မိတ္တီလာမြို့၊ စက်မှုလယ်ယာဦးစီးဌာနလက်အောက် စက်မှုလယ်ယာဗဟိုသင်တန်းကျောင်းက မြို့ပြင်အစပ်နားမှာရှိပါတယ်။

(အခုရန်ကုန်-မန္တလေးအမြန်လမ်းဖောက်မှ အဲဒီဘက်က ရန်ကုန်-မန္တလေးကားတွေ ဖြတ်ကြတာပါ။ အရင်ကတော့ လမ်းဟောင်းတုန်းကဆိုရင်တော့ မိတ္ထီလာမြို့ထဲ၊ ကန်ကြီးနားကနေဖြတ်သွားတာလေ)

ကျွန်တော်အရင်က စက်မှုလယ်ယာမှာ စက်/ကျွမ်း(၃)ရာထူးနဲ့ အလုပ်ဝင်ခဲ့ဖူးပါတယ်။

အလုပ်ဝင်ပြီး (၆)လလောက်အကြာမှာ ဌာနဆိုင်ရာသင်တန်း တက်ရောက်ရပါတယ်။

သင်တန်းကာလ(၃)လပါ။  (မိတ္တီလာမြို့သို့ တစ်ကျော့ပြန်ရောက်ခြင်းဖြစ်ပြီး ငယ်ငယ်က ၁၉၈ရ မှ ၁၉၈၈ အရေးအခင်းပြီးသည်အထိ ကျွန်တော့်အဖေ တာဝန်နှင့်နေထိုင်ဖူးသည်)

ယင်းသင်တန်းကျောင်းမှာ ယခင်ကတည်းက နာမည်ကြီးတယ်။  လူပြောများတယ်။ ကြုံတွေ့ဖူးသူများတယ်။ သရဲခြောက်လွန်းသော နေရာကြီးပါ။

သင်တန်းကျောင်း  အနောက်ကပ်လျက်တွင် သင်္ချိုင်းလည်းရှိပါတယ်။

ငယ်ငယ်ကတော့ မကြုံခဲ့ဖူးပေ။  ကြားသာကြားဖူးခဲ့တယ်။

အခု ကျွန်တော် သင်တန်းတက်မှသာ ကိုယ်တွေ့ကြုံခဲ့ရတာဖြစ်ပါတယ်။

ကျွန်တော်တို့သင်တန်းတက်ရမယ့် အဖွဲ့ ရန်ကုန်ကနေ ရထားဖြင့် လာကြပြီး သာစည် ဘူတာတွင် ဆင်းကြတာပေါ့။ ဘူတာကို သင်တန်းကျောင်းက ကားနဲ့ ကြိုပို့ပါတယ်။ သင်တန်းကျောင်းသို့ ရောက်ရောက်ချင်း ကျွန်တော်တို့ အဖွဲ့ (ကျွန်တော်တို့အဖွဲ့က ရန်ကုန်ရုံးချုပ်က အဖွဲ့ပါ။ စာရေးရော၊ စာရေးမတွေရောပါဆိုရင် စုစုပေါင်း(၁၆)ယောက်လောက်ရှိတယ်) အထုပ်အပိုးတွေ၊ တချို့ဆို သေတ္တာကိုယ်စီနဲ့ပေါ့။  သင်တန်းကျာင်းသားရေးရာရှေ့မှာ ရောက်ရှိကြောင်း သတင်းပို့ရသေးတယ်ဗျ။  ဟေ့ကောင်၊ သင်တန်းကျောင်းက နာမည်ကြီးနော်လို့ ကျွန်တော်က စပြောတော့။ အေး ဟုတ်တယ် ကြားဖူးတယ်ဟ၊ ငါတို့ရှေ့က စီနီယာတွေလည်း ပြောတာကြားဖူးတယ်။ နည်းနည်းတော့ ကြည့်နေရတာပေါ့ကွာ အစသဖြင့်ပေါ့။

