ရန်ကုန်၊ ဇွန် ၂၉- အိန္ဒိယနိုင်ငံက နိုင်ငံခြားသားဆိုင်ရာ အက်ဥပဒေကို ယခင်ထက် ထောင်ဒဏ်နှင့် ငွေဒဏ် အဆပေါင်းများစွာ တိုးမြှင့်ပြင်ဆင်ထားရာ မြန်မာရေလုပ်သားများ သတိပြုရန် လိုအပ်ကြောင်း  သိရသည်။ မြန်မာနှင့် အိန္ဒိယနိုင်ငံတို့မှာ ရေပိုင်နက်ချင်း ထိစပ်လျက်ရှိရာ မြန်မာရေလုပ်သားများ သတိမပြုမိ၍ ဖြစ်စေ၊ သိလျက်နှင့်ဖြစ်စေ အိန္ဒိယ ရေပိုင်နက်အတွင်း ရောက်ရှိပါက အဆိုပါ တိုးမြှင့် သတ်မှတ်ထားသော ပြစ်ဒဏ်ကို ကျခံရမည်ဟု သိရသည်။

“လောလောဆယ် အိန္ဒိယနိုင်ငံမှာ ပြစ်ဒဏ် ကျခံနေရတဲ့ မြန်မာနိုင်ငံသား တွေထဲမှာ ရေလုပ်သားက အများဆုံးပဲ။ ရေပိုင်နက်ချင်းကလဲ ထိစပ်နေတော့ ရေလုပ်သားတွေ အနေနဲ့ သတိထားဖို့ လိုတယ်။ အရင်လို ခြောက်လ တစ်နှစ် မဟုတ်ဘူး။ အခုဥပဒေအရ နှစ်နှစ်ကနေ ရှစ်နှစ်အထိ ထောင်ဒဏ်ချလို့ ရတယ်။ ဒါကြောင့် တိုးမြှင့်ပြင်ဆင်လိုက်တဲ့ ပြစ်ဒဏ်တွေကို မြန်မာနိုင်ငံသားတွေ သိအောင် ရေလုပ်သားတွေ သတိထားနိုင်အောင် အိန္ဒိယဆိုင်ရာ မြန်မာသံရုံးက အကြောင်းကြား လာပါတယ်” ဟု ငါးလုပ်ငန်း အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောသည်။

ပြင်ဆင်လိုက်သော The Foreigners (Amendment) Act, 2004 ပုဒ်မ-၁၄ (က) (ခ) များအရ အိန္ဒိယ နိုင်ငံအတွင်း သတ်မှတ် ပြည်ဝင်ဗီဇာကာလထက် ကျော်လွန်နေထိုင်ခြင်းနှင့် ဗီဇာပါ အချက်ကို ဖောက်ဖျက်ခြင်းစသည့် ပြစ်မှုများကို ထောင်ဒဏ်ငါးနှစ်နှင့် ငွေဒဏ်ကိုလည်းကောင်း၊ အိန္ဒိယနိုင်ငံ အတွင်းရှိ တားမြစ်နယ်မြေများအတွင်း ကျုးကျော် ဝင်ရောက်ပါက အနည်းဆုံး ထောင်ဒဏ် နှစ်နှစ်မှ ရှစ်နှစ်အထိ ကျခံရမည့်အပြင် ငွေဒဏ်ရူပီး ၁၀၀၀၀ ထက်မနည်း ပေးဆောင်ရန် လည်းကောင်း၊ နိုင်ငံကူး လက်မှတ်အတုဖြင့် ဝင်ရောက်ခြင်း၊ နေထိုင်ခြင်းအတွက် အနည်းဆုံး ထောင်ဒဏ် နှစ်နှစ်မှ ရှစ်နှစ်အထိ ကျခံရမည့်အပြင် ငွေဒဏ်ရူပီး ၁၀၀၀၀ ပေးဆောင်ရန်နှင့် ငွေဒဏ်ရူပီး ၅၀၀၀၀ အထိ တိုးမြှင့် သတ်မှတ်ရန်တို့ ပါရှိသည်။

“အခု အိန္ဒိယနိုင်ငံမှာ ဖျာပုံမုန်တိုင်းနဲ့ ရောက်နေတဲ့ ရေလုပ်သားတွေကိုတော့ ဒီပြစ်ဒဏ်တွေ ချမှတ်တာ မရှိဘူး။ အမှန်တကယ် မုန်တိုင်းကြောင့် ရောက်လာသူတွေ ဆိုတာကို စစ်ဆေးပြီးလို့ ဖြစ်တယ်” ဟု ငါးလုပ်ငန်း အဖွဲ့ချုပ်မှ တာဝန်ရှိသူက ပြောသည်။ ယခင်က အိန္ဒိယ ရေပိုင်နက်အတွင်း ကျူးကျော် ဝင်ရောက်လာသည့် ရေလုပ်သားများကို လှေလုပ်သား ဖြစ်ပါက ထောင်ဒဏ် ခြောက်လနှင့် လှေသူကြီးအား ထောင်ဒဏ် ခြောက်လမှ အမြင့်ဆုံး တစ်နှစ်သာ ပြစ်ဒဏ်ချမှတ်ကြောင်း သိရသည်။ ပြင်ဆင် သတ်မှတ်လိုက်သော ပြစ်ဒဏ်မှာ ကြီးမား ပြင်းထန်သည့်အတွက် မသိနားမလည်စွာဖြင့် ရေလုပ်သားများ အိန္ဒိယ ရေပိုင်နက်အတွင်း ရောက်ရှိမလာစေရန် သတိပေးခြင်း ဖြစ်ကြောင်း၊ ၁၉၄၆ ခုနှစ် နိုင်ငံခြားသားဆိုင်ရာ အက်ဥပဒေကို ၂၀၀၄ ခုနှစ်တွင် ပြင်ဆင်သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

About ကိုကိုလူဆိုး

has written 22 post in this Website..

Graphic Designer http://lotaya.weebly.com

   Send article as PDF