သတင်းနှင့်ဆောင်းပါးများ၊ စာများကူးတင်ခွင့်မရှိ

Foreign ResidentJuly 18, 20112min1448

Dear Villagers,

 

I understand that “ ပြည်ပမြန်မာမီဒီယာ၊ Websiteများ၏ သတင်းနှင့်ဆောင်းပါးများ၊ forwarded email မှစာများကူးတင်ခွင့်မရှိ။”

But, I really want to share some great articles &

I would like you to know that Burma has one great intellectual satire author again.

 

Dear Kai, please forgive me for this post.

 

´အပြန့်အပြန့်အပြန့်လားကွဲ့ အပြားအပြားအပြားပါဗျို့´

 

ရွှေငွေကျောက်သံပတ္တမြားစတဲ့ တွင်းထွက်သယံဇာတ၊ ဆန်ဂျုံပဲပြောင်းစတဲ့ လယ်ယာထွက်ကုန်သယံဇာတ၊ ရေနံသဘာဝဓါတ်ငွေ့စတဲ့ ကုန်းတွင်းကမ်းလွန် မြေအောက်သယံဇာတတွေအပြင် ပြည်ပထွက်ကုန်အဖြစ် အဆက်မပြတ်ထွက်ရှိနေတဲ့ မြန်မာ့သယံဇာတတစ်ခုကတော့ လူစွမ်းအားအရင်းအမြစ်သယံဇာတပဲ ဖြစ်ပါတယ်။ ရုံးဖွင့်ရက် ပန်းဆိုးတန်းလမ်းမမှာရှိတဲ့ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးတဲ့ဌာနမှာ နေ့စဉ်နဲ့အမျှ ကြိတ်ကြိတ်တိုးစည်ကားနေတဲ့ မြန်မာလူငယ်ကလေးတွေကို ကြည့်ရင် တစ်နှစ်အထွက်နှုန်း၊ ဆယ်စုနှစ်အထွက်နှုန်းတွေကို ခန့်မှန်းကြည့်လို့ ရနိုင်ပါလိမ့်မယ်။ အခုလို ဆယ်စုနှစ် နှစ်ခု သုံးခုလောက် ်စွန်းလာတဲ့အခါမှာတော့ သူတို့ထဲက အတော်များများဟာ နိုင်ငံရပ်ခြားမှာ အခြေမကျသေးတောင်မှ အနေကြာ အသားကျလို့ အိမ်က မိသားစုတွေကို ဟိုကိုခေါ်လို့ ရလာကြပြီပေါ့။ ဒီအခါမှာ သူတို့ရဲ့ ရင်သွေးကလေးငယ်များ နေ့စဉ်ရင်ဆိုင်ကြီးပြင်းရတဲ့ ပတ်ဝန်းကျင် အသိုင်းအဝိုင်းဟာ မိဘများငယ်စဉ်က ကြီးပြင်းခဲ့ရတဲ့ မြန်မာလူမှုအသိုင်းအဝိုင်းနဲ့ ဘာဆိုဘာမှ မဆိုင်တော့တာ အသေအချာပါပဲ။ ဘာသာတရား အဆုံးအမဆိုတာကလည်း ဘုန်းကြီးကန်တော့ချင်ရင်တောင် မြန်မာဘုန်းတော်ကြီးကျောင်းကို တကူးတက သွားသွားဖူးရတဲ့နေရာဆိုတော့ ကိုယ်တွေငယ်ငယ်တုန်းကလို ကျောင်းကန်အလယ်မှာ လူလားမြောက်ပြီး ဘုရားသားတော်များနဲ့ အကျွမ်းတဝင်မရှိကြတော့ဘူးပေါ့။ အရှင်ဘုရား၊ တပည့်တော်၊ တင်ပါ့ မှန်ပါ့ ဆိုတာတွေလည်း အိုးနင်းခွက်နင်းဖြစ်ကုန်ရော။ မိဘများ ခွင့်ရလို့ မြန်မာပြည်ပြန်ရင်တောင် သူတို့ခမျာ နိုင်ငံခြားသားဧည့်သည်လေးများလို နေရထိုင်ရစိမ်းပြိး မပျော်နိုင်ကြတော့ဘူး။ တစ်ရွာမပြောင်း သူကောင်းမဖြစ်လို့သာ တရပ်တကျေးမှာ ရုန်းကန်ရှင်သန်နေကြရတဲ့ မိဘများခမျာ ကိုယ့်ရင်သွေးကလေးက တရပ်တရွာသွေးတွေဝင်ပြီး ကိုယ့်အမျိုးမဟုတ်တော့သလို ခြားနားလာတဲ့အခါမှာတော့ သွေးကစကားပြောရုံနဲ့ မလုံလောက်တော့ဘူးဆိုတာ သဘောပေါက်သင့်ပါပြီ။

