မဆုံးတဲ့…သီချင်း–၁၁

naywoon niJuly 11, 20111min792

အဲဒိနေ့ညက 34 သံဂုံးကျော် အောက်နားလေးက ရှိန်ကြီးလ္ဘက်ရည်ဆိုင်နဲ့ ကပ်ရက် ဆရာကိုလင်းသူဆိုင်ကိုရောက်သွားသေးတယ်..။ အရင်နေ့က မတွေ့ခဲ့လို့ ခုညတစ်ခေါက် ဝင်ကြည့်တာလေ..။ ရွှေဒေသ စာပေဆက်ဆံရေးတဲ့ နာမယ်ကခပ်ဆန်းဆန်းလေး ကဗျာဆရာက ပေးထားတဲ့နာမယ်လို့မပြောရဘူး..။ (သူ့လိုပဲ နာမယ်ပေးထားတဲ့ စာအုပ်ဆိုင်တစ်ဆိုင်ရှိသေးတယ်..။ မျက်ပါရပ်မီးပွိုင့် က စာအုပ်အငှားဆိုင်က ဒုတိယ ချစ်သူ စာပေ ဆက်ဆံရေးတဲ့…။ အဲဒိစာအုပ်ဆိုင်လေးအကြောင်းကိုတော့ စာရေးဆရာ နွမ်ဂျာသိုင်းက သူ့ရဲ့ တိမ်တောင်ညိုပြာ ဝတ္ထုမှာ ရေးဖူးပါတယ်..။ မှတ်မိနေလို့ပါနော်.. ကြော်ငြာတယ်မထင်ပါနဲ့…။ ) ဆရာကိုလင်းသူက ခုတော့ မရှိတော့ပါဘူး ….။ လွန်ခဲ့တဲ့ ဆယ်နှစ်အလွန် ကဆုံးပါးခဲ့ပါပြီ….။ အံဩစရာကောင်းတာက နေဝန်းနီက ဆရာကိုလင်းသူကို မသိရှာဘူး…။ ဆရာကိုလင်းသူကနေဝန်းနီကို သိနေသတဲ့လေ….။ နဲနဲစောသေးလို့လားမသိဘူး ဆိုင်ထဲမှာလူရှုပ်နေသေးတယ်…။ 31 လမ်း 80 ထောင့်မှာလည်းဆိုင်ခွဲရှိသေးတယ်ပြောတယ်..။ သူ့ညီတစ်ယောက်ဆိုင်တာတဲ့…။ အဲဒိဆိုင်က ဒီဆိုင်လိုအသေဆောက်ထားတာမဟုတ်ဘူး..။ လှည်းနဲ့သယ်သွားပြီးသွားခင်းရတာ…။ ညဈေးတန်းက လမ်း80 နဲ့ 79 လမ်းမှာပဲရှိသေးတယ်..။ ညဦးပိုင်းဆိုရင် ဘူတာဆင်းတဲ့သူတွေ ရထားစီးမဲ့သူတွေနဲ့ ရှုပ်ထွေးနေတာပဲ…။ အဲဒိအချိန်မှာ နေဝန်းနီတို့က ရီဝေဝေလေးနဲ့ ထိုးမုန့်သည်တန်းကိုသွား ဟိုက ညှပ်ကျွေးတာတွေစား ဘာပဲကျွေးကျွေးကောင်းတယ်လို့ပြော..။ ဟိုဘက်ဆိုင်ထက်ပိုကောင်းတယ်လို့ တိုးတိုးလေးကပ်ပြောရင် ထိုးမုန့်ရောင်းတဲ့ ကောင်မလေးတွေ သဘောကိုကျလို့…။ ကျောင်းဖွင့်ကာစ ဆိုတော့ အထက်တန်းအတွက်အထူးထုတ်တွေ သိပ်မရောင်းရသေးဘူးတဲ့…။ တက္ကသိုလ်စာမေးပွဲ နီးနေတော့ ဘာသာရပ်ဆိုင်ရာ အထူးထုတ်တွေ ရောင်းနေရပြီ…။ သူ့ပြောမှပဲ နေဝန်းနီလည်း စာမေးပွဲနီးနေတာသတိရတော့တာ…။ တက္ကသိုလ်ပဲဖြစ်ဖြစ် အထက်တန်းပဲဖြစ်ဖြစ် အဲဒိအချိန်က ကျူရှင်တွေ ရှိနေပေမဲ့ သိပ်မတက်ကြသေးပါဘူး။ အထူးထုတ်စာအုပ်ကိုင်ပြီး တစ်ပွဲထိုးလုပ်ကြတဲ့သူတွေအများကြီးပဲ…။ အဲဒိတုန်းက အထူးထုတ်တွေက ပွဲလည်း တစ်ကယ်တိုးခဲ့တာ ဆိုတော့ အားကိုးလောက်ပါတယ်..။ ကိုလင်းသူက –
