ရေနည်းငါးနဲ့ခါးတမာ

yanayeJuly 13, 20111min347

ရေနည်းငါးနဲ့ခါးတမာ

အညာသား-ဒို့
ခါးတမာ အပြစ်မဆို
မတ်(၂၇)ရှိပြီးသား ။ ။
အခါးကိုမနှစ်သက်
ဆေးတခွက်မဟုတ်လည်း
ခေါင်းကို ငုံ့
ကိုယ်လည်းကျုံ့ရင်း
သည်အရသာ သည်လောင်းရိပ်ပင်
`သင်း`မသတ် နိုင်သေး။ ။
ဉာဏ်ပညာ၊ ခွန်အား၊ ရဲရင့်မှု
စည်းလုံးမှု၊ စည်းရုံးမှု၊ ခေါင်းဆောင်မှု
ဘယ်အမှုတွေ အားနည်းလို့လည်း………..
ပလ္လင်အောက်
မျောက်တွေတရားပိုအားထုတ်ရင်း
ကွိကွိကွကွ သံပြိုင်ဟစ်
မင်းမူခဲ့………………
ရေနည်းငါးများ………
ရေနည်းငါးဖြစ်ဆဲ။ ။
Mr. Lis

7 comments

  • ogre

    July 13, 2011 at 8:15 pm

    ကျွန်တော်..တော်တော်ညံနေပြီဗျာ
    ဖတ်တာ(၁၀)လောက်ရှိပြီ
    ဘာမှနားမလည်ဘူး..နည်းနည်းရှင်းပြသင့်တယ်ထင်တာပဲ

  • windtalker

    July 14, 2011 at 12:41 am

    ရေနည်းငါး = ရေနည်းသော နေရာတွင်(အိုင်၊ကန်) ရှင်သန်သော ငါး
    ခါးတမာ = တမာရွက်သည် ခါးသည် ၊ တမာစေးသည် ခါးသည်
    အညာသား = မြန်မာနိုင်ငံ အထက်ပိုင်း ( ဥပမာ မန်းတလေး )
    ခါးတမာ အပြစ်မဆို = တမာခါးခြင်းကို အပြစ်မပြောတဲ့ ။ သဘာဝ ကို လက်ခံတယ် ဆိုပါတော့
    မတ် ၂ရ ရှိပြီးသား = မတ်လတွင်းရှိ ၂ရ ရက်နေ ့ ကို ရည်ရွယ်သည်ဟု မှန်းဆ မိသည်
    ` အခါးကိုမနှစ်သက်
    ဆေးတခွက်မဟုတ်လည်း
    ခေါင်းကို ငုံ့
    ကိုယ်လည်းကျုံ့ရင်း
    သည်အရသာ သည်လောင်းရိပ်ပင်
    `သင်း`မသတ် နိုင်သေး။ ။ ´ = ခါးတာကို မကြိုက် ၊ သို ့သော် ခါးနေသည် ။ သည် အခါး အရသာကြီးကို မရှောင်နိုင်သေး ဟု ဆိုလိုချင်ပုံ ရသည် ။
    ` ဉာဏ်ပညာ၊ ခွန်အား၊ ရဲရင့်မှု
    စည်းလုံးမှု၊ စည်းရုံးမှု၊ ခေါင်းဆောင်မှု
    ဘယ်အမှုတွေ အားနည်းလို့လည်း………..
    ပလ္လင်အောက်
    မျောက်တွေတရားပိုအားထုတ်ရင်း
    ကွိကွိကွကွ သံပြိုင်ဟစ်
    မင်းမူခဲ့……………… ´ = နားမလည် ပါ ။ ဘာသာမပြန်တတ်ပါ ။ စာရေးသူ ကိုယ်တိုင် ရှင်းစေလိုပါသည် ။
    ` ရေနည်းငါးများ………
    ရေနည်းငါးဖြစ်ဆဲ။ ။ ´ = ရေနည်းသော နေရာ ( ကန်၊အိုင် ) တွင် ရှိသော ငါးများသည် ဆက်လက် ရှိစမြဲ ။ ငါးဆိုမှတော့ ရေရှိမှ ရွေ ့လျားသွားလာလို ့ရတယ် လို ့ဆိုချင်သည် ဟု ထင်မှတ်မိပါသည် ။

