မြန်မာအမျိုးသမီးများနေ့

manawphyulayJuly 3, 20111min1359

အားလုံး မင်္ဂလာပါရှင်။ ဇူလိုင်လ ၃ ရက်နေ့သည် မြန်မာအမျိုးသမီးများနေ့ ဖြစ်ပါတယ်။ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် ကျွန်မ သိထားသမျှကို ပြောပြချင်ပါတယ်။
ကျွန်မတို့ မြန်မာအမျိုးသမီးများရဲ့ ရှေးခေတ်ဘဝဟာ ကမ္ဘာပေါ်မှာရှိတဲ့ အခြား အခြားသော နိုင်ငံများက အမျိုးသမီးများလိုဘဲ အားနွဲ့သူလို့ သတ်မှတ်ခံခဲ့ကြရ ပါတယ်။ အိမ်တွင်းမှုလုပ်၊ သိမ်းထုပ်သေချာ ဆိုတဲ့ ဆုံးမစာအတိုင်း လုပ်ကိုင် ခဲ့ကြရပါတယ်။ အပြင်ထွက် ပညာသင်ဖို့၊ အလုပ်လုပ်ဖို့ အခွင့်အလမ်းတွေ အလွန်ပဲ နည်းပါးပြီး အခွင့်အလမ်းမရရှိခဲ့ကြပါဘူး။ အဲဒီထဲကမှ ထူးချွန်တဲ့ အမျိုးသမီးကောင်းတွေလည်း ရှိလာခဲ့ပါတယ်။ အထူးသဖြင့် စာပေနယ်မှာ စစ်ကြိုခေတ်က ပထမဆုံး ပေါ်ထွန်းလာခဲ့တယ်လို့ ပြောရမဲ့သူကတော့ စာရေး ဆရာမကြီး ဒဂုန်ခင်ခင်လေးဆိုတာပါဘဲ။ သူက ၁၉၀၄ ခု ဖွားဆိုတော့ အတော်ကို စောပါတယ်။ ကျွန်မတို့တောင် ဘယ်ရောက်နေမှန်း မသိသေးတဲ့ ဘဝပါပဲ။ အဲ ၁၉၃ဝ လောက်မှာ နိုင်ငံရေး နိုးကြားမှုနဲ့အတူ စာပေမှာ ဝင်လှုပ်ရှား ခဲ့တဲ့ သတင်းစာဆရာမကြီးတွေ ပေါ်ထွန်းလာခဲ့ပြန်တာကို သိရှိခဲ့ရပြန်တယ်။ အင်း ပထမဆုံး အမျိုးသမီး သတင်းစာထုတ်ဝေသူ အယ်ဒီတာကတော့ ဒေါ်ဖွားရှင်ပါတဲ့ရှင်။ နောက် ဒေါ်ထားထားတဲ့။ ပြီးတော့ အင်ဒပင်းဒင့် ဒေါ်စန်းတဲ့။ ကျွန်မလည်း သိမှတ်ရတာကို ပြောရတာပါ။ ကိုယ်မှာ မမွေးသေးတာကိုး။ သူတို့ဟာ ကိုလိုနီအစိုးရကို ကလောင်နဲ့ တော်လှန်ခဲ့ကြတဲ့ မိန်းမ သူရဲကောင်းတွေပါဘဲ။
ခုဆို ကျွန်မတို့ခေတ်မှာတော့ အားနွဲ့သူတွေ မဟုတ်ကြတော့ဘူးလေ။ အမျိုးသားများနဲ့ ရင်ဘောင်တန်းနိုင်ရမယ် ဆိုတဲ့ အသိစိတ်တွေနဲ့ အမျိုးသမီးများ ဟာ လှုပ်ရှားလာနေကြပြီလေ။ အမျိုးသမီးများရဲ့ဘဝမှာ မွေးလာစဉ်ကတည်းကပဲ ယောက်ျားသားတွေမှာ ရှားပါးလှတဲ့ မိခင်စိတ်ဆိုတဲ့ စိတ်ဓာတ်တစ်ခု အရင်းခံ ပါလာတာကို တွေ့ရပါတယ်။