“ စာမကျက်သေးဘူးလား လူပေလေး … စာမကျက်သေးရင်နောက်နေ့ ကိုးနာရီလောက် အေးအေးဆေးဆေး လာခဲ့ မင်းနဲ့စကားပြောချင်နေတာ “
တဲ့လေ……။ ကိုအောင်ဂျမ်းနဲ့ စာအုပ်တွေလျှောက်ကြည့်တယ်..။ မူရင်းကဗျာစာအုပ်တွေ အများကြီးပဲ..။ ဝတ္ထုစာအုပ်တွေကော…။ ဖတ်ကြည့်တော့ ဆမ္မားဆက်မွန်..။ တော်စတွိုင်း..။ ရှယ်လီ..။ ဘားနတ်…။ တဂိုး..။ ယန်းပေါဆတ်..။ အများကြီးပဲ… တစ်ချို့ နာမယ်တောင် အသံမထွက်တတ်ဘူး.. ဟီးးးး စာပေလိုက်စားတာလေ…..။ ဟင်းး အဲဒိစာအုပ်ပုံနားမှာ ကိုအောင်ဂျမ်းရဲ့ တစ်ကိုယ်တော် ကဗျာရှည် 35 လမ်းပလက်ဖောင်းပေါ်က ကောင်လေးတစ်ယောက်အကြောင်း နဲ့ နေဝန်းနီတို့ရဲ့ ကဗျာစာအုပ်လေးတွေ တွေ့တယ်…။
“တွေ့တယ် မဟုတ်လား မင်းတို့ရဲ့ စာအုပ်လေးတွေကို တစ်လေးတစ်စားနဲ့ တဂိုးတို့ ရှယ်လီ တို့ လူရွှန်းတို့ စာအုပ်တွေနဲ့ကပ်ထားပေးတာ…။ ဒီနှစ်ကျောင်းထဲက စာအုပ် လေးအုပ်တောင်ထွက်တာ.. နှစ်အုပ်ကတော့ ငါကိုတိုင်က မကြိုက်လို့ ယူမထားလိုက်ဘူး… ။ ဝါသနာရှင်ကိုအားပေးတာဆိုပေမဲ့ မရောင်းရရင် ကိုယ်ကြိုက်တဲ့စာအုပ်တွေပဲ ကျန်နေပါစေ အရင်းရှုံးတယ် မမှတ်ပါဘူး..။ “
ဆရာလင်းသူကပြောတော့…… ကိုအောင်ဂျမ်းက
“ အင်္ဂလိပ်စာအုပ်ပုံနား လူမလာတတ်လို့ ဖွက်ထားတာနဲ့တူနေပြီ.. အကိုကြီးရဲ့”
လို့စတော့ ကိုလင်းသူက ရယ်နေလေရဲ့…။ အော်…. ဝါသနာရှင်လေးတွေကို တတ်နိုင်သလောက်အားပေးရှာသတဲ့..။ ကဗျာစာအုပ် ငါးအုပ်စီ ဝယ်ပြီးဆိုင်ပေါ်တင်ထားပေးရှာတယ်..။ ကြိုက်လို့ ဝယ်ချင်တဲ့သူရှိလည်းဝယ် ..။ မကြိုက်လို့ မဝယ်ချင်တော့လည်း အမှတ်တစ်ရသိမ်းထားမယ်.. ဆိုတဲ့သဘော…။ မြန်မာပြည်က ကဗျာသမားတွေကို ကဗျာဆရာ မောင်လေးအောင် ပြောတဲ့ စကားတစ်ခုအမှတ်ရပါရဲ့…။ “ မြန်မာပြည်မှာ ခွေးလေ ခွေးလွင့်တွေ ပြီးရင် ကဗျာ သမားအပေါဆုံး” တဲ့လေ…။ [ ခုတော့ ကဗျာသမားတွေက နံပါတ်နှစ် နေရာကနေ လျောကျသွားပါပြီ…။ အဲဒိနေရာဘယ်သူတွေ ယူသွားသလဲဆိုတာသိချင်ရင်တော့ နေဝန်းနီ ဆီကို တိုးတိုးတိတ်တိတ်လေး လာပြီး မေးမြန်းနိုင်ပါတယ်.. နော် ]
