ကျွန်မတို့ မိန်းမတွေ ကလေးအရွယ်မှ တဆင့် တစ်စတစ် ကြီးပြင်းလာချိန် အပျိုဖော်ဝင်စ အချိန်ကို ဖြတ်သန်းခဲ့ကြရပါတယ် ။ မိန်းမတိုင်း ကြုံတွေ့ ခဲ့ဖူးတာမို့ အထူးတလည် ပြောစရာမလိုတော့ပါဘူး … ။ အပျိုဖော်ဝင်ချိန် ရာသီသွေးဆင်းခြင်းဟာ တစ်နည်းအားဖြင့် ကိုယ်ဝန်ဆောင်နိုင်ရန် အသင့် အနေထားဖြစ်ပြီလို့လည်း သတ်မှတ်လို့ရပါတယ်… ။ ဒီလို စပ်ကူး မတ်ကူး အချိန်လေးတွေမှာ ကလေးဘ၀တုန်းကလိုမဟုတ်ပဲ … လောကကြီးကို ဘောင်ခတ်ကြည့်ချင်လာတယ် ၊ လွတ်လွတ်လပ်လပ်နေချင်လာတယ် ၊ ဆန့်ကျင်ဘက်လိင်ကို စိတ်ဝင်စားတယ် … ဒီလိုပါပဲ … ဟော်မုန်းတွေ မညီမျှတာကြောင့် ၀က်ခြံတွေထွက်မယ် … ဆံပင်ကြမ်းမယ်… အသားရည်ပြောင်းလဲလာမယ်.. စတာတွေ ဖြစ်လာတော့တာပဲ … ။ မတော်တဆရသွားတဲ့ ကိုယ်ဝန်တွေ ရှိနိုင်တဲ့ အတွက် ဆောင်ရန်ရှောင်ရန် ဗဟုသုတတွေ နဲ့ ကြိုတင်ကာကွယ်သင့်ပါတယ် ….။

 

သားဆက်ခြားချင်တဲ့ အိမ်ထောင်သည်တွေလည်း သိသင့်ပါတယ်… ။ သားဆက်ခြားနည်းတွေ မျိုးစုံရှိပါတယ် … ။ အားလုံးသိပြီးတဲ့အတိုင်း … အကာကွယ်ပစ္စည်း( ကွန်ဒုံး ) သုံးပြီး ဆက်ဆံတဲ့အခါ ကိုယ်ဝန်မရနိုင်ပါဘူး … သို့သော်လည်း … အလွှာပါးပေမဲ့ ကမ္ဘာခြားသလိုပဲ ဆိုတဲ့ လူတွေ အတွက်ကတော့ ထိုနည်းက အဆင်မပြေပါဘူး … ကွန်ဒုံးသုံးတဲ့နေရာမှာလည်း …အသုံးပြုနိုင်တဲ့ သက်တမ်းရက်စွဲနဲ့ … တပ်ဆင်အသုံးပြုပုံတွေ စနစ်တကျ မှန်ကန်ရပါမယ် … ။ အံ့ဝင်ခွင်ကျဖြစ်စေမယ့် ဆိုက်ကိုလည်း ရွေးချယ်သင့်တယ် … မဟုတ်လျှင် ကွန်ဒုံးပေါက်ပြဲပြီး မတော်တဆ ကိုယ်ဝန်ရနိုင်တာမို့ပါ … ။ နောက်တနည်းနဲ့ သားဆက်ခြားလို့ ရပါသေးတယ်… ဒါကတော့ ဆေးကဒ်တွေ သောက်တာပါ … ဈေးကွက်ထဲမှာ တွင်တွင်ကျယ်ကျယ် ၀ယ်လို့ ရနေပေမဲ့ … သုံးစွဲပုံသုံးစွဲနည်းနဲ့ ရက်လွန်ဆေးမဖြစ်ဖို့ အရေးကြီးပါတယ် … တစ်ချို့ဆေးတွေဆို သက်တမ်းကုန်ဆုံးပြီးပြီဖြစ်လို့ အာနိသင်မရှိတော့တဲ့အခါ သောက်နေလျှက်နဲ့ ကိုယ်ဝန်ရနိုင်ပါတယ် … ။ ဆေးအချို့က နေ့စဉ် မှန်မှန်သောက်ရတာ ဖြစ်လို့ … ပျက်ကွက်မေ့လျှော့တဲ့ အခါ ကိုယ်ဝန်ရနိုင်ပါတယ် … ။

