ဆရာသခင် Master

visspassana
ဆရာသခင်

ဆရာသခင် Master

ဆရာဆိုတာ ကျွမ်းကျင်သူလို့ အဓိပ္ပါယ်ထွက်ပါလိမ့်မယ်။ အလွယ်ပဲ နေ့စဉ်ဓူဝ သုံးလေ့ရှိကြရာမှာ ဆိုက်ကားနင်းသူကိုလည်း ဆိုက္ကားဆရာ၊ စာသင်ပြသူကို ကျောင်းဆရာ၊ ရုံးပြင်ကန္နားတွေမှာလည်း ဆရာ၊ ဆရာဝန်ကိုလည်း ဆရာ၊ စသဖြင့် အလွယ်တကူကနေ လေးစားသမှုအထိ ခေါ်ကြပါတယ်။ စစ်တပ်ထဲမှာတော့ ကိုယ့်ထက်နိမ့်တယ်ဆိုတဲ့ အနေနဲ့ နှိမ့်ခေါ်တာပါ။ စစ်ဗိုလ်က သူ့လက်အောက်က တပ်ကြပ်၊ တပ်ကြပ်ကြီး များကို ဆရာ၊ ဆရာကြီးလို့ ခေါ်ပါတယ်။ ပြန်တမ်းဝင်အရာရှိ မဟုတ်ပေမဲ့ သူတို့ရဲ့ကျွမ်းကျင်မှု လုပ်သက်ကို အသိအမှတ်ပြုတဲ့သဘော ဖြစ်ပုံရပါတယ်။ ဒီအထိတော့ ပြောစရာ မဟုတ်သေးပါဘူး။ စစ်တပ်က ဗိုလ်ကြီး၊ ဗိုလ်မှူးများ အရပ်ဖက်ရုံးတွေကို တဆင့်မြင့်၊ နှစ်ဆင့်မြင့် ရာထူးတွေနဲ့ ခုန်ပျံကျော်လွှား ဝင်ရောက်လာတဲ့အခါ လက်အောက်က စီနီယာအရပ်သား အရာရှိကြီးများကို အစမှာ ဆရာလို့ ခေါ်ကြပါတယ်။ တပည့်က ဆရာကို၊ လူနာက ဆရာဝန်ကိုခေါ်တဲ့ ဆရာမျိုးမဟုတ်ဘဲ စစ်ဗိုလ်က တပ်ကြပ်ကို အပေါ်စီးမှ ခေါ်တဲ့ ဆရာမျိုးပါ။

သခင်ဆိုတာ ကိုယ့်ကျေးဇူးရှင် အားကိုးအားထားပြုရာပေါ့။ အခုခေတ်မှာတော့ သုံးလေ့မရှိသလောက် ဖြစ်သွားပါပြီ။ မြတ်စွာဘုရားလောက်ပဲ ကြည်ညိုပူဇော်ကြပါတော့တယ်။ ခြွင်းချက်အားဖြင့် ဘိုးတော်၊ဝိဇ္ဇာများကို ခေါ်သူများလဲ ရှိပါအုံးမယ်။ ပေးသမျှယူ ကျွေးသမျှစား၊ ထားရာနေ စေရာသွား အားလုံးကိုပုံအပ်တဲ့သဘောပါ။ သခင်လုပ်တိုင်း မှန်တယ်တယ်လို့ မပြောပါဘူး။ ရှေးခေတ်တုန်းကတော့ သူဌေးအလုပ်ရှင်၊ မင်းညီမင်းသား၊ မူးကြီးမတ်ရာများကို သခင်တပ်ခေါ်ရပါတယ်။ အင်္ဂလိပ်များ အုပ်ချုပ်တော့လည်း သူတို့ကို ဆက်ခေါ်ရပါတယ်။ လူမျိုးရေး၊ နိုင်ငံရေး မတော်လှန်နိုင်အောင် ချိုးနှိမ်ထားတာပါ။ ဒါကြောင့် မြန်မာတွေ ပြန်လည်နိုးကြားလာဖို့ ဒို့ဗမာအစည်းအရုံး သခင်အမည်ခံကာ နယ်ချဲ့ဆန့်ကျင်ရေးစိတ်ဓာတ် ပြန်လည်သွတ်သွင်း ပေးခဲ့ရပါတယ်။ ရှေးလူကြီးများက သားကိုသခင် လင်ကို ဘုရား မှတ်ယူရမယ်ဆိုတယ်။ အမျိုးသမီးများအဖို့ အခွင့်အလမ်းများ မရှိခင် ခေတ်တွေမှာ ပြောခဲ့တာပါ။

