“ကိုပေါက်လမ်းသလားနေသည်- အပိုင်းလေး (ယောင်လည်လည်တစ်ယောက်ထဲ)

“ကိုပေါက်လမ်းသလားနေသည်- အပိုင်းလေး (ယောင်လည်လည်တစ်ယောက်ထဲ)

ဒီပုံလေးကတော့ ရန်ကုန်မြို့ရဲ့ မီးပွိုင့်နံဘေးမှာ ကလေးပြပြီးတောင်းနေတဲ့သူပါ။

ကိုယ့်အားကိုယ်ကိုးပြီးရန်ကုန်မြို့ကြီးထဲကို ချီတက်ရတော့မယ်ဆိုတာသေချာသွားပြီဆိုတော့
ပထမဆုံးလုပ်ရတာကတော့ တရားဝင်မတော်ရသေးတဲ့ တူတော်မောင်ကို စုံစမ်းစပ်စု လုပ်ရပါတော့တယ်။
ဒီကနေဆူးလေသွားရင် အငှားကားစီးရင်ဘယ်လောက်အများဆုံးပေးရသလဲတို့၊
ဒီနားကနေဘတ်စ်ကားစီးမယ်ဆိုရင် ဘယ်ကားနံပါတ်ကို စီးရသလဲတို့၊
ဘယ်အရပ်ကအခုနေတာရဲ့ ဘယ်ဘက်မှာ ရှိသလဲတို့။
ကြည့်မြင်တိုင်က ဘက်ဘက်မှာလဲတို့ ရွှေပြည်သာစက်မူ့ဇုံဘယ်ကသွားလဲတို့၊
ဆင်မလိုက်သင်္ဘောကျင်းကိုသွားရင် ဘယ်နားက ကားစီးရင် ရသလဲတို့ ။
အာရှတော်ဝင်က ဘယ်နားမှာလဲတို့
မြေနီကုန်းစီးတီးမတ်ဆိုရင် ငါတို့အိမ်ကနဲ့ ဘယ်လောက်ဝေးလဲတက္ကစီငှားရင်ဘယ်လောက်ပေးရမလဲ
ဆိုတာတွေကို စုံတကာစေ့နေအောင် မေးရပါတော့တယ်။

ကျနော်တကယ်သိတာကတော့ ဆူးလေဘုရားပါဘဲ။
ကျောင်းသားဘဝ သူငယ်ချင်းတွေဆီအလည်သွားရင်း
ပျော်ခဲ့ရတဲ့ လှည်းတန်းနဲ့ရန်ကုန်တက္ကသိုလ်ဧရိယာတွေသိတယ်၊
ဦးချစ်ဆိုင်သိတယ် ဂျဒ်ဆင်သိတယ် သစ်ပုတ်ပင်သိတယ်။
အင်းလျားကိုသိတယ်။
စက်မူ့တက္ကသိုလ်ဘက် ဆေးဝါးစက်ရုံနား က ဈေးသက်သာတဲ့ ထမင်းဆိုင်တွေကို သိတယ်။
ကျောင်းထဲက အအေးဆိုင်တွေကို သိတယ် စွယ်တော်ပင်တွေကိုသိတယ်။
RC-2 နားက စဉ့်ကူးဆောင်ကိုသိတယ်။
ကင်းတင်းတွေကို သိတယ်။
တကယ်တော့ လဲ ဒါတွေကကြာခဲ့ပါပြီ။

စ စ ချင်း အလုပ်နဲ့ဆက်စပ်ပါတ်သက်နေသူနဲ့ချိန်းရပါတယ်။
သူက ကျနော်ဘယ်နေ့အားလဲမေးတဲ့အခါ သူ့ကို (30-6-2011)နေ့ပေးလိုက်ပါတယ်။
သူကအဲဒီနေ့မနက် 8း00နာရီမှာ ကျနော်တည်းတဲ့အိမ်ကိုလာခေါ်မယ်ဆိုပြီးချိန်းပါတယ်။
ရွှေပြည်သာစက်မူ့ဇုံကို သွားကြမယ်လို့ပြောပါတယ်။
စိတ်အထင်တော့ တစ်နေကုန်သွားမယ်မှန်းထားပါတယ်။

နောက်ဒုတိယအလုပ်နဲ့သူကိုတော့ ရောက်နေပြီဆိုတာပြောတော့ အခုတော့ သူမအားသေးဘူး သူ အားတဲ့အချိန်ဖုန်းပြန်ဆက်မယ်ဆိုပြီး အဖြေပေးပါတယ်။
အဲဒါနဲ့လူကြုံပေးလိုက်တဲ့အိမ်ကိုဖုန်းလှမ်းဆက်တော့ ဒီနေ့လာပေးမှရမယ်။
အဲဒီပစ္စည်းက “စ”လုံးကိုပြန်ထည့်ပေးမှာဆိုတာနဲ့သူ့ဆီအရင်သွားဘို့ပြင်ရပါတယ်။
ဘယ်နားလာရမလဲဆိုတော့ 41လမ်း မဟာဗန္တုလလမ်းဝန်ကြီးများရုံးနားရောက်ရင်ဖုန်းဆက်လိုက်လို့ပြန်ဖြေပါတယ်။

