ဖိုင်ဘာဆက်ကြောင်းတစ်ခုတည်းပေါ်တွင် ပြည်တွင်းပြည်ပ တယ်လီဖုန်း ဆက်သွယ်မှုများနှင့် ရုပ်သံလိုင်းများကိုပါ ဖမ်းယူကြည့်ရှုနိုင်တော့မည့် အင်တာနက်ဝန်ဆောင်မှုဖြစ်သော Fiber to the Home နည်းစနစ်ကို လာမည့်ဇူလိုင်လ၀န်းကျင်တွင် ရန်ကုန်မြို့၌ တပ်ဆင်ပေးတော့မည်ဟု အဆိုပါဝန်ဆောင်မှုကို ဆောင်ရွက်နေသော ရတနာပုံတယ်လီပို့ ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ဆက်သွယ်ရေးနှင့် ဖျော်ဖြေရေးဝန်ဆောင်မှုသုံးမျိုးကို အသုံးပြုနိုင်မည့်အဆိုပါ Fiber to Home စနစ်အား ရန်ကုန်မြို့တွင်းစတင်တပ်ဆင်ပေးမည်ဆိုပါက လူနေမထူထပ်သော ကွန်ဒိုများ၊ အိမ်ရာများတွင်ဦးစားပေး တပ်ဆင်ပေးသွားမည်ဟု ၄င်းက ဆိုသည်။ “ရန်ကုန်မှာစပြီး ဖိုက်ဘာစနစ်ကိုတပ်ဆင်တော့မယ်ဆို လူနေထူထပ်မှုသိပ်မရှိတဲ့ အိမ်ရာတွေ၊ ကွန်ဒိုတွေမှာ အရင်တပ်ဖြစ်ပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ဖိုင်ဘာဆက်ကြောင်းတွေကို သုံးစွဲမယ့်နေရာဆီ အရောက်ဆွဲဖို့က နေရာတိုင်းသိပ်အဆင်မပြေတော့ လူနေမသိပ်သည်းတဲ့နေရာတွေကို ရွေးရတာပါ။လိုချင်တဲ့နေရာကိုဆွဲဖို့ကျတော့ လျှပ်စစ်ရုံးတို့၊ ဆက်သွယ်ရေရုံးတို့နဲ့ ပူးပေါင်းလုပ်ကိုင်ရတာဖြစ်လို့ အချိန်ယူရပါတယ်။ ဒါကြောင့် အမြန်ဆုံးရမယ့်နေရာကိုရွေးရတာပါ”ဟု ၄င်းကဆက်လက်ပြော သည်။ Fiber to the Home ဟုခေါ်တွင်ပြီး Triple Play Service (နည်းစနစ်သုံးမျိုးဝန်ဆောင်မှု)ဖြစ်သည့် GPON( Gigabite Passive Optical Network)နည်းစနစ်ဆက်သွယ်မှုအား မန္တလေးတိုင်းအတွင်း တွင်လည်း လာမည့် ၂၀၁၀ခုနှစ် ဇွန်လကုန်ခန့်တွင် ၀န်ဆောင်မှုပေးသွား မည်ဖြစ်ပြီး လျှောက်လွှာများကို မေလကုန်ခန့်တွင် ရောင်းချပေးမည် ဖြစ်သည်။

About kln

k ln has written 409 post in this Website..