ဓမ္မလေ့လာရေးခရီးစဉ် ပထမနေ့ (၁)

weiweiJuly 4, 20111min1348

စနေ၊ တနင်္ဂနွေ ပိတ်ရက် (၂) ရက်မှာ လေ့လာရေးနဲ့ ကုသိုလ်ဖြစ် ခရီးစဉ်လေးတစ်ခု ထွက်ကြဖို့ ကြိုတင်စီစဉ်ခဲ့ကြပါတယ်။ ခရီးစဉ်ဖြစ်ရခြင်း အကြောင်းရင်းကတော့ ဆူးနဲ့ သူ၏ သူငယ်ချင်းများက True Answer (ကိုစိုးဝင်းထွဋ်) ရေးတဲ့ သန်လျင်သဘာဝ တရားရိပ်သာကို စိတ်ဝင်စားကြတယ်။ ကျွန်မရေးတင်ဖူးတဲ့ သန်လျင်ဖားအောက်တောရရိပ်သာကိုလဲ ရောက်ဖူးချင်ကြတယ်။ သန်လျင်က နာရေးကူညီမှုအသင်းနဲ့ ကျန်းမာရေးအလှူကိုလဲ လေ့လာပြီးလှူဒါန်းချင်ကြတယ်။ တနင်္ဂနွေမှာ မှော်ဘီက ဗောဓိရိပ်ငြိမ်ရိပ်သာမှာ အလှူတစ်ခုရှိတာကို ဖိတ်ထားတာရှိတာနဲ့ လေ့လာရင်းနဲ့ ခရီးတိုလေးတစ်ခုသွားဖို့ အကြောင်းဖန်လာပါတယ်။

အဲဒီလိုနဲ့ ပထမနေ့ခရီးစဉ်ကို သန်လျင်ဘက်ကို စီစဉ်ခဲ့ပြီး ဒုတိယနေ့ခရီးစဉ်ကိုတော့ မှော်ဘီသွားဖို့ စီစဉ်ခဲ့ကြပါတယ်။ ပထမနေ့ခရီးစဉ်အတွက် အချိန်နဲ့ နေရာညှိပြီး ရန်ကုန်ကနေ မနက် ၉ နာရီမှာ ထွက်နိုင်ဖို့ စီစဉ်လိုက်ပါတယ်။ စနေနေ့မနက် ၉ နာရီမှာ ရန်ကုန်မြို့တစ်နေရာမှာ လူစုပြီး (၇) ယောက်စီး ကားလေးတစ်စီးနဲ့ ခရီးစဉ်စတင်ခဲ့တယ်။
မိုးတွေရွာနေတာနဲ့ ခပ်ဖြေးဖြေးပဲကားမောင်းခဲ့ကြပြီး ကားပေါ်မှာ တစ်ယောက်တစ်ပေါက်နဲ့ စကားတွေ ဖောင်ဖွဲ့လာကြတာ သန်လျင်ဘက်ကို ရောက်မှန်းမသိရောက်လာပါတယ်။ သန်လျင်တံတားမှ ဆင်းပြီး ခဏလေးကောင်းမောင်းလိုက်တာနဲ့ နာရေးကူညီမှုအသင်းရုံးခန်းရှိရာ နာရီစင်နားကို ရောက်ခဲ့ပါတယ်။ သပ်ရပ် ခိုင်ခံ့တဲ့ ခရမ်းရောင် အဆောက်အဦး (၃) ခုကို တွေ့လိုက်ရပါတယ်။ နာရေးကူညီမှုအသင်း ရုံးခန်းထဲကို အားလုံးဝင်သွားလိုက်ပြီး တာဝန်ရှိသူတွေက အားတက်သရော ရှင်းပြကြတာကို နားထောင်ခဲ့ကြတယ်။