အဲဒါနဲ့ဆူးလေသွားမယ်ဆိုတော့အိမ်ကတူမလေးကလည်းရုံးသွားမယ်ဆိုတာနဲ့သူနဲ့အတူလိုက်မယ်လုပ်တော့ ထီးယူခိုင်းပါတယ်။
(မဒမ်ပေါက်ကတော့ ခရီးပန်းတာရယ် သူညီမတွေနဲ့စကားပြောချင်တာရယ်ဆိုတော့မလိုက်ပါဘူး)
ကျနော်မယူဘူးပြောတော့ မိုးကာဆောင်သွားဆိုတာနဲ့မယူချင်ဘဲယူလာရပါတယ်။
နောက်သူကလှိုင်ဘက်သွားမယ်ဆိုပြီးကျနော်ကို 43အထူးယာဉ်ပေါ်တင်ပေးလိုက်ပါတယ်။
ဒီခရီးကိုတော့ကျနော်က မကြောက်ပါဘူး။
ကျနော်သိတဲ့ဆူးလေကို တန်းရောက်မှာသေချာတော့အေးဆေးပါဘဲ။
ဒါနဲ့ဘဲဘတ်စ်ကားပေါ်ရောက်ပြီးမတ်တပ်ရပ်စီး ခဏလေးနေတော့ထိုင်စရာရပါတယ်။
အထူးကားဆိုတော့လဲ မြို့ထဲရောက်တာနဲ့လူအပိုမတင်တော့ပါဘူး။
မှတ်တိုင်တစ်ခုရောက်တာနဲ့ တစ်ယောက်ရမယ်နှစ်ယောက်ရမယ်လို့ အော်ပြီးမှလူတင်ပါတယ်။
သန့်တော့လဲ တကယ်ကိုသန့်သန့်လေး။
မြောက်ဥက္ကလာကနေပြီး ဆူးလေထိ 200ကျပ်ကတော့ တန်မှတန်ပါဘဲ။
ဒါနဲ့ဘဲထိုင်စရာရတယ်ဆိုတော့ ဟိုဘက်ကြည့်လိုက် ဒီဘက်ကြည့်လိုက် ဟိုငေးဒီငေးပေါ့။
အငှားကားတွေကလဲ ပေါမှပေါ ကိုယ်ပိုင်ကားတွေကလည်း အများအပြား ဘတ်စကားလိုင်းပေါင်းစုံကလဲ
အပြိုင်အဆိုင် လမ်းပေါ်မှာဥဒဟိုအပြေးအလွှား ရုးံချိန်မို့လို့လားတော့မသိကားဂိတ်မှာလဲ ကားစောင့်နေတဲ့သူတွေ
ကလဲအစုလိုက်အပုံလိုက်၊
(ဖြတ်ပြောလိုက်ရရင်ဘတ်စကားဂိတ်မှာလူတိုးတာမြင်တော့ မန်းလေးဂေဇက်ထဲက ဘတ်စကားတိုးစီးရင်းလက်ဆော့တဲ့
အန်ကယ်ကြီးများအကြောင်းရေးထားတဲ့ ကြီးတဲ့သူလဲ မယုံရဘူး ဆိုတဲ့ ပိုစ်လေးကို သတိရမိပါသေးတယ်)
လမ်းဘေးပလက်ဖောင်းမှာ ဝဲယာမှာလည်း လမ်းလျှောက်သူအပြည့် ။
ထမင်းချိုင့်လေးတွေကိုယ်စီ တစ်ယောက်ထဲရော ၊
ပုခုံးလေးဖက် ခါးလေးဖက်လို့ တွဲရက်လျှောက်နေကြတဲ့စုံတွဲတွေရော ပေါမှပေါ။
လောကကြီးမှာသူတို့နှစ်ယောက်ထဲရှိနေတဲ့တိုင်းပါဘဲ။
တကယ့်ကို တက်တက်ကြွကြွကြီးလှူပ်ယှားနေတဲ့ကားပေါင်းစုံ လူပေါင်းစုံ
ဆေးရောင်စုံတွေချယ်ထားတဲ့ ရောင်စုံမြင်ကွင်းကျယ် သက်ဝင် ပန်းချီကားကြီးနဲ့တူပါတယ်။
ကားတွေကလဲ မီးနီပြီဆိုတာနဲ့ တိကနဲရပ် ၊
လူတွေကလဲ မျဉ်းကျားကနေပြီး အပြေးအလွှားဖြတ်။
စိမ်းတဲ့ဘက်က ကားတွေက ဝေါကနဲ ထွက်ညီညာလိုက်တာမှ
အကြိမ်ကြိမ် အသေအချာဇာတ်တိုက်ထားတဲ့ ယိမ်းအဖွဲ့ကြီးကို ကြည့်နေရသလိုပါဘဲ။
(ကိုယ်ကသာအလုပ်မရှိလို့ ဒီလိုအားအားယားယားစဉ်းစားနေတာ
တကယ်အလုပ်လုပ်နေရသူအဖို့တော့ အပြေးအလွားဇောများနဲ့စိတ်မောနေကြရှာမယ်ထင်ပါတယ်)

