိုသူကလဲ ငြင်းကြပါတယ်။ stun gun ကြောင့် suspect အန္တရာယ်ဖြစ်မှာကို စိုးရိမ်သူတွေလဲ ရှိသလို၊ suspect ကြောင့် လူတွေ ထပ်သေမှာကို စိုးရိမ်သူတွေလဲ ရှိကြပါတယ်။ သူ့ရှုထောင့်နဲ့သူတော့လဲ မှန်နေကြပြန်ပါတယ်။ ဒီလို နှစ်ဘက်လုံးမှန်ကန်နေတဲ့ အခြေအနေတခုမှာ ထွက်ပေါ်လာမယ့် outcome တခုကို ချိန်ဆပြီး လုပ်ကြရမှာက လက်တွေ့လုပ်နေသူများရဲ့ တာဝန်ပဲ ဖြစ်ပါတယ်။

နိုင်ငံတကာရေးရာ၊ မှုခင်းရေးရာတွေအပြင် ကိုလိုနီနယ်ချဲ့စနစ်အောက်ကနေ လွတ်မြောက်ရေးလှုပ်ရှားမှုတွေနဲ့ အာဏာရှင်စနစ်အောက်ကနေ လွတ်မြောက်ရေးလှုပ်ရှားမှုတွေမှာလဲ Violence နဲ့ Non-Violence တို့အကြားမှာ အမြင်မတူတာတွေ ရှိပါတယ်။ ကိုလိုနီနယ်ချဲ့စနစ်နဲ့ အာဏာရှင်စနစ် လက်အောက်ခံ တိုင်းပြည်တွေမှာ Structural Violence က အမြစ်တွယ်နေပါတယ်။ ဒီလို အမြစ်တွယ်နေမှုကို Direct Violence နည်းလမ်းတွေ ဖြစ်တဲ့ လက်နက်ကိုင်တော်လှန်ရေး၊ မြို့ပြပြောက်ကျား စတာတွေနဲ့ ဖယ်ရှားမလား၊ Non-Violence နည်းလမ်းတွေဖြစ်တဲ့ လူထုအရေးတော်ပုံ၊ ဆန္ဒပြပွဲ စတာတွေနဲ့ ဖယ်ရှားမလား ဆိုတာအပေါ်မှာ အမြင်ကွဲလွဲမှုတွေ ရှိလာကြပါတယ်။

လွတ်မြောက်ရေး လှုပ်ရှားမှုတွေနဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုတွေအားလုံးဟာ Violence ကြောင့် အောင်မြင်ခဲ့တယ်၊ Non-Violence ကြောင့် အောင်မြင်ခဲ့တယ်လို့ ဘယ်သူမှ တရားသေသတ်မှတ်လို့ မရနိုင်သလို၊ ဘယ်နိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကုူးပြောင်းမှုဟာလဲ Non-Violence နဲ့မှ အောင်မြင်မယ်၊ Violence နဲ့မှ အောင်မြင်မယ်လို့ ဘယ်သူမှ တရားသေ ပြောကြားလို့ မရနိုင်ပါဘူး။ အမေရိကန်ရဲ့ ဒီမိုကရေစီ အုတ်မြစ်ဟာ Violence နည်းလမ်းဖြစ်တဲ့ ပြည်တွင်းစစ်အပြီးမှာမှ ခိုင်ခိုင်မာမာ ချနိုင်ခဲ့ပါတယ်။ ပြင်သစ်နိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးမှုဟာ Violence နည်းလမ်း ဖြစ်တဲ့ ပြင်သစ်တော်လှန်ရေးနဲ့ သက်ဦးဆံပိုင်ဘုရင်စနစ်ကို ဖြိုဖျက်ပြီးမှ အစပြုခဲ့ပါတယ်။ ကိုလိုနီ နယ်ချဲ့စနစ်အောက်က လွတ်မြောက်ရေးလှုပ်ရှားမှုတွေမှာ Violence နည်းလမ်း ဖြစ်တဲ့ လက်နက်ကိုင်တော်လှန်မှုတွေ အများအပြား ရှိခဲ့ပါတယ်။ အိန္ဒိယနိုင်ငံမှကျတော့ ထူးထူးခြားခြား Non-Violence နဲ့ လွတ်လပ်ရေးရအောင် ခေါင်းဆောင်တွေက ဆောင်ကျဉ်းပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် Non-Violence နဲ့ လွတ်လပ်ရေးရပြီးကာမှ Violence တွေဖြစ်ပြီး နိုင်ငံ နှစ်ခြမ်း ကွဲသွားပြန်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံရဲ့ ဒီမိုကရေစီ အုတ်မြစ်ကိုတော့ Non-violence လှုပ်ရှားမှုနဲ့ ချနိုင်ခဲ့ပါတယ်။ တောင်အာဖရိကနိုင်ငံရဲ့ ဒီမိုကရေစီ အုတ်မြစ်ကိုတော့ နှစ်ဘက်ခေါင်းဆောင်များညှိနှိုင်းမှုအပြီးမှာ ဒီမိုကရေစီလှုပ်ရှားသူများဘက်က လက်နက်ကိုင် တော်လှန်ရေးကို စွန့်လွှတ်ရပြီး၊ အစိုးရဘက်က အရေးပေါ် အခြေအနေကြေငြာထားခြင်း ရုတ်သိမ်းမှု၊ ဥပဒေများ ပြုပြင်ပြောင်းလဲမှု၊ ပြည်ပရောက်နေတဲ့ နိုင်ငံရေးသမားတွေ ပြည်တွင်းကို လုံခြုံစိတ်ချစွာ ပြန်လာနိုင်မှု၊ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးမှု စတာတွေ ပြုလုပ်ပေးခဲ့ပါတယ်။ တောင်အာဖရိကမှာ ဒိုင်ယာလော့ခ်နဲ့ ဒီမိုကရေစီ အုတ်မြစ်ချနိုင်တယ်ဆိုပေမယ့် Non-Violence လှုပ်ရှားမှုပဲ ရှိခဲ့တာ မဟုတ်ပါဘူး။ Violence နည်းလမ်းတွေလဲ ပါဝင်ခဲ့ပါတယ်။