နာရေးကူညီမှုအသင်းကို ၂၀၀၂ ခုနှစ်က စတင်ခဲ့တာဖြစ်ပြီး ၂၀၁၁ ဇူလိုင် ၂ ရက်နေ့မှာ စုစုပေါင်း နာရေး ၇၉၀ဝ ကျော်ကို တာဝန်ယူခဲ့ပြီးဖြစ်ပါတယ်။ နိဗ္ဗာန်ယာဉ် (၃) စီးနဲ့ စေတနာဖြင့် ကားမောင်းပေးသူများ ရှိပါတယ်။ ရုံးခန်းတစ်ခုဖြင့် ရုံးထိုင်ပြီး အချိန်နဲ့တပြေးညီ နာရေးအားလုံး အဆင်ပြေအောင် ဆောင်ရွက်ပေးနေကြပါတယ်။ သေဆုံးသူအတွက် အခေါင်းကိုလည်း တာဝန်ယူလုပ်ပေးကြပါတယ်။ ဆင်းရဲသူများအတွက်ဆိုရင် မြေကြီးတူးခကိုပါ ထုတ်ပေးပါတယ်။ ရက်လည်အထိ အသုံးပြုဖို့ ပလက်စတစ်ထိုင်ခုံများကိုလည်း အခမဲ့ ငှားရမ်းပေးပါတယ်။ အသုဘချချိန်မှာ နာရေးအိမ်ရှင်တွေသုံးဖို့ လူစီးကားတစ်စီးကိုလဲ စီစဉ်ပေးကြပါတယ်။ အဲဒီထက်မှ ပိုဆင်းရဲသေးရင် ရက်လည်အတွက် မုန့်ဟင်းခါးအလှူကိုတောင် ပေးတဲ့အထိ အားလုံးအပြီးအစီး တာဝန်ယူပေးနေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။

အသုဘနဲ့ပတ်သက်ပြီး ရန်ကုန်မှာလဲ နာရေးကူညီမှုတွေ လုပ်ပေးကြတာ အများသိကြပြီးဖြစ်ပါတယ်။ ရန်ကုန်နဲ့ နယ်မြို့တွေနဲ့ ကွာခြားချက်တွေရှိပါတယ်။ ရန်ကုန်မှာကတော့ အသုဘလတ်လတ်ဆတ်ဆတ်ကို ရေခဲတိုက်ကို ပို့ပြီးမှ သင်္ဂြုဟ်ကြတာဖြစ်ပြီး နယ်မှာကတော့ အနဲဆုံး ၃ ရက် ကနေ ၅ ရက်အထိ အိမ်မှာ ဒီအတိုင်းထားပြီးမှ သဂြိုင်းကုန်းကို ပို့ဆောင်သင်္ဂြုဟ်လေ့ရှိပါတယ်။ လူတစ်ယောက်သေပြီဆိုတာနဲ့ ရာသီဥတုလဲပူ ရောဂါနဲ့လဲ သေတာဆိုတော့ ပုပ်တာပေါ့။ အရည်တောင်ထွက်ပြီး နံစော်နေတာတွေလဲ ရှိပါတယ်။ အဲဒါတွေကို မရွံမရှာ နေ့စဉ် ကူညီပေးနေတာကို သိရတော့ မချီးကျူးပဲမနေနိုင်ဖြစ်ခဲ့ရပါတယ်။ သေမှုသေခင်းလိုမျိုးဖြစ်လာပြီဆိုရင်လဲ ရဲစခန်းက နာရေးကူညီမှုအသင်းကို ဖုန်းဆက်ပြီး အလောင်းသွားကောက်တာကနေ နောက်ဆုံးမြေကျတဲ့အထိ တာဝန်ယူပေးရတာတွေလဲ ရှိပါတယ်။ သွေးသံတရဲရဲနဲ့ မြင်မကောင်းအောင် ဖြစ်နေတဲ့ ရထားကြိတ်ခံရတဲ့ လူသေကောင်လိုမျိုးတွေကိုတောင် သွားကောက်ခဲ့ရဖူးတယ်လို့ သိခဲ့ရပါတယ်။

