အခြေအနေမဲ့ သန်းကြွယ်သူဌေး – အပိုင်း(၃၁)

ညကျတော့ ကျွန်တော်တို့ ကျောင်းဆောင်ဘက်သွားပြီး ထမင်းစားရတယ်။ဟောခန်းကြီးကတော့
ကျွန်တော်တို့ အရင်နေခဲ့တဲ့ ဂေဟာကအတိုင်းပဲ။ကြမ်းပြင်ကို ပေါပေါပဲပဲ ဖယောင်းပုဆိုး ခင်းထားတယ်။
နောက် သစ်သားစားပွဲခုံရှည်ကြီးတွေရယ်။အကုန် အတူတူပဲ။အမလေး..ထမင်းချက်ဆိုရင် အရင်ဂေဟာက
လူနဲ့ ပုံတူပွားထားသလားတောင်မှတ်ရတယ်။ကျွန်တော်နဲ ့ဆလင်းကို မူစတာဖာ နဲ့အတူတူ စားပွဲဝိုင်းလေး
တစ်ခုမှ ထိုင်ခိုင်းတယ်။တခြား ချာတိတ်တွေကို မကျွေးခင် ကျွန်တော်တို့ကိုအရင်ကျွေးတယ်။ အစား
အသောက်ကတော့ ပူပူစပ်စပ်နဲ့ အရသာ မဆိုးဘူးဗျ။ဒီအချက်ကတော့ အရင်ဂေဟာထက် သေချာပေါက်
သာသွားတဲ့ အချက်ပဲ။
ဟော ကလေးတွေ တစ်ယောက်ပြီးတစ်ယောက်ဝင်လာပြီ။ သူတို့ကိုမြင်လိုက်တော့ ကျွန်တော်တို့ကြုံခဲ့
ရတဲ့ အဆိုဆုံးဆိုတဲ့ လောကဓံ တရားဆိုတာ သူတို့အဖြစ်နဲ့စာရင် ရယ်စရာများဖြစ်နေလောက်မလားဆိုတာ
ချက်ချင်းပဲ ကျွန်တော်တွေးမိလိုက်တယ်။မြင်ရတာတွေက မသက်မသာတွေရယ်။တစ်ချို့ကောင်လေးတွေဆို
မျက်စိမမြင်လို့ တုတ်ချောင်းလေးတွေနဲ့ တစမ်းဝါးဝါး သွားနေရတယ်။တစ်ချို့ကျပြန်တော့လည်း ခြေတွေ
လက်တွေက ကို့ယို့ကားယားနဲ့ မွေးရာပါဒုက္ခိတလေးတွေထင်ပါရဲ့။လက်ကလေးကောင်းတဲ့သူကလည်း
လက်ကလေးအားပြုလို့ တရွတ်သီထိုး သွားနေရှာတာ။တစ်ချို့များလည်း ခြေထောက်ကိုမပါတာ..ပေါင်
လယ်လောက်မှာ ငုံးတိုကလေးရှိတယ်။အဲဒီတော့ ချိုင်းထောက်ကလေး နဲ့ လျှောက်ရသပေါ့။တစ်ချို့
ကလေးတွေကျပြန်တော့လည်း တကယ့်ထူးထူးဆန်းဆန်း။သူတို့ခမျာ မွေးကတည်းက ဘာမှ သူလိုငါလို
အင်္ဂါစုံစုံနဲ့ နေရာတကျ ပါလာဟန်မတူဘူး။ပါးစပ်ပေါက်နေရာကလည်း သူလိုငါလိုမဟုတ်ဘူး။ဘယ်လိုကြီး
မှန်းကို မသိတာ။လက်ချောင်းတွေကလည်း ကွေးကောက်လိမ်ဖယ်လို့။ပေါင်မုန့်ကလေး စားဖို့တောင် တံ
တောင်ဆစ်ကလေးတွေနဲ့ ညှပ်လို့ အတော်ကလေး ကြိုးစားပြီး စားရတာဗျာ။တစ်ချို့တွေကလည်း
တမင်ရီရအောင် လုပ်ပြနေတဲ့ လူရွှင်တော်တွေလိုပဲ။ဒါပေမဲ့ သူတို့က ကျွန်တော်တို့ကို ရီအောင်လုပ်နေ
တာတော့ မဟုတ်ဘူး။သူတို့ကြည့်ပြီး ငိုတောင် ငိုချင်လာတယ်။အဲ..အဲ.. တော်သေးတာက ကျွန်
တော်တို့ စားသောက်ပြီးကာမှ သူတို့ဝင်လာပေလို့ပေါ့။မဟုတ်လို့ကတော့..။
ကောင်လေးသုံးယောက်က စားပွဲမှာ မထိုင်ဘဲ ထောင့်လေးတစ်ထောင့်မှာ ရပ်လို့ သူများတွေ
စားတာသောက်တာငေးကြည့်နေတာ ကျွန်တော် မြင်တော့ မူစတာဖာ ကို မေးမိတယ်။
“သူတို့က ဘာလို့ မစားကြတာလဲဗျ”
မူစတာဖာ က ကောင်လေးသုံးယောက်ကို ဖျတ်ခနဲ လှန်းကြည့်ပြီး-
“သူတို့ က အလုပ်ကို ပြည့်ပြည့်ဝဝမလုပ်လို့ အပြစ်ပေးထားတာကွ..ပူမနေပါနဲ့ ..တော်ကြာတော့ သူတို့ စားရမှာပေါ့..”

