မေ့မေတ္တာ…

hmeeJuly 14, 20111min1869

ဒီနေ့တော့ မုန်လာဥ အချဉ်ဟင်းလေးချက် ငံပြာရည်ကြော်လေး ကြော်စားမယ် အာရုံရလို့ ရေခဲသေတ္တာဖွင့် ခေါင်းဝင်ပြီး မန်ကျည်းမှည့်ထုတ် ရှာရတယ်။ စုံစိနဖာ ဗြုတ်စဗျင်းတောငိး ထည့်ထားတာမို့ အတော်လေးကို ရှာယူရတယ်။ မန်ကျည်းမှည့်ထုတ်၊ ငါးခြောက်ထုတ်၊ ပုစွန်ခြောက်ထုတ်၊ ပုန်းရည်ကြီးထုတ်၊ ချဉ်ပေါင်အခြောက်ထုတ်၊ လက်ဖက်ထုတ် ရှားပါး ပစ္စည်းတွေ စုထည့်ထားတဲ့ အံရဲ့ အောက်ခြေ ထောင့်မှာ ကပ်နေတယ်လေ။ အထုတ်က သေးနေပြီမို့ ကြားညှပ်ကာ ပျောက်နေတယ်။ စားချင်တဲ့ အချိန်သာ ပြူးပြဲရှာပြီး ကျန်တဲ့အချိန် မေ့နေလို့ ဘယ်လောက် ကျန်မှန်း သတိမထားမိဘူး။ အထုတ်မြင်မှ အတော်သေးနေပြီးမှန်း သိတယ်။ မန်ကျည်းမှည့်ကတော့ အိန္ဒိယဆိုင်မှာ ဝယ်လို့ရတယ်။ အဲ…ဒီမန်ကျည်းမှည့်လိုတော့ တန်ဖိုးမကြီးတာ အသေအချာပဲ။ ဒါကတော့ မေတ္တာမန်ကျည်းမှည့်လေ။ ရှုပ်သွားပြီ ထင်တယ်။ မန်ကျည်းမှည့်ဟာ မန်ကျည်းမှည့်ပဲပေါ့လို့ တွေးမိသလား မဟုတ်ဘူးနော်။ ဒါက ထူးခြားတဲ့ မေတ္တာမန်ကျည်းမှည့်ထုတ်။

