ရဟန်းဝတ်စဉ်က အလွဲ(၄)

ဘယ့်နှယ့်ရှိရတာလည်းလို့ သူတို့ လန့်သွားရသည်။ မသိလျှင် ဓါးပြတိုက်နေသလိုထင်နေရသည့်ပုံစံပေါက်အောင် ကိုယ်တော်က လုပ်ချလိုက်ပြီ။အိမ်၏ ဧည့်ခန်းထည့်ကိုရောက်တော့ ဦးဇင်းငယ်လေးက အခန့်သားထိုင်လျှက် မိန့်မိန့်ကြီးနှင့် အစ်မဖြစ်သူကို မိန့်နေရှာလေသည်။ အစ်မဖြစ်သူကလည်း အခြား ဦးဇင်းများလည်းပါသဖြင့် ဘာမျှမပြောပဲနေသလား၊ ကြည်ကြည်သာသာရှိချေသည်။ ဒကာမအစ်မကြီးထွက်သွားတော့မှ ကျန်ဦးဇင်းများက ဦးဇင်းငယ်လေးကို ကြိတ်ဆူရသည်။

“ကိုယ်တော် အဲဒီလိုမလုပ်နဲ့လေ ဦးဇင်းတို့ မျက်နှာပူတယ် ကပ်စရာရှိတာ ကြည့်ကပ်လိမ့်မပေါ့ ဦးဇင်းဟာက တမင်သက်သက် မြိုဆို့ဖို့လာသလိုဖြစ်မနေဘူးလား”

ဦးဇင်းငယ်လေးကတော့ တုတ်တုတ်မျှ ခွန်းတုန့်မပြန်။ ခုမှ တေမိကိုယ်တော်လုပ်နေသည်။ တစ်အောက့်လောက်ကြာတော့ ဒကာမ ပြန်လာသည်။ လက်ထဲမှာတော့ အချိုရည်ဗန်းနှင့် ကွမ်းယာခပ်ကြီးကြီးထုပ်တစ်ထုပ်၊ Red Rubyဆေးလိပ်ဗူး တစ်ဗူး အရံသင့်ပါလာသည်။

” ဦးဇင်းတို့ ဘုန်းပေးကြပါဦး အချိုရည်ကပ်ပါတယ် ဘုရား ဒါက ကွမ်းပါ ဘုရား ဒါက ဆေးလိပ်ပါ ဘုရား”
ဦးဇင်းငယ်လေးက မသိသလိုမျိုးပုံဖမ်းလျှက် အချိုရည်ကို ကျိုက်နေလိုက်၏။ ပြီးနောက် ကွမ်းတစ်ရာကို ပစ်သွင်းဝါးကာ ဒကာမလေး ဘက်သို့လှည့်ပြီးနောက်-

“ဒကာမကြီး ထွေးခံယူပေးဦးလေ “
“တင်ပါ့ဘုရား တပည့်တော် မေ့သွားလို့ပါ ဦးဇင်းလေးကလဲ”

ဒကာမလေး၏မျက်နှာ အနည်းငယ်တင်းလာသည်ကို မြင်နေရပြီ။ ဒကာမလေး ဘောက်ဆတ်ဘောက်ဆတ်ထသွားက ထွေးခံကိုယူလာသည်။ ပြီးနောက် ဦးဇင်းငယ်လေး၏ ဘေးတွင် ထားပြီး

“ဘာလိုသေးလဲ တစ်ခါတည်းပြော ဦးဇင်းမို့ကြည့်နေတာနော် ငရဲကလည်းကြောက်နေလို့ ခံသာတယ်မှတ် ခုချိန် လူသာဆိုရင် အမှုန့်ကြိတ်ပစ်ပြီ” ဟု ကြိမ်းလေသည်။

ထိုအခါ ဦးဇင်းလေးက ပြုံးရုံတင် ပြုံးနေ၏။ သူတို့ကတော့ မျက်ခုံးခပ်လှုပ် လှုပ်။ တော်ကြာ မသကာ သူတို့ပါ ရောပြီးကလော်သုတ်ခံရလျှင်ဆိုသည့်အတွေးကြောင့် ဖင်များပင်ယားလာကာ ခုံပေါ်က ကြွချင်လာသည်။တစ်ပါးနှင့် တစ်ပါး မျက်စပစ်က ပြန်ရန် အချက်ပေးနေကြပြီ။ ဦးဇင်းလေးကတော့ ပြန်ရန်စိတ်မကူးသေး။ တီဗွီကိုသာ သည်းသည်းမည်းမည်းကြီးကြည့်နေလေသည်။ တီဗွီတွင် ကိုးရီးယားကားလာနေသည်။ ထိုစဉ် ဦးဇင်းလေးက ရုတ်တရက်ထပြောသည်။ ပြောပုံက

