အခြေအနေမဲ့ သန်းကြွယ်သူဌေး – အပိုင်း (၃၆) “ကိုဖိုးသိ”

ကိုဖိုးသိ

 

“အမည်..ကျားမ.. အသက်..ကျေးဇူးပြု၍ အမိန့်ရှိပါ..”

          သန်းခေါင်စာရင်း လာကောက်တာ ဖြစ်မှာ။ အဲဒီငတိက ကျွဲကော်ကိုင်း မျက်မှန်ထူထူကြီး တပ်လို့ ရှိုးတို့ရှန့်တန့်

နဲ့ ဆင်ဝင်ရှေ့မှာ ရပ်ပြီးမေးနေတာဗျ။သယ်လာတဲ့ ဖိုင်တွေကလည်း တစ်ထပ်ကြီးနဲ့။လက်တစ်ဖက်က အငြိမ်မနေဘဲ

ဆော့ပင်(soft pen) ကို လှည့်နေသေးတယ်။

ဒီလိုလည်းမေးလိုက်ရော ကျွန်တော်တို့ ကာနယ်ကြီး တေလာတစ်ယောက် မျက်နှာထားတစ်ချက် တင်းသွား

သဗျ။အဲ..သူ ့အကြောင်းလေးတော့ နည်းနည်းပြောပြရဦးမှာပေါ့။သူ့တင် မဟုတ်ပါဘူး..သူ့ မိသားစု အကုန်လုံး

အကြောင်းလည်း ပြောရဦးမှာ။ ကာနယ်ကြီးက နို့နှစ်ရောင် လီနင်စနဲ့ ချုပ်ထားတဲ့ ဝတ်စုံကို အဲဗားဝတ်တာ။နွေနွေ

မိုးမိုး ဒါမျိုးပဲ။သူနဲ့တော့ လိုက်ပါတယ်။လူက ဒေါင်ခပ်ကောင်းကောင်းပဲ။ဘဲဥပုံ မျက်နှာမှာ နှုတ်ခမ်းမွှေးနက်နက်နဲ့။

နှုတ်ခမ်းပါးပါး ၊ပါးစုန့်တွေက ရဲရဲ။သဲညိုရောင် ဆံပင်တွေကို နောက်လှန်ပြီး သေသေသပ်သပ် ဖြီးထားတာ။

ဒီ သန်းခေါင်စာရင်း လာကောက်တဲ့လူ ရောက်လာတာနဲ့ ကာနယ်ကြီးတို့ တစ်မိသားစုလုံးရော အိမ်မှာရှိသမျှ

အစေခံတွေပါ ဆင်ဝင်ရှေ့မှာ အကုန်စုပြုံပြီးရောက်လာတာ ဓာတ်ပုံရိုက်မလို့လူစုနေတဲ့အတိုင်းပဲ။

“ကျုပ်နာမည် ဗိုလ်မှူးကြီး ချားလ်စ် တေလာ ..ကျား..လေးဆယ့်ခြောက်နှစ်၊ ဒါ

ကျုပ်မိန်းမ ရီဘက်ကာ တေလာ.. မ..လေးဆယ့်လေးနှစ်”

သူ့မိန်းမကို လက်ညှိုးထိုးပြီး ပြတယ်။မစ္စစ် တေလာ က ခပ်သွယ်သွယ်ပဲ.. ရွှေအိုရောင်ဆံပင်နဲ့။စကတ်

ရှည်ရှည်ကို ဝတ်လို့ဗျ။

“ဒါ ကျုပ်တို့သား..ရွိုင်း ..ကျား..ဆယ့်ငါးနှစ်”

ရွိုင်းက အရေးတောင်မလုပ်ဘူး။သူ့လက်ထဲက မိုဘိုင်းဖုန်းကိုပဲ ကလိနေတယ်။သူက အရပ်ရှည်ရှည် ကလန်

ကလားနဲ့။အင်း..အဲဒီတုန်းက သူဝတ်ထားတာ တံဆိပ်လွင့်နေတဲ့ ဂျင်းဘောင်းဘီရယ်.. တီရှပ်ရယ်..နောက်

