ရဟန်းဝတ်စဉ်က အလွဲ(၂)

“ဟာ ဟေ့ကောင်တွေ”ဗုဒ္ဒေါ။ ခေါ်လိုက်ပုံကိုကြည့်။နောက်မှ “အယ် ဘွာတေး ငါကလူပဲထင်လို့” ။အဲဒီ Rapperဆိုသည့်ကောင်လုပ်လိုက်လျှင် အလွဲချည်း။ သူက

“တကာလေး ဘာလုပ်တာလဲ”ဆိုတော့ လက်ထဲက ကျွတ်ကျွတ်အိတ်ကို ကိုင်ပြီး မြောက်ပြ၏။ အားလုံးသော ဦးဇင်းတွေက ဘာမှန်းမိသိတော့ ရုံလက်စ သင်္ကန်းတွေကို အသာထားပြီး လှမ်းကြည့်လိုက်ကြသည်။

“ဘာလဲ တကာလေးရဲ့”

” ဂျင်းသုတ်”

ိထိုသို့ပြောတော့ သူတို့ထဲတွင် အငယ်ဆုံးဖြစ်သော ဦးဇင်းတစ်ပါးက ဝေး ဟုထအော်သည်။ သူက အခြားဦးဇင်းတွေ သိမှာစိုး၍ ကတုံးကို ဂေါက်ခနဲ ခေါက်ချလိုက်၏။

“ကိုယ်တော် သိက္ခာလေး ဘာလေးဆည်ဦးမှပေါ့ လူမဟုတ်တော့ဘူး သင်္ကန်းကြီးနဲ့”

ထိုအခါ ခေါင်းကလေးကို ပွတ်ပြီး မျက်စိကတော့ ဂျင်းသုတ်ထုပ်နားကကို မခွာတော့။ ဒီ တကာလေးကတော့ ငရဲတွေကြီးဦးတော့မှာပဲဟု တွေးမိသော်လည်း သူ့ဗိုက်ကလည်း ဂွီ ဂွီဟု သူ့အရှက်ကိုခွဲလေသည်။ တကာ Rapperက ပြုံးစိ ပြုံးစိ လုပ်နေသဖြင့် သူမနေတတ်မထိုင်တတ်ဖြစ်နေလိုက်သေးသည်။

“ဂျင်းသုတ်ဘုန်းပေးလို့ရပါ့မလား “

“ရတယ်ပြောတာပဲ ဦးဇင်းရဲ့ ငါတို့ အဲ တပည့်တော်တို့ဝတ်တုန်းကလည်း. ညနေ ဗိုက်ဆာရင် ဒီလိုပဲ တကာမတွေ ကပ်လို့ ဘုန်းကျတာများ အမုန်းဆွဲခဲ့တာလေ”

“ဟုတ်လို့လား တကာ Rapperရာ”

“ရော ်ဟုတ်ပါတယ်ဆို ငနွားကလဲ”

“ဘာ”

” အဲ ကန်တော့ ကန်တော့ ပါးစပ်ကလည်း အကျင့်ကိုဖြစ်နေတယ် မင်းအဲ ဦးဇင်းတို့ ဘုန်းကြီးဝတ်တာလည်း တပည့်တော်တော့ ငရဲကိုရတာပါပဲ မပြောတတ်မဆိုတတ်တော့ ပိုငရဲရတာ နောက် ရှိခိုးလည်းခိုးရ မှတ်ထားနော် လူထွက်မှ”

” အာ ဒီတကာ နာတော့မယ်”

” အမျက်မထွက်ပါနဲ့ဘုရား ခင်လို့စ…တာပါ”ကောင်းရော။ သည်ကောင်လာမှပဲ သူလည်း ဘာတွေပြောမိမှန်းကိုမသိတော့။ စကားကောင်းနေ၍ သူ့သူငယ်ချင်း ဦးဇင်းများကိုကြည့်လိုက်တော့ မျက်လုံးပြူးသွားရသည်။ အဘယ့်ကြောင့်ဆိုသော် ဂျင်းသုတ်ထုပ်သည် အကပ်အသတ်မကျန်လောက်အောင်ပြောင်နေလေပြီ။ သူ့ခမျာ စကားကောင်းကောင်းနှင့် အိန္ဒြေဆည်ခဲ့သမျှ ငတ်ချေလေပြီ။ သူငယ်ချင်း ဦးဇင်းတွေက သူ့ကို စပ်ဖြီးဖြီးမျက်နှာပေးများဖြင့်ကြည့်ကြလေသည်။ သူကတော့ အမျက်ဒေါသကို စိတ်ထဲ ကျိတ်၍ ပေါက်ခွဲလိုက်စဉ် မနေနိုင်စွာ ဖင်က “ဘူး”ခနဲထွက်သွား၏။ ထိုအခါ အားလုံးက နှာခေါင်းပိတ်ပြီးထွက်ပြေးကြရသဖြင့် ဖရုဿဝါစာ စကားလုံးများ ကိုယ်စီပြောသွားကြသေး၏။

