(၁)

နိဒါန်း

ချစ်သူနုတ်ဖျားမှ  မုန်းတယ် ဟုဆိုလိုက်သောနေ့သည် ကျွန်တော် သူမထံမှ ချစ်တယ် ဟူသော အဖြေကို ရပြီစ နှစ်ရက်တည်းရှိသေးသည်။ပူပူနွေးနွေးအဖြေရပြီး ပြောင်းလည်းသွားသော အချိန်တို့မြန်လွန်းလှ၏။ သူမ၏ မုန်းတယ် ဟုဆိုသော စကားလုံးအောက် ကျွန်တော်ပြားဝပ်သေသပ်စွာ နှုတ်ပိတ်ငြိမ်နေမိသည်ကို အံ့သြလို့မဆုံး။ ဘာမှမဟုတ်သည့် အကြောင်းတရားတို့သည် သူမအတွက်တော့ လှပသေသပ်စွာ ချိုးကွေ့ကစားသွားသော မြုပ်ကွက် ကလေးဖြစ်လို့နေသည်။ အချစ်သည်ရိုးသားစွာ ကျွန်တော်ရင်ထဲမလာ ။ မာယာများနှင့်အတိပြီးသော ကိုင်တွယ်မရသော အရာ ။ နှလုံးသားတွင်ခါးသက်နေပါတော့သည်။

          သူမ၏ များပြားလှစွာသော ချစ်သူရည်းစားများထဲတွင် တစ်ယောက်အပါအ၀င် ဖြစ်သော ကျွန်တော် ထိုစဉ်က အပျံသင်စ အချစ်ငှက်တစ်ကောင်ဖြစ်သည်။  အချစ်ဆိုတာကို ဘာမှန်းမသိပဲ သူမရဲ့ ကျော့ကွင်းအောက် မမြူဆွယ်ပါပဲ ဇွတ်တိုးဝင်ခဲ့ပြန်သည်။ သူမ၏ ပုပ်ပွနေသော အတင်းတို့ အဖျင်းတို့ ကျွန်တော်နားထဲ ထိုအချိန်ကမ၀င်။ မာနတို့ ပြည့်နှက်နေသော သူမမျက်နှာ ။ကျစ်လစ်သွယ်လျသော ကိုယ်နေဟန်ထား ။ ဖြောင့်စင်းသော သူမ၏ဆံကေသာတို့ သည် အလိုက်သင့်ပေါင်းစပ်ကာ အလှသရဖူဆောင်းနိုင်အောင် ပံ့ပိုးပေးထားသည်။အထူးခြားဆုံးနှင့် အလှပဆုံးသောအရာသည် သူမ၏ မျက်ဝန်းနက်နက်တို့ဖြစ်သည်။ သူမ၏ ထိုမျက်ဝန်းအောက် ကျွန်တော် သက်ဆင်း ပြိုလဲခဲ့သည်ပဲ။အများကပြောနေကြသော သူမ၏ သတင်းတွေသည် ပွေသည်၊ ရှုပ်သည်၊ မာနကြီးသည် ဆိုသော စကားလုံးများ၏ ဘောင်အတွင်းမှာပင်ရှိသည်။ သူမကို စတင်တွေ့ဆုံခဲ့သောနေ့တို့သည် ကျွန်တော်၏ ဒိုင်ယာရီစာအုပ်ထဲမှာတော့ အမှတ်တရရက်စွဲများဟု ကဗÔည်းတင်လျှက်။ အဲဒီနေ့ကတည်းက ကျွန်တော့်နှလုံးသားကို သိမ်းပိုက်နိုင်စွမ်းရှိသော သူမ၏မျက်ဝန်းတွေကို ကျွန်တော်မြတ်နိုးခဲ့သည်။ ထိုနေ့………ထိုနေ့သည်…။

အခန်း(၁)

          သူမနေသောရက်ကွက်တွင် ကျွန်တော့် သူငယ်ချင်း အိအိနေသည်။ အိအိကကျောင်းပြီးကတည်းက ကွန်ပျူတာစာစီနှင့် မိတ္တူ ဆိုင်လေးဖွင့်ထားသည်။ အဲဒီဆိုင်လေးကို ကျွန်တော်မကြာမကြာရောက်နေကျ။ အိအိ ဆိုင်နှင့်မျက်နှာချင်းဆိုင်မှာတော့ သူမ၏ VCDခွေငှားဆိုင်လေးရှိသည်။ ဆိုင်နာမည်က  လင်းလက်ဝန်း..။ အိအိ ဆိုင်နာမည်က  လ၀န်းသစ် ။ အသံတိတ်စစ်ပွဲတွေကို ဆင်နွဲနေကျဖြစ်သော သူမနှင့် အိအိတို့၏ အကြောင်းတွေကို ကျွန်တော်မသိ။ ထိုနေ့က အိအိ၏ဆိုင်ကို အလည်အပတ်ရောက်ခဲ့သော ကျွန်တော် အချစ်ဆိုတာကို ဘာမှန်းမသိပါပဲ လက်တည့်စမ်းမိခဲ့သည်.။

          အိအိ၏ဆိုင်အတွင်းသို့ ကနွဲ့ကလျလျှောက်လှမ်းလာနေသော သူမကိုမြင်တော့ လှရက်လွန်းလို့  ခဏမှင်တက်ငေးရသည်အထိ ကိုယ့်ကို ကိုယ်သတိမထားမိ။ အိဟု သူမနုတ်မှတိုးလျှညင်သာစွာခေါ်သည်။

 သြော် ကျော့ ဘာလဲပြောလေ အိအိကမေးပြောပြောပြီး ကူးလက်စ Copy တွေကို ခဏရပ်လိုက်သည်။

ဒီမှာလေဟောသည့်ဇာတ်ကားကာဗာကိုကာလာပရင့်ထုတ်ပေးပါလား

သူမပြောပြီးကျွန်တော့်ဖက်တစ်ချက်ဝေ့ကြည့်သည်။ကျွန်တော်ရင်ထဲမှာတော့ပူနွေးလွန်းသောရေစီး

ကြောင်းဖြတ်ကနဲစီးဆင်းသွားသည်။

 ရတယ်လေ.. ကျော့ ထားခဲ့လေ ခဏနေဒါတွေပြီးရင် Scan ဖတ်ပြီးထုတ်ထားပေးမယ် ဟု အိအိကပြန်ပြောလိုက်သည်။

 သြော် ကျော့ မိတ်ဆက်ပေးရဦးမယ်  သူက  အိရဲ့ သူငယ်ချင်း.. မင်းထိုက်တဲ့  ပထမနှစ်က စခင်တာ .. နင်လည်းမှတ်ထား ..သူက ကျော့ကျော့ခင် တဲ့  ရှေ့က ခွေငှားဆိုင်က သူ့ဆိုင်ပေါ့  ။

အိအိက တစ်ရက်စပ် မိတ်ဆက်သွားပေမယ့် သူမနှင့် ကျွန်တော် နုတ်ဆိတ်နေကြသည်။

(၂)

 ပြီးမှ သူမက  အိ..ကို ခင်သလိုမျိုး ကျော့ကိုလည်းခင်နိုင်ပါတယ် ကိုမင်းထိုက်..ဟုပြောပြီး အိ..သွားတော့မယ် ခွေစစ်စရာလေးရှိလို့။ အိအိကတော့  

ညနေကျရင် အိ..လာပေးလိုက်မယ် ကျော့ ..ဟုတစ်ခွန်းသာ ပြန်ဆိုလိုက်သည်။

          သူမတို့နှစ်ယောက်၏ အပြုံးအရယ်ကင်းမဲ့သော စကားလုံးများအောက် ကျွန်တော် နားမလည်နိုင်ပါ။

 နင်က ကျော့ကိုစိတ်ဝင်စားတယ်  အံ့သြမေးလေးနှင့် အိအိဆိုလာသည်။

 အေးလေ .. ဟိုနေ့က နင့်မျက်လုံးတွေကြည့်တာနဲ့တင် ငါ စာဖတ်တတ်ပါတယ် ဟု ထပ်ပြောသည်။

 ဒါပေမယ့် ..နင်ကျော့ အကြောင်းအကုန်မသိလို့နေမှာပါဟာ။

 ငါ ကျော့ အကြောင်းတွေကို အကုန်မသိဘူး ဒါပေမယ့်  ငါ ကျော့ကို ချစ်တယ်ဟာ။

 အိအိကတော့ ပကတိငြိမ်သက်စွာ…တိတ်ဆိတ်နေ၏။

အေးလေ..နင်ကအခုမှချစ်တတ်တာကိုးနင်ကကူညီပါဦးဆိုတော့ငါလည်းကူညီရတော့မှာပေါ့အေး

တစ်ခါတည်း ကျော့သတင်းတွေ နင်နားဆင်သွားဦး။

အိအိပြောသော ကျော့ကျော့ခင်ဆိုသောသူမ၏သတင်းတွေသည် ကျွန်တော်အတွက်အားတက်စရာမရှိ။ တကယ်ရော ဟုတ်ရဲ့လားဟု သူမဖက်ကလိုက်ပြီး ကာကွယ်တွေးတွေးကြည့်သေးသည်။  ဟုတ်ခဲ့ရင်ရော ဟု တွေးမိ သည့်အခါ နှလုံးသားတို့မွန်းကြပ်ရင်မောရပါသည်။ ဖြူသော နှလုံးသားနှင့် ဂုဏ်မဖတ်ပဲ သူမကိုချစ်နေသည့် အကြောင်း သူမကိုသိစေချင်သည်။ သူမ၏ ဖျက်ခနဲအကြည့်အကြားဗျာများသွားသော နှလုံးသား လောလောဆယ်မှာ မောသွားခဲ့ပါလား။ နားထဲမှာတော့ အိအိပြောသောစကားတွေက အခါတစ်ရာကြားယောင်လျှက်။

