ပြောရင် ယုံကြမှာတောင် မဟုတ်ဘူး .. ဒီအဖြစ်အပျက်က ရန်ကုန်မြို့မှာတင် ဖြစ်တာ

အဲဒီမိသားစုက ရပ်ကွက်တွေ တဲပေါ်မှ တိုက်ပေါ်သို့ စီမံကိန်း မလုပ်ခင်တုန်းက ဒီရပ်ကွက်ထဲကပဲ .. သူတို့ရဲ့မိသားစု ဆရာဝန်လဲ ဖြစ်ခဲ့ရတယ် ..  အဲဒီမိသားစု ထဲ မှာ ဆရာဝန်ကို ကြောက်တတ်တာ ယောက်ျားဖြစ်သူပဲ .. ကျန်တဲ့ မိန်းမ .. ကလေးတွေ အခြား မိသားစုဝင်တွေ တယောက်မှ မကြောက်တတ်ဘူး .. သူ ဘာ ကြောက် သလဲ ဆိုတော့ အနာဖြစ်ရင် ဆေးထည့်မှာ အကြောက်ဆုံး .. စပ်မှာကြောက်တယ် .. နာမှာ ကြောက်တယ် ..

ရပ်ကွက် ဖျက်တော့ တခြား ပြောင်းသွားတော့ ဆေးခန်းနဲ့ နည်းနည်း ဝေးသွား တာပေါ့ ..

ငါးနှစ်ကြာတော့

တနေ့ ဆေးခန်းကို လာတယ် .. ဖျားလို့ .. ဆေးကုပေးလိုက်ပါတယ် ..

နောက်နေ့မနက်စောစောမှာ သူ့မိန်းမ အိမ်အထိ ရောက်လာတယ် ..

“ဆရာမ .. ကိုxxxx ရယ်ပေါ့ .. အဖျားတော့ ကျပါရဲ့ .. ဆေးတိုက်လို့ မရဘူး”

ဘာဖြစ်လို့တုန်း

“ပါးစပ် ဟလို့ မရဘူးဖြစ်နေတယ်”

မနေ့က အကောင်းကြီးပါ .. သူ .. ထိခိုက်ရှနာများ ရှိသလား

“ဟင် .. မနေ့က ဆရာမကို ခြေထောက်က အနာ မပြသွားဘူးလား”

မပြသွားပါဘူး .. ဖျားတာလေးပဲ ပြောသွားတယ် .. ဘယ်နေရာမှာ ဘယ်လို ဖြစ်ခဲ့ တာလဲ

“ဒီလို ဆရာမရေ .. သူ ခြင်းလုံးခတ်တာ ဆရာမလဲ အသိပဲမဟုတ်လား .. ခြင်းခတ် နေရင်း .. ခလုတ်တိုက်မိလို့ ခြေမ ကွဲသွားတယ် .. နဂိုကတည်းက အနာဖြစ်ရင် ကြောက်တတ်တဲ့လူ မဟုတ်လား .. သွေးထွက်နေတာကို ဖုံမှုန့်သိပ်ပြီး ကြုံရာ အဝတ်နဲ့ ပတ်ပြီး အိမ်ကို ပြန်လာတယ် .. ကျမက ဆေးခန်းသွားဖို့ ပြောတယ် .. အနာဖြစ်မှာ ကြောက်တတ်တဲ့လူမှ ဖြစ်ရတာ ဆိုတော့ .. ပြောမရဘူး .. အိမ်နားက ကွမ်းယာဆိုင်က ဆေးစပ်သောက်လိုက်တယ် ..အနာကတော့ ပျောက်တောင် ပျောက်နေပြီ ..  ကျမတောင် ဆရာမဆေးခန်းကို မသွားခင် မှာလိုက်သေးတယ် .. ခြေထောက် အနာအကြောင်း ပြောပြခဲ့လို့  .. အနာက ကျက်နေလို့ မပြောပြဘူးထင်ပါတယ်”

ဒါဆိုရင် ရှင့်ယောက်ျား . မေးခိုင်ရောဂါဖြစ်နေပြီ .. ဆေးရုံကြီးကို အရောက်သွား ပေတော့ ..

ကံကောင်းစွာနဲ့ ဆေးရုံကြီးမှာ ရက်လေးဆယ် နေလိုက်ရပြီး ကျန်းမာစွာနဲ့ ပြန်ဆင်း ခွင့် ရလိုက်တယ် ..  (ကံမကောင်းရင် သေပြီလေ)

ယုံလား .. ရန်ကုန်မြို့မှာ နေပြီးတော့ ခြေမ ကွဲတာကို ဖုံမှုန့် သိပ်ရတယ်လို့ ..  တကယ်ဖြစ်တာ

 

၂၀၀၄ နိုဝင်ဘာမှာ ရေးဖြစ်ခဲ့တယ်

About moethidasoe

moe thidasoe has written 34 post in this Website..