သူရဿဝါနှင့် ဘလော့အဝါ့ဒ်

သူရႆဝါJuly 13, 20113min821

 

“သူရဿဝါနှင့် ဘလော့အဝါ့ဒ်”
တစ်ရံရောအခါ အလွန်တရာမှ ခေတ်မှီ တိုးတက်၍ မြန်ဆန် သွက်လက်သော အင်တာနက် အမည်တွင် ခေတ်ကြီး တစ်ခေတ် ရှိခဲ့လေသည် ဟူ၏။ စာရေးဆရာ၊ စာရေးသူကို အင်္ဂလိပ် အခေါ်အရ ဝရိုက်ထာ (Writer) ဟု အမည်ပညတ် သတ်မှတ်လေ့ ရှိကြရာ ထိုခေတ်တွင် အင်တာနက် အွန်လိုင်းပေါ် တက်၍ ကဗျာ၊ ဝတ္ထု၊ စိတ်ကူးယဉ် စသည့် စာတိုပေစ လေးများကို ရေးသားကြသည့် အချို့သော စာရူးပေရူး ကလေးများကို အွန်လိုင်းဝရိုက်ထာ (Online Writer) ဟုလည်း ခေါ်တွင်သမှု ပြုကြပေ၏။ ၎င်းတို့ ရေးသားပြုစု အပ်သော စာကြောင်းစာသား အစုအဖွဲ့ များကိုလည်း ဘလော့ (Blog) ဟု အမည်သညာ ခေါ်တွင်စရာ ပြုကြလေသည်။ စာပေ အနုပညာကို လွန်စွာမှ ရူးသွပ်ပြာနှမ်း ကြသည့် ခေတ်ကြီး ဖြစ်သည့်အလျောက် အဖိုးကြီးလည်း ဘလော့၊ အဖွားကြီးလည်း ဘလော့၊ မွေးကင်းစ အာပြဲလေးလည်း ဘလော့ကြကာ ခွေးကိုက်လည်း ဘလော့၊ ကြောင်ကုတ်လည်း ဘလော့၊ အိမ်မြှောင် ကြွက် ကျီးကန်း အော်လည်း ဘလော့ကြ ကုန်သည်သာ ဖြစ်လေ၏။

ထိုသို့ ဘလော့ ပါများလတ်သော် ဘလော့ဆရာများ အားမငယ်ပဲ ပိုမို၍ ကြိုးစား ရေးသား ကြလေအောင် စိတ်ကူး၍ နဂို ကနဦး ဘလော့ ခဲ့ကြသော အွန်လိုင်းဝရိုက်ထာ များမှ အကြီးအမှူး ပြု၍ တစ်နှစ်အတွင်း အကောင်းဆုံး ရေးသား ခဲ့ကြသည့် အွန်လိုင်း ဝရိုက်ထာ ပိစိကွေးလေးများ၏ ဘလော့များကို အမျိုးအစား အလိုက် ခွဲထုတ်ကာ တစ်နှစ်တာ ဘလော့အဝါ့ဒ် (Blog Award) ချီးမြှင့်ရန် ကြံစည် ကြလေ၏။ ထိုဘလော့အဝါ့ဒ် ဆုပေးပွဲကြီးသို့ တက်ရောက်မည့် အွန်လိုင်းဝရိုက်ထာ ဦးရေမှာ အနည်းလေး နှစ်သိန်းခန့် ရှိနေသည်ကို စာရင်းပြုစု သိရှိရသဖြင့် တက်ရောက်မည့် သူများအားလုံး ဝင်ဆန့်လောက်အောင် ကျယ်ဝန်းမည့် နေရာကို ရှာဖွေကြရာ နောက်ဆုံးတွင် အားလုံး တစ်ပေါင်းတည်း တက်ရောက် နိုင်မည့် မိုးယိုရေယို လယ်ကွင်းပြင် ကြီးထဲတွင် ကျင်းပရန် ဆုံးဖြတ်ကြ လေ၏။ ထို ဆုပေးပွဲ နှင့်အတူ တက်ရောက်သူများ စိတ်ဝင်တစား ရှိစေရန် နာမည်ကျော် အွန်လိုင်း ဝရိုက်ထာကြီး နှစ်ဦးဖြစ်သည့် သူရဿဝါ (သူများနာမည် ထည့်ရေးရင် အဆဲခံရမှာကိုး) နှင့် တိုတိုတုတ် (စော်ဘွားကြီးကုန်း) တို့၏ အထူး ဘလော့ပြိုင်ပွဲ ကိုပါ ပူးတွဲကျင်းပရန် ထည့်သွင်း ကြေငြာ လိုက်လေရာ ကားပွဲစားဝင်းနေ၊ လေဆိပ်၊ ဆိုက်ကားဂိတ် မကျန် (လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် ဆိုတာက ဒိတ်အောက် သွားပြီ) စိတ်ဝင်တစား ရှိနေကြ လေသည် ဟူ၏။