ဇွန်လထုတ် ပြည်သူ့ခေတ်ဂျာနယ်ထဲက သီဟပူရဒိုင်ယာရီဆိုတဲ့ အခန်းဆက်ဆောင်းပါးထဲမှာ ပြည်ပရောက် မြန်မာမိသားစုတစ်စုရဲ့ အဖြစ်အပျက်ကလေးတစ်ခု ဖတ်လိုက်မိပါတယ်။ မိခင်ဖြစ်သူက သားကို ဒါဏ်ကြေဆေးလိမ်းပေးမယ်ပြင်တဲ့အခါ သားက အဲဒါ ဆရာဝန်ညွှန်ကြားချက်ထဲမှာ မပါတဲ့ဆေးမို့ မလူးနိုင်ပါဘူးတဲ့။ မအေက ဆွဲဆွဲလွဲလွဲ လူးပေးတော့ ဆန္ဒမပါပဲ အတင်းအကျပ်ကုသမှုပေးတယ်ဆိုပြိး ရဲနဲ့တိုင်ပါသတဲ့။ အရပ်ရပ်နေပြည်တော် ကြားလို့မှ မတော်ကွယ်။ `မကောင်းမြစ်တာ ကောငိးရာညွှန်လတ်..´ အစရှိတဲ့ မိဘဝတ္တရားတွေကို ဒီကလေးအနေနဲ့ နားမလည်နိုင်တာ သူ့အပြစ်လို့တော့ ပြောလို့မရပါဘူး။ မိဘတွေက သွန်သင်ရမယ်ဆိုတာကျပြန်တော့လည်း နိုင်ငံရပ်ခြားမှာ လူတန်းစေ့အောင် ရုန်းကန်ရင်ဆိုင်ရတဲ့ အခက်အခဲတွေကို ကိုယ်တိုင်ကြုံဖူးသူတွေသာ သိကြမှာပါ။ စာရေးသူကတော့ ကိုယ့်ဆီမှာ ကြီးပြင်းလာကြတဲ့ တရုတ်သားသမီး ကုလားသားသမီးလေးတွေကို နမူနာပြပြီး ကိုယ့်ရင်သွေးငယ်တွေကို မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးစံများနဲ့ သိပ်ပြီးစိမ်းနေအောင် ပစ်မထားသင့်ဘူးလို့ သုံးသပ်ပါတယ်။ မှန်လိုက်လေ။ ကိုယ်တိုင်လည်း ဒီလိုပဲ တွေးမိတာပေါ့။ `ခွေးတောက်မြစ်ယှက် စိုက်ရောဖက်က သရက်ပင်မင်း သိးချိုကင်း၏´ ဆိုတဲ့ အဖြစ်မျိုးမရောက်ရလေအောင် ယဉ်ကျေးမှုချင်း ဒွေးရောယှက်တင်ဖြစ်လာတဲ့ ဒီကနေ့ခေတ်အခါမှာ ကိုယ်ပိုင်အမွေအနှစ်အစစ်က ဘာလဲဆိုတာ ကွဲကွဲပြားပြားသိပြိး ခွဲခွဲခြားခြား ထိန်းသိမ်းထားနိုင်မှ ယဉ်ကျေးမှုတိုက်စားတဲ့ဒဏ်ကို ခံနိုင်ပါလိမ့်မယ်။ ဒါက မြန်မာတစ်ယောက်အနေနဲ့ မြန်မာလိုမြင်မိတဲ့အမြင်ပါ။ ဒီအမြင်က မှန်ချင်မှန်ပါလိမ့်မယ်။ ဒါပေမယ့် အစွဲနှစ်ခုပါတယ်။ မြန်မာဆိုတဲ့ လူမျိုးစွဲကတစ်ခု၊ တို့ငယ်ငယ်တုန်းကများဆိုရင်ဆိုတဲ့ ရှေးရိုးစွဲကတစ်ခု။ ဒီအစွဲနှစ်ခုကို နည်းနည်းစီလျှော့ပြီး ပြန်သုံးသပ်ကြည့်လိုက်ပါဦး။ ခေတ်မီမီ ကမာ္ဘကြည့်ကြည့်မြင်ကြရအောင်လေ။

ကလေးရဲ့အဖြစ်က ဆရာကာပြန် အာခေါင်လှံစူးဆိုတာမျိုးထက် ဆိုးပါတယ်။ မိဘအဆုံးအမကို မနာခံတာ၊ အရိုအသေတန်တာ၊ တပ်ချင်ရာပုဒ်မ အကုန်တပ်၊ ဘယ်ဟာမှ ကောင်းဖို့မရှိဘူး။ ဒါပေမယ့် ဒီကလေးဆီမှာ ချိုးနှိမ်မပစ်လိုက်ပဲ ရှင်သန်အောင်ပျိုးထောင်ပေးရမယ့် အမှန်တရားတစ်ခုရှိနေပါတယ်။ အဲဒါက သူ့စိတ်ထဲမှာ မှန်တယ်လို့ထင်တာတစ်ခုကို အမှန်အတိုင်းမြင်လာအောင် မပြင်ပေးပဲနဲ့ ဘယ်လိုဖိအားပေးမှုမျိုးနဲ့မှ ပြောင်းလဲမပစ်လိုက်ပဲ စိတ်ထဲရှိတဲ့အတိုင်း ဆန္ဒကို ထုတ်ဖော်ရဲတဲ့ သတ္တိပါပဲ။ ကျွန်တော့်မှာ မရှိခဲ့ပါဘူး။ ခင်ဗျားမှာလည်း ရှိမနေပါဘူး။ ကျွန်တော်တို့မိဘတွေဆီမှာလည်း မတွေ့ခဲ့ရပါဘူး။ ဒါကြောင့်မို့ ကျွန်တော်တို့အားလုံး ဒီကနေ့ ဒီဘူတာဆိုက်လာရခြင်းဖြစ်ပါတယ်။

ဗုဒ္ဒဘာသာပိပီ ဘုရားဟောနဲ့အညီ ´ စကားခြောက်ခွန်း လူ၌ထွန်းလည်း..´ ဆိုတဲ့ အဆုံးအမအောက်မှာ အသားသေလာခဲ့တဲ့ဘဝ၊ ကျေးသားညီနောင် ဇာတ်တော်ထဲက ပုဏ္ဏေးမကြီး နောက်မီးလင်းတာကို အမှန်အတိုင်းဖွင့်ပြောလိုက်မယ် ်တကဲကဲလုပ်လို့ လည်လိမ်ခံလိုက်ရတာကို သင်ခန်းစာယူရတဲ့ဘဝမို့ ဘယ်လောက်ပဲ မှန်ပါစေ ကိုယ့်အတွက် အကျိုးယုတ်မယ့် စကားမျိုးကို ကြမ်းကြားလေကြားတောင် မပြောကြနဲ့။ မင်းနားတစ်ထောင် မင်းမြောင်တစ်သိန်းမို့ မလိုသူတွေ တို့လိုက်ရင် အသံကြောင့်ဖားသေမယ်လို့တွေးပြီး ရေငုံနှုတ်ပိတ်နေခဲ့ကြတာ ဘယ်လောက်တောင်ကြာသွားပြိလဲမသိပါဘူး။ `ဟုတ်မှန်သော်လည်း အကျိုးမရှိ´ ဆိုတဲ့စကားကို ကိုယ်လိုသလို ဆွဲတွေးလိုက်တာကိုး။ ပိုပြိးတိကျအောင်ဖြည့်ပြောရရင် `မိမိ သူတပါး အကျိုးမရှိ´ လို့ဆိုရမှာပေါ့။ ပြောတဲ့သူရော နားထောင်တဲ့သူပါ အကျိုးမရှိမှတော့ မပြောပဲနေတာ အကောင်းဆုံးပေါ့နော်။ ဒါကြောင့်မို့လို့ ပညာရှိကြိးပိပီ လူလိမ္မာကြီးပိပီ၊ မှန်တာကို မှန်တယ်လို့ သိသော်ငြား စကားအဖတ်တင် အမုန်းမခံ လေကုန်မခံပဲ ကိုယ့်အလုပ်ကိုယ် ဆက်လုပ်နေကြတာပေါ့။ ဒီအခါမှာ အမှားကျူးလွန်သူတွေကလည်း အားကျမခံ မှားမှန်းသိသိကြိးနဲ့ကို ငါတို့ကမှ အမှန် ကျန်တာတွေ မုသာဝါဒချည့်သာလို့ ပြောင်ပြောင်တင်းတင်း ဆက်မှားကြတော့တာပေါ့။ နှစ်တွေကြာလာလေလေ၊ အမှန်နဲ့အမှား ပညတ်ချက်တွေဟာလည်း တရားကင်းကွာလာလေလေ ဖြစ်လာပါတယ်။ လက်တွေ့သာဓကပြရမယ်ဆိုရင်  `ထမင်းနပ်မှန်ဖို့ခက်တဲ့ဘဝမှာ ဘယ်အစိုးရတက်တက် ဘာမှ မထူးဘူး ´ လို့ဆိုသူတွေအတွက် ဘာမှ မထူးတဲ့အစိုးရကိုပဲ ရလိုက်တာဟာ ဘာမှမထူးဆန်းဘူးလို့ဆိုရင် သေချာပေါက် ထောင်နန်းစံရပါလိမ့်မယ်။

