ကျန်းမာရေးအသိ update လုပ်ဖို့ လိုတယ်

moethidasoeJuly 6, 20111min22411

update ဆိုပြီး ထည့်ရေးလိုက်လို့ အမြဲ လတ်ဆတ်နေရမယ် လို့ ဆိုချင်တာပါ .. ခေတ်နဲ့အညီ လိုက်ပြီး သိနေဖို့ လိုတယ်ပေါ့ .. ဘယ်ပညာ မဆို မူလ သိထားတာကို update မလုပ်ဖူး ဆိုရင် နောင် ၅ နှစ်လောက် ကြာတဲ့အခါမှာ သူ သိထားခဲ့တဲ့ ဗဟုသုတ ပညာတွေဟာ ခေတ်နဲ့ မီနေတဲ့ အချက်အလက် ၅၀% လောက်ပဲ ကျန်တော့တယ် .. တဲ့ .. ဒါကြောင့် အတတ်ပညာနဲ့ အသက်မွေးတဲ့ လူတိုင်းဟာ မိမိ တတ်နေတာကို အမြဲ ခေတ်မီနေဖို့ လေ့လာနေရမယ် .. လိုအပ်တဲ့ စာအုပ်စာတမ်းတွေ ဖတ်ရမယ် .. သင်တန်းရှိနေရင် တက်ရမယ် .. ပုံမှန် အသုံးချနေရမယ် ..

ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့လဲ တိုးတက်ပြောင်းလဲမှုတွေ များမှ များ .. စာအုပ်စာတမ်း .. ဂျာနယ် မျိုးစုံ .. သင်တန်းမျိုးစုံ .. လက်ကမ်းစာစောင် မျိုးစုံ .. အသံလွှင့်တာ .. ရုပ်မြင်သံကြား .. ဗီဒီယို .. ဇာတ်လမ်း နည်းလမ်း စုံနေအောင် ထုတ်လွှင့်နေကြတယ် .. ပြည်သူတွေကလဲ ကျန်းမာရေးနဲ့ ပတ်သက်ပြီး အမြဲ update လုပ်နေကြပါတယ် .. ရေဒီယို ရုပ်မြင်သံကြား စာစောင်တွေထဲကနေ အတော်များများ သိနေကြပါတယ် ..

“ဆရာမ .. အဲဒီ ရောဂါတစ်မျိုးရှိနေရင် HIV ဝင်တာတောင် AIDS မဖြစ်ဘူး ဆို”

သွေးရောဂါ တစ်မျိုးကြောင့် ငှက်ဖျားပိုးတွေ မရှင်သန်နိုင်လို့ ငှက်ဖျား မဖြစ်ဘူး ဆိုတာတော့ စာထဲမှာ ဖတ်ခဲ့ မှတ်ခဲ့ဘူးပါတယ် .. အခု ပြောတာတော့ မသိသေးဘူး .. ဆရာကြီးတွေကို မေးကြည့်ပေးမယ် .. အင်တာနက်မှာ ကြည့်ပေးမယ်

“ဆရာမ .. တိုင်းရင်းဆေးနဲ့ ဆီးချို ပျောက်တယ် ဆိုလို့ .. အင်္ဂလိပ်ဆေး ဖြတ်ထားတယ်”

ချင့်ယုံပေါ့ .. ဆီးချိုဆိုတာ တည်မိပြီဆိုရင် အစားအသောက်ဆင်ခြင်ဖို့ .. ဆေးမှန်မှန်သောက်ဖို့ လိုတယ် .. ပျောက်သွားတယ် ဆိုတာ အင်မတန် ရှားတဲ့ အခြေအနေပါ .. တိုင်းရင်းဆေးက မကောင်းဖူးလားလို့ မေးရင် .. သူတို့ ညီလာခံမှာ တင်ပြထားသလောက် .. သက်သာစေတဲ့ ဆေးပဲ တွေ့သေးတယ် .. ကုတဲ့ ဆေးပေါ့ .. လုံးဝပျောက်မယ် လို့ ပြောရင်တော့ မဝေဖန်လိုပါ .. သေချာတာကို လုပ်ရင်တော့ အကောင်းဆုံးပေါ့ ..