ဘလော့အဝါ့ဒ် ပေးမည့်နေ့သို့ ရောက်သော အခါတွင် ဆုပေးပွဲ ကျင်းပရာ မိုးယိုရေယို လယ်ကွင်းပြင် ကြီးထဲသို့ ခန့်မှန်း ထားသည်ထက် များပြားသော အွန်လိုင်းဝရိုက်ထာများ တဖွဲဖွဲ ရောက်ရှိလာကြ လေ၏။ တစ်နှစ်တာ ဘလော့ အဝါ့ဒ် ဆုပေးပွဲ စတင်ကျင်းပ သောအခါ ဆုကြေငြာသူက ၎င်း၏ လက်ထဲရှိ အီးမေးလ်ဟူသော စာအိတ်ကြီးကို ဖွင့်၍ဖတ်ကာ တစ်ဆုချင်း ကြေငြာသမှု ပြုလေသည်။ ပထမဆုံး အနေဖြင့် တစ်နှစ်တာ အကောင်းဆုံး ဂီတဘလော့ ဆုကို ကြေငြာရာ နာမည်ကျော် အဆိုတော်မလေး ဂျင်းနီ၏ ဆွေမျိုးနီးစပ် တော်သူ အွန်လိုင်းဝရိုက်ထာလေး မျောက်ဖင်နီမှ “အိမ်သာခွက်ထဲမှာ မောင့်မျက်နှာလေး” ဟူသော သီချင်း ဘလော့ဖြင့် ဆုရရှိ သွားလေ၏။ ထပ်မံ၍ တစ်နှစ်တာ အချစ် အလွမ်း ဇာတ်ကြမ်း ဘလော့ ဆုကို ကြေငြာရာ နာမည်ကျော် ဒဏ္ဍာရီ ဇာတ်ကောင်များ ဖြစ်ကြသည့် မယ်ကုဝဏ်၊ အာဠာဝကနှင့် ဒဿဂီရိ တို့ကို ဇာတ်ကောင် ထား၍ ရေးသားသည့် “ရုပ်ဆိုးတာ အပြစ်လား” ဟူသော ဘလော့ကို ရေးသားသည့် ဝါရင့် အွန်လိုင်း ဝရိုက်ထာ ချစ်တုံးကြီးက ရရှိလေသည်။ ထို့နောက် တစ်နှစ်တာ အကောင်းဆုံး အိုင်တီ နည်းပညာ ဘလော့ဆုကို အွန်လိုင်း ဝရို်က်ထာလေး ကိုကိုဗိုင်းရပ်မှ “ရှပ်ဒေါင်းနှိပ်ရင် ပိတ်သွားရော” ဘလော့ဖြင့် ဆွတ်ခူး သွားလေ၏။ တစ်နှစ်တာ အကောင်းဆုံး သတင်းဘလော့ ဆုကို နာမည်ကျော် သတင်းထောက် ဥက္ကာကိုကို (သံတွဲ) ၏ ညီဖြစ်သူ အုတ်ကွာကိုကို (သံခဲ) မှ ရရှိပြန်၏။