တကယ်တမ်းတော့ မြန်မာတွေဟာ သူတို့အနောက်နိုင်ငံတွေမှာ ထီးစိုက်နန်းတည်လုပ်နေကတည်းက ကိုယ့်မင်းကိုယ့်ချင်းနဲ့ အုပ်ချုပ်လာခဲ့ကြတာချင်း အတူတူပါပဲ။ ဒါပေမယ့် လေးကျွန်းတမြင့်မိုရ် မေယုဗဟိုရ် ယုဂန္ဓိုရ်တွေနဲ့ ကမာ္ဘကြီးကို အပြားအတိုင်းမှတ်နေခဲ့ချိန်မှာ သူတို့ဆီမှာတော့ ကမာ္ဘကြီးကို အလုံးမှန်း သက်သေပြခဲ့တာ တော်တော်တောင်ကြာသွားပါပြီ။ အဲဒါ လွယ်လွယ်နဲ့ ဖြစ်လာတယ်တော့ မမှတ်လေနဲ့။ ခရစ်ယာန်ကျောင်းတော်တွေမှာ ကမာ္ဘမပြားဘူးဆိုရင် ခေါင်းဖြတ်မီးရှို့သတ်ခဲ့တာ နည်းမှ မနည်းတာ။ လုံးလုံးပြားပြား ကိုယ့်ရှိမှ ကိုယ်စားရတာ။ သူတို့မို့ အားအားယားယား ငြင်းပလေတယ်နော်။ အကျိုးဆက်ကတော့ ကျုပ်တို့မြန်မာတွေ ဧရာဝတီနဲ့ ကမ်းရိုးတန်းကလျှောက်လောက်ကို ရေကြောင်းသွားလာ ရွက်နာဝါ လို့ ဖွဲ့နေချိန်မှာ သူများတကာက ကမာ္ဘပတ်လို့ မဆလာလာဝယ်ရင်း ကိုယ့်ကို ကျွန်ပြုသွားတာ ခံလိုက်ရတာပေါ့။ ဒါကြောင့်မို့ အများညီရင် ဤကိုကျွဲလုပ်ဖတ်တဲ့ အကျင့်ကလေးကို ပြင်လိုက်ပြီး ဤကိုဤ  ကျျွဲကိုကျွဲ ကွဲကွဲပြားပြားသိအောင် အမှန်နဲ့အမှားကို ခွဲခြားထုတ်ဖော်တတ်တဲ့သတ္တိကလေးကို ပျိုးထောင်စေချင်ပါတယ်။

နီကိုးကစ်ဒ်မင်းရဲ့ အခြားသူများဆိုတဲ့ သရဲရုပ်ရှင်ကားကြည့်လိုက်ရတုန်းက အဲဒီထဲမှာ မိခင်ဖြစ်သူက သမီးလေးကို ကျမ်းစာသင်ပေးတဲ့ အခန်းတစ်ခန်းပါပါတယ်။ ဒိဌိတွေ အုပ်ချုပ်နေချိန်မှာ ဘုရားသခင်ကို ယုံကြည်တယ်ပြောရင် ခေါင်းဖြတ်အသတ်ခံရတယ်ဆိုတော့ ကလေးမကလေးက ရယ်ပါတယ်။ ´ အ လိုက်တာ´ တဲ့. ´ မယုံကြည်ပါဘူး ပြောပြိး စိတ်ထဲက ကိုယ့်ဘာသာ ကျိတ်ယုံနေရင်လည်း ရလျက်သားနဲ့´ တဲ့။ ကလေးအတွေးပေမယ့် အဲဒိအခိုက်အတန့်အတွက်တော့ မှန်ကန်တဲ့အတွေးလို့ ပြောရမှာပေါ့။ ဒါပေမယ့် နောင်ကျရင် ကိုယ်ကိုယ်တိုင် နှုတ်ကဖွင့်ဟ မယုံကြည်ရဲတဲ့ ဘုရားသခင်ကို ကိုယ့်ကလေးတွေ ယုံကြည်လာအောင် ဘယ်လိုဆွဲဆောင်ရပါ့မလဲ။ အခြေအနေအရပ်ရပ်ကြောင့် မြိုသိပ်ထားလိုက်ရတဲ့ အမှန်တရားတစ်ခုကို သားမြေးများလက်ထက်အထိ ရေငုံနေပြီး သွန်သင်မပေးဘူးဆိုရင် သူတို့တွေမှာ ဘယ်ဟာအမှန်ဆိုတာတောင် သိနိုင်တော့မှာ မဟုတ်ပါဘူး။ ဒါကြောင့်မို့လို့ ကိုယ်ယုံကြည်တဲ့အမှန်တရားတစ်ခုကို အသက်စည်းစိမ်အန္တရာယ်ကြောင့် ပညာရှိအတွေးနဲ့ ဖွင့်မပြောပဲ နေချင်နေပါ။ ဒါပေမယ့် အဲဒီအမှန်တရားလေး ပျောက်ကွယ်မသွားပဲ ပြန့်ပွားလာအောင်တော့ တဘက်တလမ်းက ကြိုးပန်းသင့်ပါတယ်။ အနေကြာလာရင် ကိုယ်ကိုယ်တိုင်က အဲဒိအမှားကို လက်ခံလာမယ့် အန္တရာယ်ကလည်း ရှိသေးတာပေါ့။

