ကျပ်သိန်းတစ်ထောင်ဆုကို သံဃာတော်အနေဖြင့် ပထမဆုံးပေါက်ခဲ့သည့် ဆရာတော်ဦးတေဇနိယအား အလှူတော်ငွေကျပ်သိန်းငါးရာ ဆက်ကပ်လှူဒါန်းပွဲကျင်းပ

BayoteMay 5, 20101min681

ကျပ်သိန်းတစ်ထောင်ဆုကို သံဃာတော်အနေဖြင့် ပထမဆုံးပေါက်ခဲ့သည့် ဆရာတော်ဦးတေဇနိယအား မိုးယံမှ အလှူတော်ငွေ ကျပ်သိန်းငါးရာ ဆက်ကပ်လှူဒါန်းပွဲကို ဧပြီလ ၂၅ ရက်နေ့ ညနေ ၅နာရီမှ ၈ နာရီအထိ မုံရွာမြို့၊ ရုံးကြီးရပ်၊ ဘူတာလမ်းရှိ မြစန္ဒာခန်းမတွင် ကျင်းပခဲ့သည်။

“၂၀၁ဝ ဧပြီလ ၁ ရက်နေ့က ဖွင့်လှစ်တဲ့ (၂၅၅) ကြိမ်မြောက် ထီဖွင့်ပွဲမှာ စ-၈၄၅၂၈၈ နံပါတ်နဲ့ သိန်းတစ်ထောင်ဆုကို မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ် ကျောက်ဖြူတိုင်ကျေးရွာ သာသနာ့ရောင်ခြည်ကျောင်း က ဆရာတော်ဦးတေဇနိယက ဆွတ်ခူးခဲ့ပါတယ်။ ဆရာတော်ဦးတေဇနိယကို သိန်းငါးရာ ဆက်ကပ်လှူဒါန်းပွဲကို ဧပြီလ ၂၅ ရက်နေ့မှာ ကျင်းပခဲ့ပါတယ်”ဟု (၂၅၅) ကြိမ်သိန်းတစ်ထောင်ဆု ကိုယ်စားလှယ်ကံထူးရှင် ဦးကျော်ဌေး(မင်းမဟော် ထီဆိုင်)က ပြောပြခဲ့သည်။

“ဆရာတော်ဦးတေဇနိယဟာ သက်တော် ၅၀၊ ဝါတော် ၃ဝ ရှိပြီး ဇာတိက ဆားလင်းကြီးမြို့နယ် မတောင့်တ ရွာဇာတိဖြစ်ပါတယ်။ ဆရာတော်ဟာလမ်း၊ တံတားပြုပြင်ရေး ကုသိုလ်ရလုပ်ငန်းတွေကို စဉ်ဆက်မပြတ် ပြုလုပ်လျက်ရှိပါတယ်” ဟု ဆားလင်းကြီးမြို့နယ် ကမ်းပြူရွာမှ မယဉ်မာမွှေးက ပြောကြားခဲ့သည်။

“ဘုန်းကြီးဟာ ငယ်ငယ်တုန်းက ကိုရင်ဘဝ ထီတစ်စောင်ကို နှစ်ကျပ်ပေးရကတည်းက ကြွေးဟောင်း ဆပ်ခြင်း၊ ကြွေးမြီသစ်ချခြင်းစတဲ့ ကေဒါရ ကျေးမင်းထုံး နှလုံးမူပြီး ထီထိုးခဲ့ပါတယ်။ ထီတွတ်တစ်သိန်း ဆု ငါးကြိမ်ပေါက်ခဲ့ပြီးဖြစ်သလို အခုသိန်းတစ်ထောင်ပေါက်တာက ကိုးကြိမ်မြောက်ပေါက်ခြင်းဖြစ်ပါတယ်”ဟု ဆရာတော်ဦးတေဇနိယက မိန့်ကြားခဲ့သည်။

အလှူတော်ငွေ ကျပ်သိန်း ငါးရာ ဆက်ကပ်လှူဒါန်းပွဲတွင် မုံရွာမြို့ရှိကျောင်း တိုက်အသီးသီးမှ ပင့်သံဃာအပါး ၂ဝ နှင့် ကျင်းပပြုလုပ်ခဲ့ပြီး ဆရာတော်ဦးတေဇနိယ နှင့် သံဃာတော်များအား ကန်တော့ခန်း၊ ငါးပါးသီလပေးခြင်း၊ အမျှဝေခြင်း၊ သာဓုခေါ်ခြင်းများဖြင့် ကျင်းပခဲ့သည်။

“မုံရွာမြို့မှာ အရင်က ခဏခဏ ကျင်းပတာကြုံဖူးပါတယ်။ အခုဆု ပေးပွဲက ဆရာတော်ဖြစ်နေတော့ ဆက်ကပ်လှူဒါန်းပွဲက ထူးခြားနေတာကြောင့် လာကြည့်တဲ့ ပရိသတ် များတာကိုတွေ့ရတယ်”ဟု မုံရွာမြို့မှ ဒေသခံ တစ်ဦးက ပြောပြသည်။

Source : http://www.first-11.com/

One comment

  • laypyay

    May 5, 2010 at 6:13 am

    အိုးးး ဘဘုန်း က ပိုက်ဆံကိုင်ရဘူးနော ်… အာပတ်သင့်တယ်.. အဲ့တော့ ဒကာတော်များပဲ စွန့်ကျဲလိုက်ပါတော့ ဘုရားး..။

Leave a Reply