………….ကျွန်တော်တို့လည်း ကိုယ်စီကိုယ်စီ သတင်းပို့ပြီး နေရမည့် အဆောင်နံပါတ်ကို မေးပြီး ချီတက်လာကြသည်။  သင်တန်းကျောင်းတွင် ယောက်ျားလေးအဆောင်(၁)နှင့်(၂)သည် ကျွန်တော်တို့ စက်/ကျွမ်း(၃)နှင့် ဒု-ဦးစီးမှူးများ သင်တန်းတက်ရောက်လျှင် နေကြရသည့်အဆောင်ဖြစ်သည်။ ကျန်သည့် အဆောင်(၃)က စာရေး၊ (၄)ကတော့ ထွန်စက်မောင်း/ပြင်သင်တန်းသားများနေကြရသည့်အဆောင်ဖြစ်သည်။ ကျွန်တော်တို့ အဖွဲ့ အဆောင်(၂)တွင် ကျသည်။  မိန်းကလေးများကလည်း သူတို့မိန်းကလေးဆောင်ကို ကိုယ်စီချီတက်သွားကြပြီး နေရာချကြသည်။ အဆောင်တွင် ဖောင်ကြီးသင်တန်းလိုပင် ကိုယ့် Roll No. ဖြင့် အစဉ်လိုက် ကုတင်နေရာချထားသည်။ ကျွန်တော့်ကတော့ အဆောင်၏ ပထမဆုံး လူဝင်ပေါက်ကို ခြေရင်းပေးထားသည့် ကုတင်တွင်ကျသည်။ ဝင်ပေါက်ဘေးတစ်ဖက် ကိုယ်စီတွင် ကုတင်တစ်လုံးစီရှိပြီး ကျွန်တော်ကုတင်နှင့် ဝင်ပေါက်က တည့်တည့်ဖြစ်သည်။  ကျွန်တော်တို့ ယောင်္ကျားလေး အဆောင်(၄)ဆောင် နား အုတ်တံတိုင်းနှင့် ကပ်လျက်တွင် ဝါးတီးဆွဲရ သည့်အဆောင်ရှိသည်။ ကျွန်တော်တို့လည်း ရောက်ကစ ဆိုတော့ အရင်ကတည်းကသင်တန်းတက် နေရသော သင်တန်းကာလ(၆)လတက်ရသည့် ထွန်စက်မောင်း/ပြင် သင်တန်းသားများကို ဟိုမေးသည်မေး မေးကြသည်။ ကျွန်တော်တို့ အဆောင်နှင့် လမ်းသာခြားသည့် တစ်ဖက်တွင် အဆောင်(၂)ဆောင် ချိတ်ပိတ်ထားသည်ကို တွေ့ရသည်။ ကျွန်တော်တို့လည်း ဘာလို့ ချိတ်ပိတ်ထားတာလဲ မေးကြတာပေါ့။ ထွန်စက်မောင်း သင်တန်းသားတွေပြောတာတော့ အဲဒီမှာ လူသေဖူးလို့တဲ့။ ဟုတ်လားပေါ့  . . . . အဲဒီမှာ အရင်က စာရေးမတစ်ယောက် Table Tennis ရိုက်ရင်း အမောဆို့ပြီး သေထားတာတဲ့။ မကျွတ်ဘူးပြောတာပဲ။

ကျွန်တော်တို့လည်း ဘယ်လိုသိတာလဲ၊ ဘာလဲပေါ့။ ကြုံတဲ့သူကြုံတယ်လို့တော့ သူကပြောတယ်။  အရင်က တစ်ခါတစ်ခါဆို လူခြေတိတ်ချိန်ကျရင် လက်နှိပ်စက်ရိုက်သံတွေကြားရသလို သူမှမဟုတ်ဘူးတဲ့ တခြားဟာတွေ လည်းရှိတယ်ပြောတယ်။ မိန်းကလေးဆောင်မှာလည်း  ခြင်ထောင်ကျိုးတွေ၊ ဘာတွေ အဖြုတ်ခံရတယ်တဲ့လေ။ ကျွန်တော်တို့လည်း ကျောင်းက ပရိတ်တွေဘာတွေမရွတ်ဘူးလားမေးတော့။ ရွတ်တာပဲတဲ့။ ဒီလိုနဲ့ ကျွန်တော်တို့လည်း တောင်မေးမြောက်မေး လျှောက်မေးပြီး ကန်တင်းမှာ ထိုင်ရင်း ဟိုကြည့်သည် ကြည့်လိုက်ကြည့်ပေါ့။ အော် ပြောရဦးမည်။ ကျွန်တော်တို့ သင်တန်းတက်ရတာ . .. နယ်ပေါင်းစုံက လူတွေလည်းတက်ရတာပါ။ ရောက်ရောက်ချင်းဆိုတော့မရင်းနှီးကြသေးပေမယ့် နောက်ကျမှ အပေါင်းအသင်းစုံသွားပြီး ပျော်စရာလည်းကောင်းပါတယ်။  မနက်(၅းဝ၀)ဆိုရင် ထပြီး ပီတီပြေးဖို့ တန်းစီ၊ တန်းစီပြီး ဘောလုံးကွင်းကို(၃)ပတ် ပြေးရပါတယ်။ ပြေးပြီးရင် ခဏတဖြုတ်နားတဲ့သူနား၊  ဘောလုံးကန်တဲ့သူက ကန်ပေါ့။ ခြင်းခတ်တဲ့သူက ခတ်ပေါ့။ အဆောင်ပြန်ပြီး ခဏနားတဲ့သူက ပြန်နားပေါ့။ (ရး၃၀)အမီ အဆောင်ပြန်ရေမိုးချိုး၊ ချိုးပြီးတာနဲ့