မရောက်တာကြာတော့ လမ်းဘေးဝဲယာ နှစ်ဖက်စလုံး ကိုယ်မမြင်ဘူးတာတွေချည်းပါဘဲ။
ဘယ်ဘက်ကြည့်လိုက်တော့ ကမ္ဘာအေးစေတီတော် ခဏနေတော့ညာဘက်မှာ ဂမုန်းပွင့်ကုန်တိုက်။
နည်းနည်းလေးသွားလိုက်တော့ ခြားရဟတ်အမြင့်ကြီးက လေထဲမှာထီးထီးကြီး။
ဟော ခုံတန်းလျားလေးတွေနဲ့ အင်းယားကန်ဘောင်ကိုမြင်လိုက်ရ
ခဏနေတော့ အဆောက်အဦးအမြင့်ကြီးက“ဆီဒိုးနား”။
ဟော ကွေ့ဝိုက်သွားနေရင်းက သိင်္ဂုတ္တရကုန်းမြေက ဆင်ဖြူတော်အရုပ်တွေနဲ့မြင်ရတဲ့အခါ
နိဗ္ဗာန်ကုန်ရောင်းတယ်ဆိုတဲ့ မမြင်ဘူး တဲ့ မိတ်ဆွေလေးကို ပြေးသတိရလိုက်ပါသေးတယ်။
ဟိုငေးဒီငေးနဲ့မမြင်ဘူးတာတွေငေးနေရင်းအတော်လေးကြာတော့ ကုန်းကျော်တစ်ခုပေါ်လဲတက်ရော
ဘေးမှာက သမ္မတရုပ်ရှင်ရုံ ဟိုးအဝေးမှာတော့ ကုန်းကျော်တံတားကိုနောက်ခံထားလို့
ကိုယ်သိပ်ကို သိတဲ့ရင်းနှီးခဲ့တဲ့ ဆူးလေဘုရားကို ဘွားကနဲမြင်လိုက်ရတော့ စိတ်တွေက အတိတ်ဆီကို
ခဏပြန်ပြေးသွားပါတော့တယ်။
1978 ကျနော်သင်တန်းတစ်ခုတက်ဘို့ရန်ကုန်ရောက်တဲ့အချိန်။
ညနေလေးနာရီကမ္ဘာအေးဘုရားက စုရပ်ကို အရောက်သွားရမှာ။
အဲဒီတုန်းက နာမယ်ကြီးနေတဲ့ရုပ်ရှင်က 7 nights in Janpan
ကားကို အရမ်းကြည့်ချင်နေတာကြောင့်လူကရန်ကုန်ကိုရောက်မလာသေးဘူး
12နာရီပွဲလက်မှတ်ကြို ဖြတ်ထားခိုင်းတာ။
ရထားကဆင်းတာနဲ့ပစ္စည်းတွေထား ရုပ်ရှင်အရင်သွားကြည့် အဲဒီတုန်းကတော့ အရသာရှိလိုက်တာမပြောပါနဲ့တော့။
ဟိုအရင်ကလဲ ရန်ကုန်ကိုအလည်လာတဲ့အခါ မသွားတတ်မလာတတ်။
ဘယ်သွားသွားဆူးလေကို အရင်ရောက်အောင်လာပြီးမှသွားတတ်တာရယ်။
ဆူးလေဘုရားမြောက်ဘက်ခြမ်း သံတိုင်တွေကြားက ငှက်ပျောသီးကြော်ကိုလာတိုင်းဝယ်စားဖြစ်တာတွေကို
ပြန်တွေးနေတုန်း”ဆူးလေးဆင်းမယ့်သူတွေ အသင့်ပြင်ထားပါ”ဆိုတဲ့အသံလဲကြားရော
တွေးလက်စတွေခဏရပ်လို့ ကားပေါ်က အမြန်ဆင်းနိုင်ဘို့အသင့်ပြင်လိုက်ရပါတယ်။

