ဆိုင်ခန်းဈေးနှုန်း အဆမတန် မြင့်မားနေ ဟုပေးစာ

BayoteMay 6, 20101min722

သို့
အယ်ဒီတာရှင့် …

ကျမတို့ဟာ စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ နန့်ဖာလုံဈေးက ပျံကျဈေးသည်တွေ ဖြစ်ပါတယ်။ ဒီဈေးမှာ ၁၉၉ရ ခုနှစ်ကတည်းက ယနေ့အထိ ပျံကျဈေးတန်းမှာ  ရောင်းဝယ်ဖောက်ကား လာခဲ့တဲ့ သူတွေပါ။

ဒီနှစ် ဇန်နဝါရီလမှာ ဈေးကြီးကြပ်ရေးကော်မတီက ကျမတို့ ပျံကျဈေးသည်တွေရဲ့ ဆိုင်ခန်းတွေကို မပြောမဆိုနဲ့ ပြန်ပြင်ဆောက်ခဲ့ပါတယ်။ ဆောက်ပြီးတဲ့နောက် ပြီးခဲ့တဲ့လ ၂၄ ရက် နေ့က ဈေးရုံးကို ခေါ်ပြီးတော့ ကျမတို့ဆိုင်ခန်းတွေကို အရှေ့ဘက် လမ်းမတန်းဆိုင်ခန်းက သိန်း ၃၀၊ အနောက်ဘက် ဆိုင်ခန်းက သိန်း ၂ဝ နဲ့ ပြန်လည် ဝယ်ယူခိုင်းပါတယ်။

ကျမတို့က ဈေးနှုန်းက အရမ်းများနေပါတယ်။ ဒီဈေးနှုန်းနဲ့ မဝယ်နိုင်ပါဘူးလို့ ဝိုင်းပြောကြတော့ တမူး ခယက အဖွဲ့ဝင် ဗိုလ်ကြီး ကောင်းစံဦးကနေ ဧပြီ ၂၈ ရက်နေ့မှာ ဈေးရုံးကို အစည်းအဝေး တခေါက်ထပ်ခေါ်ပြီး ဆိုင်ခန်းဈေးနှုန်းတွေကို ၅ သိန်းစီ လျော့ချပေးခဲ့ပါတယ်။

ဒီထက်ပိုပြီးတော့ လျော့မပေးနိုင်ဘူး။ ပြန်မဝယ်နိုင်တဲ့ ဆိုင်ခန်းတွေကို ပြန်သိမ်းပြီး လေလံတင် ရောင်းစားမယ်လို့ ဗိုလ်ကြီးကောင်းစံဦးက အစည်းအဝေးမှာ ပြောပါတယ်ရှင့်။

အမှန်တော့ ဒီဆိုင်ခန်းတွေဟာ ၁၉၉ရ ခုနှစ်ကတည်းက ငွေကျပ် ၁၇၀၀ဝ နဲ့ဝယ်ယူခဲ့တဲ့ ကျမတို့ပိုင် ဆိုင်ခန်းတွေပါ။ ဆိုင်ခန်းပေါင်း ၉ရ ခန်းရှိပြီး ရှေ့မျက်နှာစာ အကျယ် ၅ ပေနဲ့ အရှည်က ၆ ပေကျယ်ပြီးတော့ တာလဘတ်မိုး၊ ပျဉ်ခင်းထားပါတယ်။

ဈေးကော်မတီက ပြင်ဆောက်တဲ့အခါ သွပ်အဟောင်းတွေမိုးးပေးပြီး သစ်အဟောင်းတွေ၊ ပိုးစားသစ်တွေနဲ့ အစားထိုး ဆောက်ပေးခဲ့တာပါ။ အခင်းမှာလည်း မကောင်းတဲ့ ပျဉ်တချို့ကို ပြန်လဲပေးပြီး ဘေးအကာတောင် မရှိပါဘူး။ ဆောက်ခကိုတွက်ရင် ကာလပေါက်ဈေး ၂ သိန်းထက် မပိုပါဘူး။ အဲလို ဆိုင်ခန်းမျိုးတွေကို ၂၅ သိန်း၊ ၁၅ သိန်း ဈေးနှုန်းတွေနဲ့ ရောင်းနေတာပါ။