မောနင်းစာစားဖို့ ထမင်းစားဆောင်မှာ သွားစားကြရပါတယ်။ စားပြီး အဆောင်ပြန်တဲ့သူပြန်၊ ကန်တင်းကို ချီတက်တဲ့သူချီတက်ပေါ့။ ၉းဝဝ ဆိုရင် စာသင်ချိန်စပြီလေ။ ၁၁း၃ဝဆိုတာနဲ့ နေ့လည် ထမင်းစားချိန်၊ ၁းဝဝနာရီဆို ပြန်စ၊ ညနေ၄း၃ဝခွဲဆိုတာနဲ့စာသင်ချိန်ပြီးပြီ။ တစ်ပတ်တစ်ခါ၊ ဖက်ဒိတ် လုပ်ရပါတယ်။ ညနေပိုင်း မြက်တွေ၊ ဘာတွေပေါက်ရတယ်ဗျ။ လမ်းတွေ၊ မြောင်းတွေဖောက်၊ သန့်ရှင်းရေးလုပ်ပေါ့။ ပြီးတာနဲ့ တခါတည်း ဘောလုံးကန်တဲ့သူကန်၊ ခြင်းခတ်တဲ့သူခတ်နဲ့ ပျော်စရာလည်း ကောင်းပါတယ်။ ညဆိုရင် ထမင်းစားပြီး (ရးဝ၀)နာရီကနေ (၈း၃၀)အထိက စာသင်ဆောင်မှာ စာကျက်ဖို့သွားရသေးတယ်ဗျ။  ပြီးတာနဲ့ အဆောင်ပြန်တဲ့သူပြန်၊ မပြန်ရင်လည်း ကန်တင်းခဏသွား၊ ကန်တင်းကလည်း (၉းဝ၀)ထိုးတာနဲ့ပိတ်ပါပြီ။ ကျွန်တော်တို့သင်တန်းရဲ့ တစ်နေ့တာပေါ့။  ကျွန်တော်တို့အဖွဲ့ကတော့ ရောက်ရောက်ချင်း ရန်ကုန်ကလာတာ ကျွန်တော်တို့(၃)ယောက်ပဲရှိသေးတယ်။ တိုင်းရင်းသားတွေ လည်းပါတယ်ဗျ။ ဗရုတ်သုတ်ခတွေလည်း ပါတယ်ဗျ။ အစုံပဲ။ ရှမ်းပြည်၊ ကယားပြည်၊ စသည်ဖြင့်ပေါ့။ နောက် အကျင့်တူတာတွေ သွားပေါင်းမိတာပေါ့။ ဟဲဟဲ . . . အဲသည်လို (၈း၃၀) (၉းဝ၀) အဆောင်ပြန်ရောက် တာနဲ့ ခိုးဝယ်ထားတဲ့ ပုလင်းခိုးသောက်ရင်း စရိုက်တူတွေသွားပေါင်းမိကြတာပါပဲ။ အရက်ကုန်ရင် ခိုးထွက်ဝယ်ကြနဲ့ပေါ့။ မြွှေပါးကင်းပါးလည်း မသိ၊ အလှည့်ကျ နှစ်ယောက်တစ်တွဲ ညဘက်ခိုးထွက်ဝယ်ကြတာပေါ့။ ကျွန်တော်တို့ အဆောင် ဘေးမှာ ကြက်ဆူခြံကိုကျော်ပြီး သံဆူးကြိုးကာထားတာကို ဖြဲပြီးသွားဝယ်ရတာ။ ကြိုးစားတာ . . . သံဆူးကြိုးကျော်လိုက်တာနဲ့ လမ်းပဲလေ။ လမ်းကလည်း လှည်းလမ်းဗျ။ ပြောရရင် သင်္ချိုင်းကုန်းအဝင်လမ်းဗျာ။ အဲဒီလမ်းကနေထွက်လိုက်တာနဲ့ ကားလမ်းမပေါ်က ဆိုင်ကိုဒိုးရတာ။ ဒီလိုပဲ နှစ်ယောက်တစ်တွဲ တစ်ည၊ တစ်ည အလှည့်ကျ ခိုးထွက်ဝယ်ကြတာပေါ့။ ဓါတ်မီးလည်းဆောင် ထားရသေးတယ်။ မဟုတ်ရင် မြွှေပွေးစာမိသွားမှာ၊ ကန္တာရဆူးကလည်း ရှိသေး။ မြွှေပွေးလည်းပေါတယ်၊ ဖက်ဒိတ်လုပ်ရင် အမြဲတွေ့ရတယ်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ တစ်ည ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