သူမသည် တော်ရုံတန်ရုံယောကျာ်းများကို အထင်မကြီးကြောင်းလည်းပါသည်။ သူမ၏ အီစီကလီစီဇာတ်လမ်း ပေါင်းများစွာလည်းပါသည်။ ရည်းစားများသည်ဆိုတာကတော့ အဓိကဖြစ်နေသည်။ အိအိကတော့ တစ်ခွန်းတည်းသော စကားကိုဆိုသည်။ နင် အသည်းကွဲလိမ့်မယ် ဆိုသောစကား။ ကျွန်တော်ကတော့  အသည်းကွဲ တဲ့အရသာကို မခံစားဖူးတော့ ခံစားကြည့်တာပေါ့ဟု ပြန်ပြောတော့ အိအိ၏ နားလည်ရခက်သော အကြည့်များနှင့်ဆုံလေသည်။ နောက်ပိုင်းနေ့ရက်များမှာတော့ အိအိ၏ဆိုင်ကို ကျွန်တော်ရောက်သည်မှာ ချောင်းပေါက်မတတ်ပင်။ အိအိဆိုင်၏ ကောင်တာမှ တဆင့် သူမကိုကြည့်ရသည်မှာအမော။ သူမ၏ လျှပ်တစ်ပျက် လှုပ်ရှားမှုများ၊ အကြည့်များသည်လည်း ကျွန်တော်နှင့် ခဏခဏထိပ်တိုက်ဆုံတွေ့လို့ပေါ့။ ရင်တွင်းခံစားချက်ဝေဒနာများကို ထုဆစ်သီဖွဲ့ပြီး စာမျက်နှာများထက် သွန်ချလိုက်သောအခါ သူမကို မည်မျှချစ်နေပြီ ဆိုတာ ကျွန်တော်သိလာသည်။ သူမအတွက်ဟု ရည်စူးပြီး ရေးထားသော ကဗျာများ၊ စာများ သူမကို သိစေ ဖတ်စေလိုသည်။ အိအိကတော့ အောင်သွယ်တော် မယ်လမင်းလေးပေါ့။တစ်နေ့ တစ်စောင်နှုန်းကျ သူမအတွက် ပို့ပေးရသော အိအိခမျာ ဏသျအ နြည ဖြစ်နေရသည်။

သူမသည်လည်း အရင်လို မျက်နှာတည်တည်မဟုတ်တော့ပဲ အပြုံးတစ်ချက် တစ်ချက်ချွေသည့်အခါ ကျွန်တော့်နှလုံးသား အတိုင်းအဆမရှိခုန်လွန်းလို့ လေပူတွေမှုတ်ထုတ် ရင်မောရပါသည်။ တစ်နေ့တော့ ထူးထူးခြားခြား သူမ..ကျွန်တော့်ကို တွေ့လိုကြောင်း အိအိမှ တဆင့် အမှာတော်ပါးလိုက်သည်။ ရင်ခုန်လှိုက်မောစွာ အိပ်မက်ပဲ မက်နေသည်လို ယုံရခက် မယုံရခက်နှင့် သူမ ကျွန်တော့်ကို တွေ့လိုသည်တဲ့။

အိအိကတော့

 အရမ်းပျော်မနေနဲ့ဦး  ကျော့ရဲ့ ချောင်ပိတ်မေးမယ့် မေးခွန်းတွေကို နင်ဖြေတတ်အောင် ကြိုးစားဦး ဟုပြောသည်။

 မေးချင်သလောက် မေးပါစေဟာ ဒီကကောင်က ဖြေချင်နေတာ …တအား…တအား…. ဟုဆိုတော့ စကားတစ်ခွန်းပြန်ပြောသည်။

 အရူးတဲ့.။ ဟုတ်ပါသည်။ ရူးသည်ဆိုဦးတော့ ခုချိန်မှာ ရူးချင်းရူးလျှင် အချစ်ရူးပင်ဖြစ်လိမ့်။ သူမနှင့်တွေ့ရ

မည့်နေ့ရက်ကို စောင့်စိုင်းရသည်မှာ နာရီ၊ မိနစ်တွေ နေ့တွေ ညတွေ ကြာလွန်းသည် ထင်ရသည်။ ကျွန်တော်ကတာ ကြာသည် ဟု ထင်တာပါ။ နေ့တို့ ညတို့ နာရီတို့သည် အချိန်မှန် ကုန်ဆုံးဆဲ..ရွေ့လျားဆဲ..။

          _______________________________       

(၃)

သည်နေ့ သူမအရမ်းလှနေသည်။သည်နေ့မှ မဟုတ်ပါ ။ ခါတိုင်းလည်းလှပါသည်။ ကန်ရေပြင်ထက် ဖြတ်တိုက်လာသော လေညှင်းကြောင့် သူမ၏ ပခုံးထက်က ဆံနွယ်အချို့ ဟိုတစ်စ သည်တစ်စ လွင့်လို့။ အခြယ်အသအနည်းငယ်နှင့် ဖြူဝင်းသောမျက်နှာထက်တွင် အမျိုးအမည် ဖော်ဆောင်ရခက်သော မာနတစ်မျိုးပျော်ဝင် လျှက်ရှိသည်။

စူးရဲတောက်ပသော မျက်ဝန်းသည် ကန်ရေပြင်ကို ကျော်လွန်ပြီး အဝေးကို မျှော်ကြည့်နေ၏။ ကျွန်တော်ကတော့ တိတ်ဆိတ်စွာ သူမ၏အလှတွေကို ငေးမ၀ဖြစ်နေသည်။

 ကိုမင်းထိုက်ကို ကျော့ တစ်ခုမေးချင်တယ်။သူမဘာများမေးမှာပါလိမ့်။

 မေးပါ ရပါတယ်

 ကိုမင်းထိုက်ရဲ့ စာတွေထဲမှာ ကျော့ကို ချစ်တယ်လို့ ဆိုထားတယ်နော်

 ဟုတ်ပါတယ်

 အသံတို့ တိုးလျှနေ၏။

 ဟင်း..ဟင်း…ဟင်းသူမတစ်ချက်ရယ်၏။

 ကျော့ ဒီလိုစာတွေ စကားတွေ ဖတ်ရ ကြားရပေါင်းများလှပြီ ကိုမင်းထိုက်ရဲ့.

သူမဘာကို ပြောချင်နေတာလဲ။ ဦးနှောက်ထဲ အပြေးအလွှား စဉ်းစားနေမိသည်။

 ဒါပေမယ့်.အဲဒီ..ချစ်ပါတယ် ကြိုက်ပါတယ်ဆိုတဲ့ ယောကျာ်းတွေကို ကျော့တစ်ခုမေးတယ်..ပြန်ရတဲ့ အဖြေတွေဟာ ကျော့လိုချင်တဲ့အဖြေတစ်ခုမှ မဟုတ်ဘူး..

သူမ ခဏတော့ တိတ်ဆိတ်သွားသည်။

 အခုလည်း ကိုမင်းထိုက်ကို မေးချင်တယ်…ကျော့..ကို …ဘာဖြစ်လို့..ချစ်တာလဲ။

 ဘာဖြစ်လို့ ချစ်တာလဲ

ကျွန်တော် သံယောင်လိုက်ပြီး မေးမိသည်။သူမခေါင်းငြိမ့်သည်။

 ဟုတ်တယ် ဘာဖြစ်လို့ ချစ်တာလဲလို့မေးတာ။ အဲဒီ အဖြေအတွက် ကျွန်တော် ကြိုတင်စဉ်းစားခြင်း မရှိခဲ့။ ခဏတော့ စကားဝိုင်း ငြိမ်သက်သွားသည်။ ကျွန်တော်က သူမကို ချစ်တာပဲသိသည်။ ဘယ့်အတွက်ချစ်မှန်း ဘာ့အတွက်ချစ်မှန်းမသိ။ မာနနှင့် မာကျောသော မျက်နှာကိုလား။စူးရဲသော မျက်ဝန်းတွေကိုလား။ ဝေခွဲမရ။

 ရှင်လည်း မဖြေနိုင်ဘူးမဟုတ်လား ကျွန်တော် လည်ချောင်းမှာတော့ တံတွေးတွေကိုသာ မြိုချနေရသည်။

 ဟုတ်ပါတယ်…ကျွန်တော်မဖြေတတ်ဘူး ဘာဖြစ်လို့ ချစ်တာလည်းဆိုတာကိုတော့ တော်တော်စဉ်းစား ရလိမ့်မယ်ထင်တယ်

 ထားပါတော့ ရှင်လည်းဖြေတတ်လိမ့်မယ်လို့ထင်မထားပါဘူး

 ကျွန်တော်ရင်ထဲ အောင့်သက်သက်တော့ ဖြစ်သွားသည်။

 ကျော့ ကိုချစ်တဲ့ ကြိုက်တဲ့ ယောကျာ်းတွေဟာ ကျော့ကို လှလို့ ချဉ်းကပ်ကြတဲ့ သူတွေချည်းပဲ ကျော့ မေးတဲ့ မေးခွန်းကို ဘယ်ယောကျာ်းမှ မဖြေနိုင်ဘူး..အဲဒီအခါ ပြန်မချစ်နိုင်ဘူးလို့ ကျော့ကပြောတယ်လေ.  ကျော့  အနားကခွာသွားတဲ့အခါ..ကျော့ကပွေတယ်၊ မာနကြီးတယ်၊ရှုပ်တယ်တယ်လို့ သူပုတ်လေလွင့်ပြောကြတယ် သူတို့နဲ့ ဖြစ်ခဲ့ သယောင်ယောင်ပြောကြတယ်.. သူမကျွန်တော့်ကို တစ်ချက်ကြည့်သည်။

 အခု  ကိုမင်းထိုက်ဆီမှာ ကျော့အတွက် အဖြေတစ်ခုခုမရှိဘူးလား။ကျွန်တော့်အတွက် အဖြေရကျပ်သော မေးခွန်းကို သူမထပ်မေးပြန်သည်။

 ကျွန်တော် ကျော့ကို ချစ်တာအပြင်ဘာမှမသိဘူး ချစ်တာတစ်ခုပဲသိတယ်။

 သူမပြုံးသည်။

 ကောင်းပြီ ကိုမင်းထိုက်က ရိုးရိုးလေးဖြေတတ်သားပဲ တစ်ခြားယောကျာ်းတွေလို စကားယောင်မနေဘူး ကျော့ သွားတော့မယ်

သူမပြောပြီးခြေလှမ်းရွှေ့သည်။ တစ်လှမ်း..နှစ်လှမ်း..သုံးလှမ်းမြောက်သော ခြေလှမ်းမှာ သူမရပ်သည်။ ကျွန်တော့်ကို တစ်ချက်လှည့်ကြည့်ပြီး

 ကိုမင်းထိုက်က ချစ်တာတစ်ခုပဲသိတယ်..ကျော့က တစ်ခုထက်ပိုသိချင်တ.ယ် တစ်ခုထက်ပိုသိအောင် ကိုမင်းထိုက်ကြိုးစားကြည့်ပေါ့ ကျော့သွားပြီ။

သူမဘာကိုဆိုလိုချင်မှန်း မသိပါ။ သူမ၏ကျောပြင်ကိုကြည့်ပြီး လေပူတစ်ချက်မှုတ်ထုတ်ဖြစ်သည်။ သက်ပြင်း ရှည်လည်းချဖြစ်သည်။ကန်ရေပြင်ကတော့ ငြိမ်သက်လို့။ စောစောကလို လေညှင်းလည်းမတိုက်တော့။ သည်လိုဆိုတော့လည်း လေညှင်းက သခင်မမရှိလို့ မတိုက်တာလားလို့ မဆိုင်ပါပဲ ကြံကြံဖန်ဖန်တွေးမိပြန်သည်။

