မိုးခါးရေ သောက်သင့် မသင့်

Yan ShinJuly 12, 20111min15921

သက္ကရဇ် ၂၀၀ဝ လောက်တုန်းကပါ။ ကျွန်တော်တို့ နေထိုင်ရာနယ်မြို့ ကလေးရဲ့ လက်ဘက်ရည်ဆိုင်ကလေးမှာ သူငယ်ခြင်းတွေစုထိုင်နေရင်း ရောက်တတ်ရာရာ စကားတွေဖေါင်နေတုန်းပေါ့။ သူငယ်ခြင်းတစ်ဦးက ပုံပြင်လေးတစ်ပုဒ်ပြောပြပါတယ်။ လူကြီးမင်းတို့လည်းကြားဘူးပြီးဖြစ်မှာပါ။ သူပြောတဲ့ပုံပြင်လေးက သိပ်မထူးဆန်းတဲ့ ပုံပြင်လေးပါ။ မိုးခါးရေသောက် တဲ့။
မိုးခါးရေသောက်ပုံပြင်လေးကို ပြန်ပြောပြပါရစေ။
ဟိုးရှေ့ရှေးတုန်းကပေါ့ တိုင်းပြည်တစ်ပြည်မှာ ဘုရင်ကြီးနဲ့ သူ့ရဲ့အကြံပေး ပုရောဟိတ်ကြီး တွေ့ဆုံဆွေးနွေးနေကြပါတယ်။ အကြံပေး ပုရောဟိတ်ကြီးက နောက်ခုနစ်ရက်ကြာရင် သူတို့တိုင်းပြည်မှာ မိုးခါးကြီးရွာမှာကို ကြိုသိဆိုပဲ။ အဲဒီမိုးခါးရေကို သောက်သုံးမိသူတွေ အားလုံးရူးမယ်လို့ အကြံပေးပုရောဟိတ်ကြီးကသိနေပါတယ်။ အဲဒါကို သူကသိထားတော့ သူ့ရဲ့ဘုရင်ကြီး ကိုလာတွေ့ပြီး ဘယ်လိုလုပ်ရင်ကောင်းမလဲ ဘာလဲ ဆွေးနွေးနေကြတာပါ။ ရွှေဉာဏ်တော်စူးရောက်တဲ့ ဘုရင်ကြီးက အဲဒီမိုးကြီးရွာရင် သိထားကြတဲ့ သူနဲ့ အကြံပေးပုရောဟိတ်ကြီးတို့ မသောက်မိဘို့ ဆုံးဖြတ်ချက် ချလိုက်ကြပါတယ်။
သိပ်တော်တဲ့ အကြံပေးပုရောဟိတ်ကြီးပါ။ သူပြောတဲ့အတိုင်း ခုနစ်ရက်ကြာတော့ သူတို့တိုင်းပြည်တဝှမ်းလုံး မိုးခါးကြီးသီးသီးခါးခါး ရွာချလိုက်ပါတော့တယ်။ အကြောင်းမှန်ကို မသိသူပြည်သူတွေကတော့ သောက်သုံးမိပြီး ရူးကုန်ကြပါပကောလား။ တစ်တိုင်းပြည်လုံးမိုးခါးရေ သောက်မိလို့ ရူးကုန်ကြပေမဲ့ ကြိုသိလို့ မသောက်ကြတဲ့ အကြံပေးပုရောဟိတ်ကြီးနဲ့ သိပ်မှန်တဲ့ဆုံးဖြတ်ချက်ချမိသူ ဘုရင်ကြီးတို့ နှစ်ဦးကတော့ မရူးကြဘူးလေ။
အဲဒီလို သူတို့နှစ်ယောက်မရူးတာကိုက ရူးတာပါပဲ။
ဟုတ်တယ်လေ တစ်တိုင်းတစ်ပြည်လုံးကလူတွေက ရူးနေကြပြီ။ သူတို့နှစ်ယောက်မရူးတော့ မရူးသူ သူတို့နှစ်ယောက်ပဲ အရူးဖြစ်တာပေါ့။ ဥပမာ တစ်တိုုင်းပြည်လုံး အဝတ်မဝတ်ကြဘူး သူတို့နှစ်ယောက်က မရူးတော့ ရှက်လို့ အဝတ်ဝတ်တယ်။ အဝတ်မရှိသူ အရူးတွေက အဝတ်တွေနဲ့ သူတို့နှစ်ဦးကို အရူးအဖြစ်ဝိုင်းကြည့်ကြတော့တာပေါ့။
အဲဒီလိုနဲ့ သူတို့အတတ်နဲ့သူတို့ အရူးတွေကြားထဲမှာ မရူးသူ သူတို့နှစ်ယောက် အရူးဖြစ်ပြီး ဘယ်လိုမှမနေနိုင်တော့လို့ သူတို့နှစ်ဦးနောက်ဆုံး ရူးသွားကြတယ်တဲ့။
လူကြီးမင်းတို့ရေ ကျွန်တော့်သူငယ်ခြင်းတစ်ယောက် လက်ဘက်ရည်ဆိုင်မှာ ပြောပြတဲ့ ပုံပြင်လေးကတော့ ဒါပါပဲ။
အဲဒါကို ကျွန်တော်တို့ သူငယ်ခြင်းတွေ ငြင်းခုန်မိကြပါတယ်။
ပုံပြင်ကို တစ်ယောက်အမြင်တစ်မျိုးနဲ့ပြောကြပါတယ်။
(အဲဒါကိုတော့ နောက်နှစ်ရင်ကြာမှ ဆက်တင်ပေးပါမယ်)