“ဂနိုရောဂါကို (ဆီးပူညောင်းကျလို့ အဲဒီရုပ်မြင်သံကြားမှာ ပြောသွားတယ်) — အရွက် ကြိုသောက်ရုံနဲ့ ပျောက်တယ် တဲ့ .. ”

သေချာတာ လုပ်ဖို့ လိုတယ် .. မသေချာရင် နောက်ဆက်တွဲ ဆီးလမ်းကြောင်း ပျက်တာ .. အဆစ်ရောင်တာ .. နှလုံးရောင်တာ .. နောက်ဆုံး သေတတ်တယ် .. ဒါကြောင့် တစ်သောင်းဖိုး အကုန်ခံပြီး ရောဂါ ရှာထားပြီးပြီပဲကွယ် .. ဒီဆေးဖိုးလောက်ကို ဘာကြောင့် တွေးကြောက်နေရတာလဲ ..

“ဆရာမ ပေးတဲ့ဆေးတော့ ဖြတ်လိုက်ပြီ .. ဘော်ဒါတစ်ယောက်က ကျွန်းထင်း ပြုတ်သောက်ရင် .. သွေးတိုး ပြန်မဖြစ်တော့ဘူးလို့ ပြောတာ ကျွန်တော် သောက်ကြည့်တော့ အတော် နေရထိုင်ရ ကောင်းလာတယ် .. စိတ်မရှိနဲ့နော် ဆရာမ”

ဒီလို တစ်ဖက်စွန်းရောက်သွားပြန်တော့လဲ မကောင်းဘူး .. ဘာလို့လဲ ဆိုတော့ သူ အဲဒီလို ပြောပြတဲ့အချိန်မှာ သွေးပေါင် ချိန်ကြည့်တော့ ၁၈၀/၉၅ ဖြစ်နေတယ် .. စိတ်မကောင်းပေမယ့် ပြောဖြစ်အောင်တော့ ပြောလိုက်ပါတယ် .. ရှင် ကြည့်လဲ လုပ်ဦးနော် .. ကျွန်မနဲ့ အမျိုးတော်ရင် ဒီလို မလုပ်ဖို့ တားဖြစ်အောင် တားမယ် .. ရှင့်အတွက်တော့ အာဏာနဲ့ ပြောလို့ မဖြစ်တော့ သတိတော့ ပေးလိုက်ချင်ပါတယ် .. ပြောမရလို့ ကျွန်းထင်းပြုတ်ရည်ပဲ သောက်မယ် ဆိုရင်တောင်မှ အင်္ဂလိပ်ဆေးကို ရန် ထားဖို့ လိုမယ် ..” နောက်တစ်နှစ်အကြာမှာ ဦးနှောက်သွေးကြောပေါက်ပြီး ဆုံးသွားပါတယ်

“သူ ရွှေသွားတူးပြီး ပြန်လာတော့ ငှက်ဖျား ပါလာတယ် .. .. စမ်းရေတွေ ချိုးလိုချိုး .. သောက်လို သောက် ..ငှက်ပျောသီးလဲ စား .. အဲဒီတော့ ငှက်ဖျား ဖြစ်ပြီပေါ့”