အဲဒီလိုပဲ နေ့တိုင်းတော့မဟုတ်ပါဘူး။ တစ်ပတ်မှာ နှစ်ရက်လောက်တော့ ဝိုင်းဖွဲ့ကြတာပေါ့။

တစ်ရက်တော့ အဲဒီညက ကျွန်တော်ကြုံရတာကိုပြောပြမယ်။ အကုန်လုံးလည်း အိပ်ကုန်ပြီ။ ကျွန်တော်လည်း အိပ်ပျော်သွားတာပေါ့ဗျာ။ တစ်ရေးနိုးတော့ ဇာတ်လမ်းစတော့တာပဲ။ နာရီကြည့်လိုက်တော့ ၁း၃ဝသာသာလောက်၊ ကျွန်တော်လည်း ပြန်အိပ်မရသေးတော့ ခေါင်းအုံးကို ခေါက်ပြီး ခေါင်းကိုမြင့်မြင့်လေးထားရင်း

ကျွန်တော့်စိတ်ထဲ တစ်မျိုးဖြစ်သွားတာ . . . ဘယ်လိုကြီးမှန်းမသိဘူး။ မသိုးမသန့်ဖြစ်သွားတာ၊  ခြေရင်းက အပေါက်နဲ့ဆို ကျွန်တော်ကုတင်က တန်းနေတာပဲ ခြေရင်းပေးထားတာလေ။ လှဲနေရင်ကနေ အပေါက်ဝကို ကြည့်နေရင်း၊ အဲဒီညကျမှ ဘယ်သူက အပေါ့သွားပြီး တံခါးကို ဂျက်ပြန်မချထားဘဲ စေ့ထားခဲ့တာ ၊ အဲဒီတံခါးက ဖြည်းဖြည်းချင်းပွင့်လာတော့ ကျွန်တော်လည်း သူခိုးလားမသိဘူးဆိုပြီး စောင့်ကြည့်နေတာ သူခိုးကပ်တယ်ဆိုရင်လည်း အဆောင်ရှေ့ တစ်ထပ်ဆောင်ဆိုတော့ ဘယ်လိုပြောမလဲ စင်္ကြံ၊  လူလျှောက်လမ်းရှိတယ်လေ။ မီးသီးတွေက လည်း ဖွင့်ထားတာ လင်းထိန်နေတာ။ သူခိုးတံခါးနားကပ်ဖွင့်ရင်လည်း အရိပ်မြင်ရမှာလေ။ မဟုတ်ဘူးဗျာ . .လူတဝင်စာလောက်ဝင်လို့ရတဲ့ အနေအထားမှာ တံခါးကရပ်သွားတာ၊ ရပ်ပြီး ခြေသံ စကြားတာပဲဗျ။ ရှပ်ရှပ် ဆိုပြီး ကျွန်တော်လည်း စကြားတာနဲ့ ကုတင်ကို တစ်ချက် ဒုန်းကနဲထုလိုက်တာ ခြေသံပျောက်သွားပြီး နောက်တစ်ချက်လည်း ကျွန်တော် ဒုန်းကနဲ ပြင်းပြင်း ထပ်ထုလိုက်တော့မှ တံခါးလည်း ဝုန်းဆိုပြီး ပိတ်သွားတာဗျာ။ ဒါနဲ့ အဲဒီဝင်ပေါက်နား ကုတင်က လူတွေနိုးကုန်ရော၊ ဘာဖြစ်တာလဲပေါ့။ ဆိုတော့ ကျွန်တော်လည်းထ တံခါးဖွင့်ပြီး