ခုသူငယ်ခြင်းတို့က ဒီပုံပြင်ပေါ်အမြင်လေးကို ဆွေးနွေးပေးကြပါလို့။

21 comments

  • forever

    July 12, 2011 at 7:28 pm

    ကိုရန်ရှင်းရေ

    ဒီပုံပြင်လေး ကိုအခြေခံပြီးပြောရရင်
    အများမိုးခါးရေသောက်တဲ.အချိန်မှာ
    အဲဒီမိုးခါးရေကို ကိုမသောက်ဘဲ
    ဘယ်လောက်နေနိင်မလဲ…
    ရိုးရိုးရေတွေ မရှိတော.တဲ.အချိန်မှာ….
    အသေခံမလား…စဉ်းစားရင်းနဲ…

  • naywoonni

    July 12, 2011 at 7:31 pm

    နေဝန်းနီရဲ့ ဆရာတစ်ပါးပြောတဲ့ပုံပြင်ထဲကမှာက အဲဒိလိုမဟုတ်ဘူးဗျ..။
    ဘုရင်ကြီးနဲ့ ပုရောဟိတ်ကြီးက အရူးတွေကြားထဲမှာ သူတို့နှစ်ယောက်ထဲ မရူးတာဆိုတော့ ကြောင်တောင်တောင် ဖြစ်နေပါသတဲ့..။ အားလုံးကလဲ သူတို့နှစ်ယောက်ကို အရူးတွေလို့ ပြောနေတော့ ဘုရင်ကြီးက စဉ်းစားသတဲ့..။ ရောမရောက်ရင်ရောမလို ကျင့်ဆိုတဲ့စကားနဲ့အညီ လိုက်လျောညီထွေ ရူးချင်ယောင်ဆောင်ကြဖို့ အကြံရသတဲ့..။ အဲဒိလိုနဲ့ လိုက်လျောနိုင်တဲ့ ကိစ္စလောက်ကို လိုက်လျောပြီး ရူးချင်ယောင်ဆောင်လာ လိုက်တာ ခုထိ သူ့မျိုးဆက်က မတိမ်ကောဘူးတဲ့..။ ဒါပေမဲ့ တစ်ကယ်ရူးတာမဟုတ်တော့ တစ်ခါတစ်လေကျတော့ ဘယ်သူဘာပြောပြော အသာလေးငြိမ်နေပြီး ကွယ်ရာကျတော့ သူလုပ်ချင်တာလုပ်ပါသတဲ့..။ သူ့တို့ကတစ်ကယ်ရူးတာမှမဟုတ်တာ..။ အရူးတွေပြောတာ ခေါင်းငြိမ့်ပေမဲ့ လုပ်ချင်မှလုပ်မှာပေါ့ မဟုတ်ဘူးလား..။ အဲဒိဘုရင်ကြီးရဲ့ မျိုးဆက်တွေဟာ ဘယ်သူတွေ ဖြစ်မလဲ စဉ်းစားကြည့်ရအောင် ……….