နောက်တော့ မဖူးရတာကြာတဲ့ ဆူးလေစေတီတော်ကို မော်ဖူးရင်းလျှပ်တစ်ပြက်မဟုတ်ဘဲ ဖျတ်ကနဲ့လက်ဆော့လိုက်ပါသေးတယ်။
အရင်က တစ်ဆူတည်းထီးထီးကြီးရှိနေတာကနေ အခုတော့ အပြာရောင်ဆောက်လက်စတိုက်ကြီးကဘေးမှာရပ်လို့
ဘယ်သူပိုမြင့်သလဲလို့ယှဉ်နေသလိုပါဘဲ။
နောက်တော့ လမ်းတစ်ဘက်ကို ကူး 41လမ်းကမိတ်ဆွေကို လာနေပြီဆိုတဲ့အကြောင်းဖုန်းဆက်
ခက်သွက်သွက်လေးလျှောက်လိုက်တော့ ပူအိုက်တဲ့ရန်ကုန်မနက်ခင်းကြောင့် ချွေးတွေဖြိုင်ဖြိုင်ကျလာပါတော့တယ်။
ငေးရင်းမောရင်း လျှောက်လာလိုက်တာ 41လမ်းကိုတောင် ကျော်သွားပါတယ်။
နောက်မှ မိတ်ဆွေကို ထပ်ဖုန်းဆက်တော့ သူက မဟာဗန္တုလ လမ်းပေါ်က ရွှေခရားကြီးဆိုတဲ့လက်ဖက်ရည်ဆိုင်နားမှာရပ်စောင့်နေပါတယ်။
နောက်41လမ်းဘက်ပြန်လျှောက်လာပြီး သူသောက်နေကျလက်ဖက်ရည်ဆိုင်ထိုင်၊
မစားရတာကြာပြီဖြစ်တဲ့ရန်ကုန်မုန့်ဟင်းငါးပျစ်ပျစ်လေးကိုမှာစား၊
မန်းလေးကနေဒီမှာလာအလုပ်လုပ်နေတဲ့ မိ်တ်ဆွေနှစ်ယောက်ကိုလှမ်းခေါ်၊
ရောက်လာတော့ရှေးဟောင်းနှောင်းဖြစ်တွေပြောနဲ့စာပေအကြောင်းတွေပြော ဂီတအကြောင်းတွေပြောနဲ့ အတော်လေးကြာမှလမ်းခွဲလိုက်ကြပါတယ်။
သူတို့နဲ့လဲလမ်းခွဲပြီးရော
မနက်က အလုပ်ကိစ္စနဲ့ချိန်းထားတဲ့သူကို လှမ်းဆက်တော့ သူက လှိူင်သာယာရောက်နေတယ်
ညနေလေးနာရီလောက် မှာဖုန်းပြန်ဆက်မယ် ဆိုတာနဲ့ ဘယ်သွားရင်ကောင်းမလဲလို့ လမ်းလျှောက်ရင်း စဥ်းစားလိုက်တော့ မိတ်ဆွေတစ်ယောက်ကို ပြေးသတိရမိတာနဲ့သူ့ဆီကိုဖုန်းဆက်
တော့ သူနဲ့တန်းတွေ့ပါတယ်။
သူကလဲဝမ်းသာအားရနဲ့ လာမယ်ဆိုအခုလာခဲ့ စောင့်နေမယ်လို့ပြောတော့ ။
လာချင်တယ် ဘယ်လိုလာရမလဲလို့ပြန်မေးရပြန်ပါတယ်။
အဲတော့သူက ပန်းဆိုးတန်းဘက်သွား ဘယ်ကားနံပါတ်စီး
ဘယ်မှာဆင်းလို့အသေးစိတ်ပြောပေမယ့်မန်းလေးကလာတဲ့တောသားဘယ် ပေါက် ပါမလဲ။
အဲဒါနဲ့ဘဲ အလွယ်ဆုံးနည်းနဲ့ တက္ကစီတစ်စီးကို ခပ်တည်တည်နဲ့လက်ပြတားလိုက်ပါတယ်။
ကားတစ်စင်းလာရပ်တော့ မိတ်ဆွေလေးပြောတဲ့အတိုင်း သွားမယ့်နေရာပြောလိုက်တဲ့အခါ ကားသမားက လက်ညိုးနှစ်ချောင်းထောင်ပြပါတယ်။
“သွားနေကျ 1500”လို့ ကျနော်ကဆိုတော့ သူက ဘယ်နားရပ်မှာလဲ ဘယ်အထိဝင်မှာလဲ လို့ထပ်မေးတော့
လူလည်ယောင်ဆောင်တဲ့တောသား မပြောတတ်တော့ ပါဘူး။
ဒါပေမယ့် ခပ်ပြတ်ပြတ်လေသံနဲ့ “1500ရရင်စီးမယ် မရရင်ဘတ်စကားနဲ့ဘဲသွားမယ် မြန်ချင်လို့တက္ကစီငှားတာ”
လို့ပြောလိုက်တော့ ကားသမားကခပ်ပြုံးပြုံးလေးနဲ့ “တက် တက်”ဆိုပြီးပြောပါတယ်။
ကားပေါ်ရောက်မှ စောစောက မိတ်ဆွေလေးညွှန်လိုက်တဲ့အတိုင်းဘယ်နှားရောက်ရင်ဘယ်ဘက်ကိုချုးိလိုက်ပြီးရင်
ဟိုဘက်ကိုကွေ့ပြီး ဘယ်နားရောက်ရင်ရပ်ပေးဆိုပြီးခပ်တည်တည်နဲ့တစ်ဆက်ထဲပြောလိုက်ပါတယ်။
ပြောသာ ပြောတာ အလွတ်ကျက်ထားသလိုပြောတော့ ကိုယ့်စကားကိုယ်ပြန်ကြားရတာကိုက ခပ်ထောင့်ထောင့်။
ကားသမားကတော့ ဘာမှပြန်မပြောပေမယ့် မျက်နှာပေးခပ်ပြုံးပြုံးနဲ့နေတော့ သိပ်တော့စိတ်မလုံချင်ပါဘူး။
ဒါနဲ့ပဲမိတ်ဆွေလေးအိမ်ရောက်တာ့ သူကအပြင်ခဏထွက်သွားပါသတဲ့။
ဒါပေမယ့်အိမ်ကိုမှာထားတော့သူ့ဆိုင်က ကလေးမလေးတွေက ထိုင်ပါအုံးရှင် ဆိုပြီးရေအေးအေးလေးတစ်ခွက်လာအချ
သောက်လိုက်ရတာ ရင်ထဲမှာအေးလို့အမောပြေသွားပါတယ်.။
(မြန်မာတွေရဲ့ယဉ်ကျေးမူ့ထဲမှာ အိမ်လာတဲ့ဧည့်သည်ကို ရေအေးအေးလေးနဲ့ဧည့်ခံတဲ့အကျင့်လေးကတော့
တကယ်ကို ခင်မင်နှစ်လိုဘွယ်ကောင်းလှပါတယ်)
ခဏနေတော့ မိတ်ဆွေလေးပြန်ရောက်လာပါတယ်။
လူချင်းကတော့ အခုမှဆုံဘူးကြပေမယ့် ချက်တင်မှာ ဖုန်းထဲမှာစကားပြောနေကြဆိုတော့ စိတ်ချင်းကတော့ရင်းနှီးနေသလိုပါဘဲ။
ဘယ်ချိန်ကရောက်လဲ ဘာလဲနဲ့ ပဋိသာရစကားတွေပြောဖြစ်ကြပါတယ်။

