ပညာရှင်များနှင့် သဘောသဘာဝ

meengelayJuly 5, 20111min964

ပညာရှင်များနှင့် သဘောသဘာဝ
အလုပ်အကိုင်နှင့် တွေးခေါ်ပုံ ဆက်စပ်ပုံအကြောင်း လေ့လာသည့် သုတေသနတစ်ခုတွင် ဖြစ်သည်။

လေ့လာသူ – ၂ x ၂ က ဘာရလဲ။

အင်ဂျင်နုယဉ် (Slide Rule ကို ထုတ်ကာ အတန်ကြာ တွက်ချက်ပြီးနောက်) – ၃.၉၉။

ရူပဗေဒ ပညာရှင် (သူ၏ ကိုးကားစာအုပ်များကို မှီငြမ်းကာ ပုစ္ဆာကို ကွန်ပျူတာသုံးတွက်ချက်ပြီးနောက်) – ၃.၉၈ နဲ့ ၄.၀၂ ကြားထဲမှာပဲ၊ သေချာတယ်။

သချင်္ာပညာရှင် (ခဏမျှ စဉ်းစားပြီးနောက်) – အဖြေတော့ မသိသေးဘူးဗျာ။ ဒါပေမဲ့ အဖြေရှိတာတော့ သေချာတယ်။

တွေးခေါ်ပညာရှင် (ပြုံး၍) – နေပါဦး၊ ၂ x ၂ ဆိုတာ ဘာကို ဆိုလိုတာလဲ။

ဒဿနပညာရှင် – ၂ ရယ် x ရယ်ကို ကျေးဇူးပြုပြီး တိတိကျကျ သတ်မှတ်စမ်းပါဗျာ။

လူမှုရေးပညာရှင် – ကျွန်တော်မသိဘူး၊ ဒါပေမဲ့ ခင်ဗျားနဲ့ စကားပြောရတာ ကောင်းသားပဲ။

စာရင်းကိုင် (ဘေးမှ ပညာရှင်များကို တချက်အကဲခတ်ပြီး လေသံတိုးတိုးဖြင့်) – ရှင်က ဘယ်လောက် ဖြစ်စေချင်လို့လဲ။

ဆေးပညာရှင် (ဆရာဝန်) – ၄ ကွ။

လေ့လာသူ – ခင်ဗျား ဘယ်လိုသိသလဲ။

ဆေးပညာရှင် (ဆရာဝန်) – ငါအလွတ်ကျက်ထားတာကွ။

လေ့လာသူ – ကဲ အင်ဂျင်နုယဉ်ရယ်၊ ရူပဗေဒသမားရယ်၊ သချင်္ာဆရာရယ်ကိုပဲ တခုထပ်မေးပါရစေ၊ ပိုင်ဟာ ဘယ်လောက်လဲဗျ။

အင်ဂျင်နုယဉ် – ၂၂/ရ လောက် ရှိတယ်။
ရူပဗေဒ ပညာရှင် – ၃.၁၄၁၅၉
သချင်္ာပညာရှင် – ပိုင် ညီမျှခြင်း (ခဏမျှနား၊ အားလုံးသူ့ကို ဝိုင်းကြည့်) ပိုင်။

ဆေးပညာရှင် (ဆရာဝန်) ကတွေး – ငပေါတွေ၊ ပိုင်တခုကို ၆၀ဝ ကျပ်။ ကော်ဖီဆိုင်မှာ ဝယ်စား၊ ဗိုက်ပြည့်တယ်။ တယောက်မှလဲ မမှန်ကြဘူး။

အင်တာနက်မှ ဟာသများကို ပေါင်းစပ် တင်ပြပါသည်။

အထက်ပါဟာသကို နားလည်နိုင်ရန်အတွက် ဗဟုသုတများ။

Slide Rule သည် ခေတ်ပေါ် သိပ္ပံ ဂဏန်းတွက်စက် အလား တွက်ချက်နိုင်သော တွက်ချက်ရေး ကိရိယာတစ်ခု ဖြစ်သည်။ သို့သော် အနည်းငယ်မျှ မတိကျ။ ကိုင်တွယ်သူ၏ ကျွမ်းကျင်မှုပေါ်မူတည်ပြီး အနည်းငယ် အမှားအယွင်းရှိနိုင်သည်။ အလွန်ရှုပ်ထွေးသော ပုစ္ဆာများတွင် ၎င်းအမှားအယွင်းသည် အရေးမပါလှသဖြင့် ရှေးက အင်ဂျင်နုယဉ်တိုင်းလိုလို၏ လက်စွဲဖြစ်သည်။