အားကစားလုပ်ရင်ဝတ်တဲ့ ရှူးဖိနပ်ရယ်။

“ဒါ ကျုပ်တို့သမီး မက်ဂီ..မ ..ဆယ့်ခုနစ်နှစ်”

မက်ဂီ ကတော့ သိပ်အရပ်မရှည်ဘူး။ကြည့်ကောင်းတဲ့ ခပ်ဝိုင်းဝိုင်း မျက်နှာရယ်..မျက်လုံးပြာပြာ နဲ့ သူ့အမေလို

ရွှေအိုရောင်ဆံပင်ရှိသဗျ။ဝတ်ထားတဲ့စကတ်လေးက အတော်လေးကို တိုတာ။

ကာနယ်ကြီး စိတ်မရှည်တော့ဘူး။ပုခုံးကို မြှင့်၊ရင်ကိုဖွင့်ပြီး ခပ်တင်းတင်းလေသံနဲ့ –

“ဒီမှာ ..ကျုပ်က ဩစတေးလျ စစ်သံမှူးဗျ..ဟုတ်လား ကျုပ်တို့က သံတမန်တွေ..ဒီတော့ကာ

ခင်ဗျားအနေနဲ့ ကျုပ်တို့ကို  စစ်စစ်ပေါက်ပေါက်နဲ့ တောင်တောင်အီအီတွေ လျှောက်မေးဖို ့

မလိုအပ်ဘူးလို ့ကျုပ်ထင်တယ်..အဲ..ခင်ဗျားရဲ ့ အစီရင်ခံ စာမှာ ထည့်ဖို့ကတော့ ဒီအိမ်မှာ

အလုပ်လုပ်နေတဲ့သူတွေပဲ ဖြစ်သင့်တာ..ဟုတ်ပြီလား..”

           “အဲဒါ ဘဂဝါတီ..တွေ ့လား ဂိတ်ပေါက်နားမှာ ရပ်နေတဲ့သူ.. သူက ကျုပ်တို့ ဒရိုက်ဗာလည်းဟုတ်၊

ဥယျာဉ်မှူးဆိုလည်းဟုတ် တယ်..ကျား..ငါးဆယ့်နှစ်နှစ်။ နောက် ကျုပ်တို့ အိမ်အကူမိန်းကလေး

ရှန်တီ.. မ..အသက်ကတော့ ဆယ့်ရှစ်လောက်ထင်တာပဲ..လောလောဆယ်တော့ သူ အိမ်မှာ

မရှိဘူး။ ဒါက ရာမူး..ကျုပ်တို့ ထမင်းချက်ပေါ့..ကျား..အသက်ကတော့ နှစ်ဆယ့်ငါး..

။ပြီးတော့ ဒါ သောမတ်စ် ..ကျား.. ဆယ့်လေးနှစ်…ကိုင်း ပြီးရောမှတ်တယ်..”

           “အဲ..မပြီးသေးဘူး ခင်ဗျ..ကျွန်တော် ဗိုလ်မှူးကြီးရဲ ့ အလုပ်သမားတွေကို မေးခွန်းနည်းနည်းပါးပါး

မေးစရာရှိသေးတာ..”

နောက်ဆုံးပေါ် သန်းခေါင်စာရင်း ကောက်နည်းပါပဲ။သောက်ကျိုးနည်း ရှည်လျားတဲ့ စစ်တမ်းမေးခွန်းတွေ

တသီကြီးနဲ့ဗျ။မေးခွန်းတော်တော်များများကတော့ အူကြောင်ကြောင်နဲ့ ပေါက်တီးပေါက်ရှာတွေရယ်။ဒီလိုမျိုးတွေလေ..