တဖန် တစ်နှစ်တာ အကောင်းဆုံး စားသောက်ဖွယ်ရာ ဘလော့ဆုကို “လိပ်ခေါင်းဟင်းချိုနဲ့ ငါးရှဉ့်ဘောက်ဖတ်” ဘလော့ကို ရေးသားသည့် ဝရိုက်ထာမလေး “ဝဝလှ” က ထိုက်ထိုက်တန်တန် ရရှိလေသည်။ အကောင်းဆုံး ကိုယ်ရေးအတ္ထုပတ္တိ ဘလော့ဆုကိုမူ နာမည်ကျော် အွန်လိုင်းဝရိုက်ထာ ဖြစ်သည့် ကျော်ညိုသွေးက “ဂေါ်အပျိုလေးတွေ အော်ငိုပြေးမယ့် ကျော်ညိုသွေး” ဟူသော ဘလော့ဖြင့် ရရှိသွားပြန်၏။ နောက်ဆုံးဆု ဖြစ်သည့် ဘဝသရုပ်ဖော် ဘလော့ ဆုကိုမူ “ကေတီဗီမှ အပြန် ..” ဟူသော ဘလော့ကို ပူးပေါင်း ရေးသားသည့် အမြွှာပူး အွန်လိုင်းဝရိုက်ထာ ညီအစ်ကို နှစ်ဦးဖြစ်သော “မျက်ရည်” နှင့် “မျက်ခွက်” တို့က ပူးတွဲ ရရှိသွားလေသည်။ ထို့နောက် ပရိသတ် စိတ်ဝင်စားခြင်းကို အခံရဆုံးသော အွန်လိုင်းဝရိုက်ထာ သူရဿဝါနှင့် တိုတိုတုတ် (စော်ဘွားကြီးကုန်း) တို့၏ အထူး ဘလော့ပြိုင်ပွဲ ကြီးကို စတင် ကျင်းပလေ၏။ ပြိုင်ပွဲ၏ စည်းမျဉ်းမှာ မိမိရေးသားသော ဘလော့တွင် “အံ့ဩ ထိတ်လန့်မှု၊ ဘာသာရေး ကိုင်းရှိုင်းမှုနှင့် အာမေဋိတ် ပြုရလောက်သည့် အကြောက်တရား” တို့ကို ပေါ်လွင်အောင် ဖော်ပြ ရေးသား နိုင်ရမည် ဟူသော ထူးဆန်းသည့် စည်းမျဉ်း ဖြစ်လေ၏။

အွန်လိုင်းဝရိုက်ထာလေး သူရဿဝါမှာ ထိုအကြောင်းအရာ သုံးခုစလုံး ပါဝင်အောင် မည်သို့မည်ပုံ ရေးသား ရအံ့နည်းဟု ထုံးစံအတိုင်း မျက်မှောင်ကြီး ကျုံ့၍ စဉ်းစား နေခိုက်တွင် တိုတိုတုတ် မှာမူကား တစ်စက်လေးမှ မစိုးရိမ် သည့်အလား အေးအေးဆေးဆေး ဒူးနန့်၍ လက်သည်းကလေး ကိုက်နေလေ၏။ ထို့နောက် စတင် ယှဉ်ပြိုင် ကြရာ နာမည်ကျော် စာရေးဆရာလေး သူရဿဝါကို ပရိသတ်က တခဲနက် အားပေးနေ ကြသည့် အလျောက် သူရဿဝါ မှာမူကား ခေါင်းပင် မဖော်နိုင်အောင် တကုပ်ကုပ် ရေးသား နေသော်လည်း တိုတိုတုတ် မှာမူ စာလုံးကလေး လေးငါး ခြောက်လုံးမျှ ရေးပြီးသည်နှင့် သူ၏ ပြိုင်ပွဲဝင် ဘလော့ ပြီးဆုံးလေပြီဟု အချက်ပြရာ ပြိုင်ပွဲ ကြည့်ရှုသူ အားလုံး အံ့ဩဘနန်း ဖြစ်ကြရ လေ၏။ တကုပ်ကုပ် ကြိုးစား ရေးသားနေသော သူရဿဝါကို အချိန် တော်တော်ကြာမျှ စောင့်ဆိုင်း ကြရပြီးနောက် ရေးသားမှု ပြီးစီးသွားသည်တွင် အကဲဖြတ် ဒိုင်များမှ ပြိုင်ပွဲဝင် ဘလော့နှစ်ပုဒ်ကို ဖတ်ရှု အမှတ်ပေး ကြလေ၏။ ပြိုင်ပွဲများ၏ ထုံးစံအတိုင်း အကဲဖြတ် အမှတ်ပေး နေစဉ် အချိန်အတွင်း ပြိုင်ပွဲကို စပွန်ဆာ ပေးထားသော နက်ဂိုက်ဂျာနယ်နှင့် မိုဘိုင်းဂိုက် ဂျာနယ်၏ အယ်ဒီတာမလေး ဇင်ဇင်ဇော်မင်းမှ စင်ပေါ်တက်၍ မော်ဒယ်ရှိုး လျှောက်ကာ ဂျာနယ် နှစ်စောင်ကို ကြေငြာသမှု ပြုလေ၏။