ကျွန်တော်တို့မြန်မာတွေမှာ ခေတ်မမီတော့တဲ့ စွန့်ပစ်သင့်တဲ့ အစွဲတစ်ခုလည်း ရှိနေပါသေးတယ်။ ကိုယ့်အခွင့်အရေးကို ကိုယ့်ဘာသာမယူပဲ ဘယ်သူလာပြီး ယူပေးပါ့မလဲ လို့ ကယ်တင်ရှင်စောင့်နေတတ်တဲ့ အကျင့်ပါ။ လူ့အခွင့်အရေးတို့ ဒိမိုကရေစိတို့ဆိုတာ ကိုယ့်မှာ ရှိပြီးသား အခွင့်အရေးတစ်ခု၊ တခြားသူတစ်ယောက်ယောက်က ထိပါးနှောက်ရှက်လာရင် ကိုယ့်ဘာသာ ကာကွယ်ယူရမယ့်၊ ပိတ်ပင်ထားရင် ကိုယ့်ဘာသာတောင်းဆိုယူရမယ့် အရာတစ်ခုသာဖြစ်ပါတယ်။ အခုတော့ သူများကိုကြောက်လို့ ကိုယ့်ဘာသာ ပိတ်ပင်ထားရတယ်ဆိုရင် ဘယ်ကောင်းပါ့မလဲ။ ဒါကိုရဖို့ သွေးချောင်းစီးအောင် တော်လှန်ရေးကြီးဆင်နွှဲမှ၊ နိုင်ငံတကာကဖိအားတွေပေးမှ၊ စကြာကိုယ်တော်လေး နန်းတက်မှ ဆိုတာမျိုးမဟုတ်ပါဘူး။ စောစောတုန်းက ပြောခဲ့တဲ့ ကလေးလေးလို ကိုယ်မှန်တယ်ထင်တာကို စိတ်ထဲရှိတဲ့အတိုင်း မှန်ပါတယ်လို့ ထုတ်ဖော်ပြောရဲတဲ့ သတ္တိပဲ လိုပါတယ်။ ဒါပေမယ့် ပြောတိုင်းလည်း အမှန် မဟုတ်သေးဘူးနော်။ အပြောအဆင့်ကနေ လက်တွေ့ကျင့်သုံးမှုအထိ အဆင့်တွေ အများကြီး ကျန်သေးတယ်။ `မှန်တယ်ထင်တာတွေ ဒီအချိန်မှာ အကုန်မှားတော့ ရင်ထဲထိချက်က ပြင်းလွန်း´ ဆိုတဲ့သီချင်း ကြားဖူးတယ်မဟုတ်လား။ အခုဟာက ပြောတဲ့အဆင့်မှာကို တက်မလာလို့ တွေးတဲ့အဆင့်ကိုရောက်အောင် ရေးပြရတာ။ ကိုယ့်စိတ်ထဲက ယုံကြည်တဲ့အတိုင်း ထုတ်ဖော်ပြောပြိးရင် ကိုယ်ပြောတဲ့စကားကို ကိုယ်တာဝန်ယူရတယ်ဆိုတာလည်း ကပ်ပါလာသေးတယ်။ အခွင့်အရေးတိုင်းမှာ တာဝန်ယူမှု တစ်ခုခု ရှိရစမြဲပဲ။ ဒိလိုစာမျိုးရေးပြိးရင် ဖြစ်လာတဲ့အကျိုးဆက်ကိုလည်း တာဝန်ယူရဲရမှာပေါ့။ ဒါမှ လွတ်လပ်စွာပြောဆိုရေးသားခွင့်နဲ့ ထိုက်တန်တဲ့သူတစ်ယောက်ဖြစ်မယ်။ ဒီလောက်နဲ့လည်း မပြိးသေးပြန်ဘူး။ လူတစ်ယောက်ရဲ့လွတ်လပ်ခွင့်ဆိုတာ တခြားလူတစ်ယောက်ရဲ့လွတ်လပ်ခွင့်ကို သွားပြိး မထိခိက်စေရဘူးဆိုတဲ့ ကန့်သတ်ချက်တစ်ခုလည်း မရှိမဖြစ်လိုပါတယ်။ ကိုယ့်ဘက်က ခြံစည်းရိုးအဆုံးမှာ သူ့ဘက်ကခြံစည်းရိုး စတယ်လေ။ ဆိုလိုတာက ကိုယ်ယူလိုက်တဲ့ လွတ်လပ်ခွင့်ကြောင့် တခြားသူကိုသွားပြိး ထိခိုက်နစ်နာမှု မရှိစေရဘူးတဲ့။ ဒါတွေဟာ သူများနိုင်ငံသားတွေ ကျေကျေညက်ညက် သဘောပေါက်နားလည်ထားပါလျက် ကျွန်တော်တို့ မြန်မာတွေမှာတော့ ဘူးလုံးနားမထွင်းဖြစ်နေဆဲပါပဲ။

` မင်းဘာမင်း ထောင်မကြောက် တန်းမကြောက်လို့ ရေးချင်ရာရေးပါ မောင်ရာ။ ငရို့တော့ ဆွဲမထည့်ပါနဲ့။ တို့မှာ သားနဲ့ မယားနဲ့´ဆိုရင်လည်း နားလည်နိုင်ပါတယ်ဗျာ။ အဲဒီသားတွေ မယားတွေ အရွယ်ရောက်တဲ့အခါမှာသာ ဘယ်ဟာအမှန် ဘယ်ဟာအမှား ကွဲကွဲပြားပြားသိသွားအောင် သွန်သင်ခဲ့ကြပါ။ ကျွန်တော်တို့လို ကမာ္ဘမပြားလို့ ခေါင်းပြားသွားတဲ့သူတွေအပေါ်မှာလည်း သူပြောတာ ဟုတ်တော့ ဟုတ်သားပဲလို့ တိတ်တိတ်ကလေး နားလည်ပေးလိုက်ကြပါဗျို့။ (ပြီးကျမှ အလုံးလား အပြားလား သတ်သတ်ခေါ်မေးလာရင် မပြောပြတော့ဘူး။ သတ်ရင်သတ်။)

 

Credit to Dr Soe Min < http://www.facebook.com/notes/soe-min/ >

 

 

