ဝါဆိုလပြည့်နေ့

manawphyulayJuly 14, 20111min390

မနက်ဖြန်ဆို မြန်မာများရဲ့ ဝါဆိုလပြည့်နေ့ဖြစ်ပါတယ်။ ဝါဆိုလပြည့်နေ့မှာ
မြတ်စွာဘုရားရှင် ပဋိသန္ဓေနေတော်မူခြင်း၊ တောထွက်ခြင်း၊ တရားဦး
ဓမ္မစကြာကို ဟောကြားတော်မူခြင်း၊ ရေအစုံ မီးအစုံတန်ခိုးပြာဋိဟာများကို
ပြသတော်မူခြင်းဆိုတဲ့ ထူးခြားတဲ့နေ့ ဖြစ်ပါတယ်။ ဝါဆိုလပြည့်ကျော် ၁
ရက်နေ့မှာ ရဟန်းသံဃာများ ပုရိမဝါကပ်ဆိုတော်မူကြပါတယ်။ ဒါကြောင့်
ဝါဆိုလကို လထူးလမြတ်အဖြစ်သတ်မှတ်ထားကြပါတယ်။ ဝါဆိုလပြည့်ကျော် ၁ ရက်နေ့ဟာ
ကျွန်မရဲ့ မြန်မာမွေးနေ့ရက်လည်း ကျရောက်ပါတယ်။
ရှေးမြန်မာဘုရင်များသည် ဗုဒ္ဓသာသနာတော် တိုးတက်စည်းကားပြန့်ပွားရေးနှင့်
ဗုဒ္ဓယဉ်ကျေးမှု အမွေအနှစ်များကို ရရှိရေးဟူသော ရည်ရွယ်ချက်နှစ်ရပ်တို့ကို
အကြောင်းပြုပြီး ဝါဆိုလမှာ ပဉ္စင်းခံရှင်ပြုပွဲတော်ကြီးကို
ရာသီပွဲတော်အဖြစ် ကျင်းပလေ့ရှိပါတယ်။ ဝါဆိုလပြည့်နေ့မှာ ဖြစ်စေ၊
လပြည့်ကျော် ၁ ရက်နေ့မှာ ဖြစ်စေ၊ ဝါဆိုလမှာ ဖူးပွင့်ကြတဲ့ ပုန်းညက်ပန်း
စတဲ့ ပန်းမျိုးစုံတို့ကိုစေတီပုထိုးများမှာ သွားရောက်လှူဒါန်းဖို့
ဝါဆိုပန်းခူးထွက်တဲ့ ကျွန်မတို့ရဲ့ မြန်မာများရဲ့ ကြည်နူးကျေနပ်စရာ
ယဉ်ကျေးမှုဓလေ့တစ်ရပ်လည်း ပေါ်ပေါက်ခဲ့ပါတာဆိုရင်ဖြင့်
ခုချိန်တိုင်ထိပေါ့လေ။
အချို့ကတော့ သံဃာတော်များ ဝါဆိုတဲ့အခါ ပူဇော်ဆက်ကပ်နိုင်ဖို့
ဝါဆိုပန်းနှင့် ဝါဆိုဖယောင်းတိုင်ကြီးတွေကို ဘုန်းတော်ကြီးကျောင်းများမှာ
လှူဒါန်းကြပါတယ်။ ထို့အပြင် သင်္ကန်းများကိုလည်းကပ်လှူကြပါတယ်။
ဝါဆိုတော့မယ့် သံဃာတော်များအား ဝါဆိုလဆန်းမှာပင်
လှူဒါန်းကြတဲ့သင်္ကန်းဖြစ်တာကြောင့် “ဝါဆိုသင်္ကန်း” လို့ခေါ်ကြတာပေါ့ရှင်။
ကျွန်မလည်း ကျွန်မမွေးနေ့အတွက် ဝါဆိုသင်္ကန်းကပ်ဖို့ စီစဉ်ခဲ့ပါတယ်။
မြန်မာတို့ရဲ့ ယဉ်ကျေးမှု အစဉ်အလာတစ်ရပ်အဖြစ် အသက်၊
သိက္ခာဂုဏ်ဝါကြီးသူများကို ဝါဝင်ခါနီးမှာ ပူဇော်ဖွယ်ရာများနဲ့
ပူဇော်ကန်တော့ကြတာဆိုရင်ဖြင့် ကျွန်မတို့ဘိုးဘေးဘီဘင်လက်ထက်ထဲက
ခုချိန်တိုင်အောင်ပင် ဖြစ်ပါတော့တယ်ရှင်။
ရွှေတိဂုံစေတီတော်ရဲ့ နှစ် ၂၆၀ဝ ပြည့် အထိမ်းအမှတ်အဖြစ် ဆီမီး ၂၆၀၀၊ ပန်း ၂၆၀၀၊ ရေတော် ၂၆၀ဝ ပူဇော်မည့် အစီအစဉ်လည်း မနက်ဖြန်တွင် လုပ်မည်ဖြစ်ပါသဖြင့် သူတော်ကောင်း သူမြတ်လောင်းများအား ကြည်ညိုဖူးမြော်နိုင်ရန် ပြောကြားလိုက်ပါတယ်။

လာရောက်လည်ပတ်ကြတဲ့ မိတ်ဆွေမောင်နှမ သူငယ်ချင်းအားလုံးလည်း
ဝါဆိုလနှင့်အတူ ပျော်ရွှင်ခြင်းများစွာ ပိုင်ဆိုင်နိုင်ကြပါစေနော်….