ကျွန်မတို့ ခြံထဲမှာ မန်ကျည်းပင် သုံးပင်ရှိတယ်။ တောင်ဖက်စက အပင်က အငယ်ဆုံး၊ အလယ်ကအပင်က အကြီးဆုံး၊ မြောက်ဖက်က အပင်ကတော့ အလတ်ပေါ့။  သူတို့က  နှစ်တိုင်း ဝတ္တရားမပျက် မှန်မှန်သီးပေးတယ်။ အရွက်ခါချိန်ပြီးတော့  ရွက်နုဝေချိန်များဆို တပင်လုံး ပုရစ်ဖူးလေးတွေ ပန်ပြီး မနက်နေရောင်အောက်မှာ  ဝတ်စုံအသစ်နဲ့ လှချင်တိုင်းလှနေတာပေါ့။  ဖက်ဖူးစိမ်းရောင် ဝတ်စုံလေးနဲ့  အရွယ်မတူ အပျိုလေးတွေအလား။ အဲ…ဒီလို အချိန်ဆိုရင်တော့ ကျွန်မတို့လည်း မန်ကျည်းရွက်တောထဲ တဝဲလည်လည်ပါပဲ။ မန်ကျည်းရွက်ဟင်း စားရလွန်းလို့ ပြောပါတယ်။ အမေကတော့ ဖက်ဖူးစိမ်းရော၊ ဝတ်စုံသစ်ရော စဉ်းစား မနေပါဘူး  ဟင်းချက်ဖို့သာ စဉ်းစားတာ ကလား။  တကယ့်အမေ  မန်ကျည်းရွက် တမျိုးတည်းကို ချက်တာများ မန်ကျည်းရွက် ချက်နည်းတရာ စာအုပ် ထုတ်တောင်ရမယ်။ ဘာချက်ချက် မန်ကျည်းရွက် ရောချက်တာပါပဲ။ ငါးလည်း မန်ကျည်းရွက်နဲ့  အရည်သောက်ချက်၊ ဝက်သားချက်လည်း မန်ကျည်းရွက် အချဉ်ဟင်း ပါတယ်။ အသားဟင်းမပါလည်း  မန်ကျည်းရွက်သုတ် ပဲဟင်းချိုချက် ပြန်ရော။ ရာသီစာ စားရတယ်ပြောတာပဲ ကျွန်မတို့ မောင်နှမတွေစားရလွန်းလို့ ငြီးရင် ပြောတာလေ။  အပင်ပေါ်က မန်ကျည်းရွက် နုထွေးထွေး လိုချင်ပလားဆို  “သမီးရေ…အမေ့ကို  မန်ကျည်းရွက် ခူးပေးပါဦး”ပေါ့။  ကျွန်မလည်း လွယ်အိတ်ထဲက ကျောင်းစာအုပ်တွေ စားပွဲပေါ်သွန်ချ စလွယ်သိုင်းပြီး တခဏခြင်း အပင်ပေါ် ရောက်သွားပါလေရော။ သီချင်းလေးတောင် တကြော်ကြော် အော်ဆိုလိုက်သေး။ အပင်ပေါ်က ကျွန်မ အသံ ကြားတာနဲ့ အဖေက “မြောက်လွှဲကျော်မ သစ်ပင်ပေါ် ရောက်ပြန်ပြီလား” လို့ အော်ပါတော့တယ်။ “အမေခူးခိုင်းတာ အဖေရေ” လို့ ပြန်အော်ရတယ် မဟုတ်ရင် ဆင်းခဲ့ ဆိုပြီး ဆော်ပလော် တီးမှာ။ ကျွန်မကလည်း ကျွန်မလေ တခြံလုံးက သစ်ပင် မတက်ဘူးတာဆို အုန်းပင်ပဲ ကျန်တော့တာကိုး။ အမှတ်ရစရာများ ပြောပါတယ် တခုဝင်လာတာနဲ့  မပြီးနိုင် မစီးနိုင် အမျှင်ကို တန်းလို့။ မန်ကျည်းရွက်ကလည်း ခူးတတ်မှနော်။ ကြားဖူးမှာပါ “ငါးပိဖုတ်တာတောင် ဆရာမပြ နည်းမကျ”လေ။  လူစုံတုန်းလေး ဖေါက်သည်ချလိုက် ဦးမယ်။ တခါက အစ်ကိုကြီးကို အမေက ခူးခိုင်းပါတယ် တော်တော်နဲ့ ပြန်ဆင်း မလာဘူး။  ဒါနဲ့ အမေက “လူလေးရေ  ဆင်းခဲ့တော့ ကြာနေပြီ” ဆိုလို့ ဆင်းလာတယ်။ အချိန်သာ ကြာတာ မန်ကျည်းရွက်က လက်တဆုပ်မရဘူး။ ခူးမှ မခူးတတ်တာကိုးလို့။  ငါးထွေရည်တွေပါ မခူးပဲ ထိပ်ဖူးလေးတွေပဲ ဆိတ်လာတော့ ဘယ်ရမလဲ။ အမေက ကြည့်ကြည့်ပြီး “ အမလေး…လူလေးရယ် မင့်ဟာက” ဆိုပြီး ရီလိုက်တာ။ ဒါနဲ့ပဲ ဆရာမကြီးကျွန်မ အရည်အချင်း ထပ်ပြခဲ့ရသေးတာ။  နောက်ပိုင်း မြို့မှာ  အနေများတော့  အမေ့ခမျာ သားသမီးတွေ အတွက် အပင်ပန်းခံ လုပ်ပေးရှာတယ်။ မန်ကျည်းရွက်နဲ့ ပုစွန်ခြောက် ရောကြော်ထားတာကို ဗူးအကြီးကြီးထဲထည့်  လူကြုံပေးရှာတယ်။ ဒီလောက် အများကြီးကို အမေလုပ်ရတာ အချိန်ယူရမှာ သေချာပေမဲ့ ကျွန်မတို့ မောင်နှမတစ်တွေ စားတော့ ခဏနဲ့ ပြိုက်ခနဲ ကုန်တာ။  လူကြုံတိုင်းလည်း ဘယ်သူကတော့ ဘာကြိုက်တာပဲ ဆိုပြီး တောမုန့် လေးတွေ စုံစိလို့ လုပ်ပေးတာ။ အဖေက “နင့်ဟာက တော်ရုံလုပ်တာ မဟုတ်ဘူး ပင်ပန်းလိုက်တာ” တောင် ပြောယူရတယ်။ တခါတခါတော့ မြင်ရတာ မသက်သာလို့ စိတ်ပေါက်လို့ ဖြစ်မယ် “ ဟဲ့ မမြိုင်.. နင့်သားသမီးတွေကို ပြုစုသလို ငါ့ ပြုစုရင် နင် သောတပန် ဖြစ်တာ ကြာပြီ” တဲ့။  အဖေပြောလည်း ချွေးတချွဲချွဲ ကြားက ပြုံးပြုံးကြီး  လုပ်နေသေးတယ် ဆိုပဲ။ ဦးလေးတွေ အဒေါ်တွေ ပြန်ပြောပြတာ ပြောပါတယ်။ ရာသီစာလေးတွေ ထည့်ပေးလား ထည့်ပေးရဲ့ သားသမီးကို စားစေချင်တဲ့ စေတနာတွေလေ။ တခါတခါ မြို့ကို လာလည်း ခြေလွတ် လက်လွတ် တခါမှ မလာပေါင်။ ခြင်းကြီး၊ ခြင်းငယ်  အသွယ်သွယ်နဲ့ လာတာကြည့်ပဲ။ သားသမီးတွေက သူယူလာတာတွေ စားနေရင် သူလည်း စားတာမဟုတ် ဘေးကနေ ပြုံးပြုံးကြီး ထိုင်ကြည့် နေသေးတာ။ မပြန်မခြင်း သားသမီးတွေ စားချင်တာကို  မီးဖိုထဲကမထွက် ချက်ကျွေးသေးတာ မပင်ပန်းတဲ့ အတိုင်း။ အဲ..ကျွန်မကလည်း  ယောက်ခမအိမ် ရောက်နေပေမဲ့ အမေရောက်နေပြီ သတင်းရတာနဲ့ ချက်ချင်း ပေါက်ချလာတာပဲ။ ကျွန်မ မြင်တာနဲ့ အစ်ကိုကြီးက “အမေ့သမီး ကုန်သယ်လာပြီ” လို့စပါတယ်။ အရောင်းအဝယ်လုပ်တဲ့ ကုန်သည် မဟုတ်ပါဘူး။ ကျွန်မစားချင်တဲ့ တောစာလေးတွေ ကုန်တိုင်း လာလာပြီးသယ်လို့ ကုန်သယ်ပါတဲ့။ ဘယ်သူ ဘာပြောပြော ကျွန်မကလည်း ခပ်တည်တည်နဲ့  အမေ ယူလာတာတွေထဲက ကိုယ်ကြိုက်တာ အဝစားပြီး အိမ်အပြန်လည်း သယ်သေးတာ။ ယောက်ခမကိုလည်း  မျက်နှာလုပ်ဖို့လေ။  “အမေ့ ဒါလည်း ယူသွားမယ်နော့်” လို့ သုံးလေးမျိုး ယူပြီးတာတောင် ထပ်တောင်းနေလို့  ညီမလေးက နင်ယူတာလွန်နေပြီနော် ဆိုတဲ့ မျက်နှာပေးနဲ့  ချစ်စဖွယ် မျက်စောင်းလှမ်းထိုးပါတယ်။ အမေကတော့ “ဟဲ့..သမီး ခြင်းအပြာထဲက ဟာကော ယူပြီးပလား” ဆိုကာ သူကိုယ်တိုင် ထရှာပြီး ထည့်ပေးပါတယ်။ သားသမီး စိတ်ချမ်းသာရင် သူလည်း စိတ်ချမ်းမြေ့ပုံပါ။  ကဲ..အတွေး အမျှင်တန်းလို့ စကားက လမ်းလွဲပြီ။ မန်ကျည်း ရာဇဝင် ပြန်ဆက်ပါဦးမယ်။ မန်ကျည်းရွက်တွေ ရင့်ပြီး အသီးတွေ သီးတော့လည်း မန်ကျီးသီး အနုလေးတွေကို ထောင်းထု ကြော်လှော်ပြီး လူကြုံနဲ့ ပို့ ရှာပါတယ်။  သူ့သမီး အငယ်မ အသည်းစွဲအစာမို့လေ။ အဲဒီကနေ မန်ကျည်းသီးတွေ မှည့်လာရော အခစား(နေ့စား) ခေါ်ပြီး သုံးပင်လုံး  ပုတ်ပါတယ်။  အခစား ခေါ်ထားတဲ့ ကောင်မလေး သုံးယောက်က ကောက်ပြီး ပုတ်ထဲ ထည့်ထား။ နောက်နေ့  တွေမှာ ဖျာပေါ်တင် နေလှန်း ညနေဖက် နေရိပ်ချိန်ကြတော့ တုတ်တွေနဲ့ ရိုက်ပြီး အခွံခွာပါတယ်။ ပြီးတာနဲ့ တောင်းတွေထဲထည့် အိမ်အောက်ကစင်မှာ တင်ထားခဲ့ပေါ့။ နောက်နေ့ မနက်ရောက်တော့  ကျန်တာတွေ ထပ်လှန်း မနေ့က အခွံခွာထားတဲ့ အသီးတွေကို အကြောခွာပေါ့။ အားလုံးသန့် သွားတော့ တောင်းတွေထဲထည့်ပြီး အိမ်ပေါ်မှာ တင်ပေးခဲ့ပါတယ်။  ကျန်တာတွေက အမေ့အပိုင်းတွေ။  ညနေဖက် အလုပ်အားတော့ မြေဇလုံ အကြီးကြီးယူ မန်ကျည်းမှည့် အခွံကျွတ်တွေထည့်။ ရေကို သင့်ရုံထည့်ပြီး အပေါ်က အဖုံးအုပ် အလေးတခုခု ဖိထားခဲ့။  နောက်နေ့ မနက်ရောက်တော့ တမနက်လုံး မအားလို့ အဲဒီဖက် မလှည့်အားဘူး။ ဆွမ်းခံ ပြန်ချိန်လောက်ရောက်မှ  အလုပ်ပါးလို့  ရေချိုးချိန်နီးမှ စ ကိုင်ရတယ်။ နောက်ထပ် ဇလုံ တလုံးချ အိုးအဝမှာ ဇကွဲချစကာတင်  ညကရေစိမ်ထားလို့ ပွနေတဲ့ မန်ကျည်းသီးတွေကို ဇကာပေါ်တင် လက်နှစ်ဖက်နဲ့ တိုက်ချတော့တာပဲ။   အနှစ်တွေပဲ ဇလုံထဲကျပြီး အစေ့ခွံနဲ့ အစေ့တွေကိုတော့ ဘေးမှာပုံထား အားလုံး တိုက်ချပြီးတော့ စစ်စီးဝနေလို့ မဲပြောင်နေတဲ့ စကောကြီးထဲ  ခပ်ထည့်  ဖြန့်ခင်းပေါ့။ ဇကောကလည်း သေချာ အထူးမှာထားတဲ့ စကောမို့ သာမန်စကောထက် ၃ဆလောက် ကြီးတယ်လေ။ အဲဒီ မန်ကျည်းမှည့် စကောကြီးကို မီးဖိုရှေ့က ပဲစင်ပေါ်တင်လှန်း။  နောက်သုံးလေးရက်နေတော့ အတော်မာနေပြီ  အဲဒီ့ အခါမှ ကလေးလက်သီးဆုပ်လောက် အလုံးလေးတွေပြန်လုံး  တခါ ထပ်လှန်းပြန်ပါတယ်။ စိတ်ကြိုက် အနေတော်ရမှ ရုပ်ပါတယ်။ ဒါလည်းမပြီးသေးပါဘူး။  အဲဒီအလုံးလေးတွေကို ဆီသုတ်ပါသေးတယ် ပိုးမဝင်အောင်လို့ ပြောတာပဲ။ အားလုံးပြီးသွားမှ စဉ့်အိုးထဲ စီစီရီရီထည့် အပေါ်က ်အဝတ်သေချာပတ် အဖုံးအုပ်ပြီး သိမ်းထားပါတယ်။ လိုအပ်မှ နည်းနည်းခြင်း ယူစားပေါ့။ တနှစ်လုံး မတ်တပ်(အမြဲသုံး)  စားတာမို့  ပြစ်တော့ မပြစ်ရပဲ ကုန်သွားတာပါပဲ။ အိမ်အတွက် တနှစ်စာ လောက်ပြီဆို ကျန်တာတွေ သင့်သလိုရောင်းတာမို့ အပိုဝင်ငွေတောင် ရသေး။ ကျွန်မတို့ အတွက်လည်း သေချာ အိတ်နဲ့ ထုတ်ပိုးပြီး ပို့သေးတာ။ ကျွန်မက အိမ်ထောင်ကွဲ ဖြစ်သွားပေမဲ့ စားစေချင်လွန်းလို့ တကူးတက ပို့ပေးရှာပါတယ်။  မန်ကျည်းမှည့်လုံးလေးတွေများ ဆီသုတ်ထားလို့ မည်း ပြောင်နေတာပဲ။  ဝမ်းမမှန်ရင် ဆားနဲ့တေစား။ ဟင်းချက်ရင်ကော အစေ့မပါလို့  တန်းထည့်ရုံပဲ။  ဘယ်လောက် အဆင်ပြေလိုက်လဲ။  သမီးဖြစ်တဲ့ ကျွန်မ အဝေးကြီး ရောက်နေတာတောင် မမေ့မလျှော. ပို့ပေးသေးတာ။ အလွယ်တကူ ဝယ်စားလို့ ရတဲ့ခောတ်ကြီးမှာ ဝယ်စားလို့ ရမှန်းသိပေမဲ့   သားသမီးအတွက် ဆိုတဲ့စိတ်နဲ့ ပင်ပင်ပန်းပန်း လုပ်ပြီး ပို့ပေးပါတယ်။  အမေရယ် ပင်ပန်းပါတယ် မလုပ်ပါနဲ့တော့လို့ ဝိုင်းတားတာလည်း  မရပါဘူး။ ဝယ်စားတာက  မသန့်ဘူး ရောင်းတန်းမို့ ပိုးတွေပါတယ်တဲ့လေ။ သားသမီးကို တတ်နိုင်သလောက် အကောင်းဆုံး လုပ်ပေးချင်တဲ့ အမေ့မေတ္တာတွေပါ။