“ကိုယ်တော်တို့ကြည့်ကြည့် လှလိုက်တာဗျာ ချစ်စရာလေး မင်းသမီးက ဘယ်တောင်ချောထားလဲ”
ဘုရား….။
မပြောကောင်းဘူးလေး ဦးဇင်းရဲ့ဟု ဝိုင်းပြောမည်ပြုတော့ ဦးဇင်းလေးကပဲ လက်ဦးစွာ “မေ့သွားလို့ပါ ကိုယ်တော်တို့ကလဲ”တဲ့။

ဦးဇင်းငယ်လေးက ပြန်ခါနီတွင် ဒကာမနားသို့ကပ်ပြောလိုက်သံကိုကြားလိုက်သည်။
“ဒကာမကြီးကိုပြောလိုက်ပါ ဦးဇင်းဝတ်တာ အပြီးဝတ်တာမဟုတ်ဘူးလို့ ပျော်မနေနဲ့လို့ ကျောင်းလည်းမလာကြဘူး အချိုရည်မကပ် ဘာမကပ် ပြောမှသိကြတယ် ဟိုကောင် ညီပုကိုပြောလိုလိုက် မနက်တစ်ခါ ညတစ်ခါ ဒေါ်လေးဆိုင်က ကွမ်း 500ဖိုးဆီ တစ်ရက် 1000ဖိုးကျ လာပို့လို့ ဒီညနေ ဂျင်းသုပ်လာပို့ ဒါပဲ မိန့်မယ်”
ကိုင်း ဘယ်နှယ့်ရှိစ။ ဒကာမလေးက ပြန်ပြောသည်မှာတော့-

” ဦးဇင်းကလည်း အမေလည်း မအားတာကို အားရင်တော့လာမှာပေါ့ ဒီမနက်တောင် ပြောနေသေးတာ ညကျရင်တော့ ဘုန်းကြီးကျောင်းသွားဦးမယ်တဲ့”

” သွားဦးမယ်ချည်းပြောမနေနဲ့လို့ သွားဖြစ်အောင်သွားဖို့လုပ်ဦးလို့ သွားမယ်”
ဦးဇင်းလေးတို့ အိမ်မှပြန်ကြွသောအခါ ဘယ်မှမသွားဖြစ်တော့။ ကျောင်းကိုသာ ဆိုက်ဆိုက်မြိုက်မြိုက်ပြန်ကြွကြတော့သည်။ ကျောင်းကိုရောက်တော့ မကြာလိုက်။ ဦးဇင်းကြီးက ကြွလာပြီ သူတို့ကိုပြောသည်။

“ညနေကျရင် ဘုရားဝတ်တက်ရမယ် ၆နာရီလောက်ပေါ့ ခါတိုင်းမတက်ဖြစ်တာက စားမေးပွဲတွေရှိနေတာကြောင့် ရော့ ဒီ စာအုပ်လေးတွေယူထား စာမျက်နှာ ၁၃ကနေ စကြည့်ထားကြ အလွတ်မရရင်လည်း ကြည့်ဆိုလို့ရတယ်…မသိတာရှိရင်တော့ လာမေးကြပေါ့…ဟုတ်ကဲ့လား”

“တင်ပါ့ဘုရား”ဟုဆိုကာ စာအုပ်ကလေးကို ယူထားလိုက်ကြသည်။ စာမျက်နှာ(၁၃)ဆိုသည်ကိုကြည့်တော့ ဩကာသ ဘုရားရှိခိုးကိုအရင်မြင်ရသည်။ နောက်တစ်မျက်နှာကိုကြည့်တော့ ပရိတ်ကြီး ပါဠိတော်ဘုရားရှိခိုး။ အဲဒါမှ ဒုက္ခ။ ပါဠိဆိုလျှင် မမြင်ရ ၊မတွေ့ရ၊ မဖတ်ရတာတောင်ကြာပေါ့။ လွန်ခဲ့သော 10နှစ်ခန့်ကတော့ ဖတ်တတ်သေးသည်။ ဒါတောင် ဘုန်းကြီးကျောင်းမှာ တစ်လခွဲလောက်နေလိုက်ရသဖြင့် ဖြစ်သည်။

ငယ်ငယ်ကလေးထဲက သရဏဂုံပြီးလျှင် ဩကာသ၊ ပြီးရင် နမော တဿ ဘဂဝတော နှင့်တင် ဘုရားစာကို ဆိုလို့ပြီးပြီ။ ခုတော့ကြည့်ဦး။ အောက်က အနေကဇာတင် ပါဠိ ဂါထာတော် ကလိုက်လာသည်။ ဘယ်လိုဆိုရပါ့။ ဦးဇင်းကြီးကသာ မသိရင်မေးဟုပြောသွားသည်။ တကယ်တမ်းမေးရလျှင် အသံထွက်ပုံထွက်နည်းကအစ သင်ရဦးမည်။ ကြည့်ဆိုလည်း အသံထွက်မရလျှင် ဘာလုပ်ရမည်နည်း။ အရှက်တွေတော့ ကွဲရော့မည်။ တော်ကြာ ညနေ ဝတ်တက်ချိန်ကျမှ ဘုရားစာတောင် အလွတ်လည်းမရ၊ အသံထွက်လည်းမဖတ်တတ်ဆိုလျှင် ခေတ်လူငယ်တွေများ မိဘက မိရိုးဖလာ ဆိုတာနှင့် ခေါင်းငြိမ့်ရုံပဲ ဘာမှလည်း သေသေချာချာ မဆည်းပူးဘုးဟု ဆရာတော်က အပြစ်တင်ချေလိမ့်မည်လား။