အသင်းရုံးကိုကြည့်ရတာ ပြည့်ပြည့်စုံစုံနဲ့ ငွေကြေးခိုင်မာပုံရပါတယ်။ ရောက်တုန်းရောက်ခိုက် ကျွန်မတို့ အဖွဲ့တွေက သဒ္ဓါစိတ်ပေါက်လာပြီး အလှူငွေထည့်ခဲ့ကြပါသေးတယ်။ နာရေးရုံးခန်း အဆောက်အဦးနဲ့ ကပ်လျက်မှာ မေတ္တာရိပ်အခမဲ့ဆေးခန်းရှိပါတယ်။ အဲဒီကိုလဲ သွားရောက်လေ့လာခဲ့ပါတယ်။ ဆေးခန်းအကြောင်းကိုတော့ ကျန်းမာရေးအလှူတစ်ခုဆိုတဲ့ ခေါင်းစဉ်နဲ့ ပို့စ်တစ်ခု ရေးတင်ပြီးသားဖြစ်လို့ ထပ်မရေးတော့ပါဘူး။ ဆေးခန်းမှာလဲ အလှူငွေ ထည့်ခဲ့ကြပါသေးတယ်။ ဆေးခန်းအနေနဲ့ကတော့ ဘယ်လောက်ပဲလှူလှူ အမြဲတမ်းလိုအပ်နေမယ်လို့ မြင်မိပါတယ်။ လောလောဆယ်အခြေအနေမှာ လူမမာဦးရေကို အကန့်အကတ်နဲ့သာလက်ခံနိုင်သေးတယ်လို့ သိခဲ့ရပါတယ်။ နောက်ဆိုရင်တော့ တဖြည်းဖြည်းနဲ့ လူနာများများကို ကြည့်စုစောင့်ရှောက်နိုင်တဲ့ ဆေးခန်းတစ်ခုဖြစ်လာလိမ့်မယ်ဆိုတာ သေချာပါတယ်။ စနစ်ကျတဲ့ အုပ်ချုပ်စီမံမှုကို တွေ့ခဲ့ရပြီး ဖော်ရွှေတဲ့ ဆရာဝန်တွေရဲ့ စေတနာတွေ၊ အလှူရှင်တွေရဲ့ သဒ္ဓါတရားတွေက ချီးကျူးစရာ၊ ပီတိဖြစ်စရာပါပဲ။

အခမဲ့ဆေးခန်းမှ တာဝန်ခံဆရာဝန်တစ်ဦးက ကျွန်မတို့အဖွဲ့ကို သန်လျင်သဘာဝတရားရိပ်သာကို လိုက်ပို့ပေးမယ်လို့ပြောပါတယ်။ သူနဲ့ရင်းနှီးတဲ့ ရိပ်သာတစ်ခုဖြစ်ပြီး သူကိုယ်တိုင်လဲ သွားစရာကိစရှိနေတာနဲ့ အတော်ပဲလို့ပြောတာနဲ့ ကျွန်မတို့လဲ အလွန်ဝမ်းသာသွားကြပါတယ်။
ဒါပေမယ့် အချိန်ကိုကြည့်လိုက်တော့ မနက် ၁ဝ နာရီခွဲလောက်ဖြစ်နေပြီဆိုတော့ ကြိုတင်စီစဉ်ထားတဲ့ ဖားအောက်တောရရိပ်သာမှာ နေ့လည်စာစားဖို့အချိန်ကိုက်ဖြစ်နေတာနဲ့ ဖားအောက်ကို အရင်သွားပြီးမှ သဘာဝတရားရိပ်သာကိုသွားမယ့်အစီအစဉ်ပြန်ဆွဲလိုက်ပြီး အဲဒီက ဆရာဝန်ကိုပါ ဖားအောက်တောရရိပ်သာကို လိုက်ခဲ့ဖို့ဖိတ်လိုက်ရပါတယ်။ ဆရာဝန်ကလဲ ဝမ်းသာအားရသဘောတူတာနဲ့ ဆရာဝန်က ကားတစ်စီးနဲ့ ကျွန်မတို့ ကားရှေ့ကနေဦးဆောင်ပြီး ခရီးဆက်ခဲ့ကြပါတယ် …..