ဆေးသောက်ရမှာလည်း မေ့လျှော့နေတယ် … အကာကွယ်ပစ္စည်းလည်း မသုံးချင်သူတွေ အတွက် နောက်တနည်းရှိပါသေးတယ် … ဆေးထိုးတဲ့နည်းပါ … လောလောဆယ် ဈေးကွက်ထဲ တွင်တွင်ကျယ်ကျယ်သုံးနေကြတာတော့ သုံးလဆေးနဲ့ တစ်လဆေးပေါ့ … ။ တစ်လဆေး ထိုးထားတဲ့လူတွေကတော့ ပုံမှန် လစဉ် ရာသီပြန်ပေါ်ပေမဲ့ …ကာကွယ်ပြီးသားဖြစ်ပါတယ်… တစ်လတစ်ခါသာ မှန်မှန် သွားထိုးယုံပါပဲ… ။ သုံးလဆေးကတော့ တစ်ယောက်နဲ့ တယောက်မတူညီကြပါဘူး … တစ်ချို့ဆို ဆေးထိုးထားတဲ့ သုံးလအတွင်းရာသီသွေးမပေါ်သလို …. တစ်ချို့ကျတော့လည်း … သုံးလအတွင်း လစဉ်သော်လည်းကောင်း … တစ်လသော်လည်းကောင်း ရာသီပြန်ပေါ်တတ်ပါတယ် … ။ သုံးလဆေးရော ၊ တစ်လဆေးပါ … ဆေးထိုးရမဲ့ရက် ကျော်လွန်လို့ မရပါဘူး …နောက်တကြိမ်ထိုးရမဲ့ ရက်ကျော်လွန်လျှင် … ကလေးရသွားနိုင်လို့ပါ … ။ သုံးလဆေးထိုးပြီး ရာသီမပေါ်တဲ့ အမျိုးသမီးများအတွက်ကတော့ …. ကလေး ယူဖို့ ဆေးရပ်ပစ်လိုက်လျှင်တောင် ရာသီပြန်ပေါ်ဖို့ အချိန်ပေးပြီး စောင့်စားရပါတယ်… ။ တစ်ယောက်နဲ့ တစ်ယောက်အခြေနေခြင်း မတူလို့ စောင့်စားရတဲ့ အချိန် ကွာခြားပါတယ် … ။ နောက်တစ်ခုအရေးကြီးတာက သုံးလဆေးတွေ ၊ တစ်လဆေးတွေ ထိုးတဲ့ အခါ မခြေမိဖို့ပါပဲ … ။ နားလည် တတ်ကျွမ်းတဲ့ ကျန်းမာရေးဝန်ထမ်းများကတော့ မချေရန် မှာကြားသော်လည်း … အချို့မှာ ချေရ ၊ မချေရ သေချာ မသိပါဘူး … ။ မချေစေချင်တာက တခြား ဆေးတွေနဲ့ မတူပဲ ဆေးခဲ၊ဖုမနေနိုင်တာရယ် …ဆေးထိုးထားတဲ့နေရာကနေ … တစိမ့်စိမ့်ကိုယ်ထဲပြန့် နှံ့အောင် ရည်ရွယ်ပါတယ်လို့လည်း … မှတ်သားဖူးခဲ့တယ် … ။

 

နောက်တနည်းကတော့ လက်မောင်းထဲ ခွဲပြီး ဆေးပစ္စည်းထည့်တဲ့နည်းပါပဲ… ဆေးပစ္စည်းလေးက ဈေးကြီးလို့ ပိုက်ဆံရှိတဲ့ အမျိုးသမီးတွေလောက်သာ သုံးကြပါတယ်…သူကလည်း ငါးနှစ်အထိ သက်တမ်းရှိပါတယ်… ။ လက်မောင်း အရေပြားကို ခွဲပြီး မြှုပ်ထားရတာပါ … ။

 