´ဂျာနဂျို  ချာဝန်ဂျီး´

မဟာရန်ကုန်ရွှေမြို့တော်ကြီးက နံမည်အကြီးဆုံးနဲ့ ဈေးအကြီးဆုံး အထူးကုဆေးခန်းကြီးတစ်ခုမှာ ဂျာနယ်လစ် သတင်းထောက်ကလေးတွေ ခြေချင်းလိမ်နေပြိး အကြောင်းအမျိုးမျိုးကြောင့် နစ်နာသွားရတဲ့လူနာတွေကိုယ်စား ဂျာနယ်ထဲကနေ သတင်းတွေဖော်ပြနေတဲ့အတွက် အဲဒီဂျာနယ်ကို ဆေးခန်းဘက်ကနေ တရားစွဲလိုက်တယ်လို့ သတင်းကြားလိုက်ရပါတယ်။ ဒါဟာ ကောင်းတဲ့လက္ခဏာ ကြိုဆိုထိုက်တဲ့ လက္ခဏာပါပဲ။ ဂျာနယ်တွေဟာ အင်အားနည်းသော်လည်း မှန်ကန်တဲ့ဘက်ကနေ ရဲရဲဝံ့ဝံ့ရပ်တည်တဲ့သဘောပေါ့။ ဒီအတိုင်းသာဆို နောက်ကို ငါတို့နိုင်ငံမှာ တရားလက်လွတ်အနိုင်ကျင့်မှုတွေ ဘယ်ရှိတော့မလဲ။ ကောင်းလိုက်တာကွယ်။ အဲသလိုသတင်းထောက်မုျိုးတွေကို နေပြည်တော် မန္တလေးစတဲ့ မြို့တိုင်းရွာတိုင်းနဲ့ ဌာနဆိုင်ရာတွေမှာ၊ အများပြည်သူနဲ့သက်ဆိုင်တဲ့နေရာတိုင်းမှာ ထားနိုင်လို့ကတော့ ဘာပြောကောင်းမလဲနော်။ အေးချမ်းသာယာ၍ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးမှာ မရှိမဖြစ်လိုအပ်တဲ့ စတုတ္ထမဏ္ဍိုင်သမားတွေဆိုတာ ဒါမျိုးမှ အစစ်ပေါ့။ အစိုးရမို့လို့ မျက်စိပိတ် နားပိတ် ရေငုံနှုတ်ပိတ်နေရမယ်။ ပုဂ္ဂလိကမို့လို အသားကုန်ဆော်ပလိုက်မယ်ဆိုတဲ့ အဂတိတရားတွေ ကင်းရမယ်မဟုတ်လား။ ရဲရဲသာ ဆက်လုပ်ပါလေ။ ပြည်သူတရပ်လုံးက ကောင်းချီးပေးကြမှာပေါ့။

ဘူတန်နိုင်ငံမှာတော့ သူတို့အစိုးရကိုယ်တိုင်က သီးခြားဝန်ကြီးဌာနတစ်ခု ဖွဲ့ပေးထားပါတယ်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့တဲ့။ အစိုးရနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေရဲ့ အကျင့်ပျက်ခြစားမှုတွေကို မည်သူမဆို အမှုဖွင့်တိုင်ကြားလို့ရသလို အမှုမှန်ပေါ်တဲ့အထိ စုံစမ်းစစ်ဆေး အရေးယူမှုတွေကိုလည်း ပြုပေးပါတယ်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့လို့ နေ့တစ်နေ့သတိ်မှတ်ပြီး တို့ဆီကလိုပဲ ဆိုင်းဘုတ်တွေစာတမ်းတွေကိုင်လို့ စီတန်းလှည့်လည်ကြပါတယ်။ နိုင်ငံတော်နဲ့ပြည်သူ့ဘဏ္ဍာပစ္စည်းတွေကို အလွဲသုံးစားလုပ်တဲ့အမှုမျိုးမပြောနဲ့ ဆေးကုမ္ပဏီတွေ စပွန်ဆာနဲ့ အမေရိက၊ ဥရောပ၊ ဂျပန်ကို သင်တန်းသွားတက်တဲ့အမှုမုိုးအထိ အဂတိလိုက်စားမှုနဲ့ အရေးယူတယ်။ စုံစမ်းစစ်ဆေးရေးတွေလုပ်နေခိုက် သက်ဆိုင်ရာသိုလှောင်ရုံတွေကို ချိတ်ပိတ်ထားလို့ ဆေးဝါးစီးဆင်းမှုတွေ ကမောက်ကမဖြစ်ကုန်တာတောင် ကြုံခဲ့ရပါသေးတယ်။

တကယ်တော့ အဲသလိုအမှုကိစ္စမျိုးဆိုတာ ဟိုးကမာ္ဘဦးအစ မဟာသမ္မတမင်းတို့ လက်ထက်ကတည်းက ဒီကနေ့အထိ မပျောက်မပျက် ဆက်ခံထိမ်းသိမ်းထားကြတဲ့ အစဉ်အလာမဟုတ်လား။ ဘုရားအလောင်းတော် နုစဉ်အခါတုန်းကတောင် တံခါးမှူးဒတ္ထဘဝနဲ့ စင်္ကာပူမသွားပဲ ကြိမ်ဒဏ်တဝက်ခံခဲ့ရသေးတာလေ။ စောင့်ကြည့်ထိန်းသိမ်းပေးမယ့်သူမရှိရင် အကွပ်မဲ့တဲ့ကြမ်း ပရမ်းပတာဖြစ်သွားမျာပေါ့။ ဒီလိုမှန်းသိရင် ရွေးကောက်ပွဲကြီးလုပ်ကတည်းက မဲရုံတစ်ရုံကို သတင်းထောက်တစ်ယောက် ထားပေးလိုက်ပါတော့လားကွယ်။ ဒါမှ မဟုတ်မတရား စွပ်စွဲနေတဲ့သူတွေကို ချက်နဲ့လက်နဲ့ ပြန်ဖြေရှင်းလို့ ရမှာပေါ့။ နောက်ငါးနှစ်အတွက် မီသေးတယ်လေ။ ဗော်လံတီယာလုပ်ကြပါလား။

မြန်မာပြည်မှာ သတင်းစာရယ်လို့ ပထမဦးဆုံးစပေါ်ခဲ့တဲ့ ရတနာပုံသတင်းစာခေတ်ကတည်းက မင်းတုန်းမင်းတရားကြိးကိုယ်တော်တိုင် ` ငါမကောင်းရင်ငါ့ရေး။ ငါ့မိဖုရား မကောင်းရင် မိဖုရားရေး၊ ငါ့ဝန်ကြီးတွေမကောင်းရင် မကောင်းတဲ့သူတိုရေး´ လို့ အခွင့်ထူးကြီးပေးသနားခဲ့ပါသတဲ့။ (သူ့လိုကတော့ တို့လည်း ပြောတတ်ပါတယ် လို့ ဆိုကြရော့မယ်) အင်္ဂလိပ်ကိုလိုနီ လက်အောက်မှာတောင် `ငရဲခွေးကြီးလွတ်နေသည်´ တို့၊ ´ဂက်ဒေါက် ကရက်ဒေါက်´ တို့လို သတ္တိပြောင်တဲ့ဆောင်းပါးတွေ ပေါ်လာခဲ့တာပဲ။ သတင်းသမားတို့ရဲ့ ဘိုးအေကြီး လူထုဦးလှဆိုရင် စာနယ်ဇင်းလွတ်လပ်မှုနဲ့ ဂုဏ်သိက္ခာအတွက် အကြိမ်ကြိမ် တရားစခန်းဝင်ခဲ့ရရှာပါတယ်။ ဒါမျိုးဆိုတာ ဘိုးဘိုးအောင်ရေးတဲ့ ဝလုံးတွေလို တစ်လုံးဖျက်ရင် နှစ်လုံးပေါ်လာသင့်တာ မဟုတ်ပါလား။ ဖျက်တဲ့သူတွေလိုက်ဖျက်လို့ ဆက်မရေးတော့ဘူးဆိုရင် ဝလုံးတွေ ပျောက်ကုန်မှာပေါ့။ ဒါကြောင့်မို့ `တို့ဘိုးဘွားအမွေစစ်မို့ ချစ်မြတ်နိုးပေ´ ဆိုတဲ့အထဲမှာပါတဲ့ သတင်းသမားတို့ရဲ့ သတ္တိ၊ ဝီရိယနဲ့ အမှန်တရားဘက်က ရပ်တည်မှုတွေကို အားကျအတုယူကြဖို့ အချိန်တန်ပြိီလိုု့ ဆိုချင်ပါတယ်။

