၁၉ ဇူလိုင်ရဲ့ ၆၄ နှစ် ပြည့်ခဲ့ပြန်လေပြီ

manawphyulayJuly 17, 20112min647

(၁၉ ဇူလိုင် မမေ့နိုင်)

အို… မိတ်ဆွေအပေါင်းတို့
နှစ်တွေကြာညောင်း
ဘဝတွေ ဘယ်လိုပြောင်းပြောင်း
ဗိုလ်ချုပ်တို့ခွဲခွာ၊ နေရှိန်ထိုးကျ
လောကပိန်းမှောင်၊ အလင်းရောင်ပျောက်
မိုးအောက်လေရင်၊ ဆူပွက်လတ်သော်
လှိုင်းတွေရပ်သမုဒ္ဒရာ၊ ငြိမ်သက်ရှာကြ
တဒင်္ဂလျှင်
ငါတို့အားလုံး
ဝမ်းနည်းပူဆွေးဦးညွတ်ကြကုန်၏။
အို… သင်္ခါရ၊ အနိစ္စတည်း
ဗိုလ်ချုပ်တို့သွားနှင့်၊ ဖြစ်သဖြင့်ကြောင့်
အောက်မေ့ခွင့်ကြုံ၊ ငါတို့ဆုံရ
ဤဘဝ
သောကတောင်ထုရှိချေပြီတကား….
ထွက်ခွာသွားပြီ၊ တို့မျက်ရည်များ
ဖြည်မဆည်နိုင်၊ မိုးနှင့် ပြိုင်ပြီ
အောက်မေ့တမ်းတ၊ လွမ်းရက်ရှည်ကြာ
နောက်ဆုံးတော့
ဘဝ တွေ့ကြုံဆုံကွဲတည်း….


ဝါဆိုဝါခေါင်
ရေဖောင်ဖောင်ဆိုတဲ့အတိုင်းပဲ။ ဆိုင်းမဆင့် ဗုံမဆင့်ဘဲ ရန်ကုန်မိုးဟာ
ဗြုန်းခနဲရွာပြီး တိတ်သွားသော်လည်း အခုတော့ ဘယ်အငြိုးကြောင့်
ဒေါမာန်ကြီးစွာနဲ့ ရွာသွန်းနေရပါလိမ့်လို့ မနော စဉ်းစားနေမိတယ်။
လမ်းသွားလမ်းလာတွေလည်း မရှိသလောက် ဖြစ်နေပြီး မနောတစ်ယောက်ထဲ မိုးရွာထဲ
လျှောက်သွားနေမိပါ တကား။ ဪ… ဘာလိုလိုနဲ့ မမေ့သင့်၊ မမေ့အပ်၊
မမေ့နိုင်တဲ့နေ့လေးတစ်နေ့ကို ရောက်တော့မှာပါလား။ ဒီလိုဘဲ ရင်ထဲမှာ
ခုချိန်ထိ မမေ့နိုင်တဲ့နေ့လေးနှင့်အတူ မနောရဲ့ မွေးရက်လည်း
ရောက်လာတော့မှာပါလား။ မနောရဲ့မွေးနေ့က ဇူလိုင် ၁၉ ပြီး နောက်တစ်ရက်လေ။
အင်း အသက်လည်း တစ်နှစ်ကြီးပြန်ပြီပေါ့။ ဒီအစိုင်အခဲဟာ မနော
အသက်အရှင်နေသမျှ ကာလပတ်လုံး ပို၍ ပို၍ ကြီးထွားနေမှာဘဲ။ ထိုရက်ကား ဇူလိုင်
၁၉ ရက်နေ့ပင် ဖြစ်ပါတယ်။ ဇူလိုင် ၁၉ နှင့်အတူ မျက်ရည်မိုးတွေ လည်း
သွန်းဝေဖြိုးပေတော့မယ်လေ။