အီရတ်က အာဏာရှင်စနစ်ကျတော့ အမေရိကန်ဦးဆောင်တဲ့ နိုင်ငံတကာတပ်တွေ ဝင်ရောက်ပြီး Violence နည်းလမ်းဖြစ်တဲ့ စစ်ပွဲနဲ့ ချေမှုန်းမှ ရပ်တန့်သွားပြီး၊ ဒီမိုကရေစီ အုတ်မြစ်စ်ချနိုင်ခဲ့ပါတယ်။ ၂၀၁ဝ ခုနှစ်နှောင်းပိုင်းက အစပြုပြီး ပေါ်ထွက်လာတဲ့ အာရပ်ကမ္ဘာက ဒီမိုကရေစီ လှုပ်ရှားမှုတွေမှာကျတော့ တူနီရှားနဲ့ အီဂျစ်တို့မှာ Non-Violence နဲ့ အောင်မြင်ခဲ့ပါတယ်။ လစ်ဗျားမှာကျတော့ Non-Violence နဲ့ မအောင်မြင်တော့ Violence နည်းလမ်းတွေကို ဆက်ပြီးသုံးနေကြပါတယ်။ မြန်မာနိုင်ငံမှာလဲ ကိုလိုနီနယ်ချဲ့စနစ်၊ ဖက်ဆစ်စနစ်၊ စစ်အာဏာရှင်စနစ်အဆက်ဆက်က လွတ်မြောက်ရေး လှုပ်ရှားမှုတွေမှာ Violence နည်းလမ်းတွေ ဖြစ်လိုက်၊ Non-Violence လှုပ်ရှားမှုတွေ ဖြစ်လိုက်နဲ့ သံသရာ လည်နေဆဲပါပဲ။ Violence နဲ့မှ အောင်မြင်မယ်၊ Non-Violence နဲ့မှ အောင်မြင်မယ်လို့ ဘယ်သူမှ တပ်အပ်သေချာ မပြောနိုင်သေးပါဘူး။ ဘယ်လို ပုံစံနဲ့ လွတ်မြောက်သွားမယ်ဆိုတာကို ဘယ်သူမှ သိနိုင်မှာ မဟုတ်ပါဘူး။ Violence နဲ့ Non-Violence ပေါင်းစပ်ရမယ်လို့ ယူဆသူများက Violence နည်းလမ်းများနဲ့ တိုက်ပွဲဝင်ကြ၊ အားပေးထောက်ခံကြသလို၊ Non-Violence ကို ယုံကြည်သူများကလဲ Non-Violence နဲ့ တိုက်ပွဲဝင်ကြ၊ အားပေးထောက်ခံကြပါတယ်။