“ကိုယ်တော့ မသာ မသေခင်က ပုပ်နေတဲ့ကောင်”ဟု။

ထိုတကာRapperပြန်သွားသောအခါတွင် သင်္ကန်းရုံဆက်ကျင့်ကြ၏။ သို့သော်လည်း စိတ်မရှည်စွာဖြင့် ရောက်တတ်ရာရာများကိုပြောဆိုရင်း(တရားအကြောင်းများ မထင်လေနှင့် ချစ်သော တကာမလေးများကို အောက်မေ့သတိရကြ၍ ပြန်လည် တမ်းတနေမိသည်များသာ) တစ်ရက်သာ ကုန်ဆုံးစေခဲ့လေသည်။

…………….@@@@@@@@@………………………

“ဟာ ဟေ့ကို်ယ်တော်တွေ ထကြ ထကြ”

ရုတ်တရက် အိပ်ချင်မူးတူးဖြင့် သူတို့ အားလုံး ကုန်းရုန်းထကြသည်။  ဘေးနားက နာရီကိုကြည့်လိုက်တော့ 5နာရီထိုးပြီးနေပြီ။

“မျက်နှာ အမြန်သစ်ပြီး သင်္ကန်းရုံပြီး ဆွမ်းစားဆောင်ကိုလာခဲ့တော့ ကိုယ်တော်တို့ ခြောက်ပါးပဲ ဆွမ်းခံထွက်လိုက်တော့ ဦးဇင်းတို့က ဆွမ်းစားရှိတယ် ဟုတ်လား ကဲ  မြန်မြန်လုပ် အောက်မှာ ကျောင်းသားလေး စောင့်နေပြီ နောက်မကျစေနဲ့ ဆွမ်းခံကြွရင်လဲ ဖြေးဖြေးနဲ့ မှန်မှန်ကြွနော် မြန်လွန်းရင် တစ်ချို့ တကာ/ တကာမတွေ မလောင်းလိုက်ရပဲရှိဦးမ.ယ်”

“တင်ပါ့ဘုရား”ဟု ပြောပြီးသည်နှင့်တပြိုင်နက် အားလုံးပြာယာခတ်ကုန်ကြသည်။ ရေခွက်ပြေးဆွဲပြီး ကျောင်းဆောင်အောက်ကိုပြေးဆင်းကြသည်။ ကုဋီထဲသို့အပြေးအလွှားဝင်သူက ဝင် မျက်နှာသစ်သူက သစ်နှင့် ဆူညံနေကြသည်။ သင်္ကန်းရုံလိုက်ကြတော့လည်း လောလော လောလောနှင့်မို့လားမသိ ပုံစံမကြသည်ကလွဲ၍ အတော်အသင့်တော့ကြည့်ကောင်းအောင် တစ်ပါးအကူအညီ တစ်ပါးယူ၍ ရုံပြီးသွားသည်။ ပြီးနောက် သပိတ်များကို ဆွဲယူပြီး ကျောင်းဆောင်ကြီးပေါ်မှ တောင်ကြီးပြိုသကဲ့သို့ ပြေးဆင်းလိုက်ကြသည်မှာ သင်္ကန်းနှင့် မလိုက်သလိုကြီးပင်။

ဆွမ်းစားဆောင်ကိုရောက်တော့ တိုင်ကလေးကိုမှီပြီး အမောင်ကျောင်းသားခမျာ အိပ်ငိုက်နေရှာ၏။ သူက

“ကျောင်းသား ထွက်လို့ရပြီး”

ဒါတောင် အင်းအင်း အဲ အဲ့ဖြင့်  အိပ်ချင်မူးတူးဖြစ်နေသေးသည်။ နောက်တော့ ရှေ့ကနေ ကြေးစည်ကလေးကို နောင်နောင် ထုရင်း ချီတတ်လေသည်။ သူတို့တွေလည်း ကြီးစဉ်ငယ်လိုက်စီ၍ နောက်ကနေ စက္ခုအိန္ဒြေချလျှက် ဖြေးဖြေးနှင့် မှန်မှန်ဆိုသည့် စကားကိုလိုက်နာပြီး ကြွကြသည်။ ကြွတာကလည်း ခြောက်ပါးတည်းဆိုတော့ တစ်ပါးနှင့်တစ်ပါး မကွာအောင် သတိထား၍ လိုက်ကြသည်။ ထိုမှာပဲ ရှေ့ဆုံးက ကိုယ်တော်က ခြေထောက်ကို မော်တာတပ်ထားသည်လားအောင်းမေ့ရအောင် သုတ်ခြေစတင်သည်။ သူတို့ဦးဇင်းငယ်တွေခမျာ သင်္ကန်းရုံထားသည်မှာ အချိုးသိပ်မကြလှသဖြင့် သင်္ကန်းကိုထိမ်းရင်း နောက်က အမှီလိုက်နေရသည်။

တစ်ချို့အိမ်များက

“ရပ်တော်မူပါဦး ဘုရား”ဆိုပြီး အမောတကောဖြင့် ဆွမ်းးအုပ်များကိုကိုင်ပြီး အပြေးထွက်လာကြသည်။