ဒီကနေ့တော့ သည်းထန်စွာ ရွာနေတဲ့မိုးကြောင့် မနောလည်း အိမ်ပြန်ရောက် တာနဲ့
နွေးသွားအောင် ကော်ဖီတစ်ခွက်သောက်ပြီး ဟိုတစ်ချိန်ဆီက မေ့မရနိုင်သော
နေ့လေးတစ်နေ့ကို မျက်စိမှာ မြင်ယောင်ကြည့်နေမိတော့တယ်။ ဒါဟာ ငယ်ငယ်လေး
ကတည်းက မိဘများက ပြောပြခဲ့တဲ့ အကြောင်းအရာတစ်ခုဆိုလဲ ပိုမှန်ပါတယ်။
ကြီးလာတော့ လက်လှမ်းမီသလောက် လေ့လာ၊ ပြီးတော့ သံရုံးက အခွေတွေ ဘာတွေ
ငှားကြည့်ဖြစ်ခဲ့တယ်လေ။ ဒါတွေဟာ အမှန်တရားလား။ လုပ်ဇာတ်လမ်းလားဆိုတာ
မနောလည်း သေချာမသိပါဘူး။ ဘာလို့လဲဆိုတော့ ကိုယ်ကိုယ်တိုင်
မမြင်ခဲ့ရတာကိုး။




ကျွန်မ
တွေးမိတဲ့အကြောင်းအရာကတော့ လွန်ခဲ့တဲ့ ၁၉၄ရ ခု၊ ဇူလိုင်လ ၁၉ ရက်နေ့၊
မိုးတွေ တစိမ့်စိမ့်ရွာသွန်းနေတဲ့အချိန်မှာ ဗိုလ်ချုပ်အောင်ဆန်းအပါအဝင်
အာဇာနည်ကိုးဦးတို့ဟာ နယ်ချဲ့လက်ပါးစေ ဂဠုန်ဦးစော (အခိုင်းခံရသူ)ရဲ့
လက်ချက် နဲ့ ကျဆုံးခဲ့ရခြင်းပဲ ဖြစ်ပါတယ်။ မနော သိသလောက်ပေါ့လေ
နောက်ပိုင်း လေ့လာမ သလောက်ကတော့ ဂဠုန်ဦးစောဟာ (ဟုတ်မဟုတ်တော့ မသိဘူး၊
သိတာကို ပြောပြတာနော်) ဆာတော်မန်စမစ်ရဲ့ စေခိုင်းချက်ကြာင့် အာဏာရာထူးကို
မက်မောပြီး လုပ်ကြံခဲ့ခြင်း ဖြစ်တယ်ဆိုတာ သိခဲ့ရတယ်။ အင်း
မြန်မာတိုင်းရင်းသားတို့အတွက် တော့ ကမ္ဘာသာကျေပြီး ဥဒါန်းကျေမှာ မဟုတ်တဲ့
နေ့လေးတစ်နေ့ပေါ့။ ပြောရရင်တော့ ၁၉၄ရ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့ဟာ
မနောတို့ရဲ့ လွတ်လပ်ရေး ပန်းတိုင်နှင့် မဝေးတော့တဲ့အချိန်အခါ
သမယဖြစ်တော့မဲ့ အချိန်ပေါ့။ မိုးရာသီဖြစ်တဲ့ အတွက် မိုးရွာတာဟာ မဆန်းပါဘူး။
ဒါပေမဲ့ ထိုနေ့မှာတော့ မိုးမင်းကြီးဟာ ဒီသတင်းဆိုးကို ကြိုတင်ပဲ
သိနေလို့လား ညိုသော အရောင် မှောင်တဲ့အသွင်ကို ဆောင်ပြီး
တိမ်လွှာတိမ်လိပ်တို့ကလည်း မိုးကောင်းကင်မှာ ချက်ချက်ဘဲ အုံ့ဆိုင်းတက်
လာတာပေါ့။ အဲဒီအချိန်မှာ မိုးသံ တချုန်းချုန်း မျက်စိတစ်မှိတ် လျှက်တစ်ပြက်
အတွင်းမှာဘဲ လျှပ်စီးတွေ လက်ပြီး လေကလည်း ထန်လာတယ်။ အချိန်ကား နံနက် ၁ဝ
နာရီခန့် ရန်ကုန်မြို့လယ်ရှိ အတွင်းဝန်ရုံးဟာ မိုးတွေကြားမှာ လေပြင်းကို
အန်တုပြီး အခိုင်အမာရပ်တည်နေတာပေါ့။ အဲ အထဲမှာ ရှိတဲ့လူတွေဟာ အချမ်းဒဏ် ကို
ဂရုမပြုနိုင်ဘဲ တိုင်းရင်းသားအားလုံးအတွက် လှုပ်ရှားနေခဲ့ကြတယ်လေ။ သူတို့ဟာ
အတွင်းဝန်ရုံး ပထမထပ် အလယ်ခန်းမှာ ဗိုလ်ချုပ်အောင်ဆန်း အမှူးပြုတဲ့
မျိုးချစ်ခေါင်းဆောင်ကြီးတွေပဲ ဖြစ်ပါတယ်။