ဆရာသခင် ဆိုရင်တော ့ကိုးကွယ်အားထားရာ ကျေးဇူးရှင် ဖြစ်ရုံမက ကဏ္ဍတခုခုမှာ တဖက်ကမ်း ကျွမ်းကျင်တတ်မြောက် သူလည်း ဖြစ်သွားပါပြီ။ အဲလိုလူမျိုးတွေရော ဒီဖက်ခေတ်မှာ ရှိပါအုံးမလား။ ရှိရင် ဘယ်လိုမျိုးကို ခေါ်သင့်သလဲ မေးစရာဖြစ်လာပါတယ်။ ဘယ်လိုလူမျိုးလည်းဆိုရင် လောကီ၊ လောကုတ္တရာ နှစ်ခုစလုံးကို မိမိအတွက် အကျိုးစီးပွား ဖြစ်စေသူကိုပါ။ အသက်၊ ဝါ၊ ဂုဏ်ဒြပ် ပညတ်ချက်များနဲ့ မဆိုင်ပါဘူး။ သာမန် စီးပွား၊ လူမှု၊ ပညာ၊ ကျန်းမာရေး ကဏ္ဍများထက်ပိုတဲ့ သစ္စာထိုက်တဲ့ အသိအမြင်ထူး ညွှန်ပြပေးနိုင်သူ မှသာ ဆိုအပ်ပါတယ်။ ငါးပါးသီလဟောပေမယ့် နာသူမှာ မကျိုးပေါက်အောင် စောင့်ထိန်းရကောင်းမှန်းမသိရင်၊ နိဗ္ဗာန်အကြောင်း ဟောပေမယ့် ကိုယ်တိုင်က မကျင့်ကြံထားရင် ဆရာသခင်ထိုက်ဖို့ လွန်စွာခဲယဉ်းပါတယ်။ အသိထူးဆိုတာ သာမန်ထက်ပိုတဲ့ အသိအမြင်ကို ဆိုလိုပါတယ်။ ကိုယ့်အပြုအမူ အတွေးအခေါ်ကို အမှန်မြင် အမှန်သိပြီး ပြောင်းလဲသွားအောင် စွမ်းဆောင်နိုင်သူများသည် ဆရာသခင်ထိုက်သူ များဖြစ်ပါတယ်။

