လန်းလာတဲ့စိတ်ကလေးမပျောက်သေးခင်မှာပဲ ရေချိုး အ၀တ်အစားလဲပြီး ထမင်းစားဖို့ အဆောင်မီးဖိုဘက်ကိုထွက်ခဲ့တယ်…။ အဆောင်ကပဲတာဝန်ယူပြီး ထမင်းချက်ကျွေးတာပါ…။ အခန်းထဲမှာ ကိုမျိုးနဲ့ ကိုမြင့်ဇော်ကရောက်နှင့်နေပြီ…။ အဆောင်ပိုင်ရှင်က ဈေးချိုထဲမှာဈေးရောင်းထာဆိုတော့ နေ့ခင်းမရှိတတ်ဘူး..။ ဒါကိုအခွင့်ကောင်းယူပြီး နေ၀န်းနီတို့က ကဲနေကြတာလေ…။ အခန်းထဲတင်မဟုတ်ဘူး မီးဖိုထဲမှာပါ အရက်ကိုယူပြီးသောက်လားရောက်ရဲ့နဲ့…။ အဆောင်ပိုင်ရှင်ကလည်း ပြဿနာ မဖြစ်ပြီးရောဆိုပြီထားပုံရပါတယ်…။ အနီးတစ်ဝိုက်မှာက ကျောင်းသားလက်ခံပြီးထားချင်တဲ့ အိမ်က ခပ်များများရယ်…။ ဘာပဲဖြစ်ဖြစ် ကျောင်းသားရှိနေတဲ့ အိမ်က သူခိုးမကပ်ရဲဘူးလေ….။ တစ်ယောက်တစ်လက် ကျောင်းသားလက်နဲ့ ဘယ်သူ့လက်ချက်မှန်းမသိဘဲဖြစ်သွားတာ များတာကိုး…။ ဟိုတုန်းက ကျောင်းသားခေတ်ဗျ…။ မန္တလေးက လမ်းတွေ က တစ်လမ်းမောင်းတွေရှိတယ်..။ လမ်းပြောင်းပြန်စီးရင် ဒဏ်ရိုက်တာတွေရှိတယ်..။ ကျောင်းသားတွေပဲ လမ်းပြောင်းပြန်စီးရဲတယ်…။ ကျောင်းသားတွေ လေးငါးဆယ်ယောက် အုပ်စုဖွဲ့ပြီး စီသွားရင် မဖမ်းဘူး…။ တစ်ယောက်ထဲစီးသွားရင်တော့ဖမ်းတယ်လေ…….။ အဲဒိတော့ မီးဖိုထဲမှာ ကိုမျိုးနဲ့ ကိုမြင့်ဇော်က သောက်ဖို့ရာ ပြင်နေကြပြီ…..။ နေ၀န်းနီ ရေချိုးနေတုန်း သွားဝယ်လိုက်တယ်နဲ့တူရဲ့….။
“ လာဆရာလေး…။ ညကဘာဖြစ်ခဲ့တယ်ဆိုတာ ပြန်သတိရအောင် သတိလည်ဆေးလေး ဘာလေး သုံးဆောင်လိုက်ပါဦး…။ “
နေ၀န်းနီရောက်ရောက်ချင်း ကိုမြင့်ဇော်ကနောက်တယ်..။ ပြီးတော့ နေ၀န်းနီ ကို တစ်ခွက်လှမ်းပေးတယ်..။ ကိုမျိုးကတော့ မချိုမချဉ် ပြုံးလို့…။
နေ၀န်းနီလည်း ချမ်းစိမ့်စိမ့် ဖြစ်လာတာနဲ့ ဆွဲယူသောက်လိုက်ပြီးတော့ ဟင်းခွက်ထဲက အမဲသား တစ်ဖတ် အရင်းကောက်ဝါးလိုက်ပြီးမှ အရက်ကို မော့ချလိုက်တယ်လေ…..။
