အေးချမ်းစေဖို့

manawphyulayJuly 12, 20111min16913

သူက မုန်းလည်း….
အမုန်းမဖက် မေတ္တာလက်နှင့်
ပွေ့ဖက်ခေါ်ငင် ပြုံးပန်းဆင်ပါ။
သူက ငြိုငြင်…
အပြစ်တင်လည်း ချစ်ခင်ရိုးသား
မြတ်စိတ်ထား၍ စကားချိုမြ
နှုတ်စကားလှကို ဖွဖွဆိုပါ။
သူက ရန်ရှာ….
ပြုမူပါလည်း ညင်သာသက်သက်
ခွင့်လွှတ်လျက်နှင့် နှစ်ဖက်နှစ်ဝ
အေးငြိမ်းရအောင် လမ်းပြဆောင်ပါ။
မေတ္တာ၊ သစ္စာ…
အနှစ်နာနှင့် ဘယ်ခါမဟူ
စိတ်ထားဖြူစွာ နေတတ်ပါမှ
သင်၏ဘဝ အေးချမ်းရလိမ့်……

ရေးသားသူ – မနောဖြူလေး

13 comments

  • pan pan

    July 12, 2011 at 1:40 pm

    ကိုယ်က သည်းခံလိုက်ရတာကို နစ်နာလိုက်လေခြင်းလို့ တွေးမိဖူးပါတယ်
    အဲ့တုန်းက တကယ်ပူလောင်ပါတယ်
    မmanawphyulayပြောသလိုလေးဆိုရင် တကယ်အေးချမ်းစရာပါ
    စာဖတ်ရတာနဲ့တင် အေးချမ်းသွားပါတယ်
    🙂

  • windtalker

    July 12, 2011 at 2:35 pm

    သူက ပြုံးရင်
    ကိုယ်ပါ ပြန်ပြုံး
    အပြုံးဖလှယ်
    ချစ်ခြင်းကြွယ်ကာ
    တိုးပွား ခင်မင်
    ကြာရှည်သက်တမ်း
    စီးပွားလန်းကာ
    ပျော်ရွှင် ချမ်းသာ
    ရှိလတ္တံ

  • mzm

    July 12, 2011 at 4:05 pm

    မှန်တာပေါ့ဒကာမရယ်မှန်လေစွ

  • Yan Shin

    July 12, 2011 at 4:31 pm

    နာမ်မည်နဲ့ ကဗျာနဲ့လိုက်ပါတယ်။
    စိတ်ကြည်ရင် ရုပ်ပါကြည်မှာပါ။
    ကျောင်းသားဘဝက ဖတ်ဘူးတာရှိတယ်။
    မောင်ပန်းမွှေးကဗျာလေးပါ။( ကဗျာကတော့ ကောင်းပါတယ်၊ လူတော့မသိ…..)

    ဘယ်သူဖြစ်ဖြစ် ဘာဖြစ်ဖြစ်
    မုန်းသည်ကြားလျှင် လွမ်းပါသည်။
    ချစ်သည်ကြားလျှင်ဝမ်းသာသည်။

  • kai

    July 12, 2011 at 4:40 pm

    မုန်းချစ်သည်ကြား ကားယားထိုင်လျှင်
    လှေနံနှစ်ခွ ခြေချနင်းလျှင်
    ပြဲတတ်ပါသည် လွဲတတ်ပါသည်။
    မွှေးပန်းမောင်ဆီ…။ 🙂

  • moethidasoe

    July 12, 2011 at 4:50 pm

    ဟုတ်တယ် .. ငါ့ကိုမှ ပြောရက်လေခြင်း .. အချင်းချင်းကိုမှ ရက်စက်လေခြင်း ရယ်လို့ တနုန့်နုန့် တွေးနေရင် မအေးချမ်းဘူးဆိုတာကို လက်တွေ့ သိခဲ့ပြီးပြီ .. အခုတော့လဲ နေတတ်သွားပြီ .. ကျေးဇူးပါ