**************************************

နောက်တစ်နေ ့ကျတော့ ဂီတသင်မဲ့ ဆရာ လာတယ်။ ဂီတဆရာက လူငယ်လေးတစ်ယောက်ပဲ။
ဘဲဥပုံ မျက်နှာနဲ့ မုတ်ဆိတ်မွှေး၊ နှုတ်ခမ်းမွှေးပြောင်နေအောင်ရိတ်ထားတယ်။နားရွက်ကြီးကြီး နဲ့ လူက
ပိန်ပိန်ပါးပါး။အရိုးငေါငေါနဲ့ လက်ချောင်းလေးတွေ ရှိသဗျ။ သူနဲ့အတူ ကီးဘုတ်သေးသေးလေး
တစ်ခုယူလာတယ်။
“ငါ့ကို ဆရာကြီး လို့ခေါ်ကြ ..ကြားလား..”
“ကဲ..ဟုတ်ပြီ..ခု ငါဆိုတာ နားထောင်ကြ..”
သူပြောတာနဲ့ ကျွန်တော်တို့နှစ်ယောက် ကြမ်းပြင်ပေါ်မှာ ထိုင်လို့ အစွမ်းကုန် အာရုံစိုက်ပြီး သူဆိုတာ
နားထောင်ကြတယ်။
“ဆာ..ရေ..ဂါ..မာ..ပါ..ဒါ..နီ..ဆာ..”
“အေး..မှတ်ထားကြ အဲဒါ အခြေခံ သံစဉ် ခုနစ်ပါးပဲ..ဘယ်လို ဂီတ မျိုးမှာ မဆို ဒီ သံစဉ်
ခုနစ်ပါးပါရတယ်။ဒီအခြေခံ သံစဉ်ခုနစ်ပါးကိုပဲ အမျိုးမျိုးအဖုံဖုံ ပေါင်းစပ်ဖွဲ့စည်းလို့ တေး
သီချင်းတွေ ဂီတသံစဉ်တွေ သီကုံးကြရတာပဲ။ ကိုင်း.. ဒီသံစဉ် ခုနစ်ပါးကို ကျယ်ကျယ်
လေး ဆိုကြည့်ကြစမ်း..အသံကို လျှာဖျားလေးကတင်မထွက်နဲ့ ၊နှာသံမပါစေနဲ့၊
လည်ချောင်းရင်းက လာတဲ့ အသံနဲ့ ဆို..ဟုတ်ပြီလား..”
ဆလင်းက လည်ချောင်းတစ်ချက်ရှင်းလိုက်ပြီး စဆိုတယ်။
“ဆာ..ရေ..ဂါ..မာ..ပါ..ဒါ..နီ..ဆာ..”
လည်ချောင်းသံ အပြည့်နဲ့ တကယ့်ကို စိတ်ပါလက်ပါ ဆိုချလိုက်တာများဗျာ..ကြည်လင်ပီသလှတဲ့
သူ့အသံက အခန်းထဲမယ် လှိုက်ခါပြီး ပဲ့တင်ထပ်ကျန်ခဲ့တာပဲ။ကောင်းလိုက်တဲ့ အသံ ဆိုတာ..။
ဂီတဆရာလည်း လက်ခုပ်လေးတောင် တီးလို့..
“အရမ်း ကောင်းသဟေ့..မင်းက ပင်ကိုယ်အသံပါရမီ အတော်ရှိတာပဲကွ..ဒီအသံမျိုးနဲ ့သေချာ
လေ့ကျင့်ပေးလို့ကတော့ သိပ်တောင်မကြာဘူး..အဆိုကျော်တစ်ယောက်ရဲ ့အသံမျိုး ဖြစ်လာမှာ..”
ပြောရင်းဆိုရင်း ကျွန်တော့် တစ်ချက်လှမ်းကြည့်ပြီး –
“ဟေ့ မင်းရော..ဘာလို့မဆိုလဲ..ဆိုကြည့်..”
သူက ဆိုကြည့်ဆိုတော့ ကျွန်တော်လည်း ဆာ..ရေ..ဂါ..မာ..ပါ..ဒါ..နီ..ဆာ.. လုပ်ရတာပေါ့။
ကျွန်တော်လည်း ကြိုးစားပမ်းစားဆိုတာပဲ။ဒါပေမဲ့ ကျွန်တော့် အသံက သိတဲ့အတိုင်း အက်အက်
ကွဲကွဲနဲ့လေ။ဖန်ဂေါ်လီ လက်တစ်ဆုပ်ကို အင်္ဂတေ ကြမ်းပြင်ပေါ် ပစ်ကြဲချတဲ့ အသံမျိုးဆိုတော့..
ဂီတဆရာလည်း နားထဲ လက်ညိုးထိုးထည့်ပြီး-
“အမလေး ..တော်..တော်တော့ဟ ရမ်.. ကျွဲတွေ နွားတွေ ဆိုပြတာမှ မင်းထက်သာဦးမယ်..
မင်းကို သီချင်းဆိုသင်ပေးရရင်တော့သောက်ကျိုးနည်း လက်ပေါက်ကပ် တော့မှာပဲ..”
ဆလင်း က ပျာပျာသလဲနဲ ့ ကျွန်တော့်ဘက်က ဖာထေး ပြောရှာပါတယ်။
“မဟုတ်ဘူး ဆရာကြီး..သူ့ အသံက အရမ်းကောင်းတာ..သူ ကောင်းကောင်းကြီး
အော်နိုင်တယ်ဗျ..”
ဟုတ်တယ်လေ။ကျွန်တော် ဘယ်လောက် စူးစူးဝါးဝါး အော်နိုင်ခဲ့သလဲဆိုတာ သူ အသေအချာ သိသကိုးဗျ။