အသက် ၃၃ နှစ်ဝန်းကျင်ပဲ ရှိသေးတဲ့ ဗိုလ်ချုပ်ဟာ တက်ရောက်လာတဲ့
ခေါင်းဆောင်ကြီးတွေနဲ့ မနောတို့ရဲ့ နိုင်ငံအတွက်
ဆွေးနွေးတိုင်ပင်နေကြတာပေါ့။ ခေါင်းဆောင်တွေဟာ နိုင်ငံ့အကျိုး၊
ပြည်သူ့အကျိုးအတွက် နေ့ညမဟူ လုံ့လထုတ်ကြ ရှာရပါတယ်။ ဒါပေမဲ့ ဇူလိုင်လ ၁၉
ရက် နံနက် ၁ဝ နာရီနဲ့ ၃ရ မိနစ်အချိန်လောက် မှာဘဲ ဘယ်လိုမှ မထင်မှတ်ထားတဲ့
ရင်နင့်ဖွယ် အဖြစ်ဆိုးကြီးဟာ ရုတ်တရက် ဖြစ်သွားခဲ့ရပြီလေ။ ဆူညံစွာ
မောင်းဝင်လာတဲ့စက်သံနှင့်အတူ ဂျစ်ကားတစ်စီးဟာ အတွင်းဝန်ရုံးရှေ့ကို
ရောက်ရှိလာပြီး မျက်နှာဖုံးစွပ် လူလေးယောက်ဟာ ရုတ်တရက် ဝင်ရောက်လာပြီး
မြင်မြင်သမျှ မည်းမည်းမြင်ရာကို လိုက်လံပစ်ခတ်တော့တာပါပဲ။ ဗိုလ်ချုပ်ဟာ
ရုတ်ခြည်းထရပ်ပြီး တားရန် ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ သေနတ်ကျည်ဆန်ထိပ်ဖူးဟာ
ကိုယ်တွင်းကို ရောက်ရှိသွားပြီး တားမြစ်မှုဟာ မအောင်မြင်ခဲ့ဘူးပေါ့။
အဖြစ်အပျက်ဟာ မြန်ဆန်လွန်းတဲ့အတွက် တစ်ခဏအတွင်းမှာ မြင်မကောင်းအောင်
သွေးချောင်းစီးသွားပါတယ်။ မျိုးချစ်ပုဂ္ဂိုလ် ကိုးဦးဟာ မျိုးဖျက်သစ္စာဖောက်၊
အသားထဲက လောက်ထွက်တဲ့သူတွေရဲ့စနစ်ကြောင့် ကျဆုံးခဲ့ရ ရှာတော့တယ်။ ပြည်သူက
ချစ်သော ဗိုလ်ချုပ်ဟာ ပြည်သူ့အတွက် လုပ်ဆောင်ရင်းနဲ့ အကြံပက်စက်
ဆန်ကောလောက်မှ ဇောက်မနက်တဲ့ လူတွေရဲ့လက်ချက်နဲ့ ကျဆုံးခဲ့ရလေတယ်။ ဘယ်လောက်
မိုက်ရိုင်းလိုက်သလဲ။ ဗိုလ်ချုပ်နဲ့အတူ သခင်မြ၊ မန်းဘခိုင်၊
ဒီးဒုတ်ဦးဘချို၊ မစ္စတာ အဗ္ဗဒူရာဇာတ်၊ ဦးဘဝင်းတို့လည်း အဲဒီနေရာမှာတင်
သေဆုံးခဲ့ရရှာတယ်။ အဲ ဒဏ်ရာပြင်းထန်စွာ ရသွားတဲ့ မိုင်းပွန်စော်ဘွား
စောစံထွန်း၊ အတွင်းဝန် ဦးအုန်းမောင်နှင့် သက်တော်စောင့် မောင်ထွေးတို့လည်း
ရရှိတဲ့ဒဏ်ရာနဲ့ သေဆုံးခဲ့ရရှာတယ်။ အာဇာနည် ကြယ်ကိုးပွင့်
အကြွေစောခဲ့ရလေပြီ။



