ရာသီဥတုပူပြင်းချိန် အရက်အလွန်အကျွံသောက်ရာမှ သေဆုံးသူ များထဲတွင် ယခင်ကာလများ၌ အမျိုးသားများသာ အများဆုံးပါဝင်သော်လည်း ယခုအခါတွင် အမျိုးသမီးပါ ပါဝင်လာကြောင်း သိရသည်။

ပူပြင်းသည့်အချိန်၌ အရက်အလွန်အကျွံသောက်ရာမှ သေဆုံးသူ အများစုသည် ဦးနှောက်သွေးကြောပြတ်၍ သေဆုံးခြင်းများဖြစ်ပြီး အချို့သောအမျိုးသားများမှာ အရက်သောက်ပြီးနောက် အင်္ကျီချွတ်၍ပန်ကာလေခံရာမှ လေဖြတ်သွားသည့် ဖြစ်ရပ်များလည်းရှိခဲ့ကြောင်း သေဆုံးသူများနှင့် လေဖြတ်သူများ၏ နီးစပ်ရာအသိုင်းအ၀ိုင်းမှ သိရသည်။
မကြာသေးမီရက်ပိုင်းအတွင်းကပင် ပူပြင်းသည့်အချိန်၌အရက် အလွန်အကျွံသောက်သဖြင့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ သေဆုံးခဲ့သည့်ဖြစ်ရပ် ထောက်ကြန့်နှင့် ဒလမြို့နယ်တို့တွင် ဖြစ်ပွားခဲ့သည် ဟု သိရသည်။

ဒလမြို့နယ်မှဖြစ်စဉ်မှာ ၂၀၁၀ ပြည့်နှစ်မေလ ၁ရက်နေ့ မွန်းလွဲ ၄ နာရီခွဲအချိန်တွင် ဒလမြို့နယ် ကျန်စစ်သားရပ်ကွက် မြ၀တီမင်းကြီးလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းထောင့်၌ အမျိုးသမီးတစ်ဦး သေဆုံးနေကြောင်း သတင်းရသဖြင့်သက်ဆိုင်ရာက သွားရောက်စစ်ဆေးခဲ့ သည်ဟု သိရသည်။

ထိုသို့သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ အသက် ၃၈ နှစ်ရှိ ဒလမြို့နယ် ကမာကဆစ်ရပ်ကွက် နေသူတစ်ဦးဖြစ်ကြောင်း၊ ၄င်းသည် အရက်အလွန်အကျွံ သောက်လေ့ရှိသူ တစ်ဦးဖြစ်ကြောင်း ယခုသေဆုံးခဲ့ခြင်းမှာလည်း အရက်အမူးလွန်ပြီး ပက်လက်အနေအထားဖြင့် ပြင်ပဒဏ်ရာမရှိဘဲ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ဒလမြို့နယ် ရဲတပ်ဖွဲ့စခန်းက သေမှုသေခင်း အမှတ် ၁၁/၂၀၁၀ ဖြင့်ယင်းနေ့၌ ပင်အမှုဖွင့်စစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့ပြင် ထောက်ကြန့်မှဖြစ်စဉ်မှာ ၂၀၁၀ ပြည့်နှစ် မေလ ၁ ရက် နေ့ ညနေ ၅ နာရီအချိန်တွင် မင်္ဂလာဒုံမြို့နယ် ထောက်ကြန့် တိုးချဲ့(၂/၁) ရပ်ကွက် မြနန္ဒာလမ်းဘေးတွင် လူ တစ်ဦးသေဆုံးနေကြောင်း သေဆုံးသူသည် အသက် ၅၂ နှစ်ရှိ ကျဘမ်းအလုပ်သမား အမျိုးသားတစ်ဦး ဖြစ်ကြောင်း ၄င်းသည်ယင်းနေ့ မွန်း လွဲ ၄ နာရီခွဲအချိန်တွင် အရက်အလွန်အကျွံမူးပြီး အိပ်နေရာမှ သေဆုံးသွားခြင်းဖြစ်ကြောင်း ပြင်ပဒဏ်ရာ မတွေ့ရှိရကြောင်းနှင့် ထောက်ကြန့်ရဲစခန်းက သေမှုသေခင်းအမှတ်၎/၂၀၁၀ ဖြင့် အမှုဖွင့်စစ်ဆေးခဲ့ကြောင်း သိရ သည်။

ပူပြင်းသည့်နွေရာသီသို့ ရောက်ရှိလာချိန်မှစ၍ သက်ဆိုင်ရာကအပူ ဒဏ်ကာကွယ်ရေး သတိပေးနှိုးဆော်ချက်များ ထုတ်ပြန်ခဲ့ရာ အရက်သောက်ခြင်းသည် အပူဒဏ်အန္တရာယ်ကို ဖြစ်ပေါ်လွယ်စေခြင်းနှင့် ဖြစ်ပွားပါက ပြင်းထန်စွာခံစားရခြင်းကြောင့် ရှောင်ကြဉ်သင့်ကြောင်းဟူသည့် အချက်လည်း ပါဝင်နေသည်ကို သတိပေးကြေညာချက်များအရ သိရသည်ဟု Eleven Weekly မှ ရေးသားထားပါတယ်။

About parparazi

Min Nay Myo has written 45 post in this Website..