ငှက်ဖျားရဲ့ ပြဿနာ အရင်းစစ်က ငှက်ဖျားပိုး ရှိတဲ့ ခြင် ကို်က်လို့ဖြစ်တာ .. စမ်းရေနဲ့တော့ အဆက်အစပ် မရှိပေမယ့် အချို့သော သုတေသနကြောင့် ငှက်ပျောသီးမှာ ပါတဲ့ အင်ဇိုင်းတစ်မျိုးက ငှက်ဖျားရောဂါပိုး ပေါက်ပွားနှုန်းကို မြန်စေတယ် .. ဒါကြောင့် သူများထက် ပိုမြန်မြန် ဖြစ်တယ် .. ဒါကို ငှက်ပျောသီး စားလို့ ဖြစ်တာလို့ ကောက်ချက်မှားနေကြတာပါ .. ခြင်ကြောင့် ဖြစ်တဲ့ ရောဂါတွေထဲမှာ ငှက်ဖျားအပြင် .. သွေးလွန်တုပ်ကွေး .. ဂျပန်ဦးနှောက်အမြှေးရောင် .. ဆင်ခြေထောက် .. အများကြီးပဲ ကူးနိုင်သေးတယ် ..

ဒါကြောင့် ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေကို အမြဲ update ဖြစ်နေအောင် လုပ်ထားဖို့ လိုမယ် လို့

11 comments

  • nozomi

    July 6, 2011 at 3:40 pm

    ဒေါက်တာကြီးကလည်း အခုလို ခဏ ခဏ update လုပ်ပေးပါနော်

    မြွေကိုက်ရင် ပြုစုနည်းက ကျွန်တော်တို့ငယ်ငယ်က ဓါးနည်းခွဲပါ အခုတော့ မဟုတ်တော့ပြန်ဘူးထင်တယ်
    အများသိသင့်တဲ့ ကျန်းမာရေးဗဟုသုတတွေကို အမြဲ update ဖြစ်နေတဲ့ ဒေါက်တာတို့က ပြောပြပေးပါနော်

  • လင်းဝေကျော်

    July 6, 2011 at 4:44 pm

    case တစ်ခုချင်းစီအတွက် ဇာတ်ကြောင်းလေးတွေသေသေချာချာရေးပြီးတင်ပေးပါ။
    လူတွေကို အသိပေးဖို့ အတွက် သေသေချာချာ ရေးပေးပါ။

  • padonmar

    July 6, 2011 at 6:51 pm

    update လေးတွေ ပြောပြောပေးမယ်ဆိုရင် ကျေးဇူးပါ။
    သတင်းစာမှာတော့ ဒေါက်တာကံညွန့်က ဆေးပညာသတင်းဆန်းများဆိုပြီး ရေးတတ်ပါတယ်။

  • ဆူး

    July 6, 2011 at 9:30 pm

    အမြဲတမ်း အားပေးနေတယ်။ ဟောင်းပေမဲ့ ကောင်းတဲ့ ပိုစ်တွေကလည်း ဖတ်ကောင်းတယ်။ အကျိုးလည်း ရှိပါတယ်။

  • etone

    July 7, 2011 at 8:35 am

    ဟုတ်ပါတယ် Dr ပြောတာလက်ခံပါတယ် ဒါပေမဲ့ … လူတွေက ကိုယ့်အလုပ်နဲ့ ကိုယ် ရုန်းကန်လှူပ်ရှားနေရတာဆိုတော့ ဒီလို အပ်ဒိတ်ဖြစ်နေတဲ့ ကျန်းမာရေး ဆောင်ရန် ၊ ရှောင်ရန်တွေကို အထူးတလည် ရှာဖတ်ကြမှာ မဟုတ်ဘူးထင်တယ် … လက်လှမ်းမှီဖို့ ဆိုတာ ကျန်းမာရေး ဝန်ထမ်းတွေနဲ့ မီဒီယာကိုပဲ အားကိုးမှ ရမယ် ထင်ပါရဲ့ … ။