“ ဆိုပါဦး ….. ညက ကိုမောင်မောင် နဲ့ လိုက်သွားမလို့ဆို…။ မှတ်မိသေးလား …. ငါ့ကို ဇွတ်အတင်းပြန်လွှတ်နေတာ…။”
ကိုမြင့်ဇော်က အဲဂလို မေးလာမှ…။
“ ဟင်… ညက ကိုမောင်မောင်နဲ့ တွေ့သေးလို့လား”
အဲဒိအခါကျမှ…. နေ၀န်းနီ အလန့်တကြားဖြစ်သွားတယ်…။ ဟုတ်တယ်လေ..။ ညက ကိုမောင်မောင် နဲ့တွေ့တာ ဘယ်လိုမှ ပြန်စဉ်းစားလို့ မရဘူး….။။
“ သေချာ ပြန်စဉ်းစားစမ်းပါဦး မောင်နီရယ် …..။ အဲဒါမှတ်ထား ခံနိုင်ရည်ထက်ကျော်အောင်သောက်မိလို့ လွတ်တယ်ခေါ်တယ်…။ နောက်တစ်ခါ မူးရင် ပြန်မှတ်မိလိမ့်မယ်…။ သိလား…။ ပြန်မှတ်မိချင်ရင် မူးအောင်ပြန်သောက်…။ သိလား”
“ ဟုတ်ပ…။ ညက စကားတစ်ပြောပြောနဲ့ သောက်ကောင်းကောင်းနဲ့ သောက်နေတာပဲ စဉ်းစားလို့ရတယ်..။ ကိုမောင်မောင်နဲ့ ဘယ်လိုတွေ့ ဘာတွေပြောလို့ သူ့နောက်လိုက်မယ် ပြောမိလဲမသိ…။
“ ဟိုက ကောင်မလေးနဲ့ တွေ့ပေးမယ်ဆိုတာနဲ့ လိုက်မယ်တစ်ကဲကဲ ဖြစ်နေတာ..။ အန္ဒြိယေ ကို မရဘူး..။ လောဘကလည်း ကြီးသေးတယ်..။ ငါ့ကျတော့ မလိုက်ရဘူးတဲ့..။ ဟိုက စတာမှန်း အတည်ပြောတာမှန်းမသိ..။ အတည်ပြောတယ်ပဲထားဦး မူးနေတဲ့ အချိန် ကိုယ့်နေရာကလွဲလို့ ဘယ်မှမလိုက်ရဘူးဟ..။ ဘယ်သူမှားမှား ကိုယ့်အမှားဖြစ်တတ်တယ်..။ အဲဒိထဲက ငါထင်တယ်..။ ဒါကြောင့် ညက ငါ ဇွတ်ပြန် ဆွဲခေါ်လာတာ..။ ဒါတောင် ငါ့ကို ဟိုပြောဒီပြောနဲ့ “
“ ဟုတ်ပါပြီ..။ ကို မြင့်ဇော်ရယ်..။ ညက ကိုမောင်မောင်နဲ့ ဘယ်အချိန်တွေ့တယ်ဆိုတာ စဉ်းစားလို့ကိုမရတာ…။ ညက ခင်ဗျား ဗန်းဆင့်ဗင်ဂိုးအကြောင်း ပြောနေတာပဲ အဲဒါစဉ်းစားလို့ရတာနောက်ဆုံးပဲ..။ အရက်ကလည်း နံတယ်သာပြောတာ သောက်ရင်းသောက်ရင်းနဲ့ လျှာဖျားမှာ ချိုလာတယ် အဲဒါနဲ့ တော်တော်သောက်ကောင်းကောင်းနဲ့.. သောက်ပစ်လိုက်မိတာ…ဗျ “
ကိုမြင့်ဇော်က ….
