ကမာ္ဘ့အကြီးဆုံးကုန်စည်ပြပွဲသို့ မြန်မာပထမဆုံးအကြိမ်ဝင်ရောက်ပြသ

klnMay 5, 20101min621

တရုတ်နိုင်ငံရှန်ဟိုင်းမြို့တွင် ၆လကြာ ကျင်းပပြုလုပ်မည့် ကမာ္ဘ့ကုန်စည်ပြပွဲသို့ မြန်မာနိုင်ငံမှ ပထမဆုံးအကြိမ်အဖြစ် ဝင်ရောက်ပြသရန်အတွက် မြန်မာကိုယ်စားလှယ်အဖွဲ့မှာတရုတ်နိုင်ငံသို့ ထွက်ခွာသွားပြီး ဖြစ်ကြောင်းစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။ ကမာ္ဘ့နိုင်ငံပေါင်း ၁၉ဝကျော်ဝင်ရောက်ပြသမည်ဖြစ်သော ကမာ္ဘ့အကြီးဆုံးကုန်စည်ပြပွဲကို ယခုနှစ် တွင် “ ရှန်ဟိုင်း ၂၀၁ဝကုန်စည်ပြပွဲ” အမည်ဖြင့် မေလ ၁ရက်မှ အောက်တိုဘာ ၃၁ရက်အထိ ရှန်ဟိုင်းမြို့တွင်ကျင်းပမည်ဖြစ်ရာ ထိုပြပွဲသမိုင်း၌ မြန်မာနိုင်ငံမှ ပထမဆုံးအကြိမ်ဝင်ရောက်ပြသခြင်းဖြစ်သည်။ မြန်မာနိုင်ငံကိုယ်စားပြု ပြခန်းကို ထိုပြပွဲတွင် ဝင်ရောက်ပြသနိုင်ရန်အတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်များမှာ တရုတ်နိုင်ငံသို့ ထွက်ခွာသွားပြီဖြစ်ပြီး၊ ယခုအကြိမ်ပြပွဲတွင် ပုဂ္ဂလိကမှ လုပ်ငန်းရှင်များ မပါဝင်ကြောင်း အထက်ပါပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။ ယခုပြပွဲမှာ တခြားကုန်စည်ပြပွဲများကဲ့သို့ နိုင်ငံ၏ ကုန်စည်နှင့် ထုတ်ကုန်များကိုပြသခြင်းမျိုးမဟုတ်ဘဲ ကုန်သွယ်မှု ကုန်ထုတ်လုပ်မှု၊ ပြည်ပရင်းနှီးမြှုပ်နှံမှုစသော စီးပွားရေးဆိုင်ရာ သတင်းအချက်အလက်များ၊ စာရင်းဇယားများနှင့် သတင်းဓာတ်ပုံများကို ပြသခြင်းမျိုးဖြစ်ကြောင်းသတင်းရရှိသည်။ ပြပွဲတွင် ဇုန်ငါးခုရှိရာ မြန်မာပြခန်းမှာ ဇုန်အေတွင်ပါဝင်ပြီး “ပိုကောင်းသော ဘဝ၊ ပိုကောင်းသောမြို့ -Better City, Better Life ” ခေါင်းစဉ်အောက်ကပင် ပြသမည်ဖြစ်သော မြန်မာပြခန်းကို ရွှေတိဂုံဘုရား၊ မန္တလေးနန်းမြို့ကျုံးရိုး၊ နန်းမြင့်မျှော်စင်နှင့် ခေတ်မီတိုက်တာ အဆောက်အအုံများဖြင့် မြန်မာ့လက်မှုအနုပညာ နှင့် ဗိသုကာပညာကို ပေါင်းစပ် ဖန်တီးထားပြီး ထိုပြခန်းကို ၂နှစ်တာဝန်းကျင်အချိန်ယူ၍ ပြင်ဆင်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။