သူတို့တစ်ပါးကို တစ်ပါးကြည့်လိုက်ကြ၏။ ချက်ဆိုလျှင် နားခွက်က မီးတောက်သူတွေပီပီ သိလေသည်။ ဘယ်သူက ဖတ်တတ်သလဲပေါ့။ အားလုံးက မင်္ဂလသုတ်၊ မေတ္တာသုတ်၊ မပြောနှင့် ဘုရားရှင်၏ ဂုဏ်တော်တွေကိုတောင် အကြည်တော်၏ ဟာသ ဝတ္ထုတွေလောက်တောင် ကြာကြာ ဖတ်ဖူးကြသူတွေမဟုတ်။ ပါဠိဖတ်ဖို့ရာ ကျားမြီးသာပြေးဆွဲကြတော့ ကိုယ်တော်တို့ရေဟု ပြောရမလိုလို။ အဲဒီမကြာမတင်လေးမှာပဲ ၆နာရီကထိုးရော။
အားလုံးက စာအုပ်ကတွေကိုယ်စီနှင့် ကျောင်းကြီးပေါ်သို့ တရွေ့ ရွေ့။

“စုံပြီလား “ဟု ဦးဇင်းကြီးကမေးတော့
“စုံပါပြီ ဘုရား”ပြန်လျှောက်လိုက်သည်။
“အေး ဒါဆို စလိုက်ကြရအောင်”

“ဗုဒ္ဒံ ပူဇေမိ ဗုဒ္ဒံ မြတ်စွာဘုရားကို ပူဇေမိ ပူဇော်ပါ၏ဘုရား”
“ဓမ္မံ ပူဇေမိ ဓမ္မံ တရားတော်မြတ်ကို ပူဇေမိ ပူဇော်ပါ၏ ဘုရား”
“သံဃံ ပူဇေမိ သံဃံ သံဃာတော်မြတ်ကို ပူဇေမိ ပူဇော်ပါ၏ ဘုရား”
အဲဒီအထိတော့ အဆင်ကိုချောလို့။ ဩကာသ ဘုရားရှိခိုး အထိလည်း ပြဿနာမရှိသေးဘူး….။ အားလုံး၏ အသံများသည် မိမိတို့ရသည်ဆိုသည်နှင့် ကျယ်ကျယ်လောင်။ ကျယ်လိုက်သမ ဩထွက်နေသည်။ တကယ်တမ်း ပါဠိလို ရွတ်ရမည့် ပရိတ်ကြီး ပါဠိတော် ဘုရားရှိခိုးကိုရောက်သည်တွင်တော့……အသံများသည် ရုတ်တရက်……။

ဆက်ရန်
သော်ဇင်(လွိုင်ကော်)
14th-July-2011

2 comments

  • hmee

    July 14, 2011 at 3:37 pm

    တခါက အိမ်မှာ ဆွမ်းခံကြွနေကြ ကိုယ်တော်တပါး မောင်လေးက အက်ရှင်ကားကြည့်နေတာကို ထိုင်ကြည့်နေတာ။ ဇာတ်လမ်းက ကောင်းတော့ တော်တော်နဲ့ မကြွဘူး။ နောက်ဆုံးမနေသာလို့ ကိုယ်တော် ဆွမ်းစားချိန်နီးနေပါပြီ ဘုရားလို့ လျှောက်မှ ကျောင်းပြန်ကြွသွားတယ်။ ငယ်လည်း ငယ်သေးတာကိုး။

  • pooch

    July 14, 2011 at 4:42 pm

    အိမ်က မောင်လေးဝမ်းကွဲတယောက် သင်္ကန်း ဝတ်တုန်းက သူ့အရပ်ကြီးက ၆ပေ စွန်းစွန်းလောက်ရှိတော့ သင်္ကန်းကလည်း မရုံတတ် ရုံတတ်ဆိုတော့
    စွန်တောင်စွဲပြီး တိုနံ့နံ့နဲ့ သူ့ကြည့်ပြီး အားလုံးက ပြုံးစိစိ ..ကျောင်းကကိုယ်တော်တွေက ပြင်ဝတ်ပေးရင်တော့ ဟုတ်တုတ်တုတ် ညနေဝတ်တက်ရင်လည်း ဘာတွေဆိုမှန်းမသိဘူး ပါးစပ်ကတော့ လှုပ်နေတာပဲ..

Leave a Reply