ကြည့်တော့ဘာမှ မရှိဘူး။ ဒါနဲ့ ကျွန်တော်လည်း “မင်းလည်းမင်းဟာမင်းနေ၊ ငါတို့လည်း ငါတို့ဘာသာနေတယ်၊ လာမနှောက်ယှက်နဲ့၊ အမျှအမျှအမျှ ဆိုပြီး ဝေလိုက်တော့။ သိပ်မကြာဘူး ကျွန်တော်တို့ရှေ့ခပ်လှမ်း လှမ်းက အဆောင်(၁)က  မှန်ပြတင်းပေါက်ကို ဗြုန်းဆိုပြီး ရိုက်သွားတာဗျာ။ နိုးတဲ့သူတွေလည်း ကြောင်ပြီး ကြည့်နေတာ။ ဟာ . . . ဒီကောင်တော်ရုံတန်ရုံအကောင်မဟုတ်ဘူးပေါ့။ အကောင်ကြီးမယ်ထင်တယ်။ ဘာညာနဲ့ပြောကြတာပေါ့။ နောက် အဲဒီလိုပဲ ညတိုင်းတော့ ဒီကောင်မလာဘူးဗျ။ အဆောင်တွေကို အလှည့်ကျ လှည့်ခြောက်နေတာ. . .။ အဆောင်(၁)မှာဆိုရင် ကြုံရတာ အဲဒီကလူတွေပြောတာပဲ။ ရှေ့လူသွားလမ်းစင်္ကြံမှာ လမ်းလျှောက်သံကြားတာတဲ့။

နောက် ကျွန်တော်တို့အဆောင်ထဲက လူတွေ(၃)(၄)ယောက်ကြုံရတာပါ . . .

နေ့လည် စာသင်ချိန်ကြီးတဲ့။ အဲဒီတစ်ယောက်. . .သူက ကန့်ဘလူသား၊  ဖျားနေလို့ဆိုပြီး သင်တန်းမှာဆို “ဆေးနား”ခေါ်တာပေါ့။ အဆောင်မှာပဲ ပြန်အိပ်နေတာ။ ဘယ်သူမှမရှိဘူး။ တစ်ယောက်တည်း . . .

အဲဒီသူကလည်း ငှက်ဖျားရှိတယ်။ စောင်နဲ့ကွေးနေတုန်း စောင်ကိုလာဆွဲတယ်တဲ့။ နေ့လည်ခင်းကြီးကို . . လှည့်ကြည့်တော့ ဘာမှမရှိဘူးတဲ့။

နောက်တစ်ယောက်ကြုံတာကျတော့ ညဘက်ကြီး ဒီကောင်က အဆောင်ရဲ့ ဟိုးဘက်ထိပ်ဆုံးက ပြတင်းပေါက်နားမှာ ကျတာ . . .အဲဒီညက ပြတင်းပေါက်နားက သူ့ကုတင်မှာ စာအုပ်ဖတ်ရင်း ပြတင်းပေါက်ကလည်း ခဏဖွင့်ထားတာ အိပ်တဲ့သူလည်း အိပ်ကုန်ပြီ။ စာဖတ်နေရင်းကနေ သူမသင်္ကာလို့ကြည့်လိုက်တော့ ဖျတ်ကနဲတွေ့လိုက်တာတဲ့။ ပြတင်းပေါက်နားကနေ မည်းမည်းအရိပ်တဲ့။ ဒါနဲ့သူလည်း ကြောက်လန့် ပြီး ပြတင်းပေါက်ထပိတ်တော့တာပါပဲ။