ထို့နောက် အမှတ်ပေး ဒိုင်များမှ ဆုရမည့် ဘလော့ကို ကြေငြာရာတွင် “သူရဿဝါဟာ ပြိုင်ပွဲဝင် ဘလော့ကို အချစ် အလွမ်း ဂမ္ဘီရ လျှို့ဝှက်သည်းဖို ဖြစ်ရပ်မှန် စွန့်စားခန်း စတဲ့ ရသပေါင်းစုံ ပါဝင်အောင် စာမျက်နှာ ငါးရာတိတိ ရေးသား ယှဉ်ပြိုင်ခဲ့ပြီး အရမ်းလည်း ကောင်းမွန်လှတဲ့ ဘလော့ ဖြစ်လို့ ဆုပေးဖို့ ထိုက်တန်ပါတယ်” ဟု ပြောရာတွင် အားပေးသည့် ပရိသတ်များက “ဟေး …” ခနဲ အော်၍ လက်ခုပ် လက်ဝါးတီး အားပေးကြ သော်လည်း ကြေငြာသူမှ “ဒါပေမယ့် …” ဟု ဆက်ပြောသဖြင့် ငြိမ်သွားကြပြီး ဆက်နားထောင် ကြရလေ၏။ “ဒါပေမယ့် … တိုတိုတုတ် ကတော့သတ်မှတ်ထားတဲ့ စည်းမျဉ်းအတိုင်း အံ့ဩ ထိတ်လန့်မှု၊ ဘာသာရေး ကိုင်းရှိုင်းမှုနှင့် အာမေဋိတ် ပြုရလောက်တဲ့ အကြောက်တရား စတာတွေကို စာလုံး ခြောက်လုံးတည်း သုံးပြီးတော့ အဓိပ္ပါယ် အပြည့်ဝဆုံး ဘယ်သူမှ မငြင်း နိုင်အောင် ရေးပြ သွားတဲ့အတွက် တိုတိုတုတ် (စော်ဘွားကြီးကုန်း) ကို ဆုပေးဖို့ ဆုံးဖြတ်လိုက် ပါတယ်” ဟု ကြေငြာ လေ၏။ ထိုအခါ ပရိသတ်များ ထံမှ မကျေမနပ် အသံများ ထွက်ပေါ် လာလေသဖြင့် အကဲဖြတ် အဖွဲ့မှ တိုတိုတုတ် ရေးသား ထားသော ပြိုင်ပွဲဝင် ဘလော့ကို လက်တွေ့ ပြသသော အခါမှ မငြင်းနိုင် လောက်အောင် အဓိပ္ပါယ် ပြည့်ဝပြီး သတ်မှတ် စည်းမျဉ်း သုံးခုလုံး ပါဝင်သည့် “အလို … ဘုရား ဘုရား” ဟူသော စာလုံး ခြောက်လုံးပါ ဆုရဘလော့ကို လက်ဖျားခါ လောက်အောင် တွေ့ရှိရလေ၏။ ထို့နောက် ဆုရရှိသူ တိုတိုတုတ် (စော်ဘွားကြီးကုန်း) မှ ပရိသတ်များကို ထုံးစံအတိုင်း ကျေးဇူးတင်စကား ပြောကြားလေရာ နာမည်ကိုက တိုတိုတုတ် ဖြစ်သည့် အားလျော်စွာ မိုက်ခွက်ကို ကိုင်၍ ပရိသတ်ကို မိုက်ကြည့်ကြည့်ကာ “ကျေးဇူး … ဒါပဲ” ဟု ခပ်ပြတ်ပြတ် ကျေးဇူးတင်စကား ပြောကြား ပြီးသည်၏ နောက်တွင် ဘလော့ဆရာများ၏ တစ်နှစ်တာ အကောင်းဆုံး ဘလော့ဆုပေးပွဲနှင့် အထူးဘလော့ပြိုင်ပွဲကြီး အသံဗလံ ပေါင်းစုံဖြင့် အောင်မြင်စွာ ပြီးဆုံး သွားလေ သတည်း။
(မှတ်ချက်။ အထက်ပါ ဆောင်းပါးထဲတွင် ချစ်ခင်ရသော စာပေညီအစ်ကို အချို့ကို နာမည်တပ်၍ ထည့်သွင်း ရေးသားထား ခြင်းမှာ ကျီစယ်လိုသည့် သဘောသက်သက်သာဖြစ်ပြီး လှောင်ပြောင်စော်ကားလိုခြင်း အလျဉ်းမရှိပါကြောင်း)
သူရဿဝါ
ဇူလိုင် ၁၃ ရက် ၊ ၂၀၁၁ ခုနှစ်
www.thurathawah.net
www.facebook.com/ThuraThawah
www.facebook.com/LiteraryArtBlog

 

(အထက်ဖော်ပြပါ ဆောင်းပါးကို ယခုတစ်ပတ်ထုတ် Net Guide Journal, Volume 1, Issue 91 တွင် ပုံနှိပ်ဖော်ပြ ခဲ့ပြီး ဖြစ်ပါသည်)