ဘယ်တီဗွီ အစီအစဉ်ကိုကြည့်လေ့ရှိသလဲတို့ ၊ဘယ်လို အစားအစာတွေ စားလေ့ရှိသလဲတို့..၊ဘယ်မြို့တွေကို လည်ဖူး

ရောက်ဖူးလဲတို့..နောက်ဆုံးဗျာ သူ့ဖာသာ မေးရင်းမေးရင်းနဲ့ ဒင်းအခွက်ကြီးက တဖြည်းဖြည်း စပ်ဖြီးဖြီးကြီး ဖြစ်ဖြစ်

လာတော့တာ။မဖြစ်ခံနိုင်ရိုးလားဗျ။မေးတဲ့သူကလည်း မဟုတ်က ဟုတ်က၊ဖြေတဲ့သူတွေကလည်း ပေါက်ပန်းဈေးတွေ

ဖြေမိကြတာကိုး။

“အဟဲ..ခင်ဗျား..မကြာခဏ လိင်ဆက်ဆံလေ့ရှိပါသလား..အဟင်း..ဟိ” တဲ့။

မစ္စစ် တေလာ လည်း မနေနိုင်တော့ဘူး။သူ့ယောက်ျားနားကပ်ပြီး တိုးတိုးပြောမိတယ်။

“အိုး..ချားလ်စ် ရေ ကျွန်မတို့တော့ ရာမူးနဲ့ သောမတ်စ် ကို အဲ့ဒီလိုမျိုး သောက်ရူးထပြီးမေးတဲ့

ကိစ္စမျိုးတွေနဲ ့ အချိန်မဖြုန်းစေချင် တော့ဘူး..ရှင် အဲဒီငနာကောင် ကို မောင်းမထုတ်နိုင်ဘူးလား..”

ကာနယ်ကြီးက သူ့အိတ်ထဲကနေ စီးကရက်တစ်ဘူး ဆွဲထုတ်လိုက်ပြီး…

“ဒီမယ် မောင်အဝှာ..မင်းနာမည်တော့ မသိဘူး..ထားတော့ ..ငါ့လူတွေက မင်း စစ်တမ်းမေးခွန်းတွေ

ဆုံးအောင် ဖြေဖို့ အချိန်မရှိဘူးကွ..အဲဒီတော့ကွာ..ဒီ မာဘိုရို တစ်ဘူးယူပြီး နောက်တစ်အိမ်ကို

သွားပါတော့လား..လူ သုံးလေးယောက်လောက်တော့ မင်းစစ်တမ်း

            မှာ အသာလေး ဖယ်ထုတ်ထားနိုင်မှာပါ..ဟုတ်ရဲ ့လား..”

ငနာ က စီးကရက်ဘူးကို တစ်ချက်ကြည့်ပြီး လျှာတစ်ချက်သပ်လိုက်တယ်။

“အင်း..ဟုတ်ပါပြီဗျာ..ကာနယ်ကြီးက တစ်ကယ်ရက်ရောလှပါတယ်..ဒါပေမဲ့ ကျွန်တော်က ဆေးလိပ်

မသောက်ဘူးခင်ဗျ..အဲဒီတော့ .. အဟင်း..ဘလက်လေဘယ် လေးဖြစ်ဖြစ်..ရက်ဒ်လေဘယ်လေး

ဖြစ်ဖြစ် ရရင်တော့..ကာနယ်ကြီး အလိုရှိတဲ့အတိုင်း ကျွန်တော်နာခံပါတော့မယ်ခင်ဗျာ..တစ်ကယ်တော့

လူတွေ ကုဋေကုဋာချီနေတဲ့ အထဲက လူလေးယောက်လောက်ဖျောက်ထားတာ ဘယ်

 သူသိမှာ မှတ်လို့ နော..အဟင်း ဟင်း”

အောင်မယ် ငတ က ကြောင်စီစီနဲ ့ရီလိုက်သေးတယ်။ခြင်္သေ့ ပါးစပ်ထဲကတောင် ရအောင်နှိုက်မယ်ဆိုတဲ့ ကောင်စား

မျိုးတွေ။ကာနယ်ကြီးကို ရှိန်တော့ရှိန်တာ။ဒါပေမဲ့ ပညာက..အဲလေ သောက်ကျင့်က မနေဘူးလေ။

ကာနယ်ကြီးက ငတိကို မျက်မှောင်ကုပ်ပြီး တစ်ချက်ကြည့်တယ်။ နောက် အိမ်ထဲကို ခြေသံပြင်းပြင်းနဲ ့

ဝင်သွားပြီး ရက်ဒ်လေဘယ်တစ်လုံးယူပြီး ပြန်ထွက်လာတယ်။

“ကဲ ဒီမှာ ယူပြီး ကြွပေတော့..နောက်တစ်ခါ လာပြီး မရှုပ်နဲ့တော့..ဂျောင်း..ဂျောင်း..”