(၄)

ကျွန်တော့်ရင်တွင်းမှာတော့ မုန်းတိုင်းတစ်ခု ၀င်ရောက်မွှေနှောက်သွားသည်။ အချစ်ဆိုသော မုန်းတိုင်းငယ်တစ်ခု တိုက်ခတ်သောအခါ အကျိုးသက်ရောက်မှုကို အဖြေရှာမရနိုင်သေးပါ။ထိုနေ့က ကန်စောင်းတစ်နေရာမှာ အချိန်တွေ ကုန်လွန်ခဲ့ရသည်။

_____________________________________

အခန်း(၂)

 နင်က ကျော့ဘာကိုဆိုလိုချင်မှန်းမသိဘူး

အိအိမေးသည်။ဟုတ်တယ် ဟု တုံးတိတိ ကျွန်တော်ဖြေမိသည်။

ကျော့က အချစ်တစ်ခုတည်းနဲ့ မလုံလောက်ဘူးလို့ အဓိက ပြောချင်တာတစ်ခုပဲ ။   ကျော့ ..နင့်ကို ဘာကြောင့်မငြင်းသေးလိုက်တာလဲဆိုတာ ငါစဉ်းစားနေတာ

 ကျွန်တော်ထင်ပါသည်။အဲဒီအချက်ကို အဖြေရှာမရ။ တကယ်ဆို ထိုနေ့ကတည်းက သူမငြင်းလိုက်မည်ဟု ကျွန်တော်ထင်နေမိသည်။ ခုတော့ ငြင်းချက်မထုတ်သည့်အပြင် အခွင့်အရေးတစ်ခု ထပ်ပေးသွားသည်။ သူမအပေါ်နားလည်ရခက်စွာ မသိခြင်းများစွာနှင့် ရင်မောရ၏။ နောက်ထပ် ရင်မောရဦးမည့် အကြောင်းများ ရှိနှင့်နေသည်ကို ကျွန်တော်မသိခဲ့။ အချစ်ဆိုသော  ကြိုးဝိုင်းထဲရောက်ပြီးခါမှ ပြန်လည်ရုံးထွက်ဖို့ ဘယ်ကြိုးကနေ ဘယ်လိုစ.ဖြည်ရမလဲဆိုတာ ဦးနှောက်ခြောက်ရ၏။

 အဲဒါပဲကွာ..ရဲထက်

 ဟေ..မင်းကအခု အီလည်လည်ကြီးဖြစ်နေတာပေါ့

ခရီးရောက်မဆိုက် ကျွန်တော့်ရဲ့ ခံစားချက်တွေကို သူငယ်ချင်းဖြစ်သူထံပြောပြနေမိသည်။ သူမနှင့်ပတ်သက်လျှင် မရှက်နိုင်တော့။ ရဲထက်က အံ့သြနေသည်။ ကျွန်တော့်ထံက အချစ်နှင့်ပတ်သက်ပြီး  သည်တစ်ခါသာလျှင်ကြားဖူးသည် မဟုတ်ပါလား။ချစ်မိပြန်တော့လည်း မိန်းမလည် သိန်း<ကယ်ကိုမှဟု ရဲထက်က ဆိုချင်သေးသည်။ ရဲထက်လိုကောင်ကတော့ ရုပ်ရည်၊ ဓနပြည့်စုံတော့ အချစ်နှင့်မိန်းမ သူ့အတွက်မရှား။ ကျွန်တော် ကတော့ သာမာန်ဆို တကယ့်သာမာန်ပင်။ ဘယ်အရာမှ ရဲထက်လို မပြည့်စုံ။ သူများတွေ ဆိုင်ကယ် တ၀ှီးဝှီးစီးနေသည့် ခေတ်မှာ စက်ဘီးနင်းကောင်းတုန်း။ ကျော့၏ ဆိုလိုရင်းကို အနည်းငယ် သဘောပေါက် သယောင်ယောင်တော့ ရှိသည်။ အချစ်သည်လည်း အနှိုင်းခံ ဂုဏ်တွေ ၊ ငွေတွေလိုသည်လား။ ကျော့၏ လိုလားချက်ကဘာလဲ။ သိရက်နှင့်မေးချင်နေမိသည်။

 ဟေ့ကောင်..မင်းထိုက်

သြော်..အေး

 မင်းကြိုက်တဲ့ ကျော့ကျော့ခင်ကို မမြင်ဖူးသေးပေမယ့် မင်းဒီလိုဖြစ်နေတာမြင်ရတော့ အပြင်မှာ မြင်ရကြည့် ဘယ်လောက်လှသလဲလို့ ကြည့်ကြည့်ဦးမယ်..

 ရဲထက်ကတော့ပြုံးပြုံးလေးဆိုသည်။ ကျွန်တော်သာလျှင် နုတ်ခမ်းတို့ ထက် အပြုံးတွေကင်းမဲ့ပြီး ရင်တွင်းဝေဒနာတွေ ရောယှက်နေသည်လား။

ရဲထက်နှင့် အိအိဆိုင်ကိုရောက်သည်။ ဆိုင်ရှေ့ရောက်တော့ အိအိက ရဲထက်ရောက်ရောက်ချင်းလာမလည်လို့ အပြစ်တွေ စီးတင်နေသည်။ မသိမသာ သူမ၏ ဆိုင်ဖက်တစ်ချက်ခိုးကြည့်ဖြစ်သည်။ သူမ၏ စူးရဲတောက်ပသော အကြည့်နှင့်ဆုံသည်။ သူမပြုံးပြ၏။ အဲဒီအချိန်ခဏလေးသည် ကျွန်တော့်အတွက်ပြီးပြည့်စုံသွားသည်။ နှလုံးသားလေးကတော့ တဆတ်ဆတ်ခုန်လို့။သည်နေ့လည်း သူမအတွက်စာတစ်စောင်ပို့ရပါဦးမည်။  စာထဲမှာတော့ သူမ၏ အပြုံးတွေကို ကဗျာဖွဲ့မိပါလိမ့်မည်။ အိအိကတော့

 နင်စာရေးကောင်းတယ်လို့ ကျော့ကပြောတယ် ဟုပြော သည်။ ဒါဆို သူမ ကျွန်တော်ရေးသော စာတွေကို ဖတ်တယ်ပေါ့။ ကျွန်တော်ဖက်က ပြန်ပြုံးပြလိုက်သည်။  ခေါင်းလေးတစ်ချက်ငုံ့သွားသည်။ ရဲထက်နှင့် အိအိကတော့ မသိမသာ အကဲခတ်လျှက်ရှိသည်။

သည်နေ့ သူမနှင့် ဒုတိယ အကြိမ်တွေ့ဖြစ်သည်။ သည်နေ့မှ သူမကို နုတ်က ဖွင့်ပြောမည်ဟု အားခဲထားသည်။ အဖြေတောင်းမည်ဟုလည်း စဉ်းစားမိသည်။ သူမနှင့် အခုလိုထပ်တွေ့ရတာ အလားအလာကောင်း သည်မဟုတ်လား.။သူမထက်အချိန်စောစွာ  သံယောဇဉ် ဆိုင်လေးသို့ ကျွန်တော်ရောက်နှင့်သည်။

(၅)

သူမ၏ ဆိုင်ကယ်လေး လမ်းချိုးအတိုင်းကွေ့လာသည်ကိုမြင်နေရသည်။ သူမသည် ဆိုင်ကယ်စီးလျှင်ပင် ခါးမတ်မတ်နှင့် စတိုင်လ်ကျသည်။ ဘာမဆိုင် ညာမဆိုင် စက်ဘီးနှင့်လာရသည်ကို သိမ်ငယ်နေမိသေးသည်။

ရောက်နေတာကြာပြီလားဟု မေးပြောပြောပြီးဝင်ထိုင်သည်။

 မကြာသေးပါဘူး ဟု မုသားသုံးမိသေးသည်။

ကိုမင်းထိုက် ရှင့်စာထဲမှာ…

 စားပွဲထိုးက ဘာသောက်မလဲ လာမေးတော့မှ စကားပြတ်သွားသည်။ ဟုတ်သည်ပဲ ။သူမကို ဘာသောက်မလဲဟု မမေးမိ။ အတော်ညံ့ပါလား မင်းထိုက်ဟု ကိုယ့်ကိုကိုယ်အပြစ်တင်လိုက်သည်။ သူမကတော့ တမင်တကာမသိချင်ယောင်ဆောင်နေဟန်ပေါက်သည်။

 သံပုရာရည် နှစ်ခွက် ဟု ကျွန်တော်ကြားဖြတ်မှာလိုက်သည်။ ပြီးမှ သူမစကားဆက်သည်။

 ရှင့်စာထဲမှာ  ကျော့ကို အဖြေတောင်းထားတယ်နော်

 ဟုတ်ပါတယ် ကျွန်တော် ပါးစပ်က ဖွင့်မပြောရဲလို့ စာထဲကရေးလိုက်တာပါဟု အလိုလို ဖြောင့်ချက်ပေး နေမိသည်။ အနည်းငယ်တော့ အေးစက်စက်နိုင်နေမှန်းကိုယ့်ကိုကိုယ်ရိပ်မိသည်။ သည်အချိန်မှာ ကျွန်တော်နုတ်က ဖွင့်ပြောလိုက်ဖို့ကောင်းနေပြီ။ သို့ပေမယ့် ကျွန်တော်မရဲသေး။ သူမအံ့သြနေဟန်ရှိသည်။

ဒါပဲလားဟုပြောပြန်သည်။ သူမ ကျွန်တော့်ထံက မည်သို့သောစကားတွေ ကြားချင်နေမှန်း ကျွန်တော်သိလိုက်သည်။

 ကျွန်တော်  ကျော့ကို ချစ်တယ်.