“ အဲဒိနောက် ဆယ်မိနစ်လောက်ရှိတော့ ကိုမောင်မောင်နဲ့ သူ့သူငယ်ချင်းတစ်ယောက်နဲ့ ၀င်လာတာ…။ သူနေတဲ့နေရာက လူပြတ်လို့ သရဲကြောက်လို့ အဖော် ကောင်မလေးတစ်ယောက်ခေါ်ထားတယ်လို့ချည့် ပြောနေတာ…။ ငါတို့ကို လိုက်ချင်လိုက်ခဲ့လို့ ခေါ်တယ်..။ အဲဒါကိုမင်းက ငါ့ကိုတစ်ယောက်ထဲပြန်လွှတ်ပြီး ကိုမောင်မောင်နဲ့လိုက်သွားမယ်လုပ်နေတာ …။ သူလည်းအတော်မူးနေပြီ…။ ငါ့အထင်တော့ မင်းတို့နှစ်ယောက်လုံး လွတ်နေပုံပဲ…။ “
အဲဒိလိုပြောတော့ ကိုမျိုးက
“ ပါးစပ်ထဲမှာ အရက်တွေ ချိုနေတယ်လို့ထင်ရင် သတိသာထားပေရော့… အဲဒါ နင့် ခန္ဓာကိုယ်က အရက်ကို မှီခိုသွားတာ……။ ခုဆိုရင်နင့်သွေးထဲမှာ အရက်ဘယ်နှစ်ရာနှုန်းလောက် ရေနေပြီလဲမသိဘူး…။ တော်ကြာ သွေးတွေ လည်ပတ်ရမဲ့ အစား အရက်တွေချည့် လှည့်ပတ်နေဦးမယ်..။ ချွေးများများ ထွက်အောင်လုပ် အစားများများ ၀င်အောင်စား..။ နေ့ခင်းပြန်အိပ်…။ မဟုတ်လို့က တော့ အရက်သောက်ဖို့ မကြိုးစားနဲ့တော့ “
တဲ့လေ…….။ ကောင်းကြသေးရဲ့လား ? နေ၀န်းနီ တစ်ယောက်တော့ သူငယ်ချင်းနှစ်ယောက်ရဲ့ အထိန်းသိမ်း အစောင့်ရှောက်ခံ ဘ၀ ရောက်နေရရှာပြီ…။ အဲဒါကိုက နေ၀န်းနီ ကံကောင်းတယ်လို့ပဲပြောရမလား…။ နေ၀န်းနီနဲ့ တွဲပြီး အရက်သောက်လာသူတွေ မှန်သမျှ အရက်ရဲ့ ကောင်းကြောင်း ဆိုးပစ်တွေကို သိနေတဲ့ သူတွေချည့်ပဲ….။ မသိတဲ့ သူတွေဆို ကိုယ်ဘာဖြစ်လိုဖြစ်မှန်း ဘယ်လိုထိန်းသိမ်းရမယ်ဆိုတာ တောင်တွေးမိမှာမဟုတ်ဘူးလေ…….။ အရက်ရဲ့ ဆရာတွေနဲ့လာတွေ့နေတာ…။ သူတို့မှာ အရက်ရဲ့ ဒဏ်ကို ခံနိုင်ရည်ရှိတယ်..။ ခံနိုင်ရည်ထက်ပိုပြီး မသောက်ကြဘူး…။ ဘာပဲပြောပြော နေ၀န်းနီထက် အရက်သောက်သက်ရင့်တာတော့ အမှန်ပဲ…။ အရက်ရဲ့ အကြောင်းကိုသိတယ်..။ အရက်သောက်ရရင် ပြီးရော အရက်သောက်နေကြသူတွေ မဟုတ်ဘူး…။ အပေါင်းအသင်းအပေါ် ဂရုစိုက်ပြီး လိုအပ်ချက်ကို ကြည့်တတ်တယ်..။ အရက်သမားချင်းမှ သစ္စာရှိတယ် ဆိုပေမဲ့ ရှားတယ်ပြောရမှာပဲ…။ တစ်ချို့က ကိုယ်အရက်သောက်ရဖို့ပဲ အပေါင်းအသင်းအပေါ် အကာအကွယ်ပေးတတ်တာ..။ အရက်သမားတိုင်း ဒီလိုကောင်းလိမ့်မယ်တော့ မထင်လေနဲ့….။ အင်းးး……ဒီနေ့ ထမင်းစားပြီး ပြန်အိပ် ညနေကျမှ……။။ ဒီနေ ဆရာလင်းသူနဲ့ ချိန်းထားတာရှိတယ်..။ ကိုမြင့်ဇော်ကို လိုက်မလားမေးတော့ မလိုက်တော့ဘူးတဲ့…။ စာကျက်ရဦးမယ်လို့ပြောတယ်..။ မင်းလည်း စာကျက်တော့ ငနေ တဲ့……။ ဟုတ်ကဲ့ပါလို့ပဲပြောလိုက်ပြီး အခန်းထဲပြန်ဝင်ခဲ့တယ်…………။

နေ၀န်းနီ

About naywoon ni

naywoon ni has written 439 post in this Website..

နေ၀န်းတော့ နေ၀န်းပဲ..။ ဒါပေမဲ့ ရဲရဲနီနေတဲ့ အရှေ့ဘက်မိုးကုပ်စက်ဝိုင်းကထွက်ပေါ်လာကာစ နေ၀န်းနီ........... CJ # 7272010