ဒါကြောင့် ကျွန်မ အစက ပြောတာပေါ့ မန်ကျည်းမှည့်ခြင်း တူပေမဲ့ တန်ဖိုးခြင်း မတူပါဘူးလို့။ ဒါက ကျွန်မအမေ ကိုယ်တိုင် အကောင်းဆုံး လုပ်ယူထားတဲ့ အထုတ်လေ။ သားသမီးအတွက်လို့ ရည်ရွယ်ပြီး အမေ့မေတ္တာတွေ  စီးဝင်ပြီး  လုပ်ထားတဲ့ မန်ကျည်းမှည့်မို့  နယ်နယ်ရရ  ဘယ်ဟုတ်မလဲ။  သာမန်နဲ့ မတူတဲ့ အမေ့မေတ္တာတွေ ပါတာမို့ တခြားသူ မသိပေမဲ့ သားသမီးတွေကတော့ ခံစားလို့ ရနေတယ်လေ။  အမေကိုယ်တိုင် ပင်ပင်ပန်းပန်း လုပ်ထားတာမို့ စားတိုင်း သတိတရ ရှိမြဲ။  သေးနေတဲ့ အထုတ်ကို ကြည့်ပြီး သိလိုက်တာကတော့ ဒီတခါ လူကြုံလေးများ ရှိရင်တော့ ကုန်လောက်ပြီမှန်း တွက်ဆပြီး အမေကတော့ အမေ့မေတ္တာ မန်ကျည်းမှည့်လေး ထပ်ထည့်ပေးမှာ ကျိန်းသေပါပဲရှင်။