************************************
နှစ်ပတ်လောက်ကြာတော့ ဂီတဆရာ လည်း ကျွန်တော်တို့ကို ဓမ္မသီချင်းတော်တော်များများ
သင်ကြားပြီးနေပြီ။ နောက် သူယူလာတဲ့ ကီးဘုတ်ကလေး ဘယ်လိုတီးရတယ်ဆိုတာလည်း တော်တော်လေး
သင်ပေးပြီးပြီ။ဓမ္မသီချင်းတွေက လူသိများပြီး ကျော်ကြားတဲ့ သူတော်စင်ကြီးတွေကသီကုံး ဖွဲ ့ဆိုခဲ့တာ။
ကျွန်တော်တို့ သင်ရတာတွေဆိုရင် သူတော်စင်ကဗျာဆရာကြီး ကဘီယာရဲ ့ ဒိုဟာ ဓမ္မတေးတွေရယ်၊
တူလ်ဆီဒက်စ် နဲ့ မီရာဘိုင်တို့ ရဲ ့ ဘာဂျန် ဓမ္မတေးတွေပေါ့။ဆရာ က ကျွန်တော်တို့ကို သီချင်း သင်ပေးရုံ
မကဘူး ဒီကဗျာတွေထဲမှာ နက်နဲလှတဲ့ ဓမ္မအကြောင်းတွေကို သူသူငါငါနားလည်နိုင်တဲ့ ရိုးရှင်းတဲ့
ဘာသာစကားနဲ့ ဘယ်လို ဖော်ပြထားသလဲ ဆိုတာကိုပါ အသေအချာ ရှင်းပြသေးတာ။ကျွန်တော်ကတော့
သူတော်စင်ကြီး ကဘီယာ ကို ပိုပြီး သဘောကျသဗျ။သူ့ ကဗျာတစ်ပိုဒ်မှာ ဒီလို ဆိုထားတယ်-

“မားလာ ဖာရတ် ဂျဂ် ဗြယာ
မိတာ နာ မန် က ဖျယာ
ကား က မန်က ချော့ဒ် ဒီ
မန် က မန်ကာ ဖျယာ”
သူ့ အဓိပ္ပါယ်က –

“ပုတီးတွေ စိပ်နေတာ နှစ်အတော်ကြာ
သင့် ရဲ့စိတ် ဟာ မငြိမ်သက်ပါ။
လက်က ပုတီးကို စိတ်ထဲရွှေ့
ငြိမ်းချမ်းမှုကိုတွေ့။”
ဆလင်းက မူဆလင် ဆိုပေမဲ့ ဂီတဆရာက ဟိန္ဒူဓမ္မတေးတွေ သင်ပေးလည်း သူ့အတွက်တော့ ဘာမှ ပြဿနာမရှိဘူး။အေးဆေးပဲ။ကြည့်လေအမီတာ ဘာဂျန်းလည်း မူဆလင်ကူလီတစ်ယောက်လို
သရုပ်ဆောင်ဖူးတာပဲ။ဆလေမန် ခန်း လည်း ဟိန္ဒူအင်ပါယာ အဖြစ်သရုပ်ဆောင်ဖူးတာပဲ။ဒီတော့
ဆလင်း အီလျာဆီ လည်း ဘုရားကျောင်းက ဘုန်းတော်ကြီးတစ်ပါးလို ဓမ္မသီချင်းတွေကို ဘာကြောင့်
အားပါးတရ မဆိုနိုင်ရမှာလဲ။

************************

One comment

  • MaMa

    July 5, 2011 at 8:12 am

    မောင်ဘလှိုုင် လက်သွက်လာပြီ။ ကျေးဇူးတင်ပါတယ်။ ထီသမား လေသံနဲ့ ပြောရမယ် ဆိုရင် နေ့တွေ ရက်တွေ အကြာကြီး မစောင့်ရတော့လို့ပါ။

Leave a Reply