(Nature) ရှားလော့ဟုမ်းနှင့်ဘောင်ဒရီလမ်းလူသတ်မှု(2.3) 17Jul11

natureJuly 17, 20111min53

ပစ္စည်းများမှာ ၃ ရတီခန့် ရှိသော စိန်လက်စွပ် တကွင်း ၊ စိန်ကြိုးနှင့် ရွှေလက်ပတ်နာရီ ၁လုံး ၊ တစ်ဆယ်ကျပ်တန် စက္ကူ ၅ချပ် ပါသည့် သားရေအိတ်ကလေး ၁လုံး ၊ မူးစေ့ မတ်စေ့ ၁၃ ပဲ၊ ..ဝေဿက. ဟူ သော အမည်ပါသည့် ကားချပ်လေး ၃ချပ် ၊ စာ ၂စောင် ၊ တစောင်မှာ ရန်ကုန်စာတိုက်ကြီးမှ ကျေးဇူးပြု၍ မစ္စတာဝေဿကသို့ ပေးရန် ဟူ၍၎င်း နောက်တစောင်မှာ ရန်ကုန်စာတိုက်ကြီးမှ ကျေးဇူးပြု၍ မစ္စတာဟိန္နကသို့ ပေးရန် ဟူ၍၎င်း လိပ်တပ်ထား၏။ ထိုစာ ၂ စောင် စလုံးမှာ သောမတ်ကွတ်ဘဏ်တိုက်မှ ကလကတ္တားမြို့ထွက် သင်္ဘောအကြောင်း နို့တစ်ပေးသော စာများဖြစ်လေသည်။ ပထမစာကို ထောက်ခြင်းအားဖြင့် သေဆုံးသူသည် ကာလကတ္တားမြို့သို့ ထွက်မည့် ..အာရန်လာ..သင်္ဘောနှင့် လိုက်ရန် ကြံရွယ်ထားဟန်တူပေသည်။

ရှား  ။     ။ မစ္စတာဟိန္နက ဆိုတဲ့လူအကြောင်းခင်ဗျား  စုံစမ်ကြည့်ပြီးပြီလား။

တင် ။     ။ ချက်ခြင်းပ ဆရာ၊ အင်္ဂလိပ်သတင်းစာတွေ အားလုံးမှာ ကြော်ငြာတွေထည့်တယ်။ ရန်ကုန် စာတိုက်ကြီးကိုလည်း လူလွှတ်ပြီး စုံစမ်းခိုင်းထားတယ်။ သို့သော် စုံစမ်းသွားတဲ့သူတွေ ပြန်မလာသေးဘူးဆရာ။

ရှား ။     ။ ရာဇပုတ္တနယ်က ပါတလိပုတ္တမြို့ကိုရော စုံစမ်းပြီးပြီလား။

တင် ။     ။ ဒီနေ့ မနက်ပဲ ကြေးနန်းရိုက်ပြီးပြီ ဆရာ။

ရှား။       ။ ခင်ဗျားက ဘယ်ပုံ မေးထားသလဲဗျ။

တင် ။    ။ အဖြစ်အပျက်ကို ဖော်ပြပြီး အထောက်အပံ့ဖြစ်မဲ့ သတင်းမျိုး ပို့နိုင်ရင်ပို့ပါလို့ ကြေးနန်းရိုက်ထားတာပဲ ဆရာ။

ရှား ။     ။ ခင်ဗျာ့စိတ်ထဲမှာ အရေးကြီးတယ် ထင်တဲ့ အချက်တခုကို ဝတွက်ပြီး မစုံစမ်းလိုက်ဘူးလား။

တင် ။     ။ဟိန္နက ဆိုတဲ့လူအကြောင်း မေးထားတာပဲဆရာ။

ရှား။     ။ဒီပြင် ဘာမှ မမေးလိုက်ဘူးလား။ ဒီအမှုမှာ ဘယ်အချက်ဟာ အရေးကြီးတယ်လို့ ခင်ဗျားစိတ်ထဲမှာ ဆုံးဖြတ်ထားတာ မရှိဘူးလား။ နောက်ထပ်ပြီး ကြေးနန်းမရိုက်တော့ဘူးလား။

တင်။     ။ (စိတ်တိုသော အမူအရာဖြင့်) ကျနော် ဆောင်ရွက်ထားသမျှ ပြောပြီးပါပြီကော ဆရာရယ်။

ဦးစံရှားသည် အတွင်းပြုံး ပြုံးသော မျက်နှာထားဖြင့် ကျနော့်အား လှမ်းကြည့်၍ တစုံတခု ပြောတော့မည် အပြုတွင် ကိုအုန်းဖေသည် အလွန် နှစ်သက်ကြေနပ်လာဟန်နှင့် ကျနော်တို့ ရှိရာသို့ သုတ်သီးသုတ်ပြာ လျှောက်လာ၍ …ခင်ဗျားတို့ ဒီမှာ စကားကောင်းပြီး နေကြတုန်း ကျနော်က အရေးကြီးတဲ့ အချက်ကြီးတခု တွေ့လာခဲ့ပြီ…ဟု အားရရွှင်ပြစွာ နှင့် ပြောလေ၏။

ရှား ။     ။ (မျက်ခုံးချီလျှက် ) ဟုတ်ရဲ့လား။ တော်ပါပေ့ဗျာ။ ဘာများလဲ ပြောစမ်းပါဦးဗျ။