  • ogre

    July 14, 2011 at 10:46 am

    နည်းနည်းသဘောပေါက်လာပြီဗျ
    ကိုပေ ကျေးဇူး
    ကွိကွိကွကွ ကိုသိရရင်
    အားလုံးနားလည်လောက်ပြီ။။။

  • favourite

    July 14, 2011 at 11:48 am

    တော်လှန်ရေး စတင်ရန် လှုံဆော်ခြင်း(ဝါ) သတိပေးခြင်းဟု ထင်မြင်မိပါသည်

    အညာသား-ဒို့
    ခါးတမာ အပြစ်မဆို
    မတ်(၂၇)ရှိပြီးသား ။ ။
    အခါးကိုမနှစ်သက်
    ဆေးတခွက်မဟုတ်လည်း
    ခေါင်းကို ငုံ့
    ကိုယ်လည်းကျုံ့ရင်း
    သည်အရသာ သည်လောင်းရိပ်ပင်
    `သင်း`မသတ် နိုင်သေး။ ။

    တမာတောမှာနေသော အညာသားများသည် တမာ၏ အခါးအရသာကို အပြစ်မမြင် တနည်းအားဖြင့် မမှုသော်လည်း လက်ရှိ တွေ့ကြုံခံစားနေရသော နိုင်ငံတွင်းမှ ခါးသီးမှုများကို ခေါင်းငုံခံစားရင်း ဒုက္ခဆင်းရဲတွင်းမှ မလွတ်မြောက်နိုင်သေးကြောင်း ကို သွယ်ဝိုက်ဖော်ပြထားသည်။

    ဉာဏ်ပညာ၊ ခွန်အား၊ ရဲရင့်မှု
    စည်းလုံးမှု၊ စည်းရုံးမှု၊ ခေါင်းဆောင်မှု
    ဘယ်အမှုတွေ အားနည်းလို့လည်း………..
    ပလ္လင်အောက်
    မျောက်တွေတရားပိုအားထုတ်ရင်း
    ကွိကွိကွကွ သံပြိုင်ဟစ်
    မင်းမူခဲ့………………
    ရေနည်းငါးများ………
    ရေနည်းငါးဖြစ်ဆဲ။ ။

    ဉာဏ်ပညာ၊ ခွန်အား၊ ရဲရင့်မှု
    စည်းလုံးမှု၊ စည်းရုံးမှု၊ ခေါင်းဆောင်မှု ပိုင်းတွေမှာ ဘယ်အပိုင်းက အားနည်းသောကြောင့် ပလ္လင်ပေါ်သို့ တက်သင့်သူအစား အခြားသူများ (မထိုက်တန်သူများ) အုံနှင့်ကျင်းနှင့် ဝင်ရောက်နေရာယူ (မျောက်များနှင့် နှိုင်ယှဉ်ပြထားသည်) ထားကြသဖြင့် ရေနည်းငါးများ (ဒုက္ခခံစားနေရသူများ သို့ ပြည်သူပြည်သားများ) မှာ ဒုံရင်းကဒုံရင်း ဖြစ်နေကြခြင်းကို သိမြင်စေပြီး တချိန်က ရှိခဲ့ပြီးသော မတ်(၂၇) တော်လှန်ရေးနေ့ ကို သတိရစေရန် ရည်သန်ထားသည်။

    ထင်မြင်ချက်ကို ရေးသားခြင်းဖြစ်သည် ဟုတ်မဟုတ်ကို စာရေးသူ အသိဆုံးသာဖြစ်ပါမည်။

  • etone

    July 14, 2011 at 2:09 pm

    ဖတ်ရင်းနဲ့ ခါးသလို ခံစားရလို့ … ရေသောက်ပြီးမှ တခြားပို့စ်တွေ လိုက်ဖတ်တော့မယ် … :roll :