ကိုပေါက်ရောက်နေတယ်ဆိုတော့ နောက်အသိတစ်ယောက်ကလဲ
ဆယ်မိနစ်လောက် ခဏလေးစောင့် သူနာရီဝက်လောက်အချိန်ရတယ်လာခဲ့မယ်လို့ ပြောလာပါတယ်။
သူ့ကိုစောင့်နေရင်း လုပ်ငန်းအကြောင်းတွေကိုပေါ့ပေါ့ပါးပါးပြောဖြစ်ကြပါတယ်။

ခဏနေတော့ ကားတစ်စင်းဆိုက်လာပြီး ပြုံးပြုံးနဲ့ဆင်းလာတဲ့ ကျနော့်ရဲ့အခုမှမြင်ဘူးတဲ့လေထဲက ဒုတိယမိတ်ဆွေရောက်လာပါတယ်.။
သူရောက်လာတော့ ဈေးဝယ်တွေဝင်ထွက်နေတဲ့ဆိုင်ကို အနှောင့်အယှက်ဖြစ်မှာစိုးတော့ ကော်ဖီဆိုင်ကိုသွားမယ်ဆိုပြီး
သူုံးယောက်သားထွက်လာပါတယ်။

အဲဒီနေရာနဲ့ မနီးမဝေးက
သပ်သပ်ရပ်ရပ် နဲ့အေးအေးဆေးဆေးရှိလှတဲ့ကော်ဖီဆိုင်လေးကိုရောက်သွားပါတယ်။
ရောက်တာနဲ့ ကျနော်ကိုဘာသောက်မလဲမေး
သူကဧည့်ဝတ်ပြုမယ်ဆိုပြီး ပိုက်ဆံတွေဇွတ်ပေးပါတယ်။
အငယ်ဆုံးလေးက အကြီးနှစ်ယောက်ကို “ဂါ”တယ်ဘဲ သဘောထားရင်း သူတို်က်တဲ့ကော်ဖီအေးကို
အားရပါးရသောက်ရင်း ရွာထဲကအကြောင်းတွေ ကိုယ်ရေးခဲ့တဲ့စာတွေ ကိုယ်ပေးခဲ့တဲ့ကော်မင်းတွေ
အကြောင်းပေါက်ပေါက်ဖောက်သလိုပြောရင်း သုံးယောက်သား ရီလိုက်မောလိုက်နဲ့အတော်လေးပြောဖြစ်ခဲ့ကြပါတယ်။
ပြောကောင်းနေတုန်း ဖုန်းဝင်လာတော့ နာရီဝက်ပြည့်ပြီပြန်ကြစို့ဆိုပြီး
သုံးယောက်သားစကားလက်စမသတ်နိုင်တာကိုဇွတ်ဖြတ်လို့ပြန်ဘို့ပြင်ကြရပါတယ်။