ဖေ ။     ။ ..လာကြ၊လာကြ၊ ကြည့်လှည့်ကြစမ်း။..ဟု ပြောပြီး ဟန်ကြီးပန်ကြီးခြေလှမ်းမျိုးဖြင့် ဧည့်ခန်းသို့ ရှေ့မှ ဝင်သွားလေရာ ကျနော်တို့လည်း နောက်မှ လိုက်သွားကြလေ၏။ ဧည့်ခန်း၏ တဘက်သော နံရံသို့ချည်းကပ်မိသောအခါ  ကိုအုန်းဖေသည် မီးခြစ်ဆံ တဆံကို ခြစ်ကာ နံရံနှင့် ကပ်လျှက် ကိုင်ထား၍ ..ကိုင်း ကြည့်ကြစမ်း ၊ ဒီဟာဘာလဲ။.. ဟု အတန်းပြဆရာက တပည့်များအား ပြဟန်ဖြင့် လက်ညိုး ညွှန်ပြလေ၏။ ကျနော်တို့သည် ကိုအုန်းဖေ၏ လကညိုးညွှန်ရာ နေရာသို့ ကြည့်လိုက်သောအခါ ဖြူဖွေးသော နံရံ၌ ရဲရဲနီသော အင်္ဂလိပ် အက္ခရာ သုံးလုံးကို တွေ့မြင်ကြရလေ၏။ ယင်းတို့မှာ …ဗွီ ၊ဒီ ၊ တီ …ဟူသော စာလုံးများ ဖြစ်လေသည်။

ဖေ။     ။(အံ့မခန်းသော အခြင်းအရာတခုကို တပည့်များအား ပြသနေသော ဆရာတဦး၏ အမူအရာဖြင့် လက်ပိုက်လျှက် ရင်ကိုကော့လျှက်) …ဘယ်နှယ်ရှိစ ဆရာကြီးတို့ ၊ ဒီလောက် ကုတ်ကုတ်ကတ်ကတ် လျှောက်ရှာဖို့ ခင်ဗျားတို့လိုဖြင့် ဘယ်တော့ သွားပြီးသတိရမလဲ။ စေ့စပ်တဲ့နေရာမှာတော့ နံပါတ်ဝမ်း ထားလိုက်ပါဗျ… ဟု ပြောရင်း မိမိရင်ဘတ်ကို ပုတ်ပြလေ၏။

ရှား ။     ။ ( ဝမ်းထဲက ပြုံးသော်လည်း အပြင်၌ ဣန္ဒြေ ကြီးနှင့်) တော်ပါပေ့ဗျား၊ ခင်ဗျား ဘယ် အဓိပါယ် ကောက်လဲ။

ဖေ ။      ။ သတ်တဲ့သူဟာ သူ့သွေးနဲ့ ဒီ စာလုံးတွေကို ရေးခြင်း အမှန်ပဲဗျ။ ဒီနေရာမှာ စီးကျထားပုံကြည့်စမ်း ၊ ဟုတ်စ။ အဲဒီတော့ သေသူဟာ သူကိုသူ သတ်သေတာ မဟုတ်ကြောင်း ကောင်းကောင်းကြီး ထင်ရှားတယ်လို့ ဆိုရလိမ့်မယ်။ ဒီစာလုံးကို ဒီမှာ ဘာကြောင့် ဒီနေရာမှာ ရေးခဲ့လဲ သိကြရဲ့လား။ ကြည့်ကြ။ ကျုပ်ရှင်းပြမယ်။ ဟောဟိုမှာ ဖယောင်းတိုင်မြင်လား။ ဖယောင်းတိုင် အဲဟိုမှာ ထွန်းထားရင် ဒီနေရာဟာ အလင်းဆုံးနေရာပဲဗျ။ ဒါကြောင့် ဒီနေရာမှာ ရေးတာ၊ မရှင်းလားဗျာ။

တင် ။     ။(ကိုအုန်းဖေ၏ ဟန်ကြီးခြင်းကို ရွံသောအမူအရာဖြင့်) ဒီတော့ ဘာဖြစ်သေးလဲဗျ။ ဒါနဲ့ ဘယ်လောက်ကြီးများ ထူးသွားလို့လဲ။

ဖေ ။      ။ထူးပြီကော ကိုသန်းတင် ၊ဒီစာလုံးတွေဟာ အရမ်းမဲ့ လျှောက်ပြီးရေးတဲ့ စာလုံးတွေ မဟုတ်နိုင်ဘူးဗျ။ သူ့နာမည်ကိုသူ အတိုကောက် ရေးထားတာ ဖြစ်ရမယ်။ ဒီတော့ ဒီစာလုံး ၃ လုံးကို အဓိပါယ် ဖော်နိုင်ရင် သတ်တဲ့သူကို ဖော်နို်င်တာနဲ့ တူတူပဲ။ ဒါမထူးဘူးလားဗျ။

တင် ။    ။(နှာခေါင်းကို ရှုံ့လျှက်) ဒါဖြင့် ခင်ဗျားဖော်စမ်းပါဦးဗျ။

ဖေ ။      ။ ဗွီ က ဗလင်တိုင်း ၊ ဒီ က ဒးဗစ် ၊ တီ က တင်နီဆင် ၊ ဒီတော့ ဗလင်တိုင်း ဒေးဗစ် တင်နီဆင် ဆိုတဲ့ လူတယောက် ဖြစ်နိုင်တယ်။ နောက်ဆုံး ဘယ်နည်းနဲ့မဆို အမှန်ကို မတွေးနိုင်ဦးတော့ နောက်နောင် သဲလွန်စရလို့ လိုက်ကြတဲ့အခါမှာ ဒီနာမည်နဲ့ ကိုက်မကိုက် ချိန်ထိုးပြီး ကြည့်နိုင်တယ် မဟုတ်ဘူးလားဗျ။

တင် ။     ။ခင်ဗျားဟာက တိုက်ရိုက်နည်းလည်း မဟုတ်။ သွယ်ဝှိုက်နည်းကြီးကိုးဗျ။

ထိုအတောအတွင်း ဦးစံရှားမှာ နံဘေးနှစ်ဘက်ကိုနှိပ်ကာ ပြင်းထန်စွာ ရယ်မောလျှက် ရှိရာ ကိုအုန်းဖေက မခံချင်သော အမူအရာဖြင့် ဖြတ်ခနဲ လှည့်၍ –