  • yanaye

    July 15, 2011 at 8:06 am

    သူငယ်ချင်းပြောသလို ဆိုရင်တော့ ရေးရကျိုးနပ်ပါပြီ။

  • yanaye

    July 18, 2011 at 3:56 pm

    အညာသားတွေကမှ ရောမရောတဲ့မြန်မာသလိုလိုတော့ပြောကြတယ်နော်။ ကျွန်တော်ဒီကဗျာကိုရေးတာက ရိုးရိုးလေးပါဘဲဗျာ။ ဘာလှုံ့ဆော်တာမှမဟုတ်ပါဘူး။ အဓိကကတော့ အားလုံးသော ကျွန်တော်တို့လူငယ်တွေကို တော်လှန်ရေးနေ့ရဲ့ Wတွေကို စဉ်းစားစေချင်တာပါ။ ဘယ်အချိန်မှာဖြစ်ခဲ့တာလဲ၊ ဘာကြောင့်လဲ၊ ဘယ်လိုအကြောင်းကြောင့်လည်း၊ အဲဒီအချိန်က အခြေအနေကဘယ်လိုရှိလို့လဲ၊ ဘာရည်ရွယ်ချက်နဲ့လုပ်ခဲ့တာလဲ၊ ဘယ်လောက်ထိရည်ရွယ်ခဲ့တာလဲ၊ ဘာလို့အဲဒီလိုရည်ရွယ်ခဲ့တာလဲ၊ ဘယ်လိုအခက်အခဲတွေကြုံခဲ့ကြလဲ ဆိုတာတွေပါ။

    နောက်တခုကတော့ ကျွန်တော်က သဘာဝတရားကို တင်ပြချင်တာပါ။ တမာပင်က အရွက်ကို စားနေရသမျှတော့အခါးဆိုတာကြုံမှာဘဲလေ။ စာထဲမှာသာလိမ်ပြီး တမာကချိုတယ် ဒီလိုပြောတဲ့သူ ဘယ်နှစ်ဦးရှိတယ်။ အားလုံးကတော့ စိတ်သိပ်မနှံ့ပေမယ့် လိမ်ပြောတတ်သူတွေမဟုတ်သောကြောင့် တမာကို ချိုသည်ဟု ပြောသည်ဟု တော့ပြောလို့ရမှာပါ။ တကယ်တန်းတမာကတော့ ခါးတာကခါးတာဘဲလေ။ ဒီတော့တမာပင်ကို သတ်ချင်သတ် မသတ်ရင်တော့ အခါးဒဏ်ကို ဆက်ခံပေါ့။ ကြာတော့ အကျင့်ဖြစ်ချင်လည်းဖြစ်သွားမှာပေါ့လေ။

    ဒီရက်ပိုင်းမှာ ခေတ်စားနေတဲ့ ခေတ်သစ် ဂျာအေးပုံပြင်ကို သတိရမိတာလည်းပါတယ်။ မူလကတော့ ပလ္လင်ပေါ်ကမျောက်ကလေးတဲ့– အခုတော့ဘာဆိုလားဘဲ—ပြောတတ်ဘူး။ တရားပိုအားထုတ် ဆိုတာကတော့ပြောစရာလိုမယ်မထင်ဘူးနော်။

    ကွိကွိကွကွအော်တယ်ဆိုတာလည်း ပုံသဏ္ဍန်ချင်းခပ်ဆင်ဆင်တူပေမယ့် မျောက်အချင်းချင်း ပြောတဲ့စကားကို လူသားတွေနားမလည်ပါ။ဒီလိုပါဘဲ တချို့စကားတွေက ကျွန်တော်တို့သံကုန်ခြစ်အော်နေကြတာ ကြားနေပေမယ့် ဘာပြောလည်းနားမလည်ဘူးလေ။ သူတို့အချင်းချင်းဘဲနားလည်ကြတာပါ။

    ရေနည်းငါးဆိုတာကတော့ ရေနည်းငါးတွေပါ။ ရာသီဖောက်ပြန်ပြီး မိုးခေါင်တော့ ငါးတွေရဲ့မျှော်လင့်ချက်ကို ထည့်မစဉ်းစားနိုင်ဘူးလေ။

    ဒီလောက်ဆို ကျွန်တော့်ကဗျာလေးကို ရှင်းလောက်ပြီထင်ပါတယ်ဗျာ။

    ကိုOgre ရေ ခင်ဗျားလို ပုဂ္ဂိုလ်ဖတ်လို့နားမလည်ဘူးဆိုတာတော့ ကျွန်တော်ကိုယ့်ကို ကို အရမ်းဝမ်းနည်းမိတာဘဲ။

Leave a Reply