အင်ဗွိုင်းဂျာနယ် ရပ်နားမှုကြောင့် သတင်းထောက်များ အခက်တွေ့

BayoteMay 5, 20101min811

ဒါရိုက်တာ ဇင်ယော်မောင်မောင်နှင့် ရွှေသံလွင်ကုမ္ပဏီတို့ ပူးပေါင်းထုတ်လုပ်သည့် အင်ဗွိုင်းဂျာနယ်ကို ငွေရေးကြေးရေး အခက်အခဲကြောင့် ပြီးခဲ့သည့် ဧပြီလတွင် ထုတ်ဝေမှု ရပ်နားလိုက်သဖြင့် ယင်းဂျာနယ်တွင် လုပ်ကိုင်နေသည့် သတင်းထောက်နှင့် ရုံးဝန်ထမ်းတို့ အလုပ်အကိုင် ပြန်လည်ရရှိရေး အခက်အခဲများ ရင်ဆိုင်နေရကြောင်း သိရသည်။

ထုတ်ဝေမှုသက်တမ်း (၅) လခန့်သာ ရှိသေးသည့် အင်ဗွိုင်းဂျာနယ် ရပ်နားလိုက်မှုကြောင့် ဂျာနယ်တိုက် ဝန်ထမ်းများ လျော်ကြေးမရသည့်အပြင် အခြားအလုပ်အကိုင်သစ်တခုရှာရန် အခက်အခဲ တွေ့နေကြောင်း သိရသည်။

“ပြီးခဲ့တဲ့ဧပြီလကုန်မှာ သူဌေးတွေ ငွေရေး ကြေးရေး ခွဲဝေတာ မတည့်လို့ ထုတ်ဝေမှုကို ရပ်လိုက်တယ်။ ဝန်ထမ်းတွေက (၁) လ ကြိုပြီး အလုပ်နားမယ်မပြောဘဲ အလုပ်ရပ်ရင် (၃) လစာ ပေးရမယ်လို့ တောင်းဆိုလို့ အခု ဂျာနယ် မထုတ်တာတောင် ဒီလကို ရုံးချိန်ပြည့် တက်ရမယ်လို့ ဝန်ထမ်းတွေကို ခိုင်းထားတယ်” ဟု အင်ဗွိုင်းဂျာနယ် ဝန်ထမ်းက ပြောသည်။

ပြီးခဲ့သည့်လက ထုတ်ဝေမှု ရပ်နားလိုက်သော်လည်း ဝန်ထမ်းများကို (၃) လစာ လျော်ကြေးပေး အလုပ်ထုတ်ရမည် စိုးသောကြောင့် မေလကုန်တွင် အလုပ်ပိတ်သိမ်းမည်ဟု ပြောဆိုကာ မေလ လစာပေး အလုပ်ခိုင်းနေခြင်းဖြစ်သည်ဟု အင်ဗွိုင်းဂျာနယ် ဝန်ထမ်းတဦးက ပြောသည်။

“ဒီတပတ်အတွက် ဂျာနယ်ထွက်ဖို့ ပြင်ပြီးတော့မှ မထုတ်တော့ဘူးလို့ ဦးမောင်က ပြောတယ်” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ဧပြီလကုန်က ဂျာနယ်မထုတ်ဘဲ လုပ်ငန်းပိတ်တော့မည့်အကြောင်း ဝန်ထမ်းများကို ပြောကြားခဲ့ရာ ဝန်ထမ်းများက (၃) လစာ လျော်ကြေးငွေ တောင်းခံခဲ့ကြောင်း သိရသည်။

သို့သော် အင်ဗွိုင်းဂျာနယ် ပိုင်ရှင်များက ဝန်ထမ်းများကို (၃) လစာ လျော်ကြေး မပေးနိုင်သည့်အတွက် ဂျာနယ်ပိတ်သိမ်း ပြီးသော်လည်း (၁) လ အလုပ်ဆက်လုပ်ရန် ဂျာနယ်တိုက် ဝန်ထမ်းများကို ညွှန်ကြားစာထုတ်လိုက်ပြီး ယခု မေလကုန်ပါက အားလုံးအလုပ်ထွက်ကြရန် ပြောကြားထားသည်။

ရုံးချိန်အတိုင်း ဝန်ထမ်းအားလုံး ရုံးတက်ရမည်ဖြစ်ပြီး အလုပ်ပျက်ရက်များကို လစာဖြတ်မည်ဖြစ်ကာ ရုံးမတက်သူများကိုလည်း လစာပေးမည်မဟုတ်ကြောင်း ဇင်ယော်မောင်မောင်က ပြောသည်။ ယခုလတွင်လည်း လစာတခုတည်းသာ ပေးမည်ဖြစ်ပြီး ခရီးစရိတ်ကဲ့သို့ အခြားခံစားခွင့်များ မပေးနိုင်ကြောင်း ပြောကြားသည်ဟု သိရသည်။

“ကျနော်တို့က စာမူခပေါ်မှာ အားကိုးပြီးနေရတာ အခုက သတင်းမရေးရတော့ဘူးလေ။ ရုံးမှာ လာထိုင်နေရုံပဲ။ ဒီနေ့တော့ အစည်းအဝေးလုပ်မယ် ပြောတယ်။ ဂျာနယ် ဆက်ထုတ်ဖြစ်ဦးမလား ဆိုပြီးတော့။ ဂျာနယ်ဆက်မထုတ်တော့ဘူးဆိုရင်တော့ ကျနော်တို့ အလုပ်ပြန်ရှာဖို့ရော ဝင်ငွေရော အခက်အခဲ ဖြစ်သွားမှာ” ဟု သတင်းထောက်တဦးက ပြောသည်။

မြန်မာ့သတင်းဂျာနယ်များတွင် သတင်းထောက်တဦးလျှင် အခြေခံလစာ ကျပ် (၃) သောင်းခွဲသာရှိပြီး အများစုမှာ သတင်းစာမူခပေါ်တွင်သာ အားပြုဝင်ငွေရှာရခြင်းဖြစ်သည်။

Source : Khitpyaing

One comment

  • laypyay

    May 5, 2010 at 6:19 am

    အဲ့ဒါတွေပေါ့ ..ဖင်မနိုင်ပဲ ပဲကြီးဟင်းစားတယ ်ဆိုတာ.. ကောက်ရိုးမီး ခဏ တောက် သလို ထထလုပ်ကြ ပြီးရင် ပြန်ရုပ်သိမ်း .. ဘာတွေမှန်းကို မသိဘူး လုပ်ချင်ရာ လုပ်နေကြတာပဲ ..ဒါကို လည်းခွင့်ပေးတဲ့သူပေးသေးတယ်..။ အံ့ပါရဲ့ အံ့ပါ ရဲ့ ..။

Leave a Reply