ဒါတောင် ငနာက မျက်နှာပိုးမသေတဲ့ အခွက်နဲ့ ကာနယ်ကြီး ကို တစ်ချက်အလေးပြုလိုက်သေးတယ်။

“စိတ်မပူပါနဲ့ ကာနယ်ကြီး ခင်ဗျား..နောက်တစ်ခါ မနှောက်ယှက်တော့ပါဘူး..နောက်ဆယ်နှစ်လောက်ထိပေါ့..”

ပြောပြောဆိုဆိုနဲ ့ငတိက ပျော်ပျော်ကြီး ဒိုးသွားတော့တာပဲ။

မစ္စစ် တေလာလည်းပျော်သွားတယ်။ သူက ပြုံးပြီးတော့ –

“ဒီ သောက်ကုလားတွေကတော့လေ..အရက်ကလေး တစ်ပုလင်းလောက်ရရင် ဘာမဆိုလုပ်မဲ့ အကောင်တွေ..”

ဘဂဝါတီ က ဘာမှန်းညာမှန်း မသိဘဲနဲ့ သွားဖြဲကြီး နဲ့။သူကတော့ ကာနယ်ကြီးတို့ လင်မယား ပြုံးတိုင်း လိုက်ပြုံးနေတဲ့

လူကြီး။အမယ် ရာမူးဆိုတဲ့ ငတိကလည်း သွားဖြီးကြီးနဲ့။သူကတော့ မက်ဂီ စကတ်တိုတိုလေးတွေ ဝတ်တာမြင်တိုင်း

မျက်နှာရူးကြီးနဲ့ ပါးစပ်ကြီး ဖြဲနေတဲ့ လူ။

ကျွန်တော်လား ..။လုံးဝမပြုံးတာ..ကျွန်တော်တစ်ယောက်ပဲရှိတယ်။ ကျွန်တော်တို့ အစေခံတွေဆိုတာ

ကိုယ်ယောင်ဖျောက်နေရတဲ့သူတွေ၊သူတို့ပါတီပွဲတွေလုပ်တိုင်း..သူတို့ မိသားစုတွေ ပျော်ပွဲရွှင်ပွဲ အခမ်းအနားတွေ

လုပ်တဲ့အခါတိုင်း မမြင်အောင် မကြားအောင်နေကြရတဲ့သူတွေ..။ထားပါတော့ဗျာ..ကိုယ့်နိုင်ငံထဲ ကိုယ်နေပြီး

တိုင်းတပါးသားက နှိမ့်ချတာ ခံရတာကိုတော့ ကျွန်တော် ခံပြင်းမိတယ်။သူတို့ မိသားစု မောက်မာပြီး အထက်

စီးလေသံနဲ့ ကျွန်တော်တို့ကို သောက်ကုလားတွေ  လို့ ဆဲဆဲနေတာကိုလည်း ရပ်စေချင်တယ်။ဒီတစ်ခါကြား

ရတာ အကြိမ်ငါးဆယ်မြောက်ပဲ။သူတို့နဲ ့စပြီး နေကတည်းက ကျွန်တော်မှတ်ထားတာ။အဲဒီလို ဆဲတာကြားတိုင်း

ကျွန်တော့်သွေးတွေ ဆူပွက်လာတယ်။ဟုတ်ပြီဗျာ..စာပို့သမားတို့၊ မီးပြင်တဲ့သူတို့၊တယ်လီဖုန်း ပြင်တဲ့သူတို့၊

ရဲသား တို့၊ခု..သန်းခေါင်စာရင်းကောက်တဲ့သူတို့..သူတို့မှာ ဝီစကီလေးတစ်ပုလင်းနဲ့ဆို ပျော့သွားတာပဲ ဆိုတာ။