အဲဒိနေ့ညက အဆောင်ပြန်ရောက်တော့ အဆောင်မှာ ကိုမြင့်ဇော်နဲ့ သောက်ဖြစ်ပြန်တယ်..။ စကားပြောရင်းနဲ့ အရက်ပြတ်သွားလို့.. နောက်နေ့လည်းကျောင်းပိတ်တာနဲ့ ဘူတာကြီးအရှေ့ဘက် 77 လမ်း အထိသွားပြီး သောက်ကြတယ်…။ လမ်း80 31 လမ်းက ဘားဆိုင်ဘေးက အပြင်ဆိုင်က ညဆယ်နာရီလောက်ဆိုပိတ်ပြီ..။ ဆိုင်နဲ့ရောင်းတာမဟုတ်ဘူးလေ…။ ဘားဆိုင်ဘေးမှာ ဆိုင်ပိတ်ချိန်ကပ် ရောင်းရတာ..။ လူငယ်ဆိုတော့ ဆိုင်စုံအောင် သွားတတ်တာလည်း ပါတာပေါ့..။ အဆောင်က 82×83 လမ်းကြား 34×35 လမ်းကြားထဲက ဝင်းတစ်ခုပါ..။ နာမယ်တော့ မမှတ်မိတော့ဘူး ..။ ဗလီ တစ်ခုရှိတာတော့ သတိထားမိတယ်..။ အနောက်ဘက်က ဝင်းကတော့ ဦးကျားကြီးဝင်းနဲ့တူရဲ့..။
အဲဒိတော့ အဆောင်ကနေ 82လမ်းပေါ်တက်..။ ကယ်လီဝင်းထောင်ကျတော့ အရှေ့ဘက်တက်..။ လမ်း80ပေါ်ရောက်..။ ညမီးရောင် ပါးပါးလျလျ လေးကိုဖောက်ထွက်ပြီး 79လမ်းကြားထဲပြန်ဝင်…။ လမ်း30 ဂုံးကျော်တံတား နီရွှန်မီးရောင်အောက်ကိုဝင်..။ (အဟောင်းပဲရှိသေးတယ်..။ ညစ်ညစ်ပတ်ပတ် ရှုပ်ရှုပ်ပွပွနဲ့…။ ) အော်…မေ့တော့မလို့……….နေဝန်းနီ ပြောပြောနေတဲ့ 79လမ်းဆိုတာက လမ်းတိုလေးပါ…။ 26လမ်း ကနေ 34လမ်း အထိပဲအရှည်ရှိတယ်…။ တရုတ်တန်းဈေးဟောင်းနေရာပါ…။ အဲဒိကနေ စောစောက ပြောတဲ့ ဂုံးကျော်တံတားကို(-ဘူတာကျော်တံတားလို့ နောက်ပြီးပြောဖူးတယ်..။ ဟုတ်တယ်လေ.. တံတားကဘူတာကိုကျော်ထားတာကိုး..။ ) တက်ရတာ..။ ဘူတာလား ..။ အဟောင်းပဲရှိသေးတယ်လေ..။ အဲဒိကနေ 78လမ်း ကိုပြန်ဆင်း… ။ အရှေ့ဘက်တစ်လမ်းကူူး ..။ မြောက်ဘက်ခြမ်းက ဆေးရုံကြီး ..။ ကလေးဆေးရုံနဲ့တူရဲ့..။ အဲဒိရှေ့က ဖြတ်လာတော့ လမ်းဘေးမှောင်ရိပ်ကနေအသံပေးတယ်..။ ရထားပေါ်ကဆင်းလာတဲ့သူနဲ့ လွဲပြီး ပြောလိုက်ပုံရတယ်..။ ဒါမှမဟုတ်ရင်လည်း လူခေါ်နေကြမို့ ခေါ်တာလာမသိဘူး..။
“ ညအိပ်ဖို့နေရာ ရှိတယ်” တဲ့…လေ