ဒီလိုဘဲ အမျိုးသားများကို တင်စားတဲ့ စာသားလေးတစ်ခုရှိပါသေးတယ်။ ဘာတဲ့။ ကောင်းကင်တမွတ်၊ ကြယ်ကိုဆွတ်လည်း မလွတ်စတမ်း ရမြဲတမ်းဆိုလားဘဲ။ ဒါပေမဲ့ ကောင်းကင်က ကြယ်တံခွန်အသစ်ကို ဂျာမနီနိုင်ငံသူ အမျိုးသမီးတစ်ယောက်က ပထမဆုံး တွေ့ရှိခဲ့တာကို သိခဲ့ရပြန်တယ်။ အမျိုးသမီးတွေအပေါ်မှာ မြင့်မြတ်စွာ နားလည်သူတွေကတော့ ပုခက်လွှဲသောလက်သည် ကမ္ဘာကို လွှမ်းမိုးနိုင်တယ်လို့ ပြောကြတာပေါ့။ ဒေါက်တာ မတင်ဝင်းကတော့ ရာဇဝင်ထဲက မိန်းမသားဆိုဘဲ။ တော်တော်လေး ကောင်းတယ် ဖတ်ကြည့်ပါလား။ ကျွန်မကတော့ အမျိုးသမီးဆိုတာ လူသားတစ်ဦးပဲ ဖြစ်တယ်။ အမျိုးသမီးရယ်၊ အမျိုးသားရယ် ခွဲခြားနေဖို့ မလိုဘူးလို့ထင်ပါတယ်။ ဟုတ်တယ်လေ။ ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ရဲတဲ့သူဟာ ကိုယ့်ကိုယ်ကိုယ် ပိုင်ဆိုင်တဲ့ လူသားပဲ ဖြစ်ရမှာပေါ့။ မည်သူမဆို အမျိုးသမီးဘဲဖြစ်ဖြစ် အမျိုးသားပဲဖြစ်ဖြစ် ကြိုးစားရင် အောင်မြင်မှာဘဲ စဉ်းစားကြည့်လေ။ အခု အမျိုးသားများရှိနေခြင်းဟာ အမျိုးသမီး ဆိုတဲ့ မိခင်များက မွေးဖွားခဲ့ကြလို့ပေါ့။ အဖြေက ရှင်းနေတာဘဲ။ မြတ်စွာဘုရားတောင် မယ်တော်မာယာက မီးဖွားသန့်စင်ခဲ့လို့ ဘုရားအဖြစ်ကို ရတော်မူခဲ့တာပေါ့။ ပြောရရင် သာဓကတွေ အများကြီးပါပဲ။ မြန်မာအမျိုးသမီးများ အားကစားနဲ့ ကမ္ဘာကို လွှမ်းလာနေတာကိုလည်း တွေ့ရှိနေရပါပြီ။ ကျွန်မဖြစ်စေချင်တာကတော့ မြန်မာအမျိုးသမီးတိုင်းကို သံမဏိပွင့်ဖတ်များနှင့် ဖွဲ့စည်းထားတဲ့ ပန်းများ ဖြစ်သင့်တယ်လို့ မြင်ချင်တယ်။ ဘဝမှာ လောကဓံနှင့် နေရောင်ခြည်ကို အလွယ်တကူ အရှုံးပေးပြီး ကြွေကျပေးလိုက်တဲ့ ပန်းတွေ မဖြစ်စေချင်ဘူး။ ခုဆိုရင် မြန်မာအမျိုးသမီးများနေ့ကို နေရာတိုင်းမှာ ဂုဏ်ပြုကြိုဆိုပြီး ဖွင့်ပွဲတွေ လုပ်လာတာကို တွေ့ရှိရခြင်းအားဖြင့် ကျွန်မ ဝမ်းသာကြည်နူးမိသလို မြန်မာအမျိုးသမီးများ ဦးစီးတဲ့ စာအုပ်ထုတ်ဝေဖြန့်ချိ မှုတွေ၊ စာအုပ်ဈေးရောင်းပွဲတော်တွေ ကျင်းပလာခြင်းအားဖြင့် ကျေနပ်ဂုဏ်ယူမိပါတယ်။ ကမ္ဘာမှာ မြန်မာအမျိုးသမီးများကို အသိအမှတ်ပြုလာတာတွေလည်း တွေ့ရှိနေရပါပြီ။ ဒီလိုဘဲ သုညတစ်လုံးထဲရှိခြင်းဟာ အသုံးမဝင်ပေမဲ့ မြန်မာအမျိုးသမီးအားလုံးဟာ တစ်ဆိုတဲ့ ဂဏန်းရဲ့နောက်မှာ သုညများစွာနဲ့အတူ တန်ဖိုးရှိသော အမျိုးသမီးများ ဖြစ်နိုင်ကြပါစေလို့ ပြောရင်းနဲ့ ဇူလိုင်လ ၃ ရက်နေ့မှာ ကျရောက်တဲ့ မြန်မာအမျိုးသမီးများနေ့ကို ဝမ်းမြောက်ဝမ်းသာစွာနဲ့ ဂုဏ်ပြုကြိုဆိုလိုက်ပါတယ်နော်။