ခေတ်စံနစ် အချိန်အခါကလည်း အရင်ကလို မဟုတ်တော့ပါဘူး။ စာနယ်ဇင်းလွတ်လပ်ခွင့်တွေကို စည်းကမ်းစံနစ် ဘောင်အတွင်းကနေ ပေးနေပြီလို့ အတိအလင်း ကြေငြာထားတယ် မဟုတ်လား။ ဒီလိုအခါမျိုးမှာ နမူနာစံပြအဖြစ် တို့ဆရာဝန်တွေဆီကနေစလို့ မျက်လုံးဒေါက်ထောက်ကြည့်နေသူတွေရှေ့မှာ မှန်အောင်နေပြလိုက်မယ်ဆို ခေါင်းမော့ရင်ကော့ပြီး မှတ်ကျောက်တင်ခံရတာ ဘယ်လောက်များ ဂုဏ်ယူစရာကောင်းလိုက်သလဲနော်။ ဆီလိုအပေါက်ရှာပြီး အပြစ်ပြောပေးမယ့်သူရှိမှ ကိုယ်ဘယ်လောက်အပြစ်ကင်းသလဲဆိုတာ သိသာနိုင်မှာဗျ။ ဝါသနာပါရင် အိမ်သာထဲအထိ စီစီတီဗီကင်မရာတွေ တပ်ထားစမ်းပါလေ။ အိုက်တင်ကလေးနဲ့ ယိုပြလိုက်မှာပေါ့။ မဟုတ်ဘူးလား။ ဒေးဗစ်ဘက်ခမ်း ရှူရှူပေါက်တာ ယူကျုပေါ်ရောက်နေတဲ့ခေတ်မှာ တို့ဆရာဝန်တွေလည်း ကမာ္ဘကျော်ရချေသေးရဲ့။ ဟေးဟေး။

မောင်တို့ချယ်ရီမြေထဲက ခင်သန်းနုနောက်ကို သတင်းသမားတွေလိုက်သလို ဆရာဝန်တွေနောက်ကို ဂျာနယ်လစ်တွေ တကောက်ကောက်လိုက်ယူရတယ်ဆိုတာကိုက ပေါ့သေးသေးမှတ်လို့။ ဟိုးအရင်ခေတ်တုန်းက ဂျာနယ်ကျော်ဦးချစ်မောင်တို့ ဂျာနယ်ကျော်မမလေးတို့လို ဒီခေတ်မှာလည်း ဂျာနယ်ကျော်ဆရာဝန်တွေပေါလာဦးတော့မှာပေါ့။ ဟန်ကျလိုက်လေ။ ကိုယ်တိုင်လည်း စာတိုပေစတွေ မတောက်တခေါက်ရေးနေတဲ့အချိန်ဆိုတော့ အခမဲ့ကြော်ငြာပေးမယ့်သူရှိတုန်း ပရိုမိုးရျင်းဆင်းပလိုက်မယ်လေ။ တစ်ယောက်တလှည့် အင်တာဗျူးကြရင် မကောင်းဘူးလား။ ` ဟိုပေါ့နော်။ ဘယ်လိုပြောမလဲပေါ့နော်..။ အဲဒါက အဲလို ရှိတယ်လေ။ ဟုတ်..။ ခင်ဗျားပြောတဲ့အတိုင်းပါပဲ..။´ အဲလို အဲလို ဒိုင်ယာလော့ကလေးတွေကို မှန်ထဲကြည့်ပြီး ပဲလေးနဲ့ ပြောတတ်အောင် ကျင့်ထားပါ့မယ်။ `အရင်လို မဟုတ်တော့ဘူးဗျ။ အများကြီးပြောင်းလဲသွားပြိ။ ရှေ့လျှောက်ကောင်းမယ့် အလားအလာတွေ မြင်နေရပြီ။ အဲဒီအတွက် ကျွန်တော်လည်း ကို်ယစွမ်းဉာဏ်စွမ်းရှိသမျှ ဆက်ကြိုးစားသွားမှာပါ။ ပါတီစွဲ တသီးပုဂ္ဂလစွဲတွေ မရှိပါဘူး။ မြန်မာလူမျိုးတွေ ကောင်းစားဖို့က အဓိကပါ..´ ဆိုတာမျိုးတွေလည်း ဟုတ်ဟုတ် မဟုတ်ဟုတ် ထည့်ပြောမှာပဲ။ `ဆိုင်လို့လား´ လို့ ချောင်ပိတ်မေးလာရင် ´နိူင်ငံတကာမှာ ဂလိုပဲလေ။´ လို့ ကိုင်ပေါက်ပလိုက်မယ်။ အားကျအတုယူမိတဲ့ စံပြပုဂ္ဂိုလ်တစ်ယောက်အကြောင်း မေးလာရင်တော့ ဂျိုဆေရီဇော်တို့၊ ချီဂွေဗားရားတို့ ဒေါက်တာဇီဗားဂိုးတို့ ကြားဖူးနားဝ ဆရာဝန်နံမည်တွေ ရွတ်ပြလိုက်မယ်လို့ စဉ်းစားထားပြီးသား။ ပြီးရင် `တစ်နိုင်ငံလုံးကို ဆေးကုချင်လို့ပါ´ လို့ ဖိန့်လိုက်မှာပေါ့။

`အာရောဂျံ ပရမံ လာဘံ ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါး´ ဆိုတာကို ဒီကနေ့ခေတ် တက်လာတဲ့ အစိုးရတိုင်းက သတိပြုမိနေကြပါပြီ။ အမေရိကားမှာ အိုဘားမားကြိးတက်စတုန်းကလည်း အလုံးစုံလွှမ်းခြုံသော ကျန်းမာရေးအာမခံစံနစ်ဆိုတာကြီးကို ဥပဒေနဲ့ အတည်ပြုခဲ့တာပဲ။ အင်္ဂလန်မှာလည်း ရွေးကောက်ပွဲပြိးပြိးချင်း အာဏာရပါတီက အမျိုးသားကျန်းမာရေးစံနစ်ကို ပြုပြင်ပြောင်းလဲမှုတွေ လုပ်ခဲ့တာပဲ။ ကျုပ်တို့ဆီမှာလည်း အစိုးရသစ်တက်လာလာချင်း ဆရာဝန်တွေကို စကိုင်လိုက်တယ်ဆိုတာ ဖော်မြူလာမအောက်သေးပါဘူး။ ဒီခွင်အတိုင်းဆက်ထိုးရင် ဒဲ့ဝင်ဖို့ရှိတယ်။ မယုံရင် စောင့်ကြည့်။ ထိုင်းမှာတက်လာတဲ့ သဇင်နဲ့ခပ်ဆင်ဆင် မယဉ်လဲ့ကလေးလည်း သိပ်မကြာခင် ဆရာဝန်တွေကို မျက်စောင်းထိုးလာလိမ့်မယ်။ မဟီဒေါကဆင်းတဲ့ သယ်ရင်းကလေးတွေ ရူပါလေးဘာလေး တင်ထားကြဦးနော။