9 comments

  • ဆူး

    July 14, 2011 at 9:05 pm

    အဲဒီမှာ မန်ကျည်းအချို ရလားဟင်..

    • ကြောင်ကြီး

      July 15, 2011 at 6:23 am

      အချိုလိုချင် သကြားဖြူးပေါ့ကွယ်….

    • hmee

      July 15, 2011 at 3:09 pm

      ရောက်တာ ကြာနေပြီ တခါမှ ဝယ်မစားဘူးသေးဘူး။ ဆူးရေ သစ်ပင်အကြီးဆို ဆွယ်တော်ပင်၊ သံလွင်ပင်၊ စွန်ပလွန်ပင်ပဲ တွေ့တယ်။ မန်ကျည်းပင် လုံးဝမတွေ့ဘူး။ သရက်ပင်တောင် စိုက်ခင်းတွေမှာ လူတရပ်သာသာပဲ တွေ့တယ်။ စိုက်ခင်းကလွဲပြီး အပြင်မှာ တခါမှ မရှိဘူး။ အလေ့ကျတောင် မတွေ့ဘူး။

  • padonmar

    July 14, 2011 at 9:06 pm

    မှီအမေမေတ္တာ မန်ကျည်းမှည့်မှာသာမက နေရာတိုင်းမှာ တွေ့နေရမှာပါ။

  • shwe ni

    July 15, 2011 at 12:45 am

    June 30 ရက်နေ့က မေမေ မွေးနေ့

  • MaMa

    July 15, 2011 at 6:48 am

    အမေ့လက်ရာဆိုတာ ချက်ပြုတ်ထားတာချင်း တူပေမယ့် မေတ္တာပါ အဆစ်ထည့်ထားတယ်လို့ ပေါ်လွင်စေတယ်လေ။ မှီလည်း မှီ့သားလေးအတွက် မေတ္တာမန်ကျည်းမှည့်နဲ့ အမေ့လက်ရာလေးပေ့ါ နော်။

  • chitpyae

    July 15, 2011 at 9:17 am

    အမေထောင်းပေးလိုက်တဲ့ ငါးပိထောင်းလေးစားရင်းနဲ့ အမေ့လည်းသတိရ ငရုတ်သီးကလည်း စပ်ဆိုတော့ … မျက်ရည်လည်ရွဲ နဲ့ နှာရည်ရွှဲပီး ထမင်းစားရတာလေ … ၃ ပန်းကန်လောက်ကုန်သွားတယ် .. 🙂

  • ရွှေဘိုသား

    July 15, 2011 at 9:33 am

    ငယ်ငယ်တုန်းက ရွာမှာ အမေကဟင်းချက်တာ ငရုတ်သီးထည်.ထားတော. စိတ်ဆိုးပြီး
    မစားတော.ဘူး ကျွန်တော်ငရုတ်သီးမကြိုက်ပါဘူးဆိုနေ အမေတို.လင်မယားနှစ်ယောက်များများစားလို.ရအောင်
    ချက်တာမလားဆိုပြီး ကလေးအတွေးလေးနဲ.ရန်လုပ်
    ပြီးရင် အင်းထဲသွားပြီး ကန်စွန်းရွက်ခူးကြော်စားမယ်ဆိုပြီး ထွက်သွား
    အမေကမသွားနဲ.လို. တားလည်းနားမဝင်ပဲ သွားခူး
    ကိုယ်လည်းပြန်လာရော ကန်စွန်းရွက်ကြော်က အဆင်သင်.ဖြစ်နေတာ ကြုံဖူးတယ်
    ဒါနဲ.နောက်တော. စိတ်လည်းမဆိုးတော.ပါဘူး
    အမေကလည်း ငရုတ်သီး ဘယ်တော.မှထည်.မချက်တော.ဘူး
    အခုတော. ကျွန်တော်ရန်ကုန်ရောက်နေလို. အမေလည်း သူတို.ကြိုက်တဲ.ငရုတ်သီး လေးထည်.ချက်နေရော.ပေါ.

    လွမ်းလိုက်တာ အမေနဲ.အဖေရာ

  • hmee

    July 15, 2011 at 2:50 pm

    ငယ်ငယ်ကတည်းက ခွဲနေရလို့ နေသားကျပြီလို့ တချို့က ထင်ကြတယ်။ ဘယ်ဟုတ်မလဲ ရင်ထဲက အနာက ဘယ်တော့မှ မကျက်နိုင်ဘူး။ မနေကတနေ့ ကလိုပဲ အမြဲထင်တာ။ ငါ့သားသမီးကြရင် ခွဲမထားဘူးလို့ ငယ်ငယ်က စဉ်းစားခဲ့ပေမဲ့ မိဘနေရာ ရောက်လာတော့ အတွေးပြောင်းမိသွားပြန်တယ်။ သူတို့ ဘဝ မြင့်တက်ဖို့ ရင်အကွဲခံနိုင်ရမယ်လို့ တွေးမိပြန်ရော။

Leave a Reply