ရူပဗေဒ စမ်းသပ်ချက်များသည် အကြောင်းကြောင်းကြောင့် မတိကျလှ။ Range ဖြင့်သာ အဖြေထွက်လေ့ ရှိသည်။ တွက်ချက်ရာတွင် သူတို့သည် ကွန်ပျူတာ အကူအညီကို ရှေး (၁၉၄ဝ ပြည့်နှစ်လွန်များကတည်းက) ရရှိခဲ့သဖြင့် ကွန်ပျူတာအပေါ် မှီခိုလွန်းအားကြီးကာ သူတို့၏ ပိုင်တန်ဖိုးသည်လဲ ကွန်ပျူတာထဲ ထည့်ရလွယ်သော ဂဏန်းသာ ဖြစ်နေတတ်သည်။

သချင်္ာပညာရှင်များသည် အဖြေရှိတာ သေချာလျှင် ဆက်မတွက်ချင်တော့။ တွက်နည်းကို ရှာခြင်းသာ သူတို့အလုပ်ဖြစ်သည်။ တွက်ခြင်းသည် သူတို့အလုပ်မဟုတ်ဟု ခံယူသည်။ ပိုင်ကို တသက်လုံး ပိုင် သင်္ကေတနှင့် ရေးသား တွက်ချက်သဖြင့် ပိုင်၏ တန်ဖိုးကိုတောင် မသိတော့။ (အတင်းမေးလျှင် စက်ဝန်းကို အချင်းနဲ့ စားထားတဲ့ တန်ဖိုးဟုတော့ ဖြေကောင်း ဖြေနိုင်သည်။ ဒါတောင် ဂျီဩမေထရီ ပညာရှင်မှ … )

တွေးခေါ်ပညာရှင်နှင့် ဒဿနပညာရှင်သည် တူမလိုလိုနှင့် မတူကြ။ တွေးခေါ်ပညာရှင် (Philosopher) က လူတစ်ယောက် ဘာကို ဘယ်လိုမြင်သလဲကို အဓိကထားပြီး ဒဿနပညာရှင် (Logician) ကမူ အခြေခိုင်သော အချက်အလက်များပေါ် ထပ်ဆင့် ထပ်ဆင့် တွေးခေါ် တည်ဆောက်ရသည်ကို အဓိကထားသည်။

လူမှုရေးပညာရှင်မှာ တသက်လုံး နှစ်သိမ့်ဆွေးနွေးနေရသဖြင့် နားပဲ ထောင်နေချင်တော့သည်(ဟု လူအများ မြင်ကြသည်)။

စာရင်းကိုင်မှာ အထက်လူကြီး အကြိုက် စာရင်းလိမ် စာရင်းပိန် အင်မတန် လုပ်တတ်သည်(ဟု လူအများ မြင်ကြသည်)။

ဆရာဝန်များမှာ သချင်္ာနှင့် မနီးစပ်၊ အားလုံးကို အလွတ်ကျက်၍ စာမေးပွဲ အောင်တတ်လေသည်(ဟု လူအများ မြင်ကြသည်)။

အားလုံးပဲ လွန်တာရှိရင် ဝန္ဒာမိပါ။

4 comments

  • pan pan

    July 5, 2011 at 3:11 am

    ဒါလည်း ဖတ်ပြီးသားပဲ

  • meengelay

    July 5, 2011 at 3:14 am

    ဟုတ်ကဲ့ တောင်းပန်ပါတယ်နော် ဖော်ဝပ်မေးလ်က ရသမျှလေး တင်လိုက်တာပါ

  • htethtet

    July 5, 2011 at 5:00 pm

    ၂ x ၂ = . ကိုဖြေရရင်
    လူကြီးမင်းက ဘယ်လောက်အဖြေလိုချင်ပါသလဲ
    သူလိုသလောက်ကိုသာဖြေပေးလိုက်ပါ သူ့အဖြေက အမှန်ဆုံးပါ
    မြန်မာမှာပြောတာနော်

Leave a Reply