ဖေ ။     ။ဘာလဲ ဆရာ ၊ ဆရာက ကျနော့်ကို လှောင်နေတာလား။

ရှား ။     ။ (ရုတ်တရက် ဣန္ဒြေဆည်လျှက်) မဟုတ်ပါဘူဗျာ။ ဒီစာလုံးတွေကို မြင်ခြင်ဟာ ခင်ဗျားမျက်စိရဲ့  စူးခြင်းရဲ့ အာနိသင်ဖြစ်ကြောင်း ဝန်ခံဘို့ အသင့်ရှိပါတယ်။ ပြီးတော့ ဒီစာလုံးများကိုဒီအမှုနဲ့ ပတ်သက်တဲ့သူ တဦးတယောက်က ရေးခဲ့တယ်ဆိုတာဟာလည်း ယုတ္တိရှိပါပေတယ်။ သို့သော် ဒီအခန်းကို ကျနော်ကိုယ်တိုင် ဘာမှ မကြည့်ရှု့ရသေး တဲ့အတွက်ကြည့်ပါရစေအုန်းဗျာ။ တဆိတ်ခွင့်ပြုကြပါအုန်း။

ထိုသို့ ပြောပြောဆိုဆိုနှင့် ဦးစံရှားသည် ပေကြိုးတချောင်းနှင့် မှန်ဘီလူးလေးတခုကိုအိတ်ထဲမှ ထုတ်ယူပြီးနောက် စေ့စပ်စွာ ကြည့်ရှု့စပြုလေသည်။ ဦးစံရှားသည် အခန်းတလျှောက်လုံး ထိုမှဤမှ လူးလာတုန့်ပြန် လျှောက်သွားလျှက် တနေရာ၌ ဒူးထောက်လျှက်၎င်း တနေရာ၌ ဝမ်းလျှားမှောက်လျှက်၎င်း ပါစပ်မှ တီးတိုးတွတ်တွတ် ရေရွတ်ချည်တခါ ဖြည်းညှင်းစွာလေချွန်တလှ့ည့်ဖြင့် အဖန်တလဲလဲ ကုန်းလိုက်ကွလိုက် မှောက်လိုက်လှန်လိုက် လုပ်နေလေ၏။

ထိုသူ၏ အမူအရာကို မြင်ရသောအခါ ကျနော်မှာ ငယ်စဉ် ရွှေဘိုနယ်တွင် ယုန်လိုက်ခဲ့စဉ်က ယုန်နံ့ခံသော ခွေးသမင်များ၏  အမူအရာကို သတိရမိသေး၏။ ယင်းကဲ့သို့ အနည်းနည်း အဖုံဖုံ စုံစမ်းကြည့်ရှု၍ ရံဖန်ရံခါ ကြမ်းပြင်ကိုပေကြိုးနှင့် တိုင်တာခြင်း နံရံကို ထိုနည်းအတူ တိုင်းတာခြင်း တနေရာ၌ တွေ့သောမြူမှုန်ကလေးများကို ခြစ်ယူ၍ စာအိတ်ကလေးအတွင်းသို့ထည့်ခြင်း နံရံမှစာလုံးများကို တလုံးစီ မှန်ဘီလူးဖြင့် သေချာစွာ ကြည့်ရှု့ခြင်း စသည်ဖြင့် မိနစ် ၂ဝ ခန့်ကြာအောင် အလုပ်လုပ်လျှက်ရှိလေ၏။ ထိုအတောအတွင်း၌ ဦးစံရှားသည် မိမိအလုပ်တွင် စိတ်ပါဝင်စားလွန်းသောကြောင့် ကျနော်တို့ ၃ယောက် ရှိနေခြင်းကို အလျှဉ်းပင် သတိရတော့ဟန် မရှိချေ။ နောက်ဆုံး၌ ဦးစံရှားသည် ကျေနပ်ဟန်ရှိသော မျက်နှာထားဖြင့် ကုန်းရာမှထ၍ ပေကြိုးနှင့် မှန်ဘီလူးတို့ကို အကျီအိတ် အတွင်းသို့ ထည့်ထားလိုက်လေသည်။

ရှား ။     ။ သည်ခံ နိဗာန်ရ ဆိုတဲ့စကား ရှိတယ်မဟုတ်လား။ ကျုပ်တို့ စုံထောက်အလုပ်ဟာလည်း သည်းညည်းခံရ စိတ်ရှည်ရလွန်းလို့ ဒီဘက်က ပါရမီ ဖြည့်ရာရောက်မလား မဆိုနိုင်ဘူး။

ကိုအုန်းဖေနှင့် ကိုသန်းတင်တို့မှာ ဦးစံရှား၏ စူးစမ်ပုံများကို စိတ်ထဲက လှောင်ချင် ပြောငါချင်ဟန်ဖြင့် တယောက်မျက်နှာကို တယောက် မကြာခဏ လှမ်း၍ ကြည့်ကြ၏။ ကျနော်မှာမူ ထိုသူပြုသမျှ သော အခြင်းအရာတို့မှာ အလဟဿ ချည်းနှီး မဟုတ်ပဲ ရည်ရွယ်ချက်တခု ရှိရမည်ဟု တွေးမိ၏။ မည်သို့သော ရည်ရွယ်ချက်မျိုး ဖြစ်သည်ကိုမူ မရိပ်မိနိုင်ချေ။