ဒီလို တိုက်ရေးခိုက်ရေးတွေ ဟန်ရေးပြင်နေခိုက် တဘက်ကလည်း ကိုယ့်ဘက်က ခံစစ်လုံအောင် သံခင်းတမန်ခင်းကလေး မဟာမိတ်ကလေးတွေ ပြုထားကြဖို့လည်း လိုဦးမယ်ထင်ပါတယ်။ ဝတ်လုံတော်ရမင်းတို့၊ တရားသူကြိးမင်းတို့ ဥပဒေရေးရာအကြံပေးပညာရှင်တို့ဆိုတာတွေနဲ့တွေ့ရင် ပြုံးပြုံးကလေးနဲ့ ခေါင်းကလေးညွှတ်ပြီး `မာရဲ့နော´ လို့ သိသိမသိသိ မိတ်ဆက်လို့ အကျွမ်းတဝင်ဖြစ်အောင်နေသင့်တာပေါ့။ အလင်းတန်းက ဦးမြတ်ခိုင်တို့ ရွှေအမြုတေက ဦးဝင်းငြိမ်းတို့ကို ဖေ့စ်ဘုတ်ထဲမှာ မတွေ့တွေ့အောင်ရှာပြီး မိတ်ဆွေဖြစ်ခွင့်တောင်းထားဦးမှပါ။ အရေးအကြောင်းဆို ကိုယ့်မိတ်ဆွေစာရင်းထဲ သူတို့နံနည်တွေတွေ့ရင် ဘာရယ်လို့ ဟုတ်ဘူးလေ။ လူရှိန်တာပေါ့။ တော်ရုံတန်ရုံ ဂျာနယ်လစ်လေးလောက်ဆိုရင်လည်း သူတို့နံမည်တွေရွတ်ပြီး ´ဘော်ဒါတွေပါ´ လို့ ဖိန့်လိုက်ရင် ကြည်စေအေးစေ ဖြစ်သွားမှာပေါ့။ (သူတို့နဲ့ မတည့်တဲ့လူတော့ သွားမလုပ်မိစေနဲ့နော်) သုတစွယ်စုံတို့ အာရောဂျံတို့ကိုလည်း ဆောင်းပါးအတိုအထွာတွေ ပို့ထားဥိးမှပါ။ မရှိတာထက် မသိတာခက် တဲ့။ ကိုယ့်မှာပိုက်ဆံ ဘယ်လောက်ရှိရှိ လူကြိးထဲ အသိမရှိရင် သေတာတောင် အလောင်းမြေကျဖို့ခက်တယ်။ ဒါကြောင့်မို့ ကိုယ့်ကိုလူတိုင်းက မသိသော်ငြား ကိုယ်ကလူတိုင်းကို သိနေဖို့လိုတယ်ဗျ။ သူတို့က ကိုယ့်ကိုမသိတာ အရေးမကြီးဘူး။ အဖြီးအဖြန်းကောင်းရင် ဖော်လိုနဲ့ ပါလာမှာ။ ကိုယ်ကသာ ဘယ်သူက ဘယ်မှာ အခရာဆိုတာသိရင် ချက်ကောင်းထိအောင် ပစ်လို့ရပြိီမှတ်။ မည်းမည်းမြင်ရာလျှောက်ပစ်နေရင် အလကား ကျည်ကုန်တယ်။ လူကြားတယ်။ ထိုင်းမှာလို စနိုက်ပါနဲ့ ဆိုင်လင်ဇာနဲ့ ပစ်စမ်းပါ။ `လာလေ့ .. ဖွတ်´ ပေါ့။

ဒီ့ထက်ပိုပြီး အသေးစိတ်သိချင်တဲ့ ဆရာဝန်ကလေးတွေ အတွက်တော့ ဆရာမကြိး တင်မိုးလွင်လို “Talent and Model for Doctors” ဆိုပြီး သင်တန်းဖွင့်စားရင် ကောင်းမလားလို့။ ဘယ်လိုသဘောရသလဲ။ လူနာရှေ့မှာ လမ်းလျှောက်ပြနည်း၊ သတင်းသမားများနှင့် အင်တာဗျူးဖြေနည်း၊ တရားခွင်တွင် ထွက်ဆိုချက်ပေးနည်း၊ ဖက်ရှင်ကျကျ ဆရာဝန်ဘဝ၊ စတာတွေကို သင်ပေးမယ်လေ။ Advanced level ကျရင်တော့ ခနိုးခနဲ့ ရွဲ့တဲ့တဲ့ စကားပြောနည်း၊ မထိတထိ ရိတိတိ ကလိနည်းတို့ ပုဆိုးကိုချိတ်ဝတ်၍ ဂျပိုးကိုလိပ်ဖြစ်အောင်ပြောနည်းတို့ကို ကျွမ်းကျင်အဆင့်ထိရောက်အောင် လေ့ကျင့်ပေးမယ်ဗျား။ သဘောကျရင်ဖြင့် အောက်က ကွန်မန့်ထဲမှာဝင်ပြီး တိုကင်ယူသွားနော်။ လူဦးရေ ကန့်သတ်ထားတယ်။ ပထမဆုံး အယောက်နှစ်ဆယ်အတွက် ရေကြည်အိုင်ကို အင်တာဗျူးနှစ်ပါတ် စားရိတ်ငြိမ်း ပို့ပေးမှာ။ ဒိ့ထက်ပိုပြီး တက်ကြွတဲ့သူတွေအတွက်ဆို ဒီဗီအင်းစိန်ဗီဇာတွေလျှောက်ပေးလိုက်ဦးမှာ။ ဂျာနဂျို ဆရာစိုးနဲ့ တွေ့ရင် ဘာမဆို နှစ်ခါရှိုးယူရတဲ့အထိ ကိုယ့်မျက်လုံးတောင် ကိုယ်မယုံနိုင်အောင် ပြောင်းလဲသွားစေရမယ်။ အခုတောင် တခန်းနှစ်ခန်းပဲ ပြရသေးတယ်။ ဖလန်းဖလန်းထသွားပြီ မဟုတ်လား။ ကန်ချက်တွေက လန်ထွက်နေတာ ခြေစစ်ပွဲ ဝင်ခိုင်းမနေပါနဲ့တော့။ လူချင်းသာ လာတွေ့လိုက်။ သွက်သွက်လည်မသွားတော့ ပြောချင်တိုင်းပြော။ အဟတ် .. အဟတ်