  • manawphyulay

    July 12, 2011 at 5:03 pm

    မနောလည်း ငယ်တဲ့အရွယ်တုန်းက အဲလိုစိတ်မထားတတ်ဘူး။ နောက် စိတ်ကြီးတတ်တော့ တစ်ခုခုဆို တစ်နုံ့နုံ့နဲ့။ ဘယ်တော့မှလည်း မမေ့တော့ဘူး။ နောက်ပိုင်း ကြာလာတဲ့အခါ ဒီလိုဖြစ်တာမကောင်းမှန်းသိလာတယ်။ နောက် အဲလိုဖြစ်တာဟာ သူများအတွက်မဟုတ်ပဲ ကိုယ့်ရဲ့စိတ်ကို လွတ်လပ်မှုကနေ အနှောင်အဖွဲ့ဖြစ်စေတယ်ဆိုတာ နားလည်လာတယ်။ နောက်ပိုင်း ဘာဖြစ်ဖြစ် ခွင့်လွှတ်ကြည့်မိတော့ စိတ် အေးချမ်းတာ သွားတွေ့ရတယ်။ ကိုယ့်ပေါ် ကောင်းသည်ပဲဖြစ်စေ၊ ဆိုးသည်ပဲဖြစ်စေ၊ ကွယ်ရာမှာ အတင်းပြောသည်ပဲဖြစ်စေ ဒီလိုလူမျိုးတွေကို အခေါ်အပြောမပျက် ဆက်ဆံလာနိုင်တယ်။ သူ့တို့ကိုလည်း စိတ်ထဲမထားတော့ဘူး။ လူ့လောကမှာ ခဏတာ လာတွေ့ကြတာ ဘာလို့ အာဃာတတွေထားပြီး သူများအပေါ် ရန်ငြိုးထားနေမလဲဆိုတဲ့စိတ်နဲ့ နေကြည့်လာတဲ့အခါ ကိုယ့်ရဲ့စိတ်ဟာ အမြဲလွတ်လပ်မှုကို ခံစားနေရပြီး ဘယ်အချိန်ပဲဖြစ်ဖြစ် စိတ်ပေါ့ပါးလန်းဆန်းတာကို တွေ့ရှိခဲ့မိပါတယ်ရှင်….

  • pooch

    July 12, 2011 at 5:05 pm

    နေတတ်ရင်တော့ … ကျေနပ်စရာ ကြီးပါ….

  • ရွှေဘိုသား

    July 12, 2011 at 8:22 pm

    ကောင်းလိုက်တဲ. စာသားလေးတွေ
    မှတ်သားလောက်ပါတယ်ခဗျ မှတ်သားလောက်ပါတယ်

  • naywoonni

    July 12, 2011 at 8:38 pm

    နေဝန်းနီကတော့ သူ့ရဲ့ မလှတဲ့ မျက်နှာကြီးကို မှန်လိုပဲထားတယ်..။ သူ့ကိုပြုံးပြရင် ပြန်ပြုံးပြတယ်..။ မဲ့ပြရင် ပြန်ရွှဲ့ပြတယ်..။ မထေ့လေးစား လုပ်တယ်ထင်ရင် ဆဲလွှတ်လိုက်ဖို့ဝန်မလေးဘူး..။ ဟီးး ကိုယ်ဂုဏ် ကိုယ်ဖော် ……. ဘာဆိုလားပဲ..။

  • nature

    July 12, 2011 at 10:19 pm

    အပြောလွယ်လျှက် အလုပ်ခက် ၊ အငိုလွယ်လျှက် အရှိုက်ခက် ၊ တရားသိလျှက် အကျင့်ခက်။

  • weRone

    July 13, 2011 at 2:26 pm

    သည်းခံခြင်း သည် အောင်မြင်ခြင်း တဲ့..

  • နွယ်ပင်

    July 13, 2011 at 2:36 pm

    မနောရေ မှန်လိုက်တာနော်
    ဒါပေမဲ့ နွယ်ပင်အတွက်တော့ အမြဲတမ်း မအေးချမ်းနိုင်သေးပါဘူး
    ဒေါသစိတ်ကလေးက ရှိနေသေးတော့လေ …

Leave a Reply