ဒီလိုလုပ်ဆောင်မှုတွေမှာ ယုံကြည်တဲ့ နည်းလမ်းကို ကိုင်စွဲပြီး အောင်ပွဲရဖို့ ကြိုးပမ်းနိုင်ဖို့ကသာ ပိုပြီး အရေးကြီးပါတယ်။ လုပ်ဆောင်နေသူတွေအကြား သူ့နည်းက ကောင်းတယ်၊ ကိုယ့်နည်းက ကောင်းတယ်လို့ သတ်မှတ်မှုတွေဖြစ်လာရင် မလိုလားအပ်တဲ့ အငြင်းပွားမှုတွေနဲ့ သွေးကွဲမှုတွေဆီကို ဦးတည်သွားနိုင်ပါတယ်။ ပိုပြီးဆိုးတာက Violence နဲ့ Terrorism ကို မြန်မာဘာသာစကားမှာ အကြမ်းဖက်မှု ဆိုပြီး စကားလုံးတလုံးတည်း ဘာသာပြန်ထားလေတော့ Non-Violence မဟုတ်ဘူးလို့ ဆိုလိုက်တာနဲ့ ဆိုလိုတာက Violence ကို ဆိုလိုတာဖြစ်ပေမယ့် Terrorism ကို ဆိုလိုလိုက်တာမျိုး ဖြစ်သွားပြီး နားလည်မှု လွဲမှားတဲ့ ပြဿနာတွေ ဖြစ်လာစေတတ်တာပဲ ဖြစ်ပါတယ်။ သဘောတရားမတူပဲ ဘာသာပြန်စကားလုံးတူနေတဲ့ ဒီသုံးပွင့်ဆိုင် ဝေါဟာရပြဿနာကနေ နောက်ဆက်တွဲဂယက်တွေ မရိုက်ခတ်လာအောင် ဝိုင်းဝန်းကြိုးပမ်းကြဖို့ လိုအပ်ပါတယ်။

နိဂုံး

ကလေးငယ်လေးတယောက်ကို စိတ်ကစဉ့်ကလျားဝေဒနာသည်တယောက်က ဖမ်းချုပ်ထားပြီး ပုဆိန်တလက်နဲ့ သူ့အနားဘယ်သူမှ မကပ်လာအောင် ခြိမ်းချောက်နေတာကို မြင်တွေ့ရတဲ့အခါ ဒါကို Violence လို့ အားလုံးက လက်ခံကြပါတယ်။ ဒီအခြေအနေကို ဘယ်လိုဖြေရှင်းမလဲ ဆိုတာမှာကျတော့ အတွေးအမြင်က တူညီမှာ မဟုတ်ပါဘူး။ ငြိမ်းချမ်းရေးကို ကိုင်စွဲသူက ပုဆိန်ကိုင်ထားတဲ့ စိတ်ဝေဒနာသည် ပုဆိန်ကို လွှတ်ချလိုက်အောင် ဖြောင်းဖျဆွေးနွေးဖို့ ကြိုးပမ်းမှာ ဖြစ်ပါတယ်။ ဒါက Non- Violence နည်းလမ်းကို ကျင့်သုံးတာ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ ဥပဒေကြောင်းအရ ဖြေရှင်းရမယ်လို့ ယူဆသူက ဥပဒေစိုးမိုးရေး တာဝန်ရှိသူတွေဆီကို အပြေးအလွှားသွားပြီး၊ အကြောင်းကြားပါလိမ့်မယ်။ ဒါကလဲ Non-Violence နည်းလမ်းပါပဲ။ တာဝန်ရှိသူတွေက လိုက်လာပြီး၊ ကလေးကို ကယ်ဖို့အတွက် မလွဲသာမရှောင်သာ စိတ်ဝေဒနာသည်ကို သေနတ်နဲ့ ပစ်လိုက်ရတယ် ဆိုရင်တော့ Direct Violence ပါသွားပါပြီ။

ဒီလို ဥပဒေစိုးမိုးရေး တာဝန်ရှိသူတွေ မရှိတဲ့ အခြေအနေမျိုး (သို့မဟုတ်) သွားခေါ်ဖို့ အလှမ်းဝေးနေတဲ့ အခြေအနေမျိုး (သို့မဟုတ်) သွားခေါ်နေဆဲကာလမှာ စိတ်ဝေဒနာသည်က ကလေးရဲ့ လက်တွေ၊ ခြေထောက်တွေကို ခုတ်ထစ်ဖြတ်တောက်မှုတွေ ဖြစ်လာပြီ ဆိုရင်တော့ ဒီစိတ်ဝေဒနာသည် လက်ထဲက ပုဆိန်ကို ဝင်လုဖို့ ကြိုးပမ်းသူတွေကလဲ ပေါ်လာမှာပဲ ဖြစ်ပါတယ်။ ဒီနည်းလမ်းက Direct Violence နည်းလမ်းပါပဲ။ ဒီလို Direct Violence သုံးတဲ့အခါ စိတ်ဝေဒနာသည်က ပုဆိန်ကို ဟိုရမ်း၊ ဒီရမ်း လုပ်တဲ့အတွက် သွေးထွက်သံယို ထိခိုက်မှုတွေကလဲ မလွဲမသွေ ရှိလာဦးမှာပါပဲ။ တချိန်တည်းမှာပဲ စိတ်ဝေဒနာသည်ရဲ့ လုပ်ရပ်ကို ဒေါသထွက်ပြီး စိတ်ဝေဒနာသည်ရဲ့ မိခင်ကို လက်စားချေမယ်လို့ စဉ်းစားသူတွေလဲ ပေါ်ထွက်လာနိုင်တာပါပဲ။ ဒီလိုဆိုရင်တော့ Terrorism လမ်းကြောင်းပေါ်ကို ရောက်သွားပြီလို့ ဆိုနိုင်ပါတယ်။

