မဗေဒါရဲ့ ချစ်ပုံပြင်

တကယ်တော့ ကျနော်တို့ ဘဝဟာလည်း ဆရာဇော်ဂျီရဲ့ ဗေဒါကဗျာ လိုပါပဲ။ လောကဓံ တရားတွေရဲ့ ရိုက်ခတ်မှုတွေ၊ တိုက်ခိုက်ထိုးနှက်မှုတွေနဲ့ ပြည့်နှက်နေပါတယ်။ (ဆင်းရဲလိုက်၊ ချမ်းသာလိုက်၊ အခြွေအရံ ပေါများလိုက်၊ အထီးကျန်ဆန်သွားလိုက်၊ ကံဆိုးလိုက်၊ ကံကောင်းလိုက်၊ ငွေလှိုင်နေ သ…ည့်အခါတွေလည်းရှိ၊ ငွေလိုသဖြင့် မာနကိုနှိမ်ချပြီး ချေးရငှားရတဲ့အခါတွေလည်းရှိ၊ လူရာသွင်းသည့်အခါလည်းရှိ၊ ချောင်ထိုးခံ ရသည့် အခါတွေလည်း မနည်း)။  ဒါပေမယ့်လေ…ဘာပဲဖြစ်ဖြစ် ကဗျာထဲက ဗေဒါပင်လေး လိုပါပဲ ရောက်တဲ့နေရာမှာပျော်… ဘယ်လိုပဲဖြစ်ဖြစ် အလိုက်သင့်နေထိုင်ရင်း… အစဉ် ပန်းပန်လျှက်ပါ…

ညိုပြာပြာ လတာပြင်ခြေရင်း၊
လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။

ဆင်းရလည်း မသက်သာ၊
အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ၊
အဆင်းနဲ့ အလာ၊ ဗေဒါမအထွေး၊
အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။

ဆောင့်ခဲ့လည်း မသက်သာ၊
နောက်တစ်ချီ ဒီတစ်လုံးက၊ ဖုံးလိုက်ပြန်ပါ၊
မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါ အလှ၊
တစ်လံကွာ လှိုင်းအကြွ၊ ပေါ်လိုက်ပြန်ရ။

ပေါ်ပြန်လည်း မသက်သာ။
ချောင်းအဆွယ် မြောင်းငယ်ထဲက
ဘဲထွက်လို့လာ။
ဘဲအုပ်မှာ တစ်ရာ နှစ်ရာ
ဗေဒါက တစ်ပင်ထဲ(တည်း)။
အယက်အကန်ခံလို့
ဗေဒါပျံ အံကိုခဲ၊ ပန်းပန်လျက်ပဲ။

တက္ကသိုလ် အိုးဝေမဂ္ဂဇင်း ၁၉၆၀

6 comments

  • meengelay

    July 5, 2011 at 11:03 am

    အရမ်းတော်တာပဲနော် ရေးတဲ့ကဗျာဆရာ…….. 😀

  • maung hninkharr

    July 5, 2011 at 12:10 pm

    ကျွန်တော် အရင်ကတည်းက အရမ်းကြိုက်တဲ့ ကဗျာပါ။ အဲ့ဒီကဗျာထဲက အရမ်းကြိုက်တဲ့စာသားက
    “ဘဲအုပ်မှာ တစ်ရာ နှစ်ရာ
    ဗေဒါက တစ်ပင်ထဲ။
    အယက်အကန်ခံလို့
    ဗေဒါပျံ အံကိုခဲ၊ ပန်းပန်လျက်ပဲ။”
    ကျွန်တော် တို့လည်း အဲ့ဒီလိုဘဲလေ။ အခက်အခဲတွေက အများကြီးပဲ ကျွန်တော်တို့က တစ်ယောက်တည်းဖြေရှင်းရတာလေ။တစ်ခုတော့ကွာတာပေါ့။ ပန်းပန်လိုက် မပန်လိုက်ပေါ့။

  • naywoonni

    July 5, 2011 at 12:40 pm

    မဗေဒါကတစ်ပင်ထဲ ဟုတ်ရဲ့လား မောင်ဟင်းခါးရဲ့… အုံလိုက်မဟုတ်ဘူးလား?

  • kokolusoe

    July 5, 2011 at 1:09 pm

    ကျွန်တော်တို့ နယ်ဘက်ကိုဆင်းတုန်းက စက်လှေပေါ်ကနေကြည့်တာ ဗေဒါပင်တွေမှ အပြွတ်လိုက်အပြွတ်လိုက်နဲ့ဗျာ….. 😛
    ဘဲဥက တစ်ရာနှစ်ရာဆိုပေမယ့်..ဘဲအုပ်ဆိုတော့သိတယ်မလား…ဘဲခေါင်းရှိတယ်လေ သူကြီးလိုပေါ့
    မတူတာက ဘဲရဲ့သဘောက ရှေ့က ဘဲ ထိုးရင်နောက်ကဘဲလည်းဘာမှမသိပဲလိုက်ထိုးတာ..ဗေဒါလေးသနားစရာပေါ့

  • မောင်ဘလိူင်

    July 6, 2011 at 5:02 pm

    ဦးနီ နာမည်မှားခေါ်မိပြီထင်တယ်။
    ဟင်းခါးတော့ မဟုတ်တန်လောက်ဘူး။
    မောင်နှင်းခါး ပဲ ဖြစ်မယ်။ 🙂

  • pan pan

    July 12, 2011 at 10:56 am

    ဆရာဇော်ဂျီရဲ့ အဲဒီကဗျာလေးနဲ့ အမေကပုခတ်လွှဲပြီး ချော့သိပ်တယ်၊ ကျွန်မငယ်ငယ်တုန်းကပေ့ါ

Leave a Reply