 

Credit to Dr Soe Min < http://www.facebook.com/notes/soe-min/ >

 

Thanks

 

 

8 comments

  • Foreign Resident

    July 18, 2011 at 4:35 am

    ဒါပေမယ့် ဒီကလေးဆီမှာ ချိုးနှိမ်မပစ်လိုက်ပဲ ရှင်သန်အောင်ပျိုးထောင်ပေးရမယ့် အမှန်တရားတစ်ခုရှိနေပါတယ်။ အဲဒါက သူ့စိတ်ထဲမှာ မှန်တယ်လို့ထင်တာတစ်ခုကို အမှန်အတိုင်းမြင်လာအောင် မပြင်ပေးပဲနဲ့ ဘယ်လိုဖိအားပေးမှုမျိုးနဲ့မှ ပြောင်းလဲမပစ်လိုက်ပဲ စိတ်ထဲရှိတဲ့အတိုင်း ဆန္ဒကို ထုတ်ဖော်ရဲတဲ့ သတ္တိပါပဲ။

    လက်တွေ့သာဓကပြရမယ်ဆိုရင် `ထမင်းနပ်မှန်ဖို့ခက်တဲ့ဘဝမှာ ဘယ်အစိုးရတက်တက် ဘာမှ မထူးဘူး ´ လို့ဆိုသူတွေအတွက် ဘာမှ မထူးတဲ့အစိုးရကိုပဲ ရလိုက်တာဟာ ဘာမှမထူးဆန်းဘူး

    လုံးလုံးပြားပြား ကိုယ့်ရှိမှ ကိုယ်စားရတာ။ သူတို့မို့ အားအားယားယား ငြင်းပလေတယ်နော်။ အကျိုးဆက်ကတော့ ကျုပ်တို့မြန်မာတွေ ဧရာဝတီနဲ့ ကမ်းရိုးတန်းကလျှောက်လောက်ကို ရေကြောင်းသွားလာ ရွက်နာဝါ လို့ ဖွဲ့နေချိန်မှာ သူများတကာက ကမာ္ဘပတ်လို့ မဆလာလာဝယ်ရင်း ကိုယ့်ကို ကျွန်ပြုသွားတာ ခံလိုက်ရတာပေါ့။

  • Foreign Resident

    July 18, 2011 at 4:41 am

    ဒါကြောင့်မို့ `တို့ဘိုးဘွားအမွေစစ်မို့ ချစ်မြတ်နိုးပေ´ ဆိုတဲ့အထဲမှာပါတဲ့ သတင်းသမားတို့ရဲ့ သတ္တိ၊ ဝီရိယနဲ့ အမှန်တရားဘက်က ရပ်တည်မှုတွေကို အားကျအတုယူကြဖို့ အချိန်တန်ပြိီလိုု့ ဆိုချင်ပါတယ်။

    ဖက်ရှင်ကျကျ ဆရာဝန်ဘဝ၊

    ပုဆိုးကိုချိတ်ဝတ်၍ ဂျပိုးကိုလိပ်ဖြစ်အောင်ပြောနည်း

    ကန်ချက်တွေက လန်ထွက်နေတာ ခြေစစ်ပွဲ ဝင်ခိုင်းမနေပါနဲ့တော့။ လူချင်းသာ လာတွေ့လိုက်။ သွက်သွက်လည်မသွားတော့ ပြောချင်တိုင်းပြော။ အဟတ် .. အဟတ်

  • ကြောင်ကြီး

    July 18, 2011 at 11:09 am

    ဆရာဝန်ကိုစိုးမင်း ကို ကျွနုပ်သိသဗျ…သို့ပေတည်း ကျွနုပ်မည်သူဆိုတာ ပြောမှသာ သူသိနိုင်မည်။ ဘယ်လိုသိလဲတော့ မမေးပါနဲ့၊ တော်ကြာနေ ကြောင်နဲ့လူ သိကျွမ်းတာ ယုတ္တိယုတ္တာမရှိဆိုပြီး ရုပ်ဝါဒီသဂျီးက ကျွန်ုပကိုရွာထဲက မောင်းထုတ်နေမှဖြင့်…. 😉

  • winkyawaung

    July 18, 2011 at 11:19 am

    တစ်တွာပြတာနဲ့ ထောင်တစ်ရာ မြင်ပါတယ် ဆရာရယ်..။ နာမည်စာရင်း ကြိုတင် ဘုတ်ကင် မပေးပါရစေပါနဲ့နော်..။

  • ရွှေဘိုသား

    July 18, 2011 at 4:24 pm

    ဘွတ်ကင်ပေးလို.
    လူရှုပ်လေးဆိုပြီ
    အမောင်ရေလာထား
    အင်းစိန်သွားဆိုရင်တော. ကဲ.ဘယ်.နှယ်လုပ်မလဲ

  • kai

    July 18, 2011 at 4:39 pm

    သူ့စာလေးတွေ.. သတင်းစာထည့်ထည့်မလို့..ဖတ်ကြည့်နေတဲ့ အယ်ဒီတာတယောက်ရှိပါတယ်..။
    အခုစာတွေလည်း ဖတ်ကောင်း..ဆွေးနွေး ကောင်းတာတွေပဲ..။

    ပြောရရင်.. ရှေးဂွမ်တီးဂွမ်တီးက သချာင်္မတွက်တတ်သူတွေပြောကြတဲ့..
    .. မြင့်မိုရ်တောင်နဲ့ ကမ္ဘာပြားတဲ့..တောင်ကျွန်းဆိုတာကြီးကို … မြန်မာပြည်ထဲ..ယုံကြည်နေတဲ့သူ.. (အဟတ်ဟတ်)…. ၉ဝရာခိုင်နှုန်းအထက်ရှိတယ်လို့.. ကျုပ်ကယုံကြည်တာကို.. ဖွင့်ပြီး..လူသိသူသိ…အော်မပြောရဲသေးဘူး..။
    အဲဒီလောက်…ထိ…ပါ..။

  • လင်းဝေကျော်

    July 18, 2011 at 5:14 pm

    ဆရာစိုးတို့ တော်တော်ပေါက်နေပါပကော

  • july cancer

    July 18, 2011 at 5:30 pm

    ‘လာလေ့…ဖွတ်’

Leave a Reply