အပြန်လမ်းချင်း တူတဲ့ ့နှစ်ယောက်က တက္ကစီငှား လှည်းတန်းနားရောက်တော့ တစ်ယောက်ကဆင်း
မြောက်ဥက္ကလာပကို အကြီးဆုံးဖြစ်တဲ့ကိုပေါက်တစ်ယောက်ထဲပြန်ခဲ့ပါတော့တယ်။
ရီစရာပြောရမယ်ဆိုရင် ကားငှားတော့ ကားဆရာကိုမေးတော့သုံးထောင်တောင်းပါတယ်။
ကျနော်က 2500ရရင်လိုက်မယ် မရရင်မလိုက်ဘူး လို့ပြောတော့ ကားဆရာက တံခါးဖွင့်ပေးပါတယ်။
တံခါးဖွင့်ပေးတယ်ဆိုတာကလဲ ရိုသေလို့မဟုတ်ပါ။
သူတို့အငှားလိုက်တဲ့ကားတွေက စုတ်နေတော့ အပြင်ဘက်က ဖွင့်မရလု့ိပါ။
လမ်းကားပေါ်ရောက်တော့ “ကိုပေါက်က ရန်ကုန်မရောက်တာကြာပြီသာပြောတယ် ကားတော့ဈေးဆစ်တတ်သားဘဲ”
လို့အထင်တကြီးနဲ့ပြောတော့ ကိုယ့်အကြောင်းကိုယ်သာသိသမို့ ခပ်ပြုံးပြုံးလေးဘဲနေလိုက်ပါတယ်.။
ကျနော်ဆရာမတော်ရသေးတဲ့ တူလေးက” ဦး ကားငှားစီးရင် သူတို့တောင်းတိုင်းမပေးနဲ့ ငါးရာလောက်တော့ဆစ်လိုက်
တစ်ထောင်လဲသွားမဆစ်နဲ့လိုက်မှာမဟုတ်ဘူး။
ကျနော်တို့အိမ်ကို ဘယ်နားကစီးစီး သုံးထောင်ဆိုတာအလွန်ဆုံးဘဲလို့”
ပူပူနွေးနွေးသင်တန်းပို့ချ ချက်တွေကို လက်တွေ့အသုံးချလိုက်တာပါ။

ဒါနဲ့အိ်မ်ပြန်ရောက်တာ့ ညီမနဲ့တူမတွေက ဘယ်ရောက်ခဲ့လဲလို့ ဝိုင်းမေးတော့ ရောက်ခဲ့တဲ့နေရာတွေ
ကိုပြန်ပြောပြတော့ တူမတွေက” စုံမှစုံ” လို့ထောပနာပြုပါတယ်။
ဒါနဲ့ဘဲ နေ့လည်စာ ထမင်းစား ခဏနား ပြီးစကားတွေ ပြောနေကြတုန်း မနက်က လှိုင်သာယာရောက်နေတယ်ဆိုတဲ့
မိတ်ဆွေက သူ နောက်နာရီဝက်လောက်နေရင်လာခေါ်မယ်ဆိုပြီး ကျနော်အခုတည်းနေတဲ့လိပ်စာကို
မေးပါတော့ အိမ်က ကလေးတွေကို ဖုန်းထိုးပေးပြီး ဘဲပြောခိုင်းလိုက်ပါတယ်။
ကိုယ်ညွှန်းမှ တလွဲတွေဖြစ်ကုန်မှာစိုးလို့ပါ။
ခဏနေတော့ ကားအဖြုလေးတစ်စီးထိုးဆိုက်ပြီး “ဘယ်သွားချင်လဲလို့ “သူကမေးပါတယ်။
ဘယ်နေရာမှာ ဘာရှိမှန်းမသိတဲ့ကျွန်တော်က လက်ဖက်ရည်ဘဲသောက်ချင်တယ်ပြောတာနဲ့
ကားကို ပြန်ကွေ့ ပြီး တောင်ဘက်ကို သွားကြပါတယ်။
သွားနေရင်းကမီးပွိုင့်လေးတစ်ခုအမိမှာ ကလေး ချီလို့ပိုက်ဆံလိုက်တောင်းနေတဲ့သူကိုတွေ့တော့
လက်ဆော့လိုက်မိပါသေးတယ်။
သူနဲ့လက်ဖက်ရည်ဆို်င်မှာအလုပ်ကိစ္စတွေရော လူမူ့ရေးတွေပါ စုံနေအောင်ပြောကြပါတယ်။
သူက ရောက်တုန်းရောက်ခိုက် ထမင်းကြွေးချင်တယ်ပြောတာနဲ့ (1-7-2011)နေ့ညနေကိုချိန်းလိုက်ပါတယ်။
စကားကောင်းနေတုံး အစက ကြည်လင်နေတဲ့ ကောင်းကင်ကြီး ကချက်ခြင်းအုံ့မိူင်း မိုးတွေဝုန်းဝုန်းဒိုင်းဒိုင်းနဲ့
ရွာချပါတော့ တယ်။
မိုးတိတ်တော့မှ လက်ဖက်ရည်ဆိုင်ကနေအိမ်ပြန် ၊
ရေတစ်ခါထပ်ချိုး ညနေခြောက်နာရီလောက်မှာ အိမ်ကလူတွေနဲ့ထမင်းအတူစား၊
7နာရီလောက်ရောက်တော့ တံတားရဲ့အနောက်ဖက်မှာရှိတဲ့ အင်တာနက်ဆိုင်လေးကို ထီးဆွဲပြီး
လမ်းလျှောက်လို့ ထွက်လာခဲ့ပါတယ်။
မဒမ်ပေါက်က တော့ သူ့ညီမတွေ တူမတွေနဲ့ကျန်ခဲ့သပေါ့။
အင်တာနက်ဆို်င်ရောက်တော့ စိတ်တွေလေရပါတယ်။
ကော်နက်ရှင် မကောင်းလို့ပါ။
မန္တလေးမှာ ကော်နက်ရှင်ညံ့လှပြီမှတ်တယ် ရန်ကုန်က ပိုဆိုးနေပါတယ်။
ဓါတ်ပုံတစ်ပုံတင်ဘို့မပြောနဲ့ကြည့်ချင်လို့ဖွင့်ရင်တောင်မှတော်တော်နဲ့မတက်တော့
ရန်ကုန်က အင်တာနက်သုံးတဲ့မိတ်ဆွေများကို ပိုပြီး ကိုယ်ချင်းစာမိပါတယ်။
မန်းလေးမှာဆိုရင် အလုပ်ပြီးတဲ့အချိန် ည9း30ခွဲလောက်မှအင်တာနက်ဆိုင်သွားရပါတယ်။
အဲဒီအချိန်ဆိုရင် တစ်ချို့သောမိတ်ဆွေများ အိပ်လို့တစ်ရေးတောင်နိုုးလောက်ပါပြီ။
ဒီတော့လဲကျနော်လို့ညမှထိုင်တတ်သူမိတ်ဆွေများနဲ့သာစကားပြောရပါတော့တယ်။
အခုရက်ကတော့လာတာစောတော့ မိတ်ဆွေတော်တော်များများနဲ့တွေ့ရတာရယ်
ကျနော်ရန်ကုန်ကိုရောက်နေတယ်ဆိုတာကို သိတော့ နုတ်ဆက်ကြတဲ့မိတ်ဆွေများနဲ့
စာရိုက်ရတာ တကယ်ကိုလက်မလည်နိုင်အောင်ပါဘဲ။