တင် ။     ။ဆရာ့သဘောက ဘယ်လိုရလဲ ဆရာ။

ဖေ ။      ။ဟုတ်ပါ့ ဆရာ လင်းစမ်းဦးမှပေါ့ ဆရာကလဲ။

ရှား ။    ။ ခင်ဗျားတို့ဟာ ခင်ဗျားတို့ နေရာကျနေပါလျှက် ကျုပ်ဝင်ပြီးရှုပ်လို့ အပိုလို ဖြစ်နေမှာပေါ့။ ခင်ဗျားတို့ စုံစမ်းလို့ ဘယ်အခြေအနေ ရောက်နေပြီဆိုတာ ကျုပ်ကိုလာပြောပြရင် ကူညီသင့်တဲ့နေရာက ကူညီပေးမယ်ပေါ့။ ဒီ အတောအတွင်းမှာ အလောင်းကိုတွေ့တဲ့ပုလိပ် တွေ့စမ်းချင်ပါတယ်။ ဘယ်ဌာနကလဲ ဗျို့။

ဖေ ။     ။ (မှတ်စုစာအုပ်ကို ကြည့်၍) ဗဟန်းဌာနက ဘတန်းဆင် တဲ့  ဆရာ။

ဦးစံရှားသည် မှတ်စုစာအုပ်ထဲတွင် ရေးမှတ်လေ၏။ ထို့နောက်-

ရှား ။     ။ကိုင်း လာဗျာ ကိုသိန်းမောင် ဘတန်းဆင်ကို သွားကြည့်စမ်းကြရအောင်။ ဪ ဒါနဲ့ ခင်ဗျားတို့ ၂ ယောက် အထောက်အပံ့ရစေမဲ့ အချက်ကလေး တချက်နှစ်ချက်တော့ ပြောပြခဲ့မယ်။ သတ်တဲ့သူဟာ ယောက်ကျားပဲ သူ့အရပ်ဟာ ၆ ပေထက်မနိမ့်ဘူး။ အရွယ်က သန်တုန်း မြန်တုန်း ၊ သူ့ခြေထောက်မှာ ဟိုညက ကုလားဖိနပ်ကြီး စီးထားတယ်။ သူ့အရပ်ထက်စာရင် ခြေထောက်သေးတယ်။ သောက်တော့ ဘီဒီ ဆေးလိပ်သောက်တယ်။ ဒီအိမ်ကို် သူတို့ မြင်းရထားနဲ့ လာတယ်။ မြင်းမှာ သံခွာ၃ ဘက်က အဟောင်း လက်ယာဘက်လက်က သံခွာက အသစ်ဖြစ်ရမယ်။ သတ်တဲ့ သူရဲ့မျက်နှာဟာ ခပ်နီနီ ရှိတတ်တဲ့အပြင် သူ့လက်သည်းများဟာလည်း မဖြတ်တာကြာလို့ ရှည်နေတဲ့လက္ခဏာရှိတယ်။ ကိုင်း ဒီလောက်ဆိုရင် ခင်ဗျားတို့ တော်တော်တန်တန် ခြေရာခံနိုင်လောက်ပြီကောဗျ။

ကိုအုန်းမောင် နှင့် ကိုသန်းတင် တို့မှာ ထိုစကားကို ကြားရသောအခါတွင် မယုံကြည်နိုင်သော မျက်နှာထားဖြင့် တယောက်ကို တယောက်လှမ်း၍ ကြည့်နေကြလေ၏။

ဖေ ။     ။သတ်တယ်ဆိုရင် ဘယ်ပုံဘယ်နည်းနဲ့ သတ်သလဲ ဆရာ။

ရှား ။     ။အဆိပ်ပေါ့ဗျာဟု ခပ်တိုးတိုးပြော၍ ထွက်သွားပြီးမှ တဖန် လှည့်၍ ဪ ဒါထက် ကိုအုန်းဖေ နံရံမှာ ရေးထားတဲ့ စာ၃လုံးဟာ လူနာမည် အတိုကောက် မဟုတ်ဘူးဗျ။ …ဗန်ဒက်ကား(Vendetta).. ဆိုတဲ့ အီတာလျှံက လာတဲ့ အင်္ဂလိပ်စကားဗျ။ အဓိပါယ်က ..လက်စားခြေခြင်းတဲ့ ..။

လူနာမည် လျှောက်တွေးနေလို့ အလကား အချိန်ကုန်နေမယ်။ … ဟု ပြောပြောဆိုဆိုဖြင့် အိမ်ပေါ်မှ ဆင်းသွား၍ ကျနော်က နောက်မှ လိုက်သွားလေရာ စုံထောက် ၂ယောက်ခမျာ ပါးစပ်အဟောင်းသားဖြင့် ကျန်နေရစ်ကြလေ၏။

 

 

 

အခန်း(၂)

ဘတန်းဆင်နှင့်တွေ့းဆုံပုံ

 

ကျနော်တို့သည် ..ကိုးဇီးဗီလာ..အိမ်မှ ဆင်းလာကြသောအခါ နာရီပြန် တချက်ထိုးပြီးခဲ့လေပြီ။ ဘောင်ဒရီလမ်းတလျှောက် အရှေ့ဘက်သို့ ရှောက်လာကြစဉ် လမ်းခရီးတွင် –

ရှား ။     ။ကျုပ်စိတ်ထဲမှာတော့ ဒီအမှုနဲ့ ပတ်သက်လို့ သေချာသလောက်တော့ သေချာနေပြီ ပေါ့ဗျာ။ သို့သော် တတ်နိုင်သမျှ ုစုံလင်အောင် ထောက်လှမ်းခြင်းဟာ တော့ လွန်တယ်လို့ မဆိုနိုင်ဘူးပေါ့ဗျာ။

ကျနော်။     ။နေပါဦး ဦးစံရှားရယ် ၊ ခင်ဗျား ခုနင်က ပြောတဲ့ဟာတွေဟာ အတည်ပြောနေတာတွေလားဗျ။

ရှား ။      ။ဟာ  အတည်ပြောနေတာပေါ့ဗျ။ လူသတ်မှုပါဆိုမှ ဘယ်မှာ သရော်ပျက်ချော် ပြောလို့ ဖြစ်နိုင်မှာလည်းဗျ။

