မြန်မာနိုင်ငံအောက်ပိုင်းဒေသများတွင် မေလအတွင်းမွန်းလွဲညနေပိုင်းအချိန်များ၌ လေပြင်းများတိုက်ခတ်နိုင်

klnMay 5, 20101min420

မုတ်သုံလေဝင်ရောက်မှုနောက်ကျခြင်းကြောင့် မိုးကြိုကာလရှည်လျားလာသော မြန်မာနိုင်ငံအတွက် အောက်ပိုင်းဒေသများ၌ မေလထဲတွင် လေပြင်းတိုက်ခတ်မှုများ ကြုံရနိုင်ကြောင်း သိရသည်။ အောက်ခံမြေပူပြင်းမှုကြောင့် ဖြစ်ပေါ်နိုင်သော မိုးတိမ်တောင်များကြောင့် တိုက်ခတ်လာနိုင်မည့် လေပြင်းများမှာ အများအားဖြင့် မွန်းလွဲ/ ညနေပိုင်းအချိန်တွင် ဖြစ်နိုင်ပေရာ အနည်းဆုံးလေတိုက်နှုန်း တစ်နာရီ ၃၅မိုင်မှ အများဆုံး ၄၅မိုင်အထိ ရှိတတ်ကြောင်းသိရသည်။ “ လက်ရှိအထက်ပိုင်းမှာဖြစ်ခဲ့တဲ့ လေပြင်းတွေက ပူပြင်းလို့မဟုတ်ဘဲ အနောက်လေစီးကြောင်းအရဖြစ်လို့နံနက်၊ မွန်းလွဲနဲ့ညနေအချိန်သုံးရပ်စလုံးဖြစ်နိုင်ပေမယ့် အလယ်ပိုင်း၊ အောက်ပိုင်းတွေကတော့ ညနေပိုင်းတွေဖြစ်တတ်ပါတယ်။ သာမန် လေပြင်းလောက်ဆို အမိုးလန်၊ သစ်ပင်လဲ၊ ကိုင်းကျိုးရုံလောက်ဖြစ်တတ် ပါတယ်။ မုန်တိုင်းနဲ့တော့မတူပါဘူး။ ဒါပေမယ့် လေပြင်းကနေ လေဆင်နှာမောင်းနဲ့စိုက်ဆင်းလေပြင်းဖြစ်သွားရင်တော့ လေပိုပြင်းလာလို့ အသေအပျောက်ဖြစ်တဲ့အထိ ဖြစ်နိုင်ပါတယ်။ နောက်မိုးသီးကြွေတာတွေနဲ့ မိုးကြိုးပစ်တာတွေလည်း ပါလာတတ်လို့သတိထားရပါမယ်” ဟု မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ၂၆-၄-၂၀၁ဝရက်တွင် ပြောကြားသည်။ သာမန်အခြေအနေတွင် မြန်မာနိုင်ငံသို့ မုတ်သုံလေဝင်ရောက်မှုမှာ မေလ ပထမ ၁ဝရက်အတွင်း တနင်္သာရီ၊ ဒုတိယ၁ဝရက်အတွင်းမြစ်ဝကျွန်းပေါ်၊ တတိယ ၁ဝရက်အတွင်း အလယ်ပိုင်းနှင့်မေလကုန်တွင် မြောက်ပိုင်းဟူ၍ အဆင့်ဆင့် သွားလေ့ရှိကြောင်း၊ ယခုနှစ်တွင်မူ ဒုတိယ၁ဝရက် ပတ်ဝန်းကျင်လောက်မှ တနင်္သာရီသို့စတင်ဝင်ရောက်မည် ဟုခန့်မှန်းကြောင်းသိရသည်။ မြန်မာနိုင်ငံသို့ဝင်ရောက်မည့်မုတ်သုံမှာ အရှေ့တောင်အာရှမှ လာရမည်ဖြစ်ကြောင်း၊ တိုင်းပြည်အနေဖြင့် ကြည့်လျှင် ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် ထိုင်းနိုင်ငံများကိုဖြတ်ကျော်ပြီး တနင်္သာရီသို့ ရောက်မည်ဖြစ်ကြောင်း သိရသည်။ သို့သော်ယင်းဒေသကြီးတစ်ခုလုံးမှာ ပြီးခဲ့သော ဖေဖော်ဝါရီလမှ စကာ ပူပြင်းခြောက်သွေ့နေခဲ့ပြီးမိုးရွာသွန်းမှုလျော့နည်း၍ မုတ်သုံခါးပြတ်နေခဲ့ကြောင်း သိရပါသည်။