အဲဒါနဲ့ မန္တလေးသားဗျ လို့လှမ်းပြောပြီးဆက်လျှောက်လာခဲ့တယ်..။ မှောင်ထဲက ဆိုတော့ ဘယ်လိုပုံရှိမယ်တော့မသိဘူး အသံကတော့ မိန်းမသံပေပဲ..။ 77လမ်း တောင်ဘက်ခြမ်းမှာ…။ ညနက်နေပေမဲ့လူစည်တယ်လေ့ စည်တယ်လေ့ ပဲ..။ ရထားစောင့်နေတဲ့သူတွေ ရထားဆိုက်လို့ နီးရာဝင်ထိုင်တဲ့သူတွေ…။ ရထားလက်မှတ် လာတန်းစီတဲ့သူတွေ..။ ညအိပ်တန်းစီပြီး နေရာဦး ပြန်ရောင်းမဲ့သူတွေ..မီးရထားက အလုပ်သမားတွေနဲ့.. ။ နေ့ခင်းလားအောင်မေ့ရအောင် စည်ကားနေတာပါ..။ တစ်လမ်းလုံး လ္ဘက်ရည်ဆိုင်နဲ့ အရက်ဆိုင်ချည့်လားအောင့်မေ့ရတယ်..။ လင်းလင်းရှင်းရှင်းပဲ..။ BEDC က 12 ကျပ်တဲ့..။ တောအရက်က 6ကျပ်တဲ့..။ တောအရက်က နံတယ်ဆိုပြီး.. ဘီးအီးပဲမှာလိုက်တယ်..။ ကိုမြင့်ဇော်က
“ မင်းမှာတဲ့ ဘီးအီးထဲမှာကော တောအရက်မပါမှာမို့လို့လား “ တဲ့ နောက်လိုက်သေးတယ်..။ ဟုတ်ပ..။ တရားဝင်ဈေး 7ကျပ်ပြား20 နဲ့ ဝယ်ပြီး 12ကျပ်ရောင်းနေပြီပဲ..။ တော်ရောပေါ့..။ မဟုတ်ဘူး..။ လောဘက မသတ်နိုင်ကြဘူး ..။ ဒါကြောင့်လည်း အရက်ရောင်းတဲ့သူတွေ လေးငါးနှစ်နဲ့ တိုက်ဆောက် ကားစီးကြတာ ..။
ကိုမျိုးနဲ့ ပထမဦးဆုံးညက သောက်ခဲ့တဲ့ လမ်း80 က အရက်ထက်တောင် အနံ့ ဆိုးသေးတယ်..။ တစ်ခွက်စီသောက်ပြီး မျက်နှာကြီး ရှုံမဲ့သွားတဲ့နေဝန်းနီကိုကြည့်ပြီး ကိုမြင့်ဇော်ကနောက်နေသေးတယ်..။
“မပူပါနဲ့ကွ…။ ဒီအရက်ကလည်း မူးတတ်ပါတယ်..။ အရက်ဆိုတာ မိန်းမလိုပဲတဲ့..။ တစ်ခွက်သောက်ရင် တစ်ခွက်စာမူးတာပဲ..။ မိန်းမကလည်း သူ့ကိုနဲနဲပဲ ဂရုစိုက်ရင် နဲနဲပဲ ပြန်ချစ်လိမ့်မယ် မှတ်ထား”
တဲ့လေ…။ နှစ်ယောက်သား လမ်းလျှောက်လာတာ ကိုရယ်စရာပြောရင်းအမောဖြေနေကြတာ…။

2 comments

  • naywoonni

    July 11, 2011 at 11:38 pm

    သူကြီးရေ… လုပ်ပါဦး ထပ်ကုန်ပြီ….. အက်ဒစ်လုပ်ဖို့ ခလုပ်ထည့်ပေးပါ..။ တင်တုန်းကတခါထဲပဲ ပတ်ပလစ်ရှ်ကိုနှစ်ခါနှိပ်မိပြီး နှစ်ခုဖြစ်သွားပြီ..။ Categories ခွဲလို့လဲမရဘူး..။ အရင်က Dashboard မှာ Post ကိုဖွင့်လိုက်ရင် ပို့စ်တစ်ခုချင်းကို အက်ဒစ်လုပ်လို့ရတယ်..။ Categories ပြန်ခွဲလို့ရတယ်..။ ကွစ်စ် အဲဒစ်ဆိုတာလားပါတယ်လေ…။ အဲဒါနှိပ်လိုက်ရင်ရတယ်..။ ခုတော့ တင်ပြီးသားပို့ တွေမှာ View ဆိုတာပဲ ပါတော့တယ်..။

Leave a Reply