သူတွေ့ပြီး သိပ်မကြာပါ နောက် (၄)(၅)(၆)ရက်လောက်ခြားမယ်ထင်တယ်။

ကျွန်တော်တို့နဲ့ အဲဒီရောက်မှ ပေါင်းမိသူတွေပေါ့။ အလှည့်က သူတို့အလှည့်ပေါ့။ အရက်ခိုးထွက်ဝယ်တာကိုပြောတာပါ။ ဟီး….  ကျေးဇူးရှင်နှစ်ယောက်က ည ၉းဝဝထိုးလောက်က တည်းက ထွက်သွားတာ. . .၄၅မိနစ်လောက်ကြာမယ်။ ဘယ်ဟုတ်မလဲ ကျေးဇူးရှင်နှစ်ယောက်က ပါဆယ်ဆွဲတဲ့အပြင် ဆိုင်မှာလည်း သောက်လာသေးတယ်တဲ့ဗျာ။ အဲဒါနဲ့ အရက်ပုလင်းကိုချ၊ ချပြီး သူဆွဲလာတဲ့ အမြည်းထုပ် ကိုလည်းချတော့။ ဘာတွေလဲဆိုတော့ အမဲကြော်တွေတဲ့. .

ဟာ. . .ဟေ့လူ  ခင်ဗျားတို့  အဆောင်ဝင်ကာနီး “ဖတ်၊ ဖတ်၊ ဖတ်”လုပ်လာလားလို့မေးတော့. . လုပ်ဘူးတဲ့။ နောက်တစ်ယောက်က “ဟေ့လူ၊ ဒီနယ်မြေက မြေသန့်တာမဟုတ်ဘူးနော်။ ခင်ဗျားလည်း သိသားနဲ့။ ညဘက်အဲဒီလိုမျိုးအသားတွေ မဝယ်လာနဲ့ဆိုတော့။ ရပါတယ်ကွာ၊ တစ်ခါတစ်လေပဲ၊ ချပါကွာ . . . လာ။ ဆိုတော့လည်း ကျွန်တော်တို့လည်း မထူးပါဘူးကွာ ချမယ်ဆိုပြီး ချပြီး တစ်ခွက်၊ နှစ်ခွက်လောက်ချအပြီး ခွေးအူသံဗျာ၊ စကြားတော့တာပဲ။ ကြားတာမှ .. . သင်တန်း ကျောင်းက ကိုယ်တော်ချောခွေး(၂)ကောင်က ဒီအဆောင်(၂)နားမှာပဲ ကပ်အူနေတာဗျ။ အီအီ လုပ်လိုက်၊ အသံဆွဲအူလိုက်နဲ့။ ကျွန်တော်တို့လည်း ဟေ့လူတွေ အခြေအနေကတော့“ရှော့“ ရှိတယ်နော်။ ဒီနားပဲကပ်အူနေတာဆိုတော့ ။ ခုန အမဲကြော်ဝယ်လာတဲ့သူက ထပြီး အမဲကြော် (၂)တုံးကောက်ယူသွားပြီး ကွဲကလည်း ကွဲနေတော့. .“ကဲ . .. ရော့ ငါတို့လည်း ဒါအကုန်ပဲဆိုပြီး အပေါက်ဝကနေ ပစ်ပြီး ငါတို့ကိုလည်း ငါတို့ဘာသာနေ တယ်၊ နင်တို့လည်းနင်တို့ဘာသာနေလို့ ပြောပြီး ပြန်ထိုင်လိုက်တယ်။ သိပ်မကြာဘူးဗျာ။ ကျွန်တော်တို့အဆောင်နားမှာ ခုန ခွေးနှစ် ကောင်အူနေရာကနေ ထွက်သွားပြီး အူသံပျောက်သွားတာ။ ဧကန်န အရက်သွားဝယ်ပြီး ပြန်လာတဲ့ဘက်ကပဲ ပါလာတာလားမသိဘူး။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ကြိုကြားကြိုကြား မိန်းကလေးဆောင် ဘက်ကလည်း မိန်းကလေးတွေ ပြောသံကြားတာတော့။ သူတို့အဆောင်မှာလည်း ရှိတယ်တဲ့။

ကျွန်တော်တို့ သင်တန်းတက်လာခဲ့တာ (၁)လခွဲလောက် အကြာမှာ အဆောင်(၄)က ထွန်စက်မောင်း/ပြင်က သင်တန်းသားနှစ်ယောက်၊ ဆိုင်ကယ်မှောက်ရော၊