ခုချိန်မှာတော့ ဗိုလ်ချုပ်တို့ရဲ့ သွေးစက်နဲ့ လမ်းခင်းပေးခဲ့တဲ့ လွတ်လပ်ရေးဟာ အထင်အရှားရှိခဲ့ရပြီလေ။ ယခုဆိုရင် ၂၀၁၁
ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့ကို ရောက်ရှိ လာခဲ့ပြန်ပြီပေါ့။ မနောလေ
ရေးစရာတွေ ရင်ထဲမှာ အပြည့်ရှိနေပါတယ်။ ဒါပေမဲ့ ရင်ထဲမှာ
ဝမ်းနည်းဆို့နစ်ကြေကွဲပြီး ဘယ်လိုမှ ဆက်ရေးလို့ မရတော့ဘူး။ အခု မိုးတွေ
သည်းကြီးမဲကြီး ရွာနေပြန်ပြီလေ။ အာဇာနည်နေ့ကို
ကြိုတင်ဦးညွှတ်ဂုဏ်ပြုနေသည့်အလား၊ မနောရဲ့ရင်ထဲမှာ
မေ့မရသောနေ့လေးတစ်နေ့ကို မြင်ယောင်နေမိပါတော့တယ်။
အားလုံးတိတ်ဆိတ်ငြိမ်သက်စွာနဲ့ ကျဆုံးလေပြီးသော အာဇာနည်မျိုးချစ်
ခေါင်းဆောင်ကြီးတွေကို မနောနဲ့အတူ ဝမ်းနည်းပူဆွေးစွာနဲ့ပဲ ဂုဏ်ပြုကြိုဆို
ကြပါစို့နော်။

7 comments

  • zawmyothu

    July 17, 2011 at 5:10 pm

    ကျွန်တော်လဲ ဒီ comment လေးကနေ ဂုဏ်ပြုလိုက်ပါတယ်
    အားလုံး သတိ……………

  • bigbird

    July 17, 2011 at 8:38 pm

    မနောနဲ့ ထပ်တူ ဝမ်းနည်းကျေကွဲရကြောင်းပါ….. အာဇာနည်နေ့ — ဒို့မမေ့ ။။။။။။။။။။။

  • ဆူး

    July 17, 2011 at 8:58 pm

    လူကြီးတွေ ပြောတာ ကြားဖူးတာ.. အဲဒီတုန်းက လူတွေ သတင်းကြားတာနဲ့ ငိုကျတာပဲတဲ့။

  • Yan Shin

    July 18, 2011 at 9:57 am

    အာဇာနည်ဆိုတာ တကယ်ရှိခဲ့သည်။
    အာဇာနည်နေ့ဆိုတာ တကယ်ဖြစ်ပျက်ခဲ့သည်။

    အဲဒါ မြန်မာ့ သမိုင်းတွင်ဖြစ်သည်။
    ငါတို့သည် မြန်မာပြည်တွင်နေသည်။
    မြန်မာတိုင်းရင်းသားများဖြစ်ကြသည်။

  • MOEPWINTPHYU

    July 18, 2011 at 5:28 pm

    အာဇာနည်နေ့ကိုဂုဏ်ပြုလိုက်ပါတယ် ….

  • Khon Yenaung

    July 18, 2011 at 6:07 pm

    ဗိုလ်ချုပ် နှင့် အာဇာနည်ခေါင်းဆောင် များအားလုံး
    လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့ ကြသော ရဲဘော်များ အာားလုံးကို ဂုဏ်ပြု လိုက်ပါတယ်။

  • ashin wizaya

    July 19, 2012 at 1:10 pm

    ဦးဇင်း လည်းမြန်မာနိုင်ငံသားတဦးပါ မြန်မာနိင်ငံရဲ့ မမေ့ရက်နိုင်စရာ ၁၉ဂျုလိုင် ရဲ့ ၆၄နှစ်မြောက် ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်း အမှုးပြုတဲ့ မျိုးချစ်ခေါင်ဆောင်ကြီးတို့ရဲ့ အာဇာနည်နေ့ ကို
    ဂုဏ်ပြုပါတယ်

Leave a Reply