ဒါပေမဲ့ အဲဒါက ကျွန်တော်တို့ အိန္ဒိယသားတွေအကုန်လုံးကို အရက်သမားတွေရယ်လို့မှ မသတ်မှတ်နိုင်တာပဲ။

ဒါကို တစ်နေ့နေ့တော့ သူတို့မိသားစုကို ရှင်းပြခွင့်လေး ရချင်မိတယ်။အဲ..အခွင့်အရေးရတောင် ကျွန်တော်

လုပ်ပါ့မလား။မသေချာပြန်ဘူး။ဟုတ်တယ်လေ..ဒေလီရဲ ့နေရာကောင်းမှာ အိမ်ကြီး အိမ်ကောင်းနဲ ့နေရတာ

အပျံစား၊တစ်နေ့ ထမင်းသုံးနပ်စားရပြီး တစ်လကို ထောင့်ငါးရာလောက်ရနေတာမျိုး ဆိုရင်..ခင်ဗျားကောဗျာ..။

ဟုတ်တယ်..။တစ်လ ရူးပီး ထောင့်ငါးရာ..အဲဒီတော့..အင်း ခင်ဗျားရဲ ့ဇာတိပုည ဂုဏ်မာနတွေ မျိုသာချထားဖို့ပဲ

လုပ်တော့။ပြီးတော့ သခင်နဲ ့သခင်မ ပြုံးတိုင်း လိုက်သာပြုံးနေ။

မျှမျှတတလေး ပြောရရင်တော့ သူတို့က ကျွန်တော့်အပေါ်တော့ မဆိုးပါဘူး။ကောင်းကောင်းမွန်မွန်ပဲ

ဆက်ဆံပါတယ်။ဟုတ်တယ်လေ။မွမ်ဘိုင်းလို မြို ့ကြီးကနေ သူတို့အိမ်တံခါးဝ ဗြုန်းစားကြီးပေါ်လာတဲ့

ချာတိတ်တစ်ယောက်ကို တော်တော်တန်တန် ဘယ်သူက အလုပ်ပေးပါ့မလဲ။သူတို့ကို(တေလာ မိသားစု)တော့

ကျွန်တော့်အကြောင်း အမှန်အတိုင်း ဘယ်ပြောမလဲ။လှီးလွှဲပြီး ပြောထားတာပေါ့။ခု ကာနယ်ကြီးတေလာ အရင်

က ကာနယ် ဝါ့(ဂျ်)လေ။ကျွန်တော် ဖာသာတီမိုးသီ ဆီမှာ နေတုန်းကပေါ့။ဖာသာ့ဆီတောင် အမြဲလာတယ်လေ။

သူပြီး နောက်နှစ်ယောက်လောက်ပြောင်းပြီးမှ ခု ကာနယ်ကြီး တေလာတို့ ရောက်လာတာ။ပြီးတော့ ကာနယ်ကြီး

တေလာကလည်း အင်္ဂလိကန် တစ်ယောက်ဆိုတော့ ဖာသာတီမိုးသီနေခဲ့တဲ့ ရိုမန်ကက်သလစ် ဘုရားကျောင်းကို

မသွားဘူးလေ။နောက် တကယ်ကံကောင်းတဲ့အချက်က သူတို့ကလည်း အရင် အိမ်စေတွေကို နှင်ထုတ်လိုက်ပြီး

အိမ်စေအလုပ်သမားတစ်ယောက် အရေးတကြီးလိုနေတဲ့ အချိန်ဆိုတော့ ကွက်တိဖြစ်သွားတာ။

ကျွန်တော် သူတို့မိသားစုနဲ ့နေတဲ့ ဆယ့်ငါးလ အတွင်းမှာ အလုပ်ထုတ်ပစ်လိုက်တဲ့ အိမ်စေ ငါးယောက်

မကဘူးဗျ။အဲဒါတွေ အားလုံးကလည်း ကာနယ်ကြီးကြောင့်ပဲ။သူက ဘာမဆိုသိတဲ့ တကယ့် ဦးဖိုးသိကြီး