တနင်္ဂနွေနေ့ဆိုတော့ ၊ Out pass ရတယ်လေ။ Out pass က နေ့လည် (၃းဝ၀)အရောက် သင်တန်းကျောင်းကို ပြန်ဝင်ရတာ။ အဲဒီနေ့ဆို အကုန်လုံး Out pass ကိုယ်စီနဲ့ အပြင်ထွက်ကြတာကိုး။ ကျွန်တော်တို့လည်း ထွက်တာပေါ့။ ထွက်ရင်လည်း သိတဲ့အတိုင်း နေ့ခင်းကြီးလည်း အဖွဲ့စုံတော့ သောက်ကြစားကြပြီးမှ အရောက်ပြန်ဝင်ကြတာ။

အဲဒီနေ့က ဆိုင်ကယ်မှောက်တဲ့ နှစ်ယောက်ထဲက တစ်ယောက်က မိတ္တီလာသားဗျ။ အဲဒီ ကောင်က သူ့အိမ်က ဆိုင်ကယ်ယူထားတာကို။ ကျွန်တော်တို့လည်း သင်တန်းကျောင်းထဲပြန်ရောက်ပြီး သိပ်မကြာဘူး။ ဆိုင်ကယ်မှောက်တယ်လို့ ပြောသံကြားတာပဲ။ ဆေးရုံရောက်ကုန်ပြီတဲ့။ နှစ်ယောက်စလုံး . . .ဘယ်မှာ မှောက်တာလဲဆိုတော့ . . . ကျွန်တော်တို့ သင်တန်းကျောင်း မရောက်ခင်၊ ဆက်သွယ်ရေး ရှေ့က ကုန်းတက်မှာတဲ့ မှောက်ပြီး လှည်းလမ်းကြောင်းထဲကျသွားတာတဲ့။

နောက်မကြာပါဘူး။ ညနေ လည်းကျရော၊ သတင်းကြားတော့တာပဲ။ မိတ္ထီလာသား ဆုံးသွားပြီတဲ့။

ကျန်တဲ့တစ်ယောက်ကတော့ လက်ကျိုးတယ်တဲ့။ သူ့အသုဘပို့တော့ အညာဘက်ဆိုတော့ သိတဲ့ အတိုင်း သူ့အလောင်းကို ဆေးရုံကနေ နိဗ္ဗာန်ယာဉ်နဲ့တင်ပြီး လိုက်ပို့တဲ့သူတွေလည်းလိုက်ပို့ကြပေါ့။ ကျွန်တော်တို့ကတော့ ကျောင်းရှေ့ကနေပဲ စောင့်ပြီး ကြားဖြတ် ဝေါကင်းရိုက်ပို့ကြတာပေါ့။ ကျွန်တော်တို့ သင်တန်းကျောင်း အနောက်က သချင်္ိုင်းမှာပဲ မြေချတာလေ။

အဲဒီကောင် ရက်မလည်ခင်၊ သူ့အဆောင်မှာ သောင်းကျန်းတယ်။ သူ့အဆောင် တင်မဟုတ်ဘူးဗျာ။ နောက် ညတွေ ကျွန်တော်တို့အဆောင်ဘက်တောင် လာသေး။ ကျွန်တော်တို့နဲ့ လည်း ဘောလုံးကန်ရင်း နည်းနည်း သိနေတာကို။ တစ်ခါတစ်ခါ သူကိုအရက်မှာလိုက်တာ. ဆိုတော့

ခြောက်တာပဲဗျာ။ ပေါ်တင်ကြီးတွေ . . . ညဘက်ဆို မြင်တော့မမြင်ရဘူးပေါ့။ အသံဗလံတွေကြားနေတာ. . .