မြန်မာအမျိုးသမီးများ ဒီထက် ဒီထက် ပိုပြီး တိုးတက်အောင်မြင်နိုင်ကြပါစေလို့ ဆုတောင်းပြုရင်း…

9 comments

  • kai

    July 3, 2011 at 11:22 am

    ထေရဝါဒဗုဒ္ဓဘာသာဝင်အများစုဖြစ်တဲ့… မြန်မာအမျိုးသမီးတွေဟာ..
    ၁) သီလရှင်မဟုတ်ပဲ.. ဘိက္ခူနီမ(ရဟန်းမ) အဖြစ်ခံယူခွင့်ရဖို့..။
    ၂) အထက်ပစ္စယံကို တက်ခွင့်ရဖို့..။
    ၃) အမျိုးသမီးတွေကို တန်းတူမထား နှိမ့်ချရေးသားကြတဲ့..ရဟန်းပညာရှိ၊လူပညာရှိတွေရဲ့ စာတွေကို ပြန်လည်ချေပ..နိုင်ကြဖို့.. အရင်ဆုံးကြိုးစားသင့်တယ်ထင်မိတာပဲ…။

    • manawphyulay

      July 3, 2011 at 11:31 am

      တဖြည်းဖြည်းတော့ ဖြစ်လာမှာပေါ့ရှင်။ ဘုရားရှင်လက်ထက်က ဝိသာခါတို့ဆိုတာ ဘိက္ခူနီမတွေ ဖြစ်ခဲ့တာပါပဲ။ ဘုရားရှင်လက်ထက်က ဘိက္ခူနီမဖြစ်ခဲ့တာ တစ်ယောက်မကပါဘူး။ အပါး ငါးရာ ဖြစ်ခဲ့ဖူးပါတယ်။

  • fatty

    July 3, 2011 at 12:08 pm

    ဘုရားရှင်လက်ထက်တော်က …( ဖတ်ဖူးတာလေးနော် ) အခါတပါးမှာ … ဘုရားရှင်ဟောတဲ့တရားတော်ကို
    လာပြီးနာကြားကြပါတယ် အဲဒီထဲမှာ ဝိသာခါ ကျောင်းအမကြီး လဲပါတာကိုး ..။ သူက အမှတ်မထင်
    ဘုရားရှင်ရဲ့ လေညာ အရပ်က ထိုင်မိပါသတဲ့။ နောက်တော့မှ ကိုယ့်ကိုယ်ကိုယ် သတိထားမိတယ် ..
    ငါတို့မိန်းမသားတွေရဲ့ ရနံ့ကြောင့် ဘုရားရှင်ကိုယ်တော်မြတ်ကြီး အတွက် အနှောက်အယှက်များဖြစ်
    သွားရင် ဒုက္ခပါလားလို့ဆင်ခြင်ပြီး နေရာပြောင်းပြီး လေ အောက် အရပ်က ခပ်လှမ်းလှမ်းကဘဲ ထိုင်လိုက်
    ပါတယ်တဲ့ ..။ အဲဒီကစပြီး အများက သင့်တော် ပေသားဘဲလို့ယူဆလိုက်ကြပြီး အမျိုးသမီးတွေအတွက်
    သီးခြားဖြစ်သွားရတာပါလို့မှတ်ခဲ့ရဖူးပါတယ်။ အခုခေတ်ကတော့ အမျိုးသမီးတွေလဲမွှေးနေပါပြီ။