ကျနော်။    ။တဆိတ်လောက် နားလည်အောင် ရှင်းလင်းစမ်းပါအုန်းဗျ။

ရှား ။     ။ဝင်းထဲ ဝင်သွားသွားခြင်း ဘာသတိပြုမိလည်းဆိုတော့ ရထားဘီးကြောင်း ၂ခုကို ကျုပ်မြင်မိတယ်။ မိုးမရွာတာ ၄-၅-၆-ရက်ရှိပြီ။ မနေ့ညကမှ ရွာတယ် ဟုတ်စ။ ဒီတော့ ဒီဘီးကြောင်းတွေဟာ မနေ့ညက မိုးရွာပြီးတဲ့နောက်မှ ဖြစ်ပေါ်လာကြောင်း ထင်ရှားတယ်။ ဟုတ်စ။ မြင်းခွာရာ ၄ဘက်အနက် ၃ဘက်က ခပ်မှိန်မှိန် တဘက်က သိပ်ပြီး ထင်းနေတယ်။ ဒါကြောင့် သံခွာတဘက် အသစ်လို့ ကျုပ်ဆိုတယ်။ ကိုအုန်းဖေနဲ့ ကိုသန်းတင်လဲ မြင်းရထားနဲ့ မလာကြဘူး ဆိုတာ သိရလေတော့ ဒီ ဘီးရာတွေဟာ မနေ့ညက ဟို ၂ယောက် စီးလာတဲ့ ရထားဘီးရာတွေ ဟုတ်ကြောင်း ထင်ရှားတယ် ၊ဟုတ်စ။

ကျနော်။     ။ဒါကတော့ ရှင်းပါပြီ။ နို့ ဒါထက် ဟိုလူရဲ့ အရပ်အမောင်း ကို ခင်ဗျား ဘယ်လိုလုပ်ပြီး သိနိုင်တာလဲ။

ရှား ။     ။လူယောက်ရဲ့ ခြေလှမ်းကို ကြည့်ပြီး သူ့အရပ်ကို တွက်ယူရင် ၁ဝဆယ်ယောက်မှာ ကိုးယောက်မှန်ရမယ်ဗျာ့။  အရပ်မြင့်ရင် ခြေလှမ်းကျယ်တယ်။ အရပ်နိမ့်ရင် ခြေလှမ်းစိတ်တယ်။ ဟုတ်ကဲ့မဟုတ်လား။ ဒီလူရဲ့ ခြေရာတွေကို အိမ်အပြင်က ရွံ့ထဲမှာလည်းကျုပ်တွေ့ရတယ်။ အခန်းထဲက မြူမှုန်တွေထဲမှာလည်း ကျုပ်တွေ့နိုင်တယ်။ ဒီပြင်တွက်နည်း တနည်းရှိသေးတယ် ၊ ဒီလိုဗျ။ ဘယ်သူမဆို နံရံမှာ စာရေးမယ်ဆိုရင် ကိုယ့်မျက်လုံးနဲ့ တည့်တည့်လောက်မှာ ရေးတတ်မြဲ ထုံးစံရှိတယ်။ ကျုပ် အရပ်ဟာ ၅ ပေ ၁ဝ လက်မ ရှိတယ်။ နံရံမှာ တွေ့တဲ့စာလုံးတွေဟာ ကျုပ်မျက်လုံးထက် ၂ လက်မလောက် မြင့်တယ်။ ဒါကြောင့် သူ့အရပ်ကို ၆ပေ လို့ ကျုပ်ခန့်မှန်းတယ်။ဘယ်နှယ်လဲ။

ကျနော်။     ။သန်တုန်း မြန်တုန်းအရွယ်ဆိုတာကကောဗျာ။

ရှား ။     ။ ၄ပေခွဲ ရှိတဲ့ ရွံ့ဗွက်ကို အားမစိုက်ပဲ အသာလေးလှမ်းကျော်နိုင်တဲ့သူဟာ သန်တုန်းမြန်တုန်းအရွယ် ဆိုရမှာပေါ့။ ဝင်းထဲမှာ ခြေရာတွေ ကျုပ်ကြည့်တော့ ရွံ့ကွက်ဆီ အရောက်မှာ ကုလားဖိနပ်ပိုင်ရှင်က လှမ်းကျော်သွားတယ်။ သားရေပြောင် ဖိနပ်ပိုင်ရှင်က ကွင်းပြီးလျှောက်သွားတာ ကျုပ်တွေ့တယ်။

ကျနော်။     ။လက်သည်းရှည် ထားတာကရောဗျာ။

ရှား ။      ။နံရံက စာလုံးတွေဟာသွေးကို လက်ချောင်းနဲ့ တို့ပြီး ရေထားတာဗျ။ မှန်ဘီလူးနဲ့ ကျုပ်ကသေသေချာချာ ကြည့်တော့ စာလုံးတွေထဲမှာ လက်သည်းရာကလေးတွေ ကျုပ်တွေ့ရတယ်။ လက်သည်း တော်တော်ရှည်တဲ့လက်သဲမို့ ဒီလို လက်သည်းရာ ထင်နေတာပေါ့ဗျ။

ကျနော်။     ။ဘီ ဒီ ဆေးလိပ် သောက်တာကောဗျာ။

ရှား ။     ။ကြမ်းပေါ်မှာတွေ့တဲ့ ဆေးလိပ်ပြာကို စာအိတ်နဲ့ ကျုပ်ထည့်ယူခဲ့တာ မြင်တယ်မဟုတ်လား။ အဲဒါ ဟိုလူ သောက်တဲ့ ဆေးလိပ်ပြာပဲ။ ကျုပ်က ဆေးလိပ်ပြာကို ကြည့်လိုက်ရင် ဆေးပြင်းလိပ်လား ၊ ဆေးပေါ့လိပ်လား  ၊ စီးကရက်လား ၊ ဆေးတံလား ခွဲခြားသိနိုင်တဲ့အပြင် စီးကရက်မျိုးထဲကတောင် ပိုလိုလား ၊ ကတ်ကြေးလား ၊ နေဗီလား ၊ အပေါစားလား ၊ အကောင်းစားလား ၊ ခွဲခြားပြီး ကျုပ်ပြောနိုင်တယ်ဗျာ့။ ဆေးလိပ်ပြာနဲ့ ပတ်သက်တဲ့ စာတအုပ်လောက်တောင် ရေးဦးမယ်လို့ ကျုပ် ကြံစည်နေတုန်းပဲ။