နောက်ရက်လည်တော့မှ အမိန့်စာထုတ်ပြန်တာပေါ့။ ဒီကောင်ကတော့ နုသေးလို့လားမသိ၊ အမိန့်စာထုတ်ပြီး နောက် အသံတွေမကြားရတော့ဘူး။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ နောက် ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

တခြားနယ်က ကောင်မလေးတစ်ယောက်ကြုံတာ ကျတော့ သူလည်း အဲဒီလိုပဲ နေမကောင်းလို့ “ဆေးနား” ပေါ့။ သူ့ကတော့ ကျွန်တော်တို့ပြောတဲ့ဟိုသတင်းတွေ သူလည်းကြားထားတာကိုး။ ဒါကြောင့် တစ်ယောက်တည်း မနားရဲဘူးဆိုတာနဲ့  တခြားသူ့သူငယ်ချင်းပါ အစောင့်သဘောနဲ့ စောင့်ပေးနေတာ။ သူကတော့ ဘေးက ကုတင်မှာ သူ့ငယ်ချင်းရှိတယ်ဆိုပြီး စိတ်ချလက်ချပေါ့။ အိပ်ပျော်သလိုမပျော်သလိုဖြစ်နေချိန် ဘေးနားက သူ့တို့အိမ်က ကြော်ထည့်လာတဲ့ ငါးပိကြော်တို့၊ အမဲကြော်တို့ထည့်ထားတဲ့ ချိုင့်သံကြားတော့ သူက တစ်ဖက်လှည့်နေရင်းက သူ့သူငယ်ချင်းထင်ပြီး လှမ်းမေးတာ ပြန်ထူးသံမကြားတော့ ဖြည်းဖြည်းချင်းလှည့်ကြည့်တော့ ဘာမှမရှိဘူးတဲ့။ နောက်တော့ဘယ်ဟုတ်မလဲ။ သူ့သူငယ်ချင်းက ခဏနေကျတော့မှ အဆောင်ထဲပြန်ဝင်လာတော့ “ဟဲ့ ဘယ်သွားတာလဲဆိုတော့” ငါအလေး ခဏသွားနေတာတဲ့။ အဲဒီကျမှ နေမကောင်းတဲ့သူ ချွေးပါပြန်သွားတာတဲ့။

ကျောင်းအုပ်ရုံးခန်းဘေးက စာရေးမတွေ၊ အခန်းမှာလည်း အဲဒီလိုမျိုး ဖျတ်ကနဲမြင်ရတယ်ပြောတယ်။

ကျောင်းက စာရေးမတွေ (နယ်ခံတွေ) ပြောသံကြားတာတော့ ။ ဒီကျောင်းထဲမှ သဘက်တောင်ရှိတယ်တဲ့ဗျာ။ သူတို့ပြောကြားချက်အရတော့ . . .. အဲဒီက ဝန်ထမ်းတစ်ယောက် ကြုံရတာပေါ့။ အဆောင်(၁)နဲ့ စာသင်ဆောင်သွားတဲ့လမ်းက အပင်မှာပါတဲ့။ အရင်က ကြုံဖူးတာတဲ့။ အဒီလူက တစ်ည သင်တန်းသားတွေ အကုန်အိပ်ကုန်ပြီ ။ အဲဒီအချိန်ကြုံတာတဲ့။ သူကလည်း ကျောင်းမှာ ဂျူတီကျတော့ လက်နှိပ်ဓါတ်မီးနဲ့ တောင်ကြည့်မြောက်ကြည့်ပေါ့။ အဲဒီနေရာလည်း ရောက်ရော (ဒီလူကလည်း လုံးဝအကြောက်အလန့်မရှိတဲ့သူ၊ သောက်လည်း သောက်ထားတယ်) သူနောက်ကျောမလုံလို့ နောက်ပြန်ကြည့်လိုက်တော့ အရိပ်မည်းမည်းကြီးက အကြီးကြီးတဲ့ဗျာ။ သူ့အရပ်ကိုမိုးထားတာတဲ့။ ဒါနဲ့ သူလည်းတခြားအရိပ်ကျတာလားဆိုပြီး ကြည့်သေးတယ်တဲ့။ သူ့နောက်ထပ်ကြပ်မကွာ အဲဒီအရိပ်လိုလိုဟာကြီးက ပါလာတာတဲ့ဗျာ။ သူလည်း ခြေကုန်သုတ်ပြီး ဂျူတီအခန်း(ကျောင်းဂိတ်ပေါက်)ကို တန်းပြေးတော့တာပဲတဲ့။

။။။။။။။။။။။။။။။။။။။။။။။။။။။။ အဲဒီသင်တန်းကျောင်းမှာ ကြုံခဲ့ရသမျှနဲ့ ပြောပြသမျှလေးတွေပါ ။။။။။။။။။။။။။။။။

About waigyee

has written 11 post in this Website..