  • ရွှေဘိုသား

    July 12, 2011 at 8:17 pm

    ရောမရောက်ရင် ရောမလိုကျင်.ရမှာပါပဲ
    မိုးရေခါးတွေ အကုန်သောက်နေတဲ.အချိန် ရေချိုသောက်ချင်တယ် လို.သွားပြောရင်
    အဲဒီလူ ပညာရှိမဟုတ်တော.ပါ

  • ဆူး

    July 12, 2011 at 9:06 pm

    အရူးက တမူးသာ ဆိုတဲ့ စကား အတိုင်းပေါ့.. တိုင်းပြည် တခုလုံး ရူးကြပေမဲ့ မရူးတဲ့ လူ ၂ယောက် က ရူးချင်ယောင် ဆောင်သင့်ရင် ဆောင် မဆောင်သင့်ရင် လူကောင်းလိုနေ.. အေးဆေးပဲ.. အဲလိုပဲတွေးတယ်။ ဘာလို့လဲ ဆိုတော့ အိမ်နောက်မှာ တသက်စာ ဖူလုံအောင် ရှူးရှူးကနေ ရေပြန်ထုတ်တဲ့ စက်ရှိလို့ပါပဲ… မိုးခါးရေ လုံးဝ မသောက်မိဖို့ အာမခံလို့ ရပါတယ်။

  • windtalker

    July 12, 2011 at 9:12 pm

    ကျွန်တော် သာ အဲ့လို ကြုံ ခဲ့ မယ် ဆိုရင် မိုးခါးရေ ကို ကဇော်ဖောက်သောက်ရမှာပဲ ။ ဟီဟိ

  • naywoonni

    July 12, 2011 at 9:30 pm

    အရက်သမာ တော်ကား…………. 😛
    နင့်ကို ရှူးရှူး ကို တစ်ဆေးနဲ့ ဖောက်ပြီး ပေါင်းခံ တိုက်မယ်..။

  • မင်းပြည့်ရှိန်

    July 12, 2011 at 10:03 pm

    မိုးခါးရေ သောက်သင့် မသောက်သင့်ဆိုတော့
    လုံးဝ မသောက်သင့်ပါ… (သိသိကြီးနဲ့ပေါ့လေ)
    မသိဘဲ သောက်လိုက်မိလို့ မိုးခါးရေ ဖြစ်နေရင်တော့လည်း ရူးပေတော့ပေါ့..

    အရူးတွေ ကြားထဲ နေလို့ ပြဿနာ ရှိနေနိုင်ပေမယ့်…
    တစ်ကယ်ကို ရူးမသွားဖို့က အရေးကြီးပါတယ်…

    လောကမှာ.. ဘဝမှာ… အသိဉာဏ် က သိပ်အရေးကြီး သမို့..
    အဲဒီ အသိဉာဏ် ပျောက်ဆုံး ပျက်စီးစေမယ့် ကိစ္စဟာ… ဘဝကို ပျောက်ဆုံး ပျက်စီးစေခြင်းပဲ ဖြစ်ပါလိမ့်မယ်..

    သို့ပါသောကြောင့်…
    မိုးခါးရေကို လုံးဝ(လုံးဝ) မသောက်သုံးသင့်ပါ…

  • nature

    July 12, 2011 at 10:06 pm

    မိုးခါးရေသောက်မလား ရှုရှုးကိုရေသန့်လုပ်သောက်မလားကြ်ိုက်တာရွေး၊ ဟူး တော်ပါသေးရဲ့ ၊ မြန်မာနိုင်ငံသာ နည်းပညာတွေအရမ်းတိုးတက်ပြီး ရှုရှုးကို ရေသန့်လုပ်တတ်သွားရင် ဒုက္ခပဲ။ 🙂

    • မင်းပြည့်ရှိန်

      July 12, 2011 at 10:19 pm

      ဟုတ်ပါ့ဗျာ…
      ရေသန့်လုပ်လိုုက်….အသားတု လုပ်လိုက်နဲ့ ဆိုရင်တော့ ပြဿနာပဲ..
      ပြီးတော့ ဒီက လူတွေက မေ့တတ်တယ်လေ..
      ဟေ့ကောင်…မင့်ဟာက ဒီနေ့ အရသာ တစ်မျိုးဖြစ်နေပါလားကွ…ဆိုရင်
      အေးဗျာ… ကျွန်တော် သန့်စင်ဖို့ အဆင့် တစ်ဆင့် မေ့ကျန်သွားလို့ပါဗျာ…ဆိုလို့ကတော့…
      အမရေး…. လွယ်ဘူး…လွယ်ဘူး…

  • pan pan

    July 13, 2011 at 9:17 am

    “အမှာများတော့ အမှန်ဖြစ်” ဆိုတာ အဲဒါမျိုးပေ့ါ

  • Shwe Tike Soe

    July 13, 2011 at 10:32 am

    သူများမိုးခါးရေ သောက်တိုင်းသောက်ရင် အရူးတွေဖြစ်မယ်ပေါ့…
    ဒါဆို သောက်သင့်လားမသောက်သင့်လား စဉ်းစားစရာကိုမလိုတော့ဘူးပေါ့ဗျာ..