ကိုးနာရီကျော်ကျော်လောက်မှာတော့ “ကတွတ်ကတွတ် တော်တော်”
ဆိုပြီး ကျနော့်ဖုန်းလေးက အသံမြည်လာတာနဲ့နားထောင်လိုက်တော့ မဒမ်ပေါက်က
ဧည့်သည်တွေရောက်နေလို့ အိမ်အရောက်ပြန်ခိုင်းတာနဲ့အင်တာနက်ဆိုင်က ခွာခဲ့ရပါတော့တယ်။
(ဆက်လက်ဖော်ပြပါမည်)

ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး

12 comments

  • ကြောင်ကြီး

    July 11, 2011 at 9:07 am

    မကြီး မငယ် ဘယ်သူလဲဆိုတာ သိတယ်ဗျို့။ မိတ်ဆွေမောင်နှမဆိုတာတော့ သိတော့ဘူး….
    ဦးပေါက်တူမ
    ကြောင်မရ
    စိတ်ဆိုးသဗျ
    ဆိုးသဗျ….

  • ရွှေဘိုသား

    July 11, 2011 at 9:35 am

    မြန်မာနိုင်ငံမှာ နှစ်ယောက်ထဲသော
    လွင်မိုးနှင်. ကိုပေါက် ခရီးသွားနေသည်ပါဗျာ
    လမ်းသလားတာကသိပ်မမိုက်ပါဘူး

  • weiwei

    July 11, 2011 at 9:39 am

    ရန်ကုန်သွားတဲ့စရိတ် မကျေမချင်း ဓါတ်ပုံတွေ စာတွေ ရေးတင်တော့မယ် ထင်တယ်နော် … 😛

  • etone

    July 11, 2011 at 1:42 pm

    သိနေဒယ်နော် သိနေတယ် … ဟဲဟဲ … 😛

  • hmee

    July 11, 2011 at 2:51 pm

    ဘယ်သူတွေနဲ့တွေ့လည်း ရိပ်မိသလိုလို မရိပ်မိသလိုလို။ 🙂 လေးပေါက်ရေ ပြန်ရောက်တဲ့အချိန် တွေ့ဆုံပွဲလေးများ ကြုံလိုက်စမ်းချင်ပါရဲ့။ ကိုယ့်အတွေးထဲက ပုံရိပ်နဲ့ အပြင်ကပုံရိပ် ထပ်တူကျမကျ သိချင်လွန်းလှတာပါ။