ဒီလို အခြေအနေတွေမှာ Terrorism လမ်းကြောင်းပေါ် မရောက်သွားအောင်လဲ ဝိုင်းဝန်းထိန်းသိမ်းကြဖို့ လိုလာသလို Non-Violence နဲ့ Violence တွေအချင်းချင်း သူမှန်တယ်၊ ကိုယ်မှန်တယ်လို့ ငြင်းနေရင်း အချိန်မကုန်ကြဖို့လဲ လိုလာပါတယ်။ အရေးကြီးတာကတော့ ပုဆိန်ကိုင်ထားတဲ့ စိတ်ဝေဒနာသည်ရဲ့ လက်ထဲမှာ ကလေးအသက် မဆုံးရှုံးသွားဖို့အတွက် စိတ်ဝေဒနာသည်လက်ထဲက ပုဆိန် လွတ်ကျသွားဖို့ပဲ ဖြစ်ပါတယ်။

ရေရှည်ခံ ငြိမ်းချမ်းရေးတည်ဆောက်ရာမှာ ပြုမူဆောင်ရွက်ပုံ (behaviour) တွေကို ပြောင်းလဲဖို့ ကြိုးပမ်းမှုမရှိပဲ၊ အမြင်သဘောထား (attitudes) တွေ ပြောင်းလဲရုံတခုတည်းနဲ့ မအောင်မြင်နိုင်ပါဘူး။ ပြုမူဆောင်ရွက်ပုံများကို ပြုပြင်ရာမှာ Non-violence အပြုအမူတွေ ဖြစ်စေဖို့အတွက် လုံခြုံရေးရှိတယ်လို့ ခံစားရမှု (sense of security) ရှိလာအောင် လုပ်ဆောင်ပေးနိုင်မှုတွေလဲ လိုအပ်ပါတယ်။ ညဘက်အပြင်ထွက်ရင် မလုံခြုံနိုင်ဘူးလို့ ခံစားရလို့ လက်နက်ဆောင် သွားတတ်သူများရဲ့ behaviour ကို Non-Violence အမြင် သဘောထားတွေ ဖြန့်ဖြူးပေးရုံနဲ့ ပြောင်းလဲလို့ မရနိုင်ပါဘူး။ လက်နက်ဆောင်သွားဖို့ မလိုအပ်တော့တဲ့ sense of security ရှိလာမှသာ လက်နက်နဲ့ Violence မလုပ်ဘူးဆိုတဲ့ ပြုမူဆောင်ရွက်ပုံ ပြောင်းလဲခြင်း ရှိလာမှာပါ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေးအတွက် Culture of Non-Violence ထွန်းကားလာအောင် လုပ်ဆောင်ဖို့ လိုပါတယ်။ Culture of Non-Violence ထွန်းကားလာဖို့အတွက် sense of security ရှိလာအောင် လုပ်ဆောင်ဖို့ လိုပါတယ်။ sense of security ရှိလာဖို့အတွက် sense of security ရှိစေမယ့် political and socio-economic structures တွေ ရှိဖို့လိုအပ်ပါတယ်။ ဒီလိုရှိလာအောင် structural violence တွေကို ဖယ်ရှားဖို့ လိုအပ်ပါတယ်။ ဒီလိုဖယ်ရှားရာမှာ violence နည်းလမ်းကို သုံးမလား၊ non-violence ကို သုံးမလား ဆိုတာကတော့ ဘဝဒဿန၊ ယုံကြည်ချက်၊ အတွေးအခေါ်၊ အခြေအနေ၊ အချိန်အခါ စတဲ့ အကြောင်းတရားများပေါ်မှာပဲ မူတည်ပါတယ်။ အမှန်တရား အချင်းချင်း ခလုတ်တိုက်နေကြတဲ့အခါ အမှားတွေ ထကြွရှင်သန်လာတတ်တယ်ဆိုတာကို သတိပြုဖို့လဲ လိုအပ်ပါတယ်။