  • နွယ်ပင်

    July 13, 2011 at 10:45 am

    ဒါက ကိုယ့်ဆုံးဖြတ်ချက်ပေါ်မှာ မူတည်ပါတယ်
    အများက မိုးခါးရေသောက်လို့ ကိုယ်ကလိုက်သောက်ရတာပါဆိုတာက
    ကိုယ်ကိုတိုင်ကိုယ်က မိုးခါးရေသောက်ချင်နေလို့ဖြစ်ပါလိမ့်
    မိုးခါးရေ မသောက်ချင်ဘူးဆို မသောက်ပဲ နေလို့ရမယ့် နည်းလမ်းကို ရှာလို့ရမှာပါ ….

  • kai

    July 13, 2011 at 12:33 pm

    ရွာသားများ ညီရင်လေ…။
    ဥပမာဆိုပါတော့… ရန်ကုန် စကော့ဈေးက.. ဆိုင်တဆိုင်ဆိုင်ရဲ့ ဈေးရောင်းနေတဲ့သူ .. မန္တလေးရောက်အောင် လုပ်လိုက်လို့ရတယ်..။
    များများ မလိုဘူး.. လူအယောက် ၂ဝပဲလိုမယ်..။

    ဇတ်တိုက်ကွက် (၁)
    ပထမတယောက်။ ။ ဟာ ..အကိုကြီးပုံက.. မန္တလေးဈေးချိုတော်ဝင်ပေါက်မှာ ကပ်ထားတဲ့ ပိုစတာထဲက ပုံနဲ့ ချွတ်စွပ်ပဲ..။
    အတူတူပါလာသော ဒုတိယတယောက်။ အင်း..ဟုတ်တယ်နော..။ အဲဒိမှာ အိပ်တလုံးကောက်ရထားတယ် ရေးထားတဲ့ ကြော်ငြာမဟုတ်လား..
    (ပြောပြီး ချက်ချင်း လျည့်ပြန်ရန်)

    ဇတ်တိုက်ကွက် (၂)
    တတိယတယောက်။ ။ ဘာမှ မပြောပဲ လက်ညိုးထိုး၍ တခုခုပြောလိုဟန်ပြုပြီး လှည့်ပြန်ရန်

    ဇတ်တိုက်ကွက် (၃)
    ၄ယောက်မြောက်။ ။ အဆိုပါဆိုင်ရှိပစ္စည်းတခုခု ဝယ်ဟန်ပြုရင်း စကားစပ်ပြီး.. မန္တလေးဈေးချိုတော်မှာ ပစ္စည်းတခုခုများ မေ့ကျန်ခဲ့ဘူးလား…။ ဟိုမှာ ပြန်ပေးဖို့ ကြေငြာထားတာတွေ့လို့ ပြောရန်။
    ၅ယောက်မြောက်။ ။ မသိမသာ (မကြားကြားအောင်) ဖားကန့်က အပြန် ကျန်ခဲ့တဲ့ ပစ္စည်းတွေလို့ကြားတယ် ပြောရန်…။

    ဇတ်တိုက်ကွက် (၄)
    ..
    ..

    စိတ်ဝင်စားသူများ… ဇတ်တိုက်ကွက်များ ဖြည့်ကြည့်ကြပါရန်… 🙂
    အများညီရင် ဤကိုကျွဲဖတ်..။
    မိုးခါးရေသောက်..။….. တဲ့…။ ။

    • R Ga

      July 13, 2011 at 4:19 pm

      ဇာတ်ကွက်(၄)
      …………….
      ၆ယောက်မြောက် ။ ။ ၅ယောက်မြောက်လူစကားအား ထောက်ခံသလိုလို မကြားတကြားလေသံဖြင့် “နေပြည်တော်ကျောက်မျက်ပြပွဲ အသွားလမ်းခုလပ်မှာနားရင်ဆိုလားပဲ”

    • kai

      July 13, 2011 at 4:38 pm

      ဇတ်ကွက် (၅)။
      ရ ယောက်မြောက်( မိန်းကလေး)
      “ကျနော်တို့ မန္တလေးရထား အခုတင်ဆိုက်တာ.. အဲဒါ မန္တလေးဈေးချိုမှာလူတယောက်သိန်းထောင်ချီတန်တဲ ့ အထုတ်မေ့ကျန်ခဲ့တယ် ပြောနေကြတာ..။ အဲဒါ..ဆိုင်ရှင်ကြီး စိတ်မရှိနဲ့နော.. နာမယ်လေးသိခွင့်ရှိမလား..”
      ၈ယောက်မြောက် (အဒေါ်ကြီး)
      “ဟုတ်ပါ့မောင်ရယ်..။ နာမယ်ဘယ်လိုခေါ်သလည်း။ ဒီမြို့တင်နေတာလား…။”