  • weiwei

    July 11, 2011 at 3:12 pm

    ဒီပို့စ်ကို ဖတ်ကြည့်ပြီးမှ ရွာသားတွေ ထင်ယောင်ထင်မှားဖြစ်စေမယ့် တွေ့ဆုံပွဲတွေအကြောင်း မရေးသင့်ဘူးလို့ ထင်မိတယ် … နမူနာရှိခဲ့တာကို သတိရသွားလို့ပါ … အကျယ်အကျယ်နဲ့ အကျယ်ကြီး မဖြစ်စေချင်လို့ပါ …
    ကိုပေါက်ကို ဆရာလုပ်တာမဟုတ်ပါဘူး … အကြံဉာဏ်ပေးကြည့်တာပါ …
    နောက်ထပ် အပိုင်းတွေရေးရင် သတိထားနိုင်အောင် ကြိုပြောလိုက်ရခြင်းဖြစ်ပါတယ် ….

  • athaylay

    July 11, 2011 at 3:25 pm

    ကိုပေါက် ခရီးသွားနေသည်။

  • pooch

    July 11, 2011 at 7:54 pm

    လေးပေါက်နဲ့ ရောပြီးအနော်ပါ ခရီးသွားချင်လာပြီ.. မမြင်ဖူးသော သူများနဲ့ တကယ်ဆုံဖြစ်တယ်ဆိုတော့
    ဝမ်းသာစရာ ကောင်းတယ်….

  • padonmar

    July 11, 2011 at 8:54 pm

    ရန်ကုန်နေတဲ့သူတွေက ကလေးပြတောင်းတဲ့အကြောင်း post သာတင်တာ ၊ပုံတစ်ခါမှမပါဘူး။
    Nigimi လားမသိ တစ်ခါတုံးက ဘဏ်လမ်းထဲမှာ ကလေးငှားပြီးတောင်းတဲ့ အကြောင်းရေးဘူးသေးတယ်။
    မန်းလေးသားလာမှဘဲ ဓာတ်ပုံသက်သေရတော့တယ်။

  • unclegyi1974

    July 11, 2011 at 11:26 pm

    လေးပေါက်ကဘာညာသာရကာပြောပြီး
    တင်တဲ့ပုံနဲ့ရေးတဲ့စာမကိုက်ဖူးနော်
    ရန်ကုန်သူ ရန်ကုန်သားတွေကို
    မင်းတို့ရန်ကုန်မှာတောင်းရမ်းစားတဲ့သူတွေပေါတယ်လို့ပြောချင်တယ်နဲ့တူတယ်

  • unclegyi1974 ရေ
    အညောင့်မထောင်ရင်ကောင်းမယ်နော်။

    (သွားနေရင်းကမီးပွိုင့်လေးတစ်ခုအမိမှာ ကလေး ချီလို့ပိုက်ဆံလိုက်တောင်းနေတဲ့သူကိုတွေ့တော့
    လက်ဆော့လိုက်မိပါသေးတယ်။)
    မန်းလေးမှာတောင်းစားနေသူတွေပုံ တွေနောက်ရက် တစ်ပုံကြီးတက်လာမယ်။
    စရေးကတည်း ကလမ်းသလားနေသည် ဆိုတဲ့ခေါင်းစဉ်နဲ့လာတာလေ။
    ရန်ကုန်နဲ့ပါတ်သက်တဲ့ပုံကောင်းကောင်းတွေတင်ထားတာအများကြီးရှိတယ်။
    ဒီပုံလေးတင်တာမြင်ရအောင်တင်ပေးတာ။
    ကျနော်ရေးသမျှစာအားလုံးမှာ လူတစ်ဦး ဘယ်မြို့ ဘယ်ရွာ ဘယ်ဒေသ ဘယ်လူမျိုး ဘယ်ဘာသာကို မှ တစ်ဖက်စောင်းနင်းထိခိုက်တာ တစ်လုံးမှာ မပါဘူးဘူး။
    တစ်ခုတော့ရှိတယ် လူအကြောင်းရေးမှာတော့ မကောင်းတဲ့လူအကြောင်းလဲ ပါချင်ပါမှာပေါ့နော်။

    ကိုပေါက် မှန်တာရေးတယ် မှန်တာကို တင်ပေးတယ်။
    ကိုယ်ရေးလိုက်တဲ့စာအတွက်လဲ တာဝန်ယူတယ်။
    ဒါပေမယ့်
    အခုဟာက ထင်မြင်ချက်လွဲအောင်တမင်ကော်မင်းပေးထားတယ်လို့ယူဆလို့ရေးပြတာပါ။
    အခုလိုပြောရတာ သူများအထင်လွဲမှာကြောက်လို့ပြောတာမဟုတ်ဘူး။
    မူမမှန်ဘူးထင်လို့ပြောတာပါ။

Leave a Reply