ကလေးလိုချင်တဲ့အချိန်လက်မောင်းထဲကနေ ပြန်ထုတ်လိုက်ယုံပါပဲ …။ နောက်တနည်းကတော့ သားအိမ်ထဲ ပစ္စည်းထည့်တာပါ …IUD လို့ခေါ်တဲ့ ပစ္စည်းလေးပါ … ။ နားလည် တတ်ကျွမ်းတဲ့ ကျန်းမာရေး ၀န်ထမ်းများက ကိုယ်တိုင်ထည့်ပေးပါတယ် … သူ့ရဲ့ သက်တမ်းကလည်း ငါးနှစ်ထိခံပါတယ်… ဒါပေမဲ့ …ပစ္စည်းလေး ကိုယ်ထဲ ရှိနေမနေ စမ်းသပ်ရမဲ့ အချက်ကတော့ ကိုယ်တိုင် လုပ်ဆောင်ရမှာပါ …။ ပစ္စည်းလေးကို သားအိမ်ထဲ တပ်ဆင်ပြီးတဲ့အချိန် …ပစ္စည်းလေးမှာ ပါတဲ့ ကြိုးမျှင်လေးကို တန်းလန်းချထားရပါတယ်… ။ ရာသီသွေးပေါ်ပြီးနောက်ရာက်မှာ ဆောင့်ကြောင့်ထိုင်ပြီး လက်နှစ်ချောင်းနဲ့ မွေးလမ်းကြောင်းထဲ လက်ထည့်ပြီး …. စမ်းရမှာပါ … ကြိုးစလေး စမ်းမိပြီဆိုလျှင် ပစ္စည်းလေး သားအိမ်တွင်းမှာ ရှိသေးလို့ ကာကွယ်လို့ ရတုန်းပါပဲ … ။ ပစ္စည်းလေးဟာ သေးငယ်လွန်းလို့ … ရာသီသွေးနဲ့ အတူရောဆင်းသွားတာ မသိလိုက်လျှင် ကိုယ်ဝန်ရနိုင်တာမို့ … စမ်းသပ်စစ်ဆေးရတာပါ … ။ တချို့ စက်မှူဇုံတွေမှာ စီမံချက်အနေနဲ့ အခမဲ့ ထည့်ပေးပါတယ်… ပစ္စည်းထည့်ခြင်းကိုလည်း …မြန်မာနိုင်ငံ ဆရာဝန်အသင်းက သင်တန်းပို့ချအောင်မြင်ပြီး သူများကသာ ဆောင်ရွက်ပေးတာပါ … ။ ပစ္စည်းထည့်ပြီး စိတ်ခံစားမှူ တစုံတရာဖြစ်ပေါ်လာလျှင် … ကျန်းမာရေး ၀န်ထမ်းတွေနဲ့ တိုင်ပင်လို့ ရပါတယ် … ။ ပစ္စည်းထည့်ပြီးပြီးချင်းလအနည်းငယ်မှာ ရာသီသွေးပေါ်ချိန် သွေးဆင်းများတာကလွဲလို့ … တခြား အန္တရာယ်မရှိပါဘူး … ။ သားအိမ်ထဲက ပစ္စည်းပြန်ထုတ်လျှင် ကလေးရနိုင်ပါတယ် …။

 

အဆိုးဆုံး … ကိုယ်ဝန်ရနိုင်တဲ့ အခြေနေမှာ ဆက်ဆံမိသွားသေးလား … မပူပါနဲ့ …သောက်ဆေးတွေ ပေါ်နေပါပြီ … ဆက်ဆံအပြီး 72နာရီ အတွင်းပထမဆေးကို …သောက်သင့်တာပါ … ဒုတိယဆေးလုံးကိုတော့ 12နာရီအတွင်း ထပ်သောက်ရမှာပေါ့… ။ လူငယ်အချို့ တံဆိတ်မပြောပဲ သိကြပေမဲ့ … ဆေးသောက်ခြင်းကြောင့် ရာသီ သွေဖယ်ခြင်း … ရက်ကွာခြင်း … တစ်လကျော်ခြင်းတွေ ဖြစ်တတ်ပါတယ် … ။

 

ဒီလောက် ကာကွယ်နည်းတွေ မျိုးစုံရှိတဲ့ အထဲက မတော်တဆ ကလေးရသွားတာမျိုး မဖြစ်သင့်တော့ပါဘူး … ။ မီဒီယာတွေကနေတဆင့် ပညာပေးလုပ်ငန်းတွေ ထိထိရောက်ရောက် လုပ်သင့်ပါပြီ … ။ ဒါမှသာ မလိုလားအပ်တဲ့ ဆုံးရှုံးမှူတွေ က ကာကွယ်ရာရောက်မှာပါ… ။ မိန်းမတိုင်းဖြစ်တဲ့ ဖြစ်စဉ်မို့ ရှက်စရမဟုတ်ပါဘူး …အသိပညာနည်းပါးမှူကြောင့် … နည်းလမ်းမမှန် ကိုယ်ဝန်ဖျက်ကျပြီး သေဆုံးခဲ့ရတဲ့ လူသားများကို စာနာသောအားဖြင့် မိမိသိရှိသော ဗဟုသုတများကို ဖြန့်ဝေကြပါစို့လားနော် ။

About etone

etone has written 851 post in this Website..

Goooooooooooooooooood 4 nothing lady !!!