      ကျန်တာ အလာပ၊သလာပပြော၍ ပြန်စေ..။
      နောက်တရက်ကူး..ကားလိပ်ချ…။ 🙂

      • ကြောင်ကြီး

        July 14, 2011 at 9:22 am

        သဂျီးကြည့်ရတာ ဓာတ်ရှင်မင်းသားတယောက်နဲ့ အရမ်းတူသလိုပဲ။ ဟို ကိုပြေငြိမ်းဆိုလား…
        ရွာသားအပေါင်းရေ သဂျီးကို မိုးခါးရေလေး ဝိုင်းတိုက်လိုက်ကြပါအုံး။ 👿

  • nature

    July 13, 2011 at 1:55 pm

    ကျနော်ကြားဖူးတာကတော့ အများနဲ့မတူတဲ့ ဘုရင်ကြီးနဲ့ အမတ်ကြီးကို အရူးတွေက တွေ့ရင် အရူးတွေဆိုပြီး ဝိုင်းလိုက်ကြတယ်တဲ့။ သူတို့မတွေ့အောင် အမြဲပုန်းအောင်းနေရတဲ့ ဘုရင်ကြီးနဲ့ အမတ်ကြီးဟာ ကြာတော့စိတ်ညစ်လာပြီးတိုင်ပင်ကြသတဲ့၊ တသက်လုံး စိတ်ညစ်ခံပြီး ဒီလိုပုန်းအောင်း နေမလား အများနည်းတူ မိုးခါးရေသောက်ပြီး အရူးဘဝနဲ့ ပျော်ရွှင်စွာနေမလားဆိုတော့ ပုံပြင်လေးထဲမှာတော့ အများနည်းတူ မိုးခါးရေသောက်တဲ့ လမ်းကိုရွေးချယ်လိုက်တယ်လို့ ဖတ်ဖူးပါတယ်။
    ရူးနေတဲ့သူတွေက အဝတ်ဗလာနေရတာ ပြဿာနာ မရှိပေမဲ့ ၊မရူးပဲ ရူးချင်ယောင်ဆောင်ပြီး အဝတ်ဗလာ နေရတာကတော့ အခက်အခဲ ရှိနိုင်ပါလိမ့်မယ်။
    ကျနော်ကတော့ မကြုံဖူးသေးလို့ မစဉ်းစာမိပါ။

  • Yan Shin

    July 13, 2011 at 4:56 pm

    အားလုံးပဲ ကျေးဇူးတင်ပါတယ်။

    မိမိထင်မြင်ရာ မိမိတွေးမိရာ
    မိမိကြားဘူးရာကို ဆွေးနွေးနိုင်ပါတယ်။
    မနက်ဖန်ဆိုရင် မတူတဲ့ ကျွန့်တော့်သူငယ်ခြင်းများရဲ့ ဆွေးနွေးချက်တွေကို တင်ပြတော့မှာမို့
    တျေးဇူးပြုပြီး အသဲအသန်ငြင်းပေးကြပါအုန်းလို့………….

  • Foreign Resident

    July 13, 2011 at 5:11 pm

    May be လိုက်လျောညီထွေ ရူးချင်ယောင်ဆောင်မယ် ( only if necessary )
    But, I will not drink မိုးခါးရေ
    မိုးခါးရေကို လုံးဝ(လုံးဝ) မသောက်သုံးသင့်ပါ

  • padonmar

    July 13, 2011 at 8:29 pm

    မကြာသေးခင်က ဂျာနယ်ထဲမှာ ကာတွန်းလေးတစ်ခုဖတ်ရတယ်။
    အများမိုးခါးရေသောက်သလိုလိုက်သောက်မယ်ဆိုတော့ အိုးထဲမှာ တစ်စက်တောင်မကျန်တော့ဘူးတဲ့။
    သူများတွေသောက်လို့ ကုန်သွားပြီလေ။

  • nature

    July 13, 2011 at 11:34 pm

    မိုးခါးရေ ကုန်သွားရင်စင်္ကာပူနည်းပညာနဲ့ထုတ်ထားတဲ့ ရေသန့်ရှိတယ်လေ။

Leave a Reply