ဒုဋ္ဌဝတီ တံတားဖြတ်သန်းခ ဆယ်ဆမကမြင့်တက်သွားခဲ့

klnMay 6, 20101min691

ဒုဋ္ဌဝတီတံတားအား မြန်မာ့ဆောက်လုပ်ရေးလုပ်ငန်းကတာဝန်ယူစဉ်ကကျပ် ၄၅ဝသာဖြတ်သန်းခကောက်ခံခဲ့သည့် ၂၄ယောက်စီးခရီးသွားဘတ်စ်ကားအားယခုအခါ ၆,၀၀ဝကျပ် ကောက်ခံလျက်ရှိရာ ၁ဝဆမက မြင့်တက်သွားခဲ့သဖြင့် ခရီးသွားများနှင့်ကောက်ခံသူများ မကြာခဏအချင်းများလျက်ရှိနေကြောင်းလည်း ဒေသခံများမှ တစ်ဆင့်သိရသည်။ မန္တလေးတိုင်းအတွင်းရှိထင်ရှားသော ရှေးမြို့ဟောင်းတစ်ခုဖြစ်သည့် အင်းဝမြို့သို့ သွားရောက်ရာ လမ်းပေါ်ရှိ ဒုဋ္ဌဝတီတံတားဖြတ်သန်းခမှာ ဧပြီလ ၁ရက်မှစ၍ မကြုံစဖူးမြင့်မားစွာကောက်ခံလျက်ရှိသဖြင့် ဒေသခံများရော ခရီးသွားဧည့်သည်များပါအခက်အခဲဖြစ်နေလျက်ရှိသည်။ အဆိုပါ ဒုဋ္ဌဝတီတံတားမှာ မြန်မာ့ဆောက်လုပ်ရေးလုပ်ငန်းမှ တည်ဆောက်ခဲ့ပြီး ဆောက်လုပ်ရေးမှပင် တံတားဖြတ်သန်းခ ကောက်ခံယူခြင်းလုပ်ငန်းကို လုပ်ကိုင်ခဲ့ပြီးနောက် ယခုနှစ် ဧပြီလ ၁ရက်မှစ၍ ပုဂ္ဂလိကသို့ လုပ်ကိုင်ခွင့်ပြုခဲ့ရာမှ တံတားဖြတ်သန်းခမှာ အံ့အားသင့်စဖွယ်မြင့်တက်သွားခဲ့ခြင်းဖြစ်သည်။ “ဘယ်လိုယာဉ်မျိုးကို ဘယ်လောက်ကောက်ခံမယ်ဆိုတာ သတ်မှတ်နှုန်းထားရှိပါတယ်။ အဲဒါကို မြင်သာအောင်ထင်ထင်ရှားရှားရေးသားပြထားဖို့လိုတဲ့အပြင် ကောက်ခံတဲ့ကုမ္ပဏီအမည်၊ တာဝန်ခံလက်မှတ်၊ ကုမ္ပဏီတံဆိပ်တုံးစတာတွေလည်း ငွေရပြေစာမှာ တရားဝင်ဖော်ပြထားရပါမယ်။ ဒါမှသာ ပြည်တွင်းအခွန်ဦးစီးဌာနက အမြတ်ခွန်ကောက်ခံရာမှာ စနစ်တကျမှန်မှန်ကန်ကန်ကောက်ခံနိုင်မှာဖြစ်ပါတယ်။ အခုတော့ ဘာမှသတ်မှတ်ချက်မရှိဘဲ လာတဲ့ကားအခြေအနေကို ကြည့်ပြီး ပါးစပ်ထဲကသတ်မှတ်ဈေးနဲ့ကောက်ခံနေတာမဖြစ်သင့်ဘူး” ဟုမကြာသေးမီက အဆိုပါ တံတားဖြတ်သန်းစဉ်ကိုယ်တွေ့ကြုံခဲ့ရသော စာနယ်ဇင်းမှပုဂ္ဂိုလ်တစ်ဦးကပြောသည်။ “ကျွန်မတို့အနေနဲ့ ကုမ္ပဏီအမည်ကို ပြောပြခွင့်မရှိဘူးလို့အဲဒီဂိတ်မှာရှိတဲ့ ဝန်ထမ်းအမျိုးသမီးကပြောပါတယ်။ တကယ်ဆိုရင် ကုမ္ပဏီကတာဝန်ယူကောက်ခံပါသည်ဆိုတာရှိကိုရှိရမယ်။ နိုင်ငံပိုင် လမ်းတံတားတွေကို ပုဂ္ဂလိက လုပ်ငန်းရှင်တွေကို လုပ်ကိုင်ခွင့်ပြုတာ ဒေသဖွံ့ဖြိုးစည်ပင်စေဖို့ အချက်တစ်ချက်လည်းပါတယ်။ အခုလို ရေတိုမှာ အမြတ်များများကျန်အောင် မတန်တဆ အမြတ်ထုတ်တာက ဒေသတွင်းခရီးသွားလုပ်ငန်းတွေကိုပါ ထိခိုက်လာစေလိမ့်မယ်” ဟုအဆိုပါပုဂ္ဂိုလ်ကဆက်လက်ပြောသည်။ “သူတို့ကရင်းနှီးတဲ့ကားဆိုရင် ဈေးတစ်မျိုး၊ ကုမ္ပဏီတွေကပစ္စည်း ဖြန့်တဲ့ကားတွေဆိုရင်အသွားအပြန်အတွက် တစ်ကြောင်းစာပဲ ကောက်ပြီး ပြေစာမှာတစ်မျိုးရေးပေးလိုက်တယ်။ ပြေစာကလည်း အမှတ်စဉ်လည်း မရှိ၊ ကုမ္ပဏီတံဆိပ်တုံးလည်းမပါတော့ လုပ်ချင်သလိုလုပ်နေကြတာ” ဟု ဒေသခံဝန်ထမ်းတစ်ဦးကပြောကြားခဲ့သည်။