    • bigcat

      July 4, 2011 at 5:12 am

      ဦးဖက်ပြောတဲ့ ဝိသာခကျောင်းအမကြီး ဇာတ်လမ်းအခုမှ သိတယ်။ ကျောင်းအမကြီးကိုယ် နံလို့ထက် အမွှေးနံ့သာလိမ်းပြင်ဆင်တားတဲ့ မိန်းမကိုယ်သင်းနံ့နဲ့ ဘုရားရှင်ကို စော်ကားသလိုဖြစ်နေမှာစိုးလို့ နေရာရွှေ့ပေးတယ်ထင်ပါတယ်။ ဟုတ်ရင် ဒီအကြောင်းကို သေသေချာချာ သုတေသနပြုသင့်တယ်။ ဆက်လို့ အမျိုးသမီးတွေ မတက်ရ၊ မလာရကတော့ လုပ်ရဲရင် လုပ်ကြပေါ့ဗျာ။ အချို့ကိစ္စတွေကြတော့ သဘာဝနယ်လွန် အရာတွေရှိတယ်။ အမှန်တရားမဟုတ်ပေမယ် ့ သူပိုင်နယ်ထဲသွားရင် သူ့စည်းကမ်း လိုက်နာရမယ်လေ၊ ကိုယ်ကသူ့ထက်စွမ်းရင်တော့ တမျိုးပေါ့။

  • pooch

    July 3, 2011 at 1:41 pm

    ပုခက်လွှဲသော လက်တွေ ကမ္ဘာကို အုပ်စိုးနိုင်ပါစေ….

  • ဆူး

    July 3, 2011 at 1:57 pm

    ပုခက် လွဲ သော လက် မဟုတ်တော့ဘူး။
    ပိုက်ဆံ သေတ္တာသော့ ကိုင်တဲ့ လက် ဖြစ်နေပြီ။

    • pan pan

      July 4, 2011 at 5:04 am

      ဒါကြောင့် စာရင်းကိုင်အလုပ်ခန့်ရင် အမျိုးသ္မီးတွေကိုခန့်တာပဲ

  • maungmoenyo

    July 4, 2011 at 1:10 am

    ပုခက်လွှဲတဲ့ လက် ကနေ ငွေကိုင်တဲ့လက်အဖြစ်..ဒီကနေ အိမ်ထောင်ရဲ့ဥစ္စာပစ္စည်းစီမံခန့်ခွဲ့တဲ့ အယူအဆဟာ မြန်မာမိန်းမသားတွေလက်ထဲ့ အော်တိုမက်တစ်ရောက်သွားတာ ခေတ်အတော်ကြာနေပြီဖြစ်သလို၊ အမြစ်တွယ်နေပါပြီ။ အဓိက ကတော့ ပညာနဲ့ အခြားအစစအရာရာမှာနောက်ကျကျန်နေတဲ့ မိန်းကလေးဆိုတာ အိမ်ထောင်မှုသားမွေးတတ်ရင်ပြီးတာဘဲ ဆိုတဲ့ ရှေးရိုးစွဲအယူအဆရဲ့ အပြစ်ပါဘဲ။ ဒီကနေ မိမိခင်ပွန်းအပေါ်လွှမ်းမိုးနိုင်အောင်ကြိူးစားတဲ့ အဖြစ်လဲပါတယ်ဆိုတာသိပြီးကြမှာပါ။ ပုဝါတကမ်းလက်တလှမ်းခေတ်ကနေ ခုတော့ ခုမြင်ခုကြိုက်၊ မိန်းကလေးကစတဲ့ခေတ်တောင်ရောက်နေမှကိုး။
    အတွေ့အကြုံအရ အိမ်ထောင်တခုမှာ မိန်းမဖြစ်သူက ထက်မြက်ရင် (ရာထူး၊ပညာကအစ ခင်ပွန်းထက်သာခဲ့ရင်) ခင်ပွန်းဖြစ်သူတွေကနောက်ကောက်ကျကျန်ခဲ့တာတွေမျိုးလည်းရှိပါတယ်။
    တန်းတူရည်တူဆိုတဲ့ ဥပဒေပြဌာန်းချက်တွေလွှမ်းမိုးလာတဲ့ခေတ်မှာ၊ မိန်းမသားတွေ နေရာရလာတာကောင်းတဲ့လက္ခဏာဖြစ်တယ်လို့ ယူဆရပါမယ်။
    ဒီကနေ နောင်ရာစုနှစ်တဝက်လောက်မှာ၊ မိန်းမကယောကျာ်းအပေါ်အနိုင်ဟူလွှမ်းမိုးလိုစိတ်ဆိုတဲ့အယူအဆ တဖြေးဖြေးတိမ်ကောသွားသလို မောင်တထမ်းမယ်တရွက်ဆိုတဲ့ အယူအဆဟာမြန်မာမိန်းမသားတွေထဲမှာ ပြီပြင်လာမယ်လို့ဆိုနိုင်ကြောင်းပါ။