အရာရာကို သိမြင်တော်မူတဲ့ ဘုရားသခင်ပြီးရင် သူ့အောက်မှာ ကာနယ်ကြီး တေလာ ပဲရှိလိမ့်မယ်ထင်မိတယ်။

အင်း..ကျွန်တော်ပြောတာ မပြုံးပါနဲ့ဗျာ..။ဆယ့်လေးနှစ်သားလေးရဲ ့အသိဉာဏ်မှာ အဲသလိုထင်မိတာ လွန်

မယ်မဟုတ်ဘူးဆိုတာ နောက်ပိုင်း သိလိမ့်မယ်။ ဂျဂ်ဒစ်ရှ် ဆိုတဲ့ ဥယျာဉ်မှူးက မြေဩဇာတွေ ခိုးတယ်။

ကာနယ်ကြီးက သိတယ်။အဲဒီတော့ နောက်တစ်နေ့ ဂျောင်း..။နောက် ရှီးလာ ဆိုတဲ့ အိမ်ဖော်အမျိုးသမီး

မစ္စစ် တေလာရဲ ့အခန်းထဲက လက်ကောက်တစ်ကွင်း ကောက်ယူမိတာ ကာနယ်ကြီးသိတော့..နောက်

တစ်နေ့ လစ်ပေတော့ပေါ့။ပြီးတော့ ရာဂျူးဆိုတဲ့ ထမင်းချက်၊ ညကြီးသန်းခေါင် ဘယ်သူမှ မသိလောက်ဘူး

ဆိုပြီး ကာနယ်ကြီးရဲ ့ဝီစကီတွေကို နဲနဲခိုးသောက်မိတယ်။အဟား..သူ သိတာပဲ။အဲဒီတော့ နောက်တစ်နေ့

ရာဂျူး ဒိုးပြီပေါ့။သူ့တုန်းက ဆော်ပလော်တီးတာတောင်ခံရသေးတယ် ထင်တယ်။နောက် အဂျေး ဆိုတဲ့

ထမင်းချက်အသစ်က ကာနယ်ကြီးအိမ်က ပိုက်ဆံနဲနဲပါးပါး ခိုးမယ်ဆိုတဲ့ အကြံကို သူ့ဘော်ဒါဆီ

ဖုန်းဆက်ပြီး တိုင်ပင်မိတယ်လေ။သူ့ကျတော့ နောက်တစ်နေ့လစ်ရုံမကဘူး သူနဲ ့သူ့ဘော်ဒါပါ ရဲက

ဖမ်းသွားတော့တာ။နောက်ပြီးတော့ ဘာစန်တီဆိုတဲ့ အိမ်ဖော်အမျိုးသမီးအသစ်ကလည်း မက်ဂီ ရဲ့

အဝတ်အစားတွေယူပြီး ဝတ်ကြည့်မိလို့တဲ့။ဘာဖြစ်မလဲ..ဟုတ်တယ် နောက်တစ်နေ့ အလုပ်

ဖြုတ်ခံရတာပေါ့။ကျွန်တော်ကတော့ ဒီလူကြီးက သူများတွေ ပုန်းလျှိုးကွယ်လျှိုးနဲ ့လုပ်တာကို ဘယ်လို

များသိပါလိမ့်ဆိုပြီး အရမ်းအံဩနေမိတာ။

ဟုတ်တယ်ဗျာ..တကယ်ကို ပဟေဠိဆန်လွန်းနေတာပေါ့။

2 comments

  • ဒေါ်သဲ

    July 13, 2011 at 2:39 pm

    တစ်ပိုင်းထက် တစ်ပိုင်း ဖတ်ရတာ ပိုအဆင်ပြေပီး ဖတ်လို့ပိုကောင်းလာတယ်… ကျေးဇူးတင်တယ်ဗျို့… 🙂

  • မောင်ဘလိူင်

    July 13, 2011 at 2:53 pm

    ဂျီးဒေါ်သဲ ပြန်လာမှ မုန် ့လိုက်ကျွေးဦးမယ်။ ၁၉လမ်းမှာ ဂဏန်းချဉ်စပ်ရယ် ၊ငါး
    သံပုရာပေါင်းရယ်.. 🙂

Leave a Reply