“ရပ်တော်မူပါဦး ဘုရား”ဆိုသည့် အသံများက သူတို့ ဆွမ်းခံရာ လမ်းတစ်လျှောက်လုံး မကြားချင်မှအဆုံး။ တစ်ပါးကိုမမှီလိုက်သဖြင့် တစ်ပါးက ရပ်စောင့်ရသည့်အခါ သပိတ်ထဲတွင် ဆွမ်းများ ပြည့်လျှံအောင် လောင်းလိုက်ကြသည်။ သပိတ်ကလည်း သံသပိတ်ဆိုတော့ ဆွမ်းပူပူ၏ အပူဒဏ်ကောင့် လက်ကို ပူလောင်လို့နေသည်။ ကိုယ့် သပိတ်ကိုကြည့်နေရသဖြင့် ရှေ့ကကိုယ်တော်ကိုကြည့်လိုက်တော့ အတော်လေးကို ဝေးနေသည်။ မဖြစ်သေး အမှီလိုက်ရမည်။ သပိတ်ကိုသေသေချာချာပိုက်ပြီး ခြေလှမ်းများကို သုတ်ခြေတင်လိုက်သည်။ ထိုသည်ကို ဝေးကကြည့်လျှင်ဖြင့် ဆွမ်းခံကြွသော ဦးဇင်းများ  လေဟုတ်စီးပြီး ကြွနေကြသလားလို့ ထင်ကုန်မည်လားမသိ။

သူုတို့မှာ ကျောင်းကိုပြန်ရောက်တော့ တံထွေးများပင်ထွက်ပြီး ဟောဟဲလိုက်နေလေသည်။ မောင်ကျောင်းသားခမျာ သူတို့နားကပ်၍ စကားတစ်ခွန်းလာပြောသည်။

“ဦးဇင်းတို့ဘုရား ဘာလို့ နောက်ကနေ အမှီလိုက်တာလဲ ဘုရား အမှန်က တပည့်တော်က ရှေ့က အတော်ဝေးဝေးရောက်မှ တကာ့မတွေက ကြေးစည်သံကြားတော့ ဆွမ်းအုပ်ကိုပြင်တဲ့သူက ပြင်ကြတာ အရင်နေ့တွေက ကြေးစည်သံကြားပြီး အတော်လေးကြာမှဆိုတော့ အေးအေးလူလူလောင်းနေကြ ဒီနေ့တော့ အားလုံး တပ်သုတ်ရိုက်ကုန်တော့တာပဲ တပည့်တော်က ရှေ့ကရှိသေး နောက်က ကပ်လိုက်နေပြီ။ ဟို ဦးဇင်းကလဲ တပည့်တော်က ခပ်ခွာခွာဖြစ်အောင် မြန်မြန်သုတ်လေ ဦးဇင်းကအမှီလိုက်လေနဲ့ ဟူး မောလိုက်တာဗျာ……ခြေထောက်တွေတောင် မညောင်းစဖူး ညောင်းနေပြီ”

သူတို့ကတော့ ဘာမှပြန်မပြောအားသေး။ အသက်အကြီးဆုံး ကိုယ်တော်ကိုလည်း မပြောချင်။ မျက်လွှာကလေးချလို့ သူမဟုတ်တဲ့အတိုင်း။

သပိတ်များကိုရေဆေးပြီး အေးအေး လူလူ ထိုင်နေစဉ် သူ့ထက် အသက်တစ်နှစ်ငယ်သော ကိုယ်တော်က

“ဒီမယ် လူထွက်ရင်တေးထားတာတစ်ခုရှိတယ်”ဘာပါလိမ့်။ ကောက်ခါ ငင်ခါကြီး ထပြောတော့ အစ မရှိ အဆုံးမရှိသဖြင့် သူက မေးငေါ့မေးရသည်။

“ဘာလဲ ဘာတွေ တေးထားတာတူန်း ကိုယ်တော်ရဲ့”

“ဟိုလေ ကိုယ်တော် ဒီနေ့ ဆွမ်းခံတာ သတိမထားမိလိုက်ဘူးလား”

” မထားမိပေါင် တပည့်တော်က ဝေးဝေးလံလံမှ သိပ်မကြည်တာ ရှေ့ကို လေးတောင်ပဲ ကြည့်ရတယ်ဆိုလို့ လေးတောင်ထက်ကျော်အောင်တောင်မကြည့်မိဘူး…..”

” ဒါဆို ကံကောင်းတာပဲ ဒီလို ကိုယ်တော်ရဲ့ ကျောင်းအဝင်လမ်းမှာလေ တကာမ ချောချောလေး တစ်ယောက် ဆွမ်းလောင်းတာ သိပ်ကိုမိတာပဲ လူထွက်ရင်တော့လား”

သူ အံ့ဩသွားသည် ။ ဘာများလဲလို့။ သူလည်းမပြောမဆိုနှင့် ထိုကိုယ်တော်ခေါင်းကို အားရပါးရ ခေါက်ချလိုက်ပါသည်။

“ဂေါက်”

ဆက်ရန်

သော်ဇင်(လွိုင်ကော်)

11th-July-2011