စာထဲမှာပါတယ်လေ..သူမရယ်၏။

 ဟုတ်ပါတယ်..ဒါပေမယ့် စာထဲက စကားလုံးထက် နုတ်ကဖွင့်ပြောတာ ပိုပြီးပြည်စုံမယ်ထင်တယ်..ကျွန်တော် ကျော့ကိုချစ်တာ  အဆောင်အယောင်မပါဘူး ဂုဏ်တွေ  ငွေတွေမပါဘူး အဖြူသက်သက်ပါ နှစ်နှစ်ကာကာချစ်တ.ယ်ဆိုတာတော့ ကျော့ ယုံပေးပါ

 ကျော့ ယုံချင်လို့ ရှင့်ကိုလာတွေ့တာလေ

ဟု တစ်ခွန်းတည်းသာ ဆိုသည်။ ပြီးနောက် ရယ်ပြန်သည်။ နောက်ပြုံးပြန်သည်။ သည် တစ်ခါတော့ ရှက်ပြုံးဟု ထင်ပါသည်။

ကျွန်တော်ကို စဉ်းစားပေးပါလား

 ဘယ်လောက်လဲ

 ဗျာ

သြော် ..စဉ်းစားဖို့ အချိန်ဘယ်လောက်ပေးလဲလို့ မေးတာ

.သူမကတော့ အ..ရန်ကောဟူသော အကြည့်နှင့် ကြည့်သည်။

 ဖြစ်နိုင်ရင် တစ်လပေါ့

 အို..မမြန်လွန်းဘူးလား

 ကျွန်တော့်အတွက် အချိန်တစ်လဆိုတာ တစ်နှစ်လိုပဲကြာတယ်

သူမကတော့ ပြုံးမြဲ ပြုံးနေသည်။ ပြီးတော့

ကျော့ သွားတော့မယ် တဲ့။သူမပြန်ရန်ဟန်ပြင်သည်။ ပြီးမှ တစ်ခုခုကို သတိရသလို ကျွန်တော်ကို မေးသည်။

မနေ့က ကိုမင်းထိုက်နဲ့ပါလာတာ ဘယ်သူလဲ ဟုမေးသည်။

 ကျွန်တော့် သူငယ်ချင်းပါ ဘာဖြစ်လို့လဲ ရဲထက်ကို သိလို့လား။သူမမဖြေ။ နောက်မှ

မသိပါဘူး ဟုပြန်ဖြေသည်။ ဇဝေဇ၀ါဖြစ်ပြီးကျန်ခဲ့သူက ကျွန်တော်။ ထိုနေ့က စိတ်တွေ လွတ်လပ်ပေါ့ပါးကြည်နူးနေသည်။  တစ်ချက် တစ်ချက် သီချင်းညည်းဖြစ်သည်။လေချွန်မိသေးသည်။

 တကယ်ပါ_____မေရယ်__ ကိုယ်ကတော့ ___ချစ်တာတစ်ခုတည်းသိတယ် ဆိုသော  သီချင်း စာသားကတော့ အပ်ကြောင်းတွေကိုထပ်လို့။ သူမစဉ်းစားမည်တဲ့။ ပြုံးပုံလေးက ဆွဲနမ်းချင်စရာ။  သည်နေ့မှ လောကကြီး အရမ်းသာယာနေတာလား။ ငှက်အုပ်လေးကြည့်တော့လည်း ပျံသန်းတာကအစ လှလို့။ ကောင်းကင်ပြာကြီးလည်း ကြည်လင်လို့။ ကျွန်တော်ရဲ့ နှလုံးသားကံလည်း ပွင့်တော့မည်ဟု ၀မ်းမြောက်သော အတွေးနှင့်တွေးနေမိသည်။ ထိုညက အိပ်မက်တစ်ခုမက်သည်။

(၆)

သူမနှင့်လက်ချင်းချိတ်ပြီး ခုန်တန်းပေါ်တွင် စကားတွေသီဖွဲ့နေမိသည်။  သူမကတော့ ကျွန်တော့်ပခုံးထက် အလိုက်သင့်မှီလိုက်သည့်အခါ သူမပါးပြင်ထက် အနမ်းမိုးတွေ တရက်ဆက် မဆဲတမ်းရွာချပစ်လိုက်သည်။ မြက်ရိုင်းပင်တွေနဲ့ခုန်တန်းလေးက ကျွန်တော်နှင့်သူမကို မကြည့်ရဲ။ ရှက်စဖွယ်နှင့် ခေါင်းတွေငုံ့နေကြသည်။သူမပါးပြင်ကတော့ ကျွန်တော့်ရဲ့ အနမ်းမိုးကြောင့် ရှက်သွေးတွေ နီရဲလို့။

          _________________________________________

အခန်း(၃)

           ဒါဆို မင်း အခြေအနေကကောင်းနေပြီဆိုပါတော့ ရဲထက်က ပြုံးစစနှင့်မေးသည်။

          ဒါပေါ့ အဲဒီအကြောင်းစဉ်းစားလိုက်ရင် ခုထိ ငါ့ရင်တွေခုန်တုန်းပဲ

          ပိုပြီကွာ

 ဒါနဲ့ စကားမစပ် ငါလည်းမင်းကိုပြောစရာတစ်ခုရှိတယ် ရဲထက်၏စကားအဆုံး ဘာများပါလိမ့်ဟု မေးစပ်ပြလိုက်သည်။

          အခုနှစ်ရက်ရှိပြီ ငါ့ဆီကို ကောင်မလေးတစ်ယောက် ဖုန်းဆက်ဆက်နေတယ်

           သယ်ဟုတ်ပါလားကွ ဘယ်သူလဲ ဘယ်ကလဲ

           အဲဒါတော့မပြောဘူး သူ့ဖက်ကသာ သိနေတာပါတဲ့

ငါလည်း ချော်လဲရောထိုင်ပြီး အီစီကလီစီလုပ်ထားတယ်

          သြော် ဂလိုကိုး

ကျွန်တော်လှောင်လိုက်သည်။

          မင်းလိုမဟုတ်လို့ လှောင်တာလားဟု ပြောပြီး လက်သီးနှင့်ဖွဖွထိုး၏။ ရဲထက်သည်လည်း အချစ်နှင့် နဖူးတွေ့ ဒူးတွေ့ဦးမည်ဟု တွေးမိပါသေးသည်။

          ရဲထက်ကို ပြောသလို အိအိကိုလည်း သူမနှင့် ကျွန်တော်ရဲ့အကြောင်းတွေကို ခရေစေ့တွင်းကျပြောပြမိသည်။ အိအိကတော့ဘာမှမပြော။ ပြောသမျှ နားထောင်နေရမှာ သူ့တာဝန်ဟု သဘောပိုက်ထားပုံရသည်။ နောက်ပိုင်း အိအိ ဆိုင်ကိုသွားသည့်အခါ သူမ၏သဘောမကျသည့်အကြည့်တွေကို ရင်ဆိုင်ရသည်။ တစ်ခါတစ်ခါ မျက်နှာကို သိသိသာသာ လွဲသွားသည်လည်းရှိသည်။ဘာကြောင့်မှန်းမသိ အိအိနှင့် သူမ၏ ဆက်ဆံရေး တစ်မျိုးတစ်မည်ကိုတော့ အလိုလိုသိနေသည်။ သို့သော် နုတ်ကတော့ အိအိကို ဖွင့်မမေးမိ။ အိအိကလည်းမပြော။ တစ်ရက် သူမ ကျွန်တော်ကို ထပ်ချိန်းသည်။ ထိုနေ့က သူမမျက်နှာ အနည်းငယ် ခက်ထန်နေသည် ဟု ထင်မိသည်။

ကိုမင်းထိုက် ဘာလို့ အိအိဆိုင်ခဏခဏလာတာလဲ

        ကျော့ ကိုတွေ့ချင်လို့ပေါ့

         အိအိဆိုင်တစ်ဆိုင်တည်းရှိတာလား အနီးအနား မှာတစ်ခြားဆိုင်တွေလည်းရှိတာပဲ

         သြော် အိအိနဲ့က သူငယ်ချင်းတွေလေ

         အရမ်းရင်းနှီးလား

         ဆိုပါတော့

 သူမမျက်နှာ သုန်မှုန်လာသည်။

          ရှင် ကျော့ကိုချစ်လား

သူမဘာကြောင့် သည်လိုမေးပါလိမ့်။

          ချစ်တယ်..ရင်ထဲက..

           ဟိုး..ရပြီ..ရှင်ကျော့ကို တကယ်ချစ်တယ်ဆိုရင် ကျော့ဆိုင်ကိုအရင်ဝင် ပြီးမှ အိအိဆိုင်ကိုဝင်

..ဘာတွေမှန်း မသိ နားလည်ရခက်စွာ သူမကိုကြည့်နေမိသည်။   

        နောက်ပြီး ဆိုင်ရှေ့ကို ဖြတ်ရင် ကျော့ဆိုင်ကိုပဲ အရင်ကြည့်ပါ  အိအိဆိုင်ကိုမကြည့်ရဘူး

ဟုပြောပြန်သည်။ ကျွန်တော်က

 ဘာဆိုင်လို့လဲ

လို့ မေးဖြစ်သည်။

(၇)

 ရှင်းရှင်းလေးပဲ ကိုမင်းထိုက်ရယ် ကျော့ ကိုချစ်ရေးဆိုထားတဲ့ ယောကျာ်းတစ်ယောက်က အခြားမိန်းကလေးကို ရင်းနှီးဖော်ရွေနေတာမျိုးမလိုချင်လို့ပေါ့

           ဘာတွေလဲဟု ခေါင်းရှုပ်စွာ ဆံပင်တွေကို ထိုးဖွမိသည်။

           အင်းလေ ကျွန်တော်က ကျော့ကို ချစ်တာပဲ ကျော့ သဘောပါ

 သူမကတော့ ကျေနပ်လှစွာပြုံးသည်။ ထိုအပြုံးသည်  ဒီလိုပဲ ဖြစ်ရမယ်လေဟုပြောနေသယောင်ပင်။

          အိအိသည်ပင် ကျွန်တော် သူ့ဆိုင်ကို အရောက်အပေါက်နည်းတာ ၊ ဆိုင်ရှေ့ကဖြတ်သွားလျှင် သူ့ဆိုင်ကို မကြည့်တာ သတိထားမိနေသည်။ တစ်ရက် အိအိနှင့် ဈေးမှာ ဆုံသည်။ လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် ထိုင်ဖြစ်သည်။

           ပြောပါဦး မင်းထိုက် နင်အချိုးတွေ တော်တော်ပြောင်းသွားတယ်နော် ဟု စကားစလာသည်။

          မဟုတ်ပါဘူးဟာ ဘာလဲ နင့်ဆိုင်ကိုမလာလို့လား အိ

         အေးလေ ဘုတောအဖြေ။

          ငါမအားလို့ပါ ဟု မုသားသုံးဖြစ်သည်။

           အောင်မလေးဟယ် ..မအားတယ်တာ ပြောတယ် ငါတို့လမ်းလည်း နင်လာလွန်းလို့ ချောင်းပေါက်နေပြီ.ဟဲ့ ..သေနာရဲ့

ဟု မကျေမနပ်ဘုတောပြန်သည်။

           ဘာလဲ..နင့်ကိုငါ့ဆိုင်မလာရဘူးလို့ ကျော့ပြောထားလို့လား

ကျွန်တော် ဘယ်လိုဖြေရပါ့။ခေါင်းကုပ် နေမိသည်။

           ဟဲ့ ..ဖြေလေ

စိတ်မရှည်သလို အိအိမေး၏။

           မဟုတ်ပါဘူးဟာ  ကျွန်တော် ထပ်လောင်း မုသားသုံးဖြစ်ပြန်သည်။ အိအိကတော့ ပြုံးသည်။ပြီးနောက် ရယ်၏။

           နင်တောင် ကျော့ အတွက်နဲ့ ငါ့အပေါ်လိမ်တတ်နေပြီပဲ

         မဟုတ်ရပါဘူးဟာ..ကျော့က သူ့ကိုတကယ်ချစ်ရင် နင်ဆိုင်ကိုမသွားရ မကြည့်ရဘူးဆိုလို့ပါ

        သြော်..                                                       

ဟု လေသံရှည်ဆွဲပြီး မေးစပ်နေ၏။

          ဘာလဲ ငါ့ကိုစိတ်ဆိုးနေတာလား

 မဆိုးပါဘူး နင်နဲ့ငါ့ကြားက အဖြူရောင် သူငယ်ချင်း သံယောဇဉ်ကို အချစ်ဆိုတဲ့ ဓါးကပိုင်းချနိုင်တယ် ဆိုတာကို ငါတွေးမိလို့ပါ

ဟု အိအိပြောတော့ ကျွန်တော် စိတ်ညစ်ရသည်။

 ဒါပေမယ့် ငါ့နင့်ကို အရင်ကလိုခင်တုန်းဆိုတာ နင်မမေ့နဲ့ အိအိ

 ဟုသာ ပြောနိုင်တော့သည်။ပြီးနောက် ကိုယ့်အတွေးနှင့်ကိုယ်ငြိမ်သက်သွားကြသည်။ ကော်ဖီပူနှစ်ခွက်ကတော့ အငွေ့တထောင်းထောင်းနှင့်။ ကျွန်တော် ရင်တွင်းက အပူတွေလည်း တငွေ့ငွေ့လောင်းကျွမ်းနေတုန်းပင်။ ထိုစဉ် လက်ဖက်ရည်ဆိုင်အတွင်းသို့ မျက်ဝန်းတစ်စုံ စူးစိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။

 ကျော့ ဟုတ်သည်။ ကျော့ ကျွန်တော်နှင့်အိအိကိုမြင်သွားပြီ။ ပြီးနောက် ချာခနဲလှည့်ထွက်သွားသည်။ ဟူး…ခနဲ လေပူတစ်ချက်မှုတ်ထုတ်လိုက်ရသည်။

လက်ဖက်ရည်ဆိုင်ကအပြန် စိတ်ညစ်ညစ်နှင့် ရဲထက်အိမ်ဝင်လိုက်သည်။ ရဲထက်ဆိုတဲ့ကောင် နေဖင်ထိုးတာတောင်မထသေး။

ဟေ့ ကောင် ရဲထက် ထတော့ကွာ နေမြင့်နေပြီ ကျွန်တော်နိုးလိုက်သည်။

 အေးပါ နိုးပါပြီကွ မင်းကလည်း

ဟုပြောပြီးထထိုင်သည်။

ကလင်__ကလင်__ကလင်__ဖုန်းမြည်သံကြားရသည်။

 မင်းသွားကိုင်လိုက်ကွာ..

 အေးအေး

 ဖုန်းကိုကောက်ကိုင်လိုက်သည်။

 ဟယ်လို..

(၈)

ဟယ်လို..ကိုရဲထက်ရှိလား

 တစ်ဖက်မှ မိန်းကလေးအသံ။

 သြော်ရှိပါတယ် ဘယ်သူလို့ပြောလိုက်ရမလဲ

သူသိပါတယ်ဟု တစ်ခွန်းသာ ပြန်ပြောသည်။

 ခဏနော်

 ဟေ့ ကောင်မင်းနဲ့ပြောချင်လို့တဲ့

 ဘယ်သူလဲ

 ဘယ်သိမှာလဲ..မင်းသိပါတယ်လို့ပြောတာပဲ

 ကျွန်တော့်စကားပင်မဆုံးလိုက် ။ ရဲထက် သုတ်ကနဲ လစ်သည်။ စကားသံတွေကိုတော့ ရဲထက်အခန်းထဲကနေကြားနေရသည်။ ကျွန်တော် စိတ်ထဲတွင် ဖုန်းထဲက ကောင်မလေး၏ အသံကို ကြားဖူးသယောင်ထင်နေသည်။ သို့သော် ကြာကြာမစဉ်းစားအား။ သည်နေ့ ကျွန်တော်နှင့် အိအိကို သူမ မြင်သွားသည်။

သူမနှင့်တွေ့လျှင် ဘာပြောဦးမည်မသိ။ တစ်ခါတစ်ရံ သူမနှင့် အိအိကြား အနေရခက်လာသည်ကို သိသိသာသာ ခံစားလာရသည်။တစ်ဖက်က သူငယ်ချင်းဖြစ်သလို တစ်ဖက်က ကြည့်ပြန်တော့ ချစ်ရသူဖြစ်နေသည်။ သူငယ်ချင်းသံယောဇဉ်သည် ဖြူစင်သော ၅၂၈ မေတာ။ ၁၅၀၀ အချစ်နှင့်နှိုင်းယှဉ်သော်လည်း ၅၂၈ ကတော့ လျှော့မသွားနိုင်။ အချစ်သည် ချိုမြိန်ခြင်းကို ဖြစ်စေနိုင်သလို ခါးသီးခြင်းတွေကိုလည်း တစ်ပါတည်း ယူဆောင်လာနိုင် စွမ်းရှိသည်။ ခုပဲ သူမနှင့်ပတ်သက်ပြီး ပျော်ရမလိုဖြစ်ရပေမယ့် အိအိ နှင့်ပတ်သက်ပြီး စိတ်ညစ်ရပြန်သည်။ ရင်ခုန်သံမြည်ပြီးမှ အချစ်သံဇဉ်တွေဖြစ်လာမှာတော့ တေးသွားတစ်ပုဒ်ဆုံးအောင် ဖော်ကျူးရမည်ပဲ ။ထိုနေ့.က သူမအကြောင်းတွေ အတွေးထဲ စိုးမိုးလွန်းနေခဲ့သည်။

________________________________________

 မောင်မင်းထိုက်ရေ ဖုန်းလာတယ် ဟု ဘေးအိမ်ကလှမ်းခေါ်သည်။ထိတ်ခနဲ သူမဖုန်းလားလို့ တွေးမိသေးသည်။ နောက်မှ သူမကို ဖုန်းနံပါတ်ပေးမထားမိမှန်းသိသည်။

 ဟယ်လို..အိအိလား

ဟဲ့..နင့်ကို ကျော့ပြောခိုင်းလိုက်လို့ ဖုန်းဆက်လိုက်တာ

 အေး..ပြောလေ

နင်နဲ့ စကားပြောချင်လို့တဲ့ ခု ဘေးမှာရှိတယ်ဟပြောတော့ ရင်ခုန်လွန်းစွာ ဘာပြောရမှန်းမသိ။

 ဟယ်လို ကိုမင်းထိုက်

 ပြောလေ..ကျော့  ကျွန်တော့်အသံကို ကျွန်တော် သဘောမကျ။ သူမနှင့်ကျမှ အသံတွေဝင်ချင်နေသလိုလို။

 ဒီညနေ ၅နာရီလောက် ခရမ်းပြာ အအေးဆိုင်မှာ စောင့်နေပေးပါလား

 ကျွန်တော် စောင့်နေပါ့မယ် ဒါနဲ့ ဟိုနေ့က..

 ရပါတယ် ကျော့ ဒီလောက်တော့ နားလည်ပေးရမှာပေါ့

သူမတကယ်နားလည်ပေးသည်လား။ ကျွန်တော် မဝေခွဲတတ်။

 ကျော့ ဖုန်းချလိုက်တော့မယ်နော်

 သူမပြောသည်။

ဟို..ကျော့

ရှင်.ပြောလေ..

 ကျွန်တော် ကျော့ကို အရမ်းချစ်တယ်..

သူမတိတ်ဆိတ်သွားသည်။

 ကျော့ သိပါတယ်

ဟုပြောပြီး ဖုန်းချသွားသည်။ နောက်ဆုံးပြောသွားသော ကျော့ သိပါတယ် ဆိုသော စကားကြောင့် ကျွန်တော့်စိတ်ထဲ စနိုးစနှောင့်ဖြစ်သွားသည်။ စိတ်ထဲတွင် သည်စကားသံကို ကြားဖူး သယောင်ဖြစ်ရပြန်သည်။ ခုမှ သူမနှင့်ဖုန်းထဲက စကားပြောဖူးပေမယ့် သူမ၏ ဖုန်းထဲကအသံကို နားထဲတွင် ကြားဖူးနေသလိုလို။ ထားပါတော့။ သူမနှင့်တွေ့ရမည့် ညနေအတွက် ပြင်ဆင်ရဦးမည်။ အချိန်တို့သည် သူ့ဘာသာ တရွေ့ရွေ့ လည်ပတ်ကုန်ဆုံးနေပေမယ့် လှည့်လို့ရပါက ညနေ ၅နာရီသို့ လှည့်မိမလားမသိ။      

(၉)

မာယာများသောအချစ်သည် ကျွန်တော်နှင့် သူမထံရောက်မလာသေး။ တိတ်တခိုးမျှော်လင့်ရင်း နေ့တို့ကုန်ဆုံးနေခဲ့သည်။ ကျွန်တော့်အတွက် ကံကောင်းခြင်းလက်ဆောင်ကို ယူဆောင်လာနိုင်သူမှာ သူမတစ်ယောက်တည်းသာ။ ညနေ ၅ နာရီ..။ခရမ်းပြာ…။

________________________________________

ညနေ ၄း၃၀နာရီလောက်တွင် ကျွန်တော် ခရမ်းပြာအအေးဆိုင်သို့ ရောက်သည်။ သုမထက် မိနစ် ၃၀ စောစွာ ရောက်နှင့်သည်။ ကျွန်တော်၏ စိတ်တွေလည်းစောနေသည်ပဲ။ သူမ အဘယ့်ကြောင့်တွေ့ချင်မှန်း မသိ။ သူမ၏ စိတ်သည် ခက်မှန်းရခက်ပါသည်။ သည်နေ့ရလာဒ်သည် ကျွန်တော့်အတွက် ဘာမှန်းမရေရာ။

သူမဆိုင်ထဲရောက်တော့ ၅နာရီအတိ။ မျက်လုံးတစ်ချက်ဝေ့ပြီး ကျွန်တော့်ကိုရှာသည်။ ကျွန်တော့်ကိုမြင်တော့ ဖြည်းညှင်းစွာ လျှောက်လာသည်။

ရောက်နေတာ ကြာပြီလား သူမမေး၏။

 မကြာသေးပါဘူး ကြာလည်းဘာမှ မဖြစ်ပါဘူး ကျော့ နဲ့တွေ့ရမှာပဲလေ.. စကားလုံးတွေ အစီအရီကျလာသည်။

 ကျော့နဲ့တွေ့ရရင် ဘယ်လောက်ကြာကြာပေါ့ဟုတ်လား

 ကျွန်တော် ချစ်ရတဲ့ သူနဲ့တွေ့တာပဲ ဘယ်လောက်ကြာကြာပေါ့

 ထားပါတော့ ဒီနေ့ ကျော့ ပြောစရာရှိလို့ ပြောစရာရှိတာထက် ကိုမင်းထိုက်ကို ၀မ်းသာစရာ စကားပြောချင်လို့

 သူမပြောပြီး ခေါင်းငုံ့နေသည်။ ကျွန်တော့် ရင်ဘတ်ထဲမှာတော့ ရထားတစ်စင်းခုတ်မောင်းလို့နေပြီင်္။ သူမ၏ အဖြေစကားကို ရင်တုန်လှိုက်မောစွား နားစွင့်နေမိသည်။

 ဒါ..ဒါဆို ကျွန်တော် ပျော်ပြီပေါ့နော်..

 အင်း

 သူမအသံက တိုးလျှစွာ။

ဟုတ်လား ကျော့ ကျော့ ကျွန်တော့်အချစ်ကို လက်ခံပြီပေါ့နော်

 အင်း

 ခေါင်းမမော့ပါပဲ သူမ အင်း လိုက်ပြန်သည်။ကျွန်တော့်စကားတွေလည်း တုန်ရီနေမှာသေချာသည်။

 ပျော်လိုက်တာ ကျော့ ရယ် ကျော့ဆီက အဖြေမှရပါ့မလားလို့ ကျွန်တော်တွေးနေတာ ကျော့ကို ကျွန်တော် တကယ် ချစ်တာပါ

ဘယ်သူကမေးနေလို့လဲ

သူမရှက်ရွံ့စွာပြောသည်။

မမေးလည်းပြောမှာပဲ

 သာလိကာကျနေတာပဲ

 သူမပြောပြီးရယ်ပါသည်။သူမ၏ အပြုံးသည် ယခင်နေ့များထက်ပိုပြီး အသက်ဝင်နေသည်။

 ဒါပဲနော် ကျော့ အဖြေပေးတယ်ဆိုတာဘယ်သူ့မှမပြောရဘူး

 အိအိကိုရောမပြောရဘူး သူမအမိန့်ထုတ်သည်။

 ပြောလေ ကတိပေးမှာလား

 ကျော့ မပြောနဲ့ဆိုမပြောပါဘူး

 တကယ်လား

 တကယ်ပေါ့ဗျာ

Sure နော်

Sure ပါဗျာ

 ကျော့ တစ်ခြားနေရာကနေ တစ်ခုခုပြန်ကြားရင် ကိုမင်းထိုက်နဲ့အပြတ်ပဲနော်

 သူမဖက်က ရာဇသံတွေပေး နေသည်။

 ကျွန်တော်ကို ကျော့ချစ်ပါတယ်လို့ပါးစပ်ကဖြေဦးလေ

 သူမဖက်က အနည်းငယ်တော့ ရှက်နေသယောင်။

 ကျော့ ..ကျော့

 ပြောလေ..

(၁၀)

 မပြောရင် မရဘူးလား သိနေပြီပဲဟာ..

မရဘူး..ပြောပါဗျာ..

 ကျော့ ..ကိုမင်းထိုက်ကို ..ချစ်ပါတယ်..

သူမဖက်ကတော့ ပြုံးမြဲပြုံးနေသည်။ စောစောကအပြုံးနှင့်တော့ မတူချေ။ ယခုအပြုံးသည် သူမ၏ ထေ့ပြုံှးနှင့် တူ၏။ ဘာပဲဖြစ်ဖြစ် ကျွန်တော် သည်နေ့ပျော်သည်။ သူမ၏ အဖြေတစ်ခုတည်းနှင့်တင်လုံလောက်သွားသည်။ ပြီးပြည့်စုံသွားသည်။ ရင်ခုန်သံတို့ မြန်လွန်းနေသည်။ ယခုထိ ရပ်တန့်မရသေး။ ကျွန်တော့် နှလုံးသား၏ ပထမဆုံးချစ်ရသော မိန်းမတစ်ယောက်က ချစ်အဖြေပေးသည့်နေ့။ ဒိုင်ယာရီထဲမှာရေးမှတ်ထားလိုက်၏။ ဘာတွေလည်းဆိုတော့ သူမကို ချစ်ကြောင်းတွေသာ အများဆုံးဖြစ်သည်။

သူမနှင့်ချစ်သူဖြစ်ပြီး တစ်ရက်တော့ လျှောက်လည်ဖြစ်သေးသည်။ အဲဒီနေ့သည်လည်း ကြည်နူးမှုတွေ ပြည့်နှက်ခရသည့်နေ့ဖြစ်ခဲ့သည်။သူမမှာထားလို့သာ သူမထံမှ အဖြေရသည်ကို ဘယ်သူ့မှမပြော။သို့ပေမယ့် တစ်ဦးတစ်ယောက်ကို ပြောချင်နေမိသည်။

ရှားရှားပါးပါးရထားသော ချစ်သူမို့ ကြွားလုံးထုတ်ချင်နေမိသေးသည်။ ကျွန်တော်နှင့်တစ်ပြိုင်တည်း ၀မ်းသာ လုံးစို့ခဲ့ရသူရှိသေးသည်။ သူမအဖြေပေးသည့်နေ့မှာပင် ညရောက်တော့ ရဲထက်ပေါက်ချလိုက်သည်။ သည် ကောင်လည်းအဖြေရသည်တဲ့။ လူချင်းတော့မမြင်ဖူးသေးပဲ စံထားစရာကောင်းသည်တော့ အမှန်။ ဘာပဲပြောပြော သူငယ်ချင်းနှစ်ယောက် အောင်ပွဲခံ ဘီယာပင်သောက်လိုက်သေးသည်။ ဘာမှတော့မဆိုင်။

တစ်ခါတစ်ရံ အခြေအနေများသည် ရုတ်ချည်းပြောင်းလဲသွားနိုင်ကြောင်း ကျွန်တော်မသိသေး။ မာယာ ကျော့ကွင်းထဲ သက်ဆင်းပြိုလဲနေမိမှန်းလည်း မသိသေး။ ကြောက်စရာကောင်းသော ချစ်ခြင်း၏ သံစဉ်တွေထဲ စီးမျောနစ်သွားသည်က အပြစ်တစ်ခုလား။

သူမဆီက အဖြေရပြီး နှစ်ရက်… … …။

အိအိ ဖုန်းဆက်လာသည်။

ဟယ်လို…ပြော..အိအိ

 ဘာပြောလဲ..နင်ပျောက်ချက်သားကောင်းနေတယ်နော်..

 မပျောက်ပါဘူးဟာ ..ရှိပါတယ်

 ဘာရှိတာလဲ..နင့်ငါဆိုင်ကိုမလာတာ ဒီနေ့နဲ့ဆို သုံးရက်ရှိပြီနော်.. ပြော…နင်..တစ်ခုခုတော့ တစ်ခုခုပဲ..

 နင်ထင်ရာတွေလျှောက်မပြောနဲ့ ..မအားလို့ပါဟာ..

 မအားလို့တာပေါ့..လျှောက်တော့လည်နိုင်တယ်နော်..

 အိအိများ သိနေလေရော့သလား။ ပြောပြလိုက်ရင် ကောင်းမလား။ သူမမှာထားသားပဲ။အိအိကိုတောင်မပြောရလို့။

 မလည်ပါဘူးဟာ..

 မယုံဘူး..ခိုင်လုံတဲ့ သတင်းတွေရထားတယ်..နင်နဲ့ ကျော့ကို ပန်းခြံထဲမှာ နှစ်ယောက်တည်း အတူထိုင်တာတွေ့တယ်လို့လာပြောတဲ့သူကပြောပြီးပြီး

 ဟာ…နင်..ဘယ်လိုသိ..အဲ..

 ကဲ.. ပေါ်ပြီ.. ပေါ်ပြီ…ပြော..နင် ကျော့ဆီကအဖြေရပြီ မဟုတ်လား

ကျွန်တော်ဖြေရနိုး မဖြေရနိုး အကျပ်ရိုက်နေသည်။

ရပြီဟာ

 ဘယ်နှစ်ရက်ရှိပြီလဲ

 ဒီနေ့နဲ့ဆို သုံးရက်ရှိပြီ

ဒါကြောင့် နင်မရောက်လာတာကိုး..ဘာလဲ ကျော့က သူအဖြေပေးတာ ငါ့ကိုမပြောခိုင်းဘူးလား

 အေး..နင့်ကိုမပြောပြခိုင်းဘူး..ငါ..ခုတောင် သူငယ်ချင်းအရင်းကြီးမို့ပြောပြတာ.. ဒါတောင် ကျော့သိရင်မလွယ်ဘူး..

(၁၁)

 ကျော့ကို နင်တကယ်ချစ်လား

 ချစ်တာပေါ့ဟ

 သူငယ်ချင်းအချစ်နဲ့ ယှဉ်ရင်ရော

 မတူဘူးလေဟာ ချစ်တာ သက်သက် သူငယ်ချင်းကသက်သက်

 အချစ်နဲ့ သူငယ်ချင်း ဘယ်အရာကို နင်တန်ဖိုးထားလဲ

 ဟာ..အိအိရာ နင်လာကျပ်နေတာလား

 ဖြေမှာတာ ဖြေစမ်းပါ..ဟယ်

 တန်ဖိုးထားပုံခြင်းတော့မတူဘူး..သူငယ်ချင်းကပိုမယ်ထင်တယ်

 ဟု ကျေနပ်အောင် ဖြေမိသည်။

 နင်က ထင်တယ်လို့ပဲပြောတာပေါ့

 ဟု ခနဲ့၏။

 ထင်တယ်လို့ပြောတာမဟုတ်ဘူး အတိအကျဟာ..ကဲ.

 ကျွန်တော်မောသွားသည်။

 ဒါမှပေါ့

 ဟု ကျေကျေနပ်နပ်ကြီးပြောတော့သည်။

 ဒါနဲ့ မင်းထိုက် တစ်ဖက်မှ အသံတိတ်သွား၏။ ပြီးမှ-

 ဘာမှမဟုတ်တော့ဘူး ဖုန်းချလိုက်တော့မယ် ဆိုင်မှာ လူကျနေလို့

 တုံးတိတိပြောလေသည်။

အေး..အေး

အိအိ ဖုန်းချသွားသောအခါ ရင်ထဲတွင်ပေါ့သွားသလို ခံစားရသည်။ ပြောချင်လွန်းခြ့သော စကားတွေကို ပြောချလိုက်ရသည် မဟုတ်လား။ အဖြေရပြီးစ ပူပူနွေးနွေး ရင်ခုန်နေသော ကျွန်တော်  ဘယ်သူ့မှမပြောပါနဲ့ ဟု မှာထားသော သူမ၏စကားကို အိအိကိုပြောပြလိုက်ခြင်းသည် အသည်းကွဲဖို့လေလား ကျွန်တော်မသိ။ ပြောချင်တာ ပြောလိုက်ရသဖြင့် ရင်ထဲပေါ့သွားသည်ကတော့ အမှန်ပင်..။

________________________________________

အခန်း(၄)

မောင်မင်းထိုက်ရေ ဖုန်းလာတယ်..

ဘယ်သူ့ဆီက ဖုန်းပါလိမ့်ဟု တွေးရင်း ဖုန်းကိုင်လိုက်သည်။

 ဟယ်လို

 ဟယ်လို..

 သူမပါလား။ ရင်ခုန်လှိုက်မောစွာဖြစ်ရ၏။ သူမဖက်ကဘာမှမပြောသေး။ အသက်ရှူသံကိုတော့ ကြားနေရသည်။

ကိုမင်းထိုက်ကို ကျော့ အခုတွေ့ချင်တယ်

 ရုတ်တရက်တော့ ကြောင်သွားသည် ။ နောက်မှ-

 ဘယ်ကိုလာခဲ့ရမလဲ..ကျော့

 ခရမ်းပြာကိုပါ

 ဘာကြောင့်တွေ့ချင်မှန်း မသိသော်လည်း ချစ်သူ ပူပူနွေးနွေး ကျွန်တော့်အဖို့ ရင်ခုန်သံခြင်း ဖလှယ်ချင်နေမိသည်။ သူမအကြိုက်၊ သူမပြောသော စကားတွေကို တစ်နေကုန်နားထောင်ချင်နေသည်။ ရင်ထဲတွင် သူမကိုပြောပြချင်သော ချစ်စကားတွေ ကဗျာစပ်ဆိုပြချင်သည်။ သူမဖက်ကရော…။ ကျွန်တော်မတွေးလိုပါ။ ကျွန်တော်ဖက်ကသာ ပိုပိုပြီး ချစ်ချင်၏။ ချစ်ရတာ မောကြောင်း သူမမသိစေလို။ ခုကြည့် သူမ ကျွန်တော့်ကို တွေ့ချင်သည်ဟု ဖုန်းဆက်သည်။ သူမရင်ထဲတွင် ကျွန်တော်အတွက် အချစ်တွေ အစစ်အမှနှ်ရှိနေပြီလား။ မဝေခွဲတတ်။ သူမသည် နားလည်ရခက်သော အချစ်နတ်သမီးဟု သတ်မှတ်ချင်ပါသည်။

ခရမ်းပြာကို သူမရောက်နှင့်သည်ကို ကျွန်တော် အံ့သြမိသည်။ ဆိုင်ထဲတွင်တော့ သူမသာလျှင် ကျော့ရှင်းလှပလွန်းနေသည်ဟု စိတ်ထဲတွေးမိသေးသည်။ ဘယ်အခါ ကြည့်ကြည့် သူမလှနေသည်။

 ရောက်နေတာ ကြာပြီလား

ကျွန်တော့်အမေးကို သူမပြန်ဖြေခြင်းမရှိ။.

 ထိုင်လေ..ကိုမင်းထိုက် ..ဘာသောက်မလဲ

 ရပါတယ် မသောက်တော့ပါဘူး..

နှစ်ဦးသား တိတ်ဆိတ်သွားပြန်သည်။ တစ်ယောက်၏ အသက်ရှူသံကို တစ်ယောက်ကြားနေရသည်။ သူမ တစ်ခုခုပြောချင်နေမှန်း ကျွန်တော် ရိပ်မိသည်။

 ကိုမင်းထိုက်ကို ဘာကြောင့်တွေ့ချင်လဲ ..သိလား

(၁၂)

 မသိဘူး ဘာဖြစ်လို့လဲ ကျော့

သူမ၏ အကြည့်တွေ စူးရှလာသည်။သူမဘာဖြစ်နပါလိမ့်။

 အင်းလေ ..ရှင်က… ဘာမှသိမယ့်ပုံလည်းမပေါ်ပါဘူး.. .. ..  ရှင်.. … သိအောင်ပြောရတော့တာပေါ့

 သူမဘာတွေပြောနေတာလဲ။ ဘာတွေလဲ။ ကျွန်တော် မသိ။

 ကတိမတည်တဲ့ ယောကျာ်းတွေကို ကျွန်မ မုန်းတယ်ရှင့် မုန်းတာမှ သိပ်ကိုမုန်းတာ

သူမကိုယ် သူမ ကျွန်မဟုပြောင်းသုံးလိုက်သည်ကို သတိထားမိသည်။

ကျော့ ခုထိ ဘာဖြစ်နေမှန်း ဘာကိုဆိုလိုချင်မှန်း ကျွန်တော်မသိဘူး ပွင့်ပွင့်လင်းလင်းပြောပါလား ကျော့ ပြောတာ ကျွန်တော် နားထောင်ပေးမယ်လေ..

 ရှည်လျားစွာ ပြောမိသည်။

 ကောင်းပြီလေ ရှင့်ပွင့်လင်းဖို့တာလိုတာပါ ရှင်  ကျွန်မတောင်းတဲ့ ကတိကိုဖျက်တ.ယ်

 သူမ၏ ကတိကိုဖျက်တယ်။ သူမသိအောင်ပြောပြလိုက်တာ ဘယ်သူပါလိမ့်။

 ရှင့်ကို ကျွန်မမေးမယ် ရှင် အိအိကို  ကျွန်မဆီက အဖြေရပြီလို့ ပြောပြလိုက်လား

 သွားပြီ သူမသိသွားပြီ။ ဘယ်လိုပြောရမလဲ။ အိအိများ ပြန်ပြောလိုက်လား။ ခေါင်းတွေ ထူပူပြီးရှုပ်သွားသည်။

 ဘာတဲ့ ကျွန်မကိုချစ်တဲ့ အချစ်ထက် သူငယ်ချင်းအချစ်က ပိုတယ်ထင်တယ်..ဟုတ်လား သိပ်ရယ်ရတာပဲ.. ရှင့်ကို ကျွန်မချစ်တယ်လို့ ရှင်ထင်နေလား မချစ်ဘူး..လုံးဝမချစ်ဘူး ကျွန်မမှာ ချစ်ရမယ့်သူ ရှိပြီသားပဲ…ရှင့်ကို အိအိ နဲ့ မနာလိုလို့ အဖြေပေးတာ ကျွန်မနဲ့ အိအိနဲ့က ငယ်ငယ်ကတည်းက ပြိုင်ဘက်တွေ အိအိကို နိုင်ချင်လို့ အဖြေပေးတာ ကိုယ့်ကိုကိုယ် ဟုတ်လှပြီမထင်နဲ့

 မဟုတ်ဘူး ကျွန်တော်

 ဘာမှမပြောနဲ့..ဘာဖြေရှင်းချက်မှ နားမထောင်ချင်ဘူး ဘယ်သူ့မှမပြောပါနဲ့လို့ ကျွန်မပြောထားတာ ရှင်သိရဲ့သားနဲ့ပြောတာ ရှင့်ရဲ့မဟာအမှားပဲ ကျွန်မ ဒီနေ့တွေ့ချင်တာ ဒီစကားပြောဖို့ပဲ..

 စကားတို့ ခက်ထန်မာကျောလွန်းလှသည်။ ပြီးနောက် ကျွန်တော့်ကို စူးစူးရဲရဲကြည့်သည်။

 ပြီးတော့ စကားတစ်ခွန်းကျန်သေးတယ် အဲဒါ.. .. .. .. .. .. .. .ရှင့်ကို မုန်းတယ်..

 ဒီနေ့ကစပြီး ရှင့်နဲ့ ပတ်သက်စရာအကြောင်းမရှိတော့ဘူး..

သူမလှည့်ထွက်သွားသည်။

 နေပါဦး ကျွန်တော်ပြောပြစရာတွေရှိသေးတယ်..

 တော်ပါတော့ရှင် သူငယ်ချင်းထက် အချစ်ကအရေးမကြီးမှတော့ ကျွန်မမှာ နားထောင်စရာ အကြောင်းမှရှိတော့ပါဘူး

.. သူမကတော့ ပြတ်သားစွာ လှည့်မကြည့်တော့ ။ ကျွန်တော့်မှာသာ ခေါင်းငိုက်စိုက် အရှုံးပေးလိုက်ရသည်။

ဘာတွေမှန်း ကျွန်တော် နားမလည်နိုင်တော့ ။သူမပြောချင်တာပြောပြီး ထွက်သွားသည်။

ခရမ်းပြာဆိုင်ထဲမှာတော့ ကျွန်တော် တစ်ယောက်တည်း။  ကျွန်မမှာ ချစ်ရမယ့်သူရှိပြီးသားတဲ့။မချစ်ဘူး လုံးဝမချစ်ဘူးတဲ့။ ရှင့်ကိုမုန်းတယ် ဟု သူမပြောခဲ့သည်။ အိအိနှင့်သူမ ပြိုင်ဘက်တွေဟု သူမဆိုသည်။အချစ်ကဘယ်သို့ရှိမှန်းမသိပဲ  ဇာတ်လမ်းပြီးဆုံးရတော့မည်။ ဘာတစ်ခွန်းမှ ဖြေရှင်းခွင့်မရလိုက်သော ကျွန်တော်သည် ခုချိန်မှာ အသည်းကွဲသူလား..။ မဖြစ်သင့်..။ အိအိဆိုင်သို့ အပြေးအလွှား သွားဖြစ်ခဲ့သည်။ အိအိနှင့် တွေ့လျှင် မေးရမည့် မေးခွန်းတွေ အစီအရီ တန်းစီနေ၏။

အိအိ ငါမေးစရာရှိလို့လာခဲ့တာ

 အသံတွေ တုန်နေသလား။ ကိုယ့်ကိုကိုယ် မဆန်းစစ်မိ။

 မေးလေ

 အိအိကတော့ မထုံတတ်သေး ပုံစံ။ သူမနှင့်တွေ့ပြီး သူမပြောသမျှ စကားတွေကို ခရေစေ့တွင်းကျ ပြောပြလိုက်သည်။အိအိက-

 အစကတည်းကထင်သား.. နင်အသည်းကွဲတော့မယ်ဆိုတာ..

ဘာရယ်

 ငါတို့က  ငယ်ကတည်းက အစစအရာရာ ပြိုင်ခဲ့ကြတာ နင်မသိပါဘူး အခု အချိန်ထိဆိုပါတော့

ငါနဲ့ ဘာဆိုင်လို့လဲ

 ဆိုင်တာပေါ့ ကျော့ကို ချစ်တဲ့ယောကျာ်းက ငါ့သူငယ်ချင်းဖြစ်နေတာကိုး..

အိအိဘာတွေပြောနေသည်လဲ။ လိုက်လို့မမီတော့။

(၁၃)

 နင်နားမရှင်းဘူးထင်တယ်

 ဟုတ်တယ်

 ဒီလိုဟာ ကျော့ကိုချစ်နေတဲ့သူက ငါ့သူငယ်ချင်းဆိုတော့ ကျော့ အပေါ် အပြည့်အ၀ မချစ်ဘူးထင်နေတာ အချစ်နဲ့ သူငယ်ချင်း ဘယ်အရာကို တန်ဖိုးထားလဲဆိုတော့ နင်က သူငယ်ချင်းကပိုတယ်ဆိုတော့ ကျော့ ငါ့ကို ရှုံးပြီလေ ငါ့ဆိုင်ကိုလာရင် မကြိုက်ဘူး စကားပြောရင်မကြိုက်ဘူး ကုန်ကုန်ပြောရရင် ကျော့ အဖြေပေးတာ ငါ့ကို မပြောပါနဲ့လို့ မှာထားတယ်မဟုတ်လား နင်အဖြေရတယ်ပြောတော့ ငါထင်သား.. နင့်ကို မချစ်ပဲ အဖြေပေးတယ်ဆိုတာ

ဘာလို့ စောစောကမပြောတာလဲ..

 နင်က မွန်နေတာကိုး

 သြော် အိအိရယ် အသည်းကွဲတော့မှ ငါသိရတာပါလို့ မပြောတော့ပါ။

 ကျော့က  နင့်ကိုပြောပြလိုက်လို့လားလို့မေးတယ် နင့်ကို ပြောပြလိုက်မှန်း သူဘယ်လိုသိလဲ

အိအိချက်ချင်းမဖြေ။

 နင့်ကို အရူးလုပ်တာ မဟုတ်ဘူးနော် မင်းထိုက် ငါပြောပြမယ်

အိအိပြောဖို့ စဉ်းစားနေရသည်။

 တစ်ခါတစ်ခါကျရင် ကျော့က ခန့်မှန်းရခက်တယ် အခုကျော့သိတာ ငါပြောပြလို့ နားနားနဲ့ ဆတ်ဆတ်ကြားရတာ

ဘာ

 အံ့သြစွာ ရေရွတ်မိသည်။

 ဟုတ်တယ် အဲဒီနေ့က ငါဖုန်းဆက်တော့ ကျော့ အနားမှာရှိတယ် ပြီးတော့ ကျော့ ကိုယ်တိုင် ဖုန်းဆက်ဖို့ ငါ့ကို ပြောတာ

ဟာ ဒါဆို.. .. .. ..နင်မေးနေတာတွေက.. ..

 ကျွန်တော်အမေးကို အိအိ မဖြေသေးပါ။

 ဟုတ်တယ် ကျော့ မခံချင်အောင် ငါတမင်မေးနေတာ..

 အိအိ၏ မျက်နှာ။  ကျေနပ်နေသည့်မျက်နှာ။

 ဒါမှ ငါနိုင်မှာလေ.. အခု ကျော့ ငါ့ကို ရှုံးပြီ

 အောင်နိုင်သူကြီးလို အိအိ ပြုံး၏။

 နင်မတွေးမိဘူးလား အခု နင်နဲ့ ကျော့ ငါ့အချစ်ကို စော်ကားနေတာ တကယ်ဆို ငါက ချစ်နေတာသာ သိပြီး နင်နဲ့ ကျော့ရဲ့ ပြိုင်ဆိုင်မှုကြား ငါညှပ်နေတာပေါ့ ဟုတ်လား

 ပြောလေ အိအိ

နင် ငါ့ သူငယ်ချင်းဆိုတာရော ဟုတ်ရဲ့လားဟာ နင်အစောကြီးကတည်းက ဖွင့်ပြောဖို့ကောင်းတယ် ကျော့ ငါ့အပေါ် တုန့်ပြန်မှုတွေဟာ နင့်ကို နိုင်ချင်လို့မှန်းပြောပါတော့လားဟာ..

 ကြေကွဲစွာ ကျွန်တော်ပြောမိသည်။    အိအိကတော့-

 ဆော်ရီးဟာ

တဲ့။သည် စကားလုံးသုံးလုံးတည်းနှင့် ကျွန်တော် နှစ်သိမ့်ရမည်လား.။

 ငါ အတ္တကြီးသွားတယ် မင်းထိုက် ဒါပေမယ့် နင့်ကို ဒီလောက်ထိခိုက်လိမ့်မယ်လို့ ငါမထင်လို့ပါ. နင့်ကို

တော်ပါတော့ ..ဟာ နင့်ကို ငါယုံတော့ဘူး

ခုချိန်မှာ ကျွန်တော်ဘယ်သူ့ကိုမှ မယုံတော့။ ထိုအချိန် ရဲထက်ရောက်လာသည်။ ကျွန်တော်ကတော့ ငြိမ်သက်ခြင်း၏ သားကောင်ဘာဝကိုရောက်နေသည်။ ရဲထက် ကျွန်တော်နှင့် အိအိကိုကြည့်၏။

ငါ မင်းကိုပြောစရာရှိလို့လာခဲ့တာ မင်းက ဒီရောက်နေတာကိုး

ပြောလေ

အိအိကိုကြည့်၏။ အိအိကို မသိစေချင်သည့်ပုံ။

ငါ ဘာမှမဖြစ်ဘူး ပြောစရာရှိတာပြော..ရတယ်

 အသံတို့ ဒေါသတွေများ စွတ်နေသလား.။

 ငါ့ဆီကို ဖုန်းဆက်ဆက်နေတဲ့ ကောင်မလေးက ဘယ်သူလို့မင်းထင်လဲ

 ကျွန်တော်မဖြေ။

 အဲဒါ ကျော့ကျော့ခင်ပဲ

 ဘာ

 ဟင်

 ဟုတ်တယ် ဒီနေ့မှပြောပြတာ ငါ့ကို မင်းထိုက်ရဲ့ သူငယ်ချင်းမှန်းသိပါတယ်တဲ့ ။ အိအိနဲ့ ပတ်သက်သမျှ ယောကျာ်းတွေကို အိအိကိုနိုင်ချင်စိတ်တစ်ခုတည်းနဲ့ ချဉ်းကပ်တာပါတဲ့ မင်းကိုလည်းမချစ်ဘူးတဲ့

 တော်ပါတော့ကွာ.. ငါအရူးလုပ်ခံရတာကို ငါအခုမှ သိရတာ ငါမကြားချင်ဘူးရပ်တော့ကွာ

ဘာတွေလဲ။ ဘာတွေမှန်း မသိတော့။

_______________________________________

နိဂုံး

တန်ဖိုးထားချစ်ခဲ့သမျှ ပြိုလဲသွားခဲ့ပြီ။ ကျွန်တော် အရူးလုပ်ခံရမှန်း မသိအောင် ရူးခဲ့၏။ သူမထံမှ အချစ်ကို ကျွန်တော်မရ။ ကွယ်ရာမှာတော့ ဟားတိုက်ရယ်မောနေမည့် သူမကို မြင်ယောင်လျှင် အရှက်ကြီးရှက်မိသည်။ ရင်နှင့် ရင်းပြီးချစ်ရသော်လည်း သူမက အပျင်းပြေ ဆော့ကစားစရာ အရုပ်လေလား ချောင်ထိုးပစ်လိုက်သည်။ လှည့်စားလို့ ရသလောက် လှည့်စားခဲ့သည်။ ရက်တိုတိုနှင့် အသည်းကွဲသည်တဲ့လား။ အချစ်က မာယာများသည် ဆိုကြသည်၏။ ဘယ်သူ့ကိုမှ အပြစ်မတင်တော့။ ကိုယ့်ကိုကိုယ်သာ အပြစ်တင်နေမိသည်။

ခြေလှမ်းတို့ တုန့်နှေးစွာ။ ချစ်သူ့ဝန်းကျင်နှင့် ဆန့်ကျင်ဖက် အရပ်ဆီသို့ ခြေလှမ်းတွေ ဦးတည်နေသည်။ နှလုံးသားတွင် ခါးသက်နေသည်။ တန်ဖိုးအထားဆုံး အချစ်သည် ဖန်ခွက်တစ်လုံးလို ကျကွဲသွားပြီ။ သည်ည ညတာရှည်ဦးမည်လား..။ မရေရာ..။ အလွမ်းသီချင်းတွေ ညည်းဖြစ်ဦးမည်လား.။ လမ်းဘေး ကဖေးဆိုင်ဆီက လွှင့်ပျံ့လာသော သီချင်းသံကတော့  ဝေးခဲ့ပြီ ပန်းခရမ်းပြာ တဲ့။ ခရမ်းပြာဆိုင်မှာပဲ အသည်းတွေ ကျန်ခဲ့သည်ပေါ့။ တိုက်ဆိုင်စွာ သီချင်းသံက အလွမ်းတွေကို ဖော်ကျူးဖို့ အစပျိုးပေးနေသည်ပဲ..။ ကြေကွဲစွာနှင့် စကားတွေပြောချင် နေမိသည်။ ဘယ်သူ့ကိုပြောရမည်လဲ။သူမကိုပြေပြချင်နေတာလား မသေချာ။ အချစ်က လမ်းမှားပြီး ကျွန်တော့်ထံ ရောက်ခဲ့လေသလား။ ၀ိုးတ၀ါးအတွေးနှင့် အလွမ်းတွေရက်ဆက်ဦးမှာ သေချာသွားပြီဖြစ်သည်..။

နှလုံးသားတွင်တော့ ..ခါးသက်လှစွာ.. .. .. … .. .. .. ။

          သော်ဇင်(လွိုင်ကော်)

About သော်ဇင် (လွိုင်ကော်)

သော်ဇင် (လွိုင်ကော်) has written 192 post in this Website..

ရင်ဘတ်နဲ့ခံစားပြီးရေးတဲ့ စာတွေ တင်ပြပါရစေခင်ဗျား