  • Yan Shin

    July 4, 2011 at 8:21 am

    ကျွန်တော်တို့
    အမျိုးသား အမျိုးသ္မီး တန်းတူ အခွင့်အရေးဆိုရာမှာ
    ပြောတယ်ဆိုကတည်းက စိတ်ဓါတ်မြင့်မား အတွေးအခေါ်မြင့်သူများပါ။

    အထက်ပစ္စယံတက်ခွင့်ရရေးဆိုတာမျိုးကိုလည်း နှစ်ဖက်စလုံးက ဆွေးနွေးလိုကြမယ်မထင်ပါဘူး။
    (မြန်မာနိုင်ငံအနေနဲ့ပါ။ အဲဒါကိုတော့ မတင်စေခြင်ဘူး)

    တန်းတူရေးဆိုရာမှာ အားငယ် အားကြီးမရှိစေရရေးကို အနိုင်မကျင့်ရေးကို ဆိုလိုတာပါ။
    တစ်ချို့နိုင်ငံတွေမှာ Genta Issue ဆိုတာ ယောကျားများက ပြန်လည်တောင်းဆိုနေရတဲ့ issue တစ်ခုတောင်ဖြစ်နေဆိုပဲ။

    ကျွန်တော်တို့ မဟာပုရိသများက မောင်တစ်ထမ်းမယ်တစ်ရွက်လို့ဆိုပါတယ်။
    မောင်တို့က ပိုပြီးသားပါ။

    ခုခေတ်သစ်မှာ မြို့ပြယဉ်ကျေးမှု့မှာ မောင်နဲ့မယ်တို့ဟာ တန်းတူစီးပွါးရှာနေကြရပါပြီ။
    ဒါပေမဲ့ အိမ်ပြန်ရောက်ရင် ချက်ရေးပြုပ်ရေး သန့်ရှင်းရေး (အိမ်ထောင်ထိမ်းသိမ်းရေး) အပိုလုပ်တွေဟာ အိမ်ရှင်မတွေလုပ်နေရတာ။ သဘက်ရည်ဆိုင်ထိုင် ဘော်လုံးပွဲကြည့် ဘော်လုံးပွဲလောင်းနေချိန်မှ အိမ်သူဇနီးက မီးပူတိုက် ကလေးသိပ်နေတာတွေဟာ
    မောင်တစ်ထမ်းပါသလား……
    ဒါနဲ့များ ဘာကြောင့် ကျွန်တော်တို့ က သူတို့ဟာ ငါတို့ထက်နိမ့်တယ်လို့ ပြောခြင်နေရတာလဲ။

    နဲနဲလေးပိုစာနာ နဲနဲလေး ပိုချစ်ကြည့်ရအောင်ဗျာ……………….

Leave a Reply