ကျနော်။     ။မျက်နှာ ခပ်နီနီ ဆိုတာကရောဗျာ။

ရှား ။     ။ဟာ  အဲဒီ တချက်တော့ အတွေးသဘောမျိုးနဲ့ ကျိတ်လိုက်တာပဲဗျို့။ သို့သော် အတွေးချော်လှမယ်လို့တော့ ကျုပ်မထင်ပါဘူး။ ခုအတောအတွင်းတော့ ဒီအချက်ကို မမေးနဲ့အုန်းဗျာ။

ဦးစံရှား၏ ရှင်းလင်ချက်ကို ကြားရသောအခါ ကျနော်မှာ ကျေနပ်ပင် ကျေနပ်မိသော်လည်း သူ့ဉာဏ်ကို မှီအောင်မလိုက်နိုင်သည့် အတွက်ကြောင့် ဦးခေါင်းကို မကြာခဏ ကုတ်မိလေ၏။နောက်ဆုံး  –

ကျနော်။     ။ ကျနော်ဖြင့် ခေါင်းရှုပ်လှပါပြီဗျာ ။ စဉ်းစားလေလေ နက်နဲလေလေဖြစ်နေလေတော့ ဒီလူ ၂ယောက် လူမနေတဲ့ အိမ်လွတ်ကြီးကို ဘယ်ပုံ ဘယ်နည်း ရောက်နေတယ် ၊ သူတို့စီးလာတဲ့ မြင်းလှည်းသမားကရော ဘယ်ရောက်သွားသလဲ ။ လူတယောက်ခြင်းအဆိပ်ကို ဘယ်နည်းနဲ့ အတင်း တိုက်နိုင်တယ်။ သွေးတွေက ဘယ်နည်းနဲ့ ထွက်တယ်။ ပစ္စည်းကို ရလိုမှုလည်း မဟုတ်ပဲနဲ့ ဘယ်လို ရည်ရွယ်ချက်နဲ့ သတ်တယ် ။ မိန်းမ လက်စွပ်က ဘယ်နည်းနဲ့ ရောက်နေတယ် ဆိုတာတွေကို ကျနော်ဖြင့် တွေးလည်းမတွေးတတ်ဘူး။ တခုနဲ့တခု ဆက်စပ်လို့လည်း မရပါဘူးဗျာ။

ရှား ။     ။(ကျနော်၏ ရှုပ်ထွေးခြင်းကို ကျေနပ်ဟန်ဖြင့်ပြုံးလျှက်) ဒီအမှုနဲ့ ပတ်သက်တဲ့ အခက်အခဲတွေကို အကျဉ်းချုံးပြီး ခင်ဗျား ပြောလိုက်ပုုံ နေရာကျပါပေ့ဗျာ။ အင်း မရှင်းမလင်းသေးတဲ့ အချက်တွေ လောက်တော့ ကျုပ်စိတ်ထဲမှာ ဆုံးဖြတ်တန်သလောက် ဆုံးဖြတ်ပြီးပါပြီ ။ အင်း ၊ သို့သော် အခုအခြေမှာ ဒိထက်ပိုပြီး ခင်ဗျားကို ရှင်းပြလို့ မတော်ဘူးမှတ်တယ်။ ဘာကြောင့်လဲဆိုတော့ မျက်လှည့်ဆရာဟာ သူ့နည်းကို ပြောပြလိုက်ပြီ ဆိုမှဖြင့် ..ရှော်..သွားတတ်တာမျိုးကိုးဗျ။ ကျုပ်စဉ်းစား ဆင်ခြင်ပုံတွေကို ခင်ဗျားကို အကုန်ရှင်းပြောမှဖြင့်လည်း ခင်ဗျားက ကျုပ်ကို ..သူလိုငါလိုထဲကပဲကိုး..လို့ ထင်သွားမှာ စိုးရိမ်ရသေးတယ်။

ကျနော်။     ။စိတ်ချပါဗျာ။ ဘယ်တော့မှ ကျနော် ဒီလို မထင်ဝံ့ပါဘူး။ စုံထောက်တဲ့ အတတ်ကို အကျိုးအကြောင်း ဆင်ခြင်တဲ့ပညာနဲ့ တွဲပြီး တကယ့်ပညာကြီး တခုဖြစ်အောင် လေ့လာထားတဲ့လူရယ်လို့ ကျနော်ဖြင့် ကြားလည်းမကြားဖူးဘူး၊ တွေ့လည်းမတွေ့ဖူးဘူးဗျာ။

ဦးစံရှားသည် ကျနော်၏ လှိုက်လှိုက်လှဲလှဲ အားပါးတရ ချီကျူး ပြောဆိုခြင်းများကို ကြားရသောအခါ အလွန်တရာ ကြည်ရွှင်နှစ်သိမ့်ဟန် လက္ခဏာ ရှိ၏ ။ ရုပ်ဆင်လက္ခဏာနှင့် ပြည့်စုံသော မိန်းမတယောက်သည် သူ၏ ချောမောလှပကြောင်းကို ချီးမွမ်းခြင်း ခံရသောအခါ၌ ကြည်ရွှင်ချမ်းမြေ့ခြင်း ဖြစ်သည့် နည်းတူ ဦးစံရှားမှာလည်း သူ၏ ပညာနှင့်ပတ်သက်၍ ချီးမြှောက်ပြောဆိုသံ ကြားရတိုင်း နှစ်သိမ့် ရွှင်လမ်းခြင်းဖြစ်တတ်ကြောင်း ကျွန်ုပ်သတိပြုမိ၏ ။