ရှည်သွားလို့ အပိုင်း (၂) မှာ ဆက်အားပေးပါအုန်းနော် …

8 comments

  • bigcat

    July 4, 2011 at 4:57 am

    ကောင်းလောင့်တည်း ကောင်းလောင့်တည်း၊ အကြောင်းအရာရော စာရေးသာပုံပါ အဆင်ပြေ ချောမွေ့လှသည်။ နောက်တခါ မှော်ဘီသွားရင် သဲအင်းဂူရိပ်သာပါ ဝင်ကြည့်ဖို့ တိုက်တွန်းပါ၏။ ပုံတွေပါတင်နိုင်ရင် ပိုပြည့်စုံသွားမည် ထင်ပါသည်။ ဆက်ရန် အပိုင်းများကို စောင့်မျှော်လျက်ရှိပါသည်။ 🙂

    • weiwei

      July 4, 2011 at 6:51 am

      ဒီတစ်ခေါက် ခရီးစဉ်လေးက လူစုံပါတယ် .. ကျွန်မက မှတ်တမ်းရေးဖို့ အာရုံစိုက်ထားတဲ့အချိန်မှာ ကျွန်မတို့ရွာထဲက ဓါတ်ပုံဆရာက မှတ်တမ်းတင်ဓါတ်ပုံများ ရိုက်နေခဲ့ပါတယ် … တခြားအဖွဲ့ဝင်တွေကတော့ လှူကြတာပေါ့ … အမြင်ဒေါင့်စောင်းစောင်းနဲ့ ဓါတ်ပုံတွေ ကြည့်ရအုန်းမှာပါ … မျှော် …. 😛

  • pan pan

    July 4, 2011 at 6:25 am

    အနိမ့်ကျဆုံးအလုပ်ကို စိတ်ထားအမြင့်မြတ်ဆုံးလူတွေပဲ လုပ်နိုင်ပါတယ်တဲ့
    သာဓု..သာဓု..သာဓု

  • AKKO

    July 4, 2011 at 9:05 am

    သိပ်ကောင်းတဲ့ ခရီးစဉ်လေးပါ … ပိတ်ရက်ကို အကျိုးရှိစွာ အသုံးချတဲ့မဝေ ကုသိုလ်တွေရော ၊ ဗဟုသုတတွေပါ အများကြီးရသွားတာပါပဲ ။

  • ကောင်းလှောင့်တေး………
    ကောင်းလှောင့်တေး………….
    ကောင်းလှောင့်တေး…………………….
    နောက်သွားရင်လဲ ကျနော်ကိုခေါ်အုံးနော်………………….

  • pooch

    July 4, 2011 at 10:45 am

    စောင့်မျှော်လျှက်ပါ အန်တီဝေ … အနော်လည်း ဓာတ်ပုံတွေ ကြည့်ချင်ပါသေးတယ်…

  • MaMa

    July 4, 2011 at 11:02 am

    ငွေနဲ့ ကူညီတယ်ဆိုတာ လွယ်ပါတယ်။ အမှန်တကယ် လက်တွေ့လုပ်ရတဲ့အခါမှာ အခက်အခဲတွေ၊ စွန့်လွှတ်မှုတွေ အများကြီးရှိနိုင်တာမို့ အခုလို လက်တွေ့ ကိုယ်ထိလက်ရောက် လုပ်ကိုင်နေသူများကို လေးစားပါတယ်။ ဆက်ရန်အပိုင်းများကိုလည်း စောင့်မျှော်လျှက် ရှိပါကြောင်း ဒူဝေဝေ အဲ မှားလို့ ဒေါ်ဝေဝေ ရှင့်။
    🙂

  • ဆူး

    July 4, 2011 at 12:11 pm

    ဖားအောက်က သတ်သတ်လွတ် ဟင်းလျာ များနဲ့ အရိုးစု ကိုတော့ အတော် သဘောကျသကွဲ့..
    အရိုးစုကို သေချာ ကြည့်ရင်းနဲ့ လွယ်အိတ်ကလေး လွယ်ထားတဲ့ ပုဆိုးဝတ်ထားတဲ့ လူတယောက်လို့ ထင်မိတာပဲ.. ဓါတ်ပုံတောင် တွဲရိုက်တာ ကင်မရာက လက်မခံဘူး ဒါနဲ့ မပါခဲ့ဘူး။ ဟိဟိ..

Leave a Reply