ခင်မမမျိုး (၂၊ ၇၊ ၂၀၁၁)

(စာရေးသူသည် ဗြိတိန်နိုင်ငံမှ နိုင်ငံရေးဘောဂဗေဒအထူးပြု ဘောဂဗေဒ မဟာဝိဇ္ဇာဘွဲ့၊ စစ်မဟာဗျူဟာလေ့လာရေး မဟာသိပ္ပံဘွဲ့၊ နိုင်ငံရေးသုတေသန မဟာသုတေသနဘွဲ့များ ရရှိထားသည့် စစ်ရေး၊ နိုင်ငံရေး လေ့လာသူ တဦးဖြစ်ပါသည်။)

မှတ်ချက်။ ။စာရေးသူမှပေးပို့လာသည်ကို ပြန်လည်ဖေါ်ပြခြင်းဖြစ်သည်။

8 comments

  • mnoe

    July 3, 2011 at 4:24 am

    ခုလို ဗဟုသုတရဖွယ်လေးတွေ တင်ပေးတဲ့ ကိုခိုင့်ကိုကော ရေးပေးတဲ့ စာရေးသူကိုကော ကျေးဇူးအများကြီးတင်ပါတယ်။ ကော်ပီလုပ်ထားတယ်၊ ဖြည်းဖြည်းချင်းပြန်ဖတ်ဖို့။

  • Yan Shin

    July 3, 2011 at 7:13 am

    same with “mnoe”,
    Realy thank “kai”,
    “BRAVO”

  • zaw min

    July 3, 2011 at 8:52 am

    ကျေးဇူးတင်ပါတယ်၊စာရေးသူရော ကိုခိုင်ကိုရောပါ၊ဗဟုသုတများစွာတိုးစေပါတယ်၊အဲဒီ Stun Gun က မလေးမှာခေတ်စားသွားသေးတယ်၊လွန်ခဲတဲ့ (၆)လောက်ကဖြစ်မယ်၊အပြင်မှာ အလွယ်တကူဝယ်လို့ရခဲ့တယ်၊ဒါပေမယ့် ရွေဆိုင်ကို အဲဒီ သေနတ်နဲ့ ဓါးမြဝင်တိုက်သွားလို့ မလေးရဲတွေ အလုပ်ရူပ်စေခဲ့တယ်။ပထမက လုယက်မူတွေ၊ဘလက်ကာယမူတွေကို ကာကွယ်ဖို့၊မိမိကိုယ်ကိုကာကွယ်ဖို့ အများပြည်သူလက်ထဲအလွယ်တကူရောင်းချပေးမယ့်အစီအစဉ်ပါ။ဒုစရိုက်သမားတွေက အရင်သုံးပြလိုက်တော့ အစိုးရလဲလန့်သွားပုံရတယ်။

  • zaw min

    July 3, 2011 at 9:10 am

    သူကြီးခင်ဗျာ….သတင်းစာဆရာကြီး ဦးဝင်းတင်အကြောင်းရေးချင်ပါတယ်၊ဒီဆိုဒ်မှာဖေါ်ပြပီးသားရှိပါသလားခင်ဗျာ…မရှိရင်ရေးသားချင်ပါတယ်…

  • fatty

    July 3, 2011 at 11:39 am

    ဒီပိုစ်စပြိးဖတ်ရင်းဖတ်ရင်းနဲ့ ငါတော့ Diploma တခုတော့ရလောက်ပြီထင်တာ …
    အောက်ဆုံးကြမှ အဖြေသွားတွေ့တာကိုး …။ အတော်လေးကို ဗဟုသုတ တိုးစေပါတယ်။
    နောက်လဲ ပညာရှင်တွေရဲ့ ကိုယ်တိုင်ရေးတွေဖြစ်စေ သင်ရတဲ့ course တွေထဲက အမျးအတွက်
    အကျိုးရှိမဲ့ ဘာသာရပ် ဆိုင်ရာတွေတင်ပေးဖို့ request လုပ်ပါတယ်။

  • pooch

    July 3, 2011 at 1:55 pm

    ဗဟုသုတတွေ အများကြီး ရလိုက်ပါတယ် သူကြီး ကျေးဇူးပါ။ နောက်လည်း ဒီလိုမျိုး ပို့စ်တွေ များများတင်ပေးပါ။

  • forever

    July 3, 2011 at 2:03 pm

    တကယ်. professional ဘဲ ..လေးစားမိပါတယ်

Leave a Reply