ရှား ။     ။သို့သော် ဒီ့ပြင်တချက်တော့ ကျုပ်ပြေပြအုံးမယ်။ သားရေပြောင်ဖိနပ်သမားနဲ့ ကုလားဖိနပ်သမားဟာ မြင်းရထားပေါ်ပ ဆင်းလာစဉ် တယောက်နဲ့ တယောက် အင်မတန် သင့်မြတ်ကျေနပ်နေကြတဲ့ လက္ခဏာရှိတယ်။

တယောက်နဲ့ တယောက်လက်များတောင် တွဲပြီး လျှောက်လာကြသလား မဆိုနိုင်ဘူး။ အခန်းထဲရောက်တော့ သားရေပြောင်ဖိနပ်သမားက မတ်တပ်ရပ်နေပြီး ကုလားဖိနပ်သမားက ထိုမှ ဤမှ စင်္ကြန်လျှောက်နေတဲ့ လက္ခ ဏာရှိတယ်။ လျှောက်ရင်း လျှောက်ရင်း ကုလားဖိနပ်သမားက တဆိတ်ထက်တဆိတ် တဖြည်းဖြည်း ဒေါပွလာတဲ့ လက္ခ ဏာရှိတယ်။ ဘာကြောင့်လည်းဆိုတော့ သူ့ခြေလှမ်းတွေဟာ တလှမ်းခြင်း ကျယ်သည်ထက် ကျယ်လာတာကို ကြမ်းပေါ်က မြူမှုန်တွေထဲမှာ အထင်အရှားကြီး ကျုပ်တွေ့ရတာကိုးဗျ။ စင်္ကြန်လျှောက်ရင်း စကားပြောနေပြီး ပြောရင်းပြောရင်း ပဲ ဒေါသထွက်သည်ထက် ထွက်လာဟန်ရှိပါရဲ့။ အဲဒီနောက်မှာတော့ လူသတ်မှု ဖြစ်ဟန်တူတယ်။ ကိုင်း ကျုပ်သိသမျှတော့ အကုန်ပြောပြီးပြီဗျာ။ အဲဒီလောက်သိရရင် ခြေရာကောက်ဖို့ တော်တော်လွယ်သွားပြီကောဗျာ။ ကိုင်း  ၊ စကားတပြောပြောနဲ့ စာတိုက်တောင် ရောက်လာကြပြီ။ ခဏနေဦးဗျာ ကိုသိန်းမောင်။

ဦးစံရှားသည် ချာချီလမ်း စာတိုက်ထဲသို့ ဝင်သွား၍ ကြေးနန်းအရှည်ကြီးတစောင်ကို ရိုက်ခဲ့လေ၏ ။ ထို့နောက် မြင်းရထားတစီး အဆင်သင့်တွေ့သည်နှင့် ကျနော်တို့သည် ဗဟန်းဌာန သို့ မြင်းရထားဖြင့် သွားကြလေ၏ ။

ဌာနသို့ ရောက်သောအခါ ဘတန်းဆင်သည် အိပ်ချင်မူးတူးနှင့် ထလာ၍ မပြောချင် ပြောချင် အမူအရာဖြင့် ငိုက်မြည်းလျှက်ရှိရာ ဦးစံရှားက ၅ကျပ်တန် စက္ကူတချပ်ကို အိတ်ထဲမှ ထုတ်၍ ဖြန့်ချည် ခေါက်ချည် လုပ်နေသည်တွင်မှ မျက်လုံးကျယ်လာဟန်ရှိ၏ ။ ကျနော်တို့ စကားပြောလျှက် ရှိသော နေရာမှာ ဌာနအတွင်းမဟုတ်။ ဝင်းဒေါင့်ရှိ သရက်ပင်ကြီးအောက်တွင် ဖြစ်လေသည်။

ရှား ။     ။ (ဟိန္နူစတန်နီဘာသာဖြင့်) ညကအဖြစ်အပျက်ကို မင်းသိသလို ခပ်တိုတို ပြောစမ်း။

ဆင်။     ။(ငါးကျပ်တန် စက္ကူကိုကြည့်လျှက်) အစက ပြောရမှာလားဆပ် ။

ရှား ။     ။ အစကပြောစမ်း။

ဆင် ။     ။ညက ကျွန်တော်နဲ့ နာတာဆင် နှစ်ယောက်တွဲပြီး ဘောင်ဒရီလမ်းဘက်မှာ ပတ္တရောင် လှည့်ရတယ် ဆပ် ။ ည ၂နာရီ အချိန်မှာ ကိုးဇီးဗီလာအိမ် ရှေ့ကို ကျနော်ရောက်တယ်။ ဒီအိမ်မှာ ဘယ်သူမှမနေဘူး။ ကျနော်တို့ သိတယ်ဆပ်။ ည ၂နာရီ အချိန်မှာ အိမ်ထဲမှာ မီးရောင်မြင်တယ်။ ကျနော်က နာတားဆင် ကိုပြောတယ်။ နာတာဆင်က ကူလီကူမာလား ရှိုင်တန်လားမသိဘူး ၊ ကြောက်တယ်။ ဘာကြောင့် ကြောက်သလဲဆိုရင် ဟိုးအရင်က ဒီအိမ်မှာ အဘိုးကြီး ကြီးကြီးတယောက်နေတယ်။ နောက်မှ အားကြီးဖျားပြီး မာလကားသွားတယ်။ မီးကိုမြင်တော့ ကျနော်က ဝင်ကြည့်မယ် ပြောတယ်။ နာတားဆင်က မလိုက်ချင်ဘူးပြောတယ်။ နောက်မှ နာတားဆင်က ဝင်းတံခါးနားမှာရပ်နေတယ်။ ကျနော် တယောက်တည်း ဝင်သွားတယ်။