  • moethidasoe

    July 7, 2011 at 10:41 am

    အရင်က မြွေကိုက်ရင် ကြိုးချည်တာ .. ဓါးနဲ့ခွဲတာ.. သွေးစုတ်တာ .. ဆေးရုံပို့တာ .. မြွေဆိပ်ဖြေဆေး ထိုးတာ ဆိုတဲ့ အဆင့်တွေနဲ့ သွားခဲ့တယ် ..
    အခု ပြောင်းလာတာတွေကို ရုပ်မြင်သံကြားမှာ လစဉ်နီးပါးလောက် ပြနေတယ်လေ ..
    ကြိုးကို မလျော့မတင်းလေး ချည်မယ် .. အများအားဖြင့် ခြေထောက်ကိုပဲ ကိုက်တော့ ခြေထောက်ကိုပဲ နမူနာအနေနဲ့ ရေးကြတယ် .. လှုပ်လှုပ်ရှားရှား မလုပ်ဖြစ်အောင် တစ်ခုခုနဲ့ ပူးချည်ထားတယ် .. (သစ်သား .. ဝါးလုံး) .. ရေသန့်သန့်ရှိရင်တော့ ရေများများနဲ့ ဆေးပါတယ် .. ဓါးနဲ့ မခွဲရတော့ဘူး .. သွေး မစုတ်ရတော့ဘူး ..လူနာကို သိပ် မလှုပ်ရှားစေတဲ့ နည်းနဲ့ ဆေးရုံကို အမြန်ဆုံးပို့တယ် .. မြွေဆိပ်ဖြေဆေး ထိုးတယ် .. (ဖြစ်နိုင်မယ် ဆိုရင် ကိုက်တဲ့မြွေကို .. ဆေးရုံအထိ ယူသွားရပါမယ် .. အဓိက က မြွေပွေးလား .. မြွေဟောက်လား .. အတိအကျ သိချင်လို့ .. ဒါမှ မှန်ကန်တဲ့ အဆိပ်ဖြေဆေး ထိုးနိုင်မှာ .. လိုအပ်တဲ့ ကုသမှုကို အတိအကျ ပေးနိုင်မှာ)

    • etone

      July 7, 2011 at 11:44 am

      ခြင်မကိုက်အောင် လိမ်းတဲ့ဆေးရှိသလို မြွေမကိုက်အောင် လိမ်းတဲ့ဆေးလေးလည်း ရှိလျှင် ကောင်းမှာပဲနော် ။

      • ဆူး

        July 7, 2011 at 11:59 am

        မြွေနိုင်တဲ့ ဆေးတော့ ရှိတယ်။ ဟိဟိ အသုံးကျမကျတော့ သိဘူး။

  • char too lan

    July 7, 2011 at 2:23 pm

    မှတ်သားသွားပါတယ် ကျေးဇူးပါဆရာမရေ……… 🙂

  • forever

    July 7, 2011 at 3:36 pm

    ဟိုတလောတုန်းကအင်တာနက်သတင်းတခုမှာ
    အေရောဂါပျောက်သွားတဲ.လူတယောက်အကြောင်းပါလာတယ်
    အဲဒါက စမ်းသပ်ချက်အရ ရှရှား ကော.ကေးရှပ် ကလူတွေဟာအေ ပိုးကို
    ခံနိင်ရည်ရှိကြသတဲ.
    အဲလိုလူရဲ.သွေးကို အေကိုက်နေတဲ.သူထဲထိုးတည်.ပြီးကုသတာပျောက်
    သွားတယ်လို.ဖတ်လိုက်ရတယ်တကယ်တန်း ဒီသတင်းသာမှန်ရင်
    အဲဒီရှရှားကလူတွေတော.ပြန်ပေးဆွဲခံရတော.မှာဘဲလို.မဆီမဆိုင်
    စိတ်ပူမိသေးတယ်ဗျာ

  • windtalker

    July 7, 2011 at 5:47 pm

    နဂါးနိုင်ဓါး ဆိုတာ နဂါးတောင် နိုင်ပြီ ဆိုမှတော့ မြွေလောက်ကတော့ အပျော့ နေမှာ ပေါ့ နော် ။

Leave a Reply