ကျမတို့ ပျံကျဈေးတန်းဟာ ကုန်စိမ်း၊ ကုန်ခြောက်နဲ့ ရာသီပေါ် အသီးအနှံရောင်းချပြီး အသက်မွေးရတဲ့သူတွေပါ။ ငွေကြေးလည်း မတတ်နိုင်ကြပါဘူး။ ဒါကြောင့် ဆိုင်ခန်းတွေရဲ့ အရှေ့ဘက်တန်းကို ၁ဝ သိန်းနဲ့ အနောက်ဘက် အတန်းကို ၅ သိန်းဈေး ဖြစ်စေချင်ပါတယ်။

ဈေးကော်မတီကတော့ ဆိုင်ခန်းပြန်လိုချင်တဲ့ ဆိုင်ရှင်က ဒီလကုန် နောက်ဆုံးထားပြီးတော့ ရှေ့ဘက်ဆိုင်ခန်းအတွက် ၁၅ သိန်း၊ အနောက်ဘက် ရ သိန်းခွဲ ပထမအရစ် ပေးသွင်းဖို့နဲ့ ကျန်ငွေတွေကို ဇွန်လကုန် နောက်ဆုံးပေးသွင်းဖို့ ဒီလ ၃ ရက်နေ့က ဈေးထဲမှာ ကြေငြာစာ ကပ်ထားပါတယ်။

ဒီကိစ္စကို ပြည်ပ အသံလွှင့်ဌာနတွေနဲ့ နေပြည်တော်ကို တိုင်ရင် ဖမ်းမယ်လို့ ဗိုလ်ကြီး ကောင်းစံဦးက ခြိမ်းခြောက်ထားပါတယ်။ ဈေးမှာ စည်ပင်သာယာ ဈေးခေါင်းရှိပေမယ့် မသိသလိုနေပြီး ဈေးကော်မတီနဲ့ပဲ လွှဲထားတဲ့အတွက် ကျမတို့မှာ အားကိုးရာမဲ့နေပါတယ်ရှင့်။

ဈေးကြီးကြပ်ရေး ကော်မတီ ဆိုတာကလည်း ဈေးထဲက ပိုက်ဆံရှိတဲ့လူတွေ စုပြီးဖွဲ့ထားတာပါ။ ဥက္ကဋ္ဌက ဦးစိုးမြင့်၊ အတွင်းရေးမှူး ဦးအောင်ဝင်း၊ ဘဏ္ဍာရေးမှူး ဦးသိန်းဆောင်၊ အဖွဲ့ဝင်အဖြစ် ဦးငယ်၊ ဦးလဖိုင်းနှင့် ဦးဝင်းထွန်းတို့ ဖြစ်ပါတယ်။

ခုလိုမတရားသဖြင့် မနိုင်ဝန်ထုပ်ကြီးကို ထမ်းခိုင်းတဲ့အတွက် ကျမတို့ပျံကျဈေးသည်တွေမှာ နေ့တိုင်း စိတ်ဆင်းရဲနေရပါတယ်ရှင်။ ကူညီနိုင်ရင် ကူညီကြပါဦးရှင်။

ပျံကျဈေးသည်များ
နန့်ဖာလုံဈေး
တမူးမြို့၊ စစ်ကိုင်းတိုင်း။

2 comments

  • susunosuki

    May 6, 2010 at 6:41 am

    အဆင်ပြေအောင်ညှိနှိုင်းကြပါဗျာ
    ကိုယ့်လူမျိုးအချင်းချင်းပဲ

  • intro

    May 6, 2010 at 12:47 pm

    ကြားရတာ စိတ်မကောင်းစရာပါပဲဗျာ….

Leave a Reply