ရှား။     ။ အိမ်ပေါက်ရောက်တော့ မင်းပြန်ထွက်လာတယ်။ `

ဆင်။     ။(ဦးစံရှား ၏ မျက်နှာကို ဖြတ်ခနဲမော်ကြည့်လျှက်) ဟရေး ဆပ် ဘယ်နှယ်သိသလဲ။

ရှား ။     ။(ပြုံးလျှက်) ပြောသာပြောစမ်းပါ။

ဆင်။    ။ ဝင်းတခါး ဝင်လာတုန်းက ကျနော် ဒီလောက်မကြောက်ဘူး။ အိမ်ပေါက်ရောက်မှ ကျောထဲကအေးတယ်။ ဒါကြောင့် ကျနော်က နာတားဆင်ကိုခေါ်ဖို့ပြန်လာတယ်။

ရှား။     ။ သူက မလိုက်ဘူးပြောလို့ မင်းတယောက်တည်း နောက်တခါ ဝင်သွားတယ်။ ဟုတ်စ။

ဆင်။     ။ဟုတ်ပါတယ် ဆပ်။ အိမ်ပေါက်က အသာလေးဝင်သွာပြီး ကြည့်လိုက်တော့ ၊ အောင်မလေး။

ရှား။     ။အေးလေ။ အလောင်းကြီးကို မင်းတွေ့တယ်ဆိုပါတော့။ ဒါထက် အလောင်းနားမှာ ဒူးထောက်ပြီး မင်းဘာလုပ်တာလဲ။

ဆင်။     ။ဆပ် ဘယ်ကနေပြီး ကြည့်နေတာလဲ။ ဟု ပြောလျှက် မသင်္ကာသော မျက်နှာထားဖြင့် ဦစံရှားအား ကြည့်နေလေ၏ ။

ရှား။     ။(ရယ်မောလျှက်) ကိစ္စမရှိပါဘူး ဘတန်းဆင် ၊ ငါလူဆိုးမဟုတ်ပါဘူး။ ငါလည်း စုံထောက်ပါပဲ။ မင်းတို့ဌာနအုပ်လဲ သိပါတယ်။ ကိုင်း ကိုင်း ပြောစမ်းပါအုံး။

ဆင်။     ။(မယုံတယုံ မျက်နှာထားမျိုးဖြင့်) ကျနော်က နာတားဆင်ဆီကို သွားပြောပြီး ၂ယောက်စလုံး ဝီစီမှုတ်ကြတယ်။

ရှား။     ။ အဲ ဒီတုန်းက လမ်းပေါ်မှာ ဘယ်သူမှမရှိကြဘူးလား။

ဆင်။    ။လူကောင်း တယောက်မှ မရှိဘူးဆပ်။

ရှား။     ။ လူကောင်း မရှိရင် လူဆိုးများရောရှိသေးလား။

ဆင်။     ။လူတယောက် အားကြီး အရက်မူးနေတယ်ဆပ်။ ဟို မှာယိုင်သွားတယ် ။ ဒီမှာယိုင်သွားတယ်။လမ်းကောင်းကောင်း မလျှောက်နိုင်ဘူးဆပ်။

ရှား။     ။(စိတ်အားထက်သန်သော မျက်နှာထားဖြင့်) ဟေ ဘယ်လိုလူမျိုးလဲ ပြောစမ်း။

ဆင်။     ။အရပ်မြင့်မြင့် မျက်နှာနီနီ ကုလားလူမျိုးဆပ်။

ရှား။     ။ဒီလူ ဘယ်ရောက်သွားလဲ ပြောစမ်း။

ဆင်။     ။မြောင်း ထဲ ထိုးလဲမယ်လုပ်လို့ ၊ကျနော်နဲ့ နာတာဆင်နဲ့တွဲပြီး နည်းနည်းလိုက်ပို့လိုက်ရတယ် ဆပ် ။

ရှား။     ။ သူ့လက်ထဲမှာ ကြာပွတ်တချောင်းမပါဘူးလား။

ဆင်၊     ။ ဘာမှမပါဘူးဆပ်။

ရှား။     ။ ဒီနောက် မြင်းရထားတစီးမှမလာဘူးလား။

ဆင်။     ။မလာဘူး ဆပ် ။

ရှား။     ။ ဪ ဘတန်းဆင် ဘတန်းဆင် မင်းတော့ တသက်လုံး ပုလိပ်က တက်မဲ့လူမဟုတ်ပါဘူး။ အရစ်တရစ်တိုးဖို့ အခွင့်ကြုံလာလျှက်သားနဲ့ ဖြစ်မှဖြစ်ရလေ။ ညက မင်းတို့ တွဲပို့လိုက်တဲ့ လူဟာ ဒီအမှုမှာ အရေးအကြီးဆုံး လူပဲကွယ်။ သူကို တွေ့အောင်ငါတို့ အခု လိုက်ရှာနေတာပဲ။  ဟု ပြော၍ လက်ထဲက ၅ ကျပ်တန်စက္ကူကို ပေးလိုက်လေ၏ ။ ထို့နောက်ကျနော်တို့သည် မြင်းရထားပေါ်သို့ တက်သွားကြရာ ဘတန်းဆင်မှာ ငွေစက္ကူကလေးကို ကိုင်လျှက် ငေးမောကာကျန်ရစ်လေသည် း မြင်းရထားပေါ်သို့ ရောက်ကြသောအခါ –

ရှား။     ။ တယ်မိုက်တဲ့ အကောင်ဗျာ။ မုတ်ဆိတ်လာပြီး ပျားစွဲလျှက်သားနဲ့ စားရကံ မကြုံတဲ့ လူပဲ။