ဆရာသခင် ခေါ်ထိုက်သူများနဲ့ကြုံဖို့ ပဌာန်းဆက်ဆိုတာ လိုပါအုံးမယ်။ သူ့အတွက် ထိုက်ပေမဲ့ ကိုယ့်ကျတော့ ဟုတ်ချင်မှ ဟုတ်မှာပါ။ သာဝကမှာတောင် ဘုရားရှင်ချွတ်မှ ကျွတ်မဲ့ တပည့် သာဝကရှိသလို ရဟနာ္တအရှင်မြတ်များဆုံးမမှ ကျွတ်မဲ့သာဝကဆိုပြီးလည်း ရှိပါတယ်။ ရလိုက်တဲ့ အသိအမြင်လိုက်လို့လည်း ဆရာသခင် ကွဲပါအုံးမယ်။ ဥပမာ – ပါရမီရှိလို့ ဓမ္မကို သိမြင်ခွင့်ရလိုက်သူ တစိမ်းတရံအဖို့ နာယူမှတ်သားစရာ ဓမ္မကထိကသည် အားကိုးရာ အစစ်ဖြစ်ပေမယ့် မိရိုးဖလာ ရင်းနှီးနေသူအတွက် အစဉ်အလာ ကိုးကွယ်ရာသာ ဖြစ်လို့ နောက်တဆင့်မြင့် သစ္စာထိုက်တဲ့ ပညာညဏ်ကို ညွှန်ပြနိုင်သူ ဖြစ်ရပါမယ်။ ကိုယ်ရတဲ့ အသိသည် အစစ်လား အတုလား ခွဲခြားနိုင်စွမ်းရှိမှသာ ဆရာထိုက်သူ၊ သခင်ထိုက်သူ၊ ဆရာသခင်ထိုက်သူ စသဖြင့် အား ကိုးဆည်းကပ်နိုင်တယ်။ သူလိုငါလို ဒီဖက်နားဝင် ဟိုဖက်နားထွက်သွားသလား၊ အများဟုတ်တိုင်း လိုက်ဟုတ် နေရတာလား၊ ကိုယ်တိုင် သိမြင်ခံစားရသလား စတဲ့မှတ်ကျောက်တွေနဲ့ တိုက်ကြည့်လိုက်ရင် တွေ့ပြီလား၊ မတွေ့သေးဘူးလား၊ တွေ့အောင်ရော ကြိုးပမ်းခဲ့ရဲ့လားဆိုတာ သိရပါလိမ့်မယ်။ ဆရာသခင်ရဲ့ ကျေးဇူးကို ပေးထားတဲ့လင့်ခ်မှာ ပိုသိနိုင်လို့ ဝေမျှလိုက်ပါတယ်။ http://www.mediafire.com/?jwmenjziwnh

3 comments

  • မိုက်ကယ်ဂျော်နီအောင်ပု

    July 10, 2011 at 10:21 pm

    ဟုတ်ဘူးလေ ဆရာကြီး ကိုကြောင်ကြီးရဲ့
    ဆရာဆိုတာ အတတ်ပညာ အသိပညာ တစ်ခုခုကိုသင်ပေးသူလို့
    အဓိပ္ပါယ်ရတယ်ဟုတ်ဘူးလား :-*
    ငပိဖုတ်တာတောင် ဆရာမပြနည်းမကျလို့ဆိုကြတာဘဲ
    ကျွန်တော်ဆိုရင်လည်း ဆရာတစ်ယောက်ပါဘဲ ( ယ္ခင်ကွန်မန့်ဟောင်းများအား ပြန်လည်ရှာဖွေမှတ်သားလေ 😆 😆 )
    သာဝကဆိုတာကတော့
    ဟုတ်ပါတယ် အဲ့သည်အကြောင်းသက်သက်တင်
    ပို့စ်တစ်ခုဖြစ်လောက်ပါတယ်
    တစ်ချို့တွေဆို နောင်ဘုရားပွင့်မှ ဘာညာ ဆိုပြီးပြောနေတာတွေကို
    ဝမ်းနည်းဖွယ်တွေ့ရှိရပါတယ်
    ပုဂ္ဂလ သာဝကဆိုတဲ့ သက်ဆိုင်သူနှင့်လည်း ကျွတ်တမ်းဝင်ကြတဲ့သဘောကို
    မသိကြတာလားမသိပါ
    ဥပမာ အရှင်အာနန္ဒာ
    အမတ်မောင်ဇံ
    စသည် စသည် ပေါ့ဗျာ
    ဒီအကြောင်းကို
    မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့တရားတော်တစ်ပုဒ်မှာလည်း နာကြားဘူးပါရဲ့

  • forever

    July 12, 2011 at 8:07 pm

    ဆရာ ဆိုတာ ရှိမှဖြစ်မယ်.အရာပါ
    ခုခေတ်မှာ ကိုကြောင်ကြီးပြောတဲ.ဆရာသခင်ဆိုတာမျိုး